Monday, July 30, 2012

ဘုရားသုံးဆူတွင် မိုင်းတွင်းပိတ်ထားမှုကြောင့် အလက်လက်မဲ့ဦးရေများ


ဘုရားသုံးဆူတွင် မိုင်းတွင်းပိတ်ထားမှုကြောင့် အလက်လက်မဲ့ဦးရေများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် မိုးသည်းထန်မှုကြောင့် ခဲမိုင်းတူးဖော် ရေး လုပ်ငန်းများပိတ်ထားသဖြင့် အလုပ်လက်မဲ့ လူဦးရေများပြားနေသည်။
ဘုရားသုံးဆူ အခြေစိုက် အောင်မြေ သတ္တုတူးဖော်ရေး လုပ်ကွက်မှ အလုပ်သမားဝဦးက “မိုးကြီး တော့ ခဲတူးမရတော့ဘူး။တောင်တက်တောင်ဆင်းများလို့ ရလာတဲ့ခဲကို မသယ်နိုင်ဘူး၊ နောက်ပြီး အလုပ် သမားတွေ ဖျားနာတာများလို့ အခုလောလောဆယ်မှာ မိုင်းလုပ်ငန်းတချို့ကို ပိတ်ထားရ တယ်”ဟု ပြောသည်။
ဘုရားသုံးဆူမြို့နယ်အတွင်းတွင် ခဲသတ္တုတူးဖော်နေသည့် တရားဝင်နှင့် တရားမဝင် ခဲမိုင်းအပါအဝင် ခဲမိုင်းလုပ်ကွက် ၆၀ ကျော်ရှိသည်။
ယခုလက်ရှိတွင် မိုင်းတွင်းမှာ အနားယူထားသည့် အလုပ်သမားများက ဘုရားသုံးဆူမြို့ပေါ်တွင် ရရာလုပ်ငန်းကို ရာဖွေလုပ်ကိုင်နေကြကာ အလုပ်လက်မဲ့ဦးရေများလာသည်ဟု သုဇနပွင့်လင်း ခဲသတ္တုတူး ဖော်ရေးကုမ္ပဏီမှ အလုပ်ကြီးကြပ်သူတဦးက ပြောသည်။
၎င်းက“ဘုရားမြို့နယ်အတွင်း မက်ကသာက ကြာအင်းဆိပ်ကြီးအထိဆို လက်ရှိခဲသတ္တုမိုင်းတွေမှာ အလုပ်လုပ်နေတာ လူဦးရေ ထောင်ဂဏန်းလောက်ရှိနေတယ်၊ ဒီအချိန်မှာ အလုပ်လက်မဲ့က တဝက်ကျော် ကျော်လောက် ဖြစ်နေတာ”ဟုပြောသည်။
ထို့ပြင် ဘုရားသုံးဆူမြို့ပေါ်ရှိ အချို့စက်ရုံအလုပ်ရုံတချို့ ပိတ်ထားခြင်းသည်လည်း အလုပ်လက်မဲ့ပြသနာကို ပိုမို ဆိုးဝါးစေကြောင်း ဘုရားသုံးဆူမြို့မှ ပရိဘောဂအလုပ်ရုံပိုင်ရှင်တဦးက ပြောသည်။
၎င်း “အထည်ချုပ်စက်ရုံနဲ့ အမျိုးသမီးဘော်လီချုပ်စက်ရုံတချို့ပိတ်တာရှိ တယ် ၊ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေကိုလျှော့လိုက်တယ် ဒါကြောင့်အလုပ်လက်မဲ့ဦးရေများ နေတာ”ဟု ပြောသည်။
ယင်းသို့အလုပ်လက်မဲ့ဦးရေ များလာသည်နှင့်အမျှ ဘုရားသုံးဆူမြို့အတွင်း လောင်းကစား လုပ်ငန်းများ၊ ပြည့်တန်ဆာလုပ်ငန်းများတိုးပွားလာပြီး လူနေအိမ်များ လည်း ခိုးယူဖောက်ထွင်းမှုများကို ခံနေရကြောင်း ဒေသခံများကပြောသည်။
ထိုင်းနိုင်ငံနှင့် နယ်စပ်ခြင်းထိစပ်နေသည့် ဘုရားသုံးဆူမြို့ရှိ ဖိနပ်ချုပ်၊အထည်ချုပ်စက်ရုံ နှင့်အခြားစက်ရုံ ၄၀ ကျော်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားဦးရေ ၅,ဝ၀ဝ ကျော်ရှိနေသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။