Wednesday, September 19, 2012

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို




ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို 

၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် မုံရွာမြို့၊ မြို့မဂါတ်ကျောင်းတွင် တည်းခိုနေကြသည့် ဝက်မှေးရွာသူ/သားများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နယူးဒေလီ (မဇ္ဈိမ) .၁၉ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။
စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။ စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို စွန့်ပစ်ပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေက ချင်းတွင်းမြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီးမယ်။ ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော် ပျက်စီးနေတာ ကျနော်တို့တွေ့နေရတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် မုံရွာမြို့၊ မြို့မဂါတ်ကျောင်းတွင် တည်းခိုနေကြသည့် ဝက်မှေးရွာသူ/သားများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ – ဟိန်းထက်၊ မဇ္ဈိမ)
စီမံကိန်းအတွက် လယ်အသိမ်းခံ ကျေးရွာများသို့ သွားရောက်လေ့လာနေသည့်အဖွဲ့တွင် လူ ၄ဝ ခန့် ပါဝင်ပြီး ဦးမိုးသီးဇွန်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ ဖြစ်မြောက်ရေးကော်မတီနှင့် လူ့ဘောင်သစ်ပါတီမှလည်း ပါဝင်ကြသည်။
အဆိုပါ စီမံကိန်းကြီးမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင်သည့် စီမံကိန်းတခုဖြစ်နေ၍ ရပ်တန့်သွားစေရန်မှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဖို့လို
ကြောင်းလည်း “ကုမ္ပဏီ ဘက်က ကျောထောက်နောက်ခံ ကလည်း ကောင်းတယ်ဗျ။ ဒီဘက်ကလည်း ဦးပိုင် လီမိတက် ဖြစ်တယ်။ ဆန္ဒဖော်ပြ ကန့်ကွက်ရုံလောက်နဲ့ မလုံလောက်ဘူး။ ကြီးမားတဲ့ ကန်ပိန်းကြီးတွေ လုပ်ရမယ်ဗျ” ဟု ကိုရဲလင်း က ဆိုသည်။
အသိမ်းခံ လယ်မြေများအရေးနှင့် စီမံကိန်း ရပ်တန့်ရေးအတွက် လယ်သူမများက ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရခြင်းနောက်ဝယ် ငြိမ်သက်သွားခဲ့ရသည်။
လေ့လာရေးအဖွဲ့က လယ်သိမ်းခံ ဝက်မှေး၊ ဆည်တဲနှင့် ရွှေလှေရွာများသို့ ရောက်ရှိပြီးကြ ဒေသခံ တောင်သူများနှင့်
တွေ့ဆုံကာ လယ်သမားများ၏ အခက်အခဲနှင့် စီမံကိန်း၏ အန္တရာယ်ကြီးမားပုံကို ကမ္ဘာသိအောင် လုပ်ဆောင်မည်ဟု ဆိုသော်လည်း “တရားစွဲဖို့အထိ လုပ်ဖို့မရည်ရွယ်သေးပါဘူး ခင်ဗျ” ဟု လေ့လာရေးအဖွဲ့ဝင် ကိုရဲလင်းက ပြောဆိုသွား သည်။
အဆိုပါစီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိကြသည်။
ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား
ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။
နေမျိုး

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်




သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက် 


VOA News, 19September 2012  —–  အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။
အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အပေါ် ကန့်သတ်ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ
အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။
ဗွီအိုအေ (မြန်မာဌာန)

ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ




ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ 

Photo courtesy of 88 Generation Students ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသခံ ပြည်သူများတွေ့ဆုံစဉ်။
RFA News, 19September 2012  —-  ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း ဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူးတို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲ တိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့်ခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့ ည ၁၀ နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံတစ်ဦး နေအိမ်မှာပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်က ဖားကန့်ဒေသ အမှတ် ၂ ယာယီ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့ တွေဆုံခဲ့ပြီး နောက်တစ်နေ့ မနက် ၈ နာရီခွဲမှာ ဖားကန့်မြို့နယ် ကံဆီးအခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဖားကန့် ငြိမ်းချမ်းရေးခရီးစဉ်ကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးချိုကတော့ ခရီးစဉ်နဲ့ပတ်သက်ပြီး အခုလိုပြောဆိုပါတယ်။
“KIA အဖွဲ့ကနေပြီးတော့ လမ်းတလျှောက်လုံး ကျွန်တော်တို့ကို လုံခြုံရေး ပေးပြီးတော့မှ လူသားအချင်းချင်း ကာကွယ် စောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော်တို့ အများကြီး ကျေးဇူးတင်တယ်ဆိုတာ KIA ကို ပြောချင်တယ်။ နောက်ပြီးတော့ တပ်မတော် အဖွဲ့ကလည်း ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်မှာ ချောချောမွေ့မွေ့နဲ့ အားလုံးအဆင်ပြေအောင် လုပ်ပေးတဲ့အတွက်၊ အပစ်အခတ် ရပ်စဲပေးထားတဲ့အတွက် ကျွန်တော်တို့ အများကြီး ကျေးဇူးတင်တယ်။ သူတို့နဲ့ ဆွေးနွေးတယ် ဆိုတာကလည်း နှစ်ဘက်က ပြောရမယ်ဆိုရင် KIA နဲ့ပဲ ဆွေးနွေးတာ မဟုတ်ဘူး။ ဗျူဟာမှူးနဲ့လည်း ဆွေးနွေးပါတယ်။ ဗျူဟာမှူးကလည်း ဒါ အပစ်အခတ် ရပ်စဲချင်လို့၊ သူလည်း ငြိမ်းချမ်းရေးလိုချင်လို့ ဒါ ၈၈ အဖွဲ့နဲ့တွေ့တာပဲ။ KIA ကလည်း ငြိမ်းချမ်းရေးလိုချင်လို့ ၈၈ အဖွဲ့နဲ့ တွေ့တာပဲ။ ဒါပြည်သူလူထုတွေရဲ့ ဆန္ဒနဲ့ ထပ်တူ ထပ်မျှဆိုတာ ကျွန်တော်ပြောချင်ပါတယ်”
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေး ခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူတွေနဲ့အတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ တစ်သောင်းကျော်ရှိပြီလို့ သိရပါတယ်။

၈၈ ခေါင်းဆောင် ၁၉ ဦး နိုင်ငံကူးလက်မှတ် ရ


၈၈ ခေါင်းဆောင် ၁၉ ဦး နိုင်ငံကူးလက်မှတ် ရ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမြအေး။ စက်တင်ဘာ ၁၅၊ ၂၀၁၂
VOA News, 19September 2012  —–  မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Passport တွေကို အာဏာပိုင်တွေက ဒီကနေ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက ပြန်လွတ်လာပြီးကတည်းက နိုင်ငံကူးလက်မှတ်တွေကို လျှောက်ထားခဲ့ကြတာ ဖြစ်ပေမယ့် အာဏာပိုင်တွေက ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အချိန်မီ ထုတ်ပေးခဲ့ခြင်း မရှိဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေထဲက ပထမအသုတ်အဖြစ် နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ ၁၉ ယောက် ဒီကနေ့ ရတဲ့အကြောင်း ဒီကိစ္စကို ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက ပြောပြပါတယ်။
“ကိုမင်းကိုနိုင်အပါအ၀င် ၁၉ ယောက်ပေါ့။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ နောက်ပြီးတော့ ကိုမြအေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင် နောက် ကျနော်ပေါ့ …”
မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အခြေစိုက် National Endowment for Democracy (NED) လို့ခေါ်တဲ့ ကမ္ဘာတ၀န်း ဒီမိုကရေစီအရေး လုပ်ရှားမှုတွေကို မြှင့်တင်ပေးတဲ့အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုဆုကို SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်၊ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က အကြီးအကဲ ဦးအောင်ဒင်တို့နဲ့အတူ ကိုမင်းကိုနိုင်လည်း ဒီဆုကို တက်ယူကြဖို့ စီစဉ်ထားတာဖြစ်ပေမယ့် အခုတော့ အချိန်နှောင်းပြီးမှ နိုင်ငံကူးလက်မှတ်ရတဲ့အတွက် သူကိုယ်တိုင် သွားယူနိုင်တော့မှာ မဟုတ်ဘူးလို့ ကိုစိုးထွန်းက ဆက်ပြောပါတယ်။
“ခရီးစဉ်ကတော့ မီတော့ မမီလောက်ဘူးလို့ ထင်တယ်ဗျ။ မနက်ဖြန် ဆုပေးမယ်လို့ ပြောတာကိုး။ Passport က ခွင့်ပြုချက်ရတယ်ဆိုပေမဲ့ ကျနော်တို့က Education Clearance တွေ လုပ်ပြီးပြီလား၊ slip တွေထုတ်ပြီး တော့ ၂၁ ရက်နေ့ရမှ ၁၇၊ ၁၉ လုပ်ပြီးတော့ EC လုပ်ကြမယ် … တချို့ကျတော့လည်း EC တို့၊ ၁၇ တို့ လုပ် ထားတဲ့လူတွေရှိတာပေါ့၊ တဖြည်းဖြည်းနဲ့ ၂၁ ရက်ကနေ စတွက်တာပေါ့၊ တလကနေ နှစ်လကျော်တယ်၊ နှစ်လကနေ သုံးလ၊ အခု လေးလ ငါးလပြီး နောက်ဆုံး ခြောက်လပေါ့ … ကိုမင်းကိုနိုင်တို့ဆီ စလျှောက်တာ ကျနော်တို့နဲ့ တသုတ်ထဲ စလျှောက်တဲ့ ခြောက်ယောက်ဆိုရင် မတ်လ ၁၄ ရက်နေ့က စလျှောက်တာ အခု စက်တင်ဘာလ ၁၄ ရက်ဆိုရင် ခြောက်လပြည့်သွားပြီ၊ ကျော်သွားပြီပေါ့။”
အာဏာပိုင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့ ကိုက်ညီရင် ခွဲခြမ်း ဆက်ဆံမှုမလုပ်ဘဲ တပြေးညီ ထုတ်ပေးသင့်တယ်လို့ ကိုစိုးထွန်းက ထောက်ပြပါတယ်။
“တယောက်နဲ့တယောက်ကို ခွဲခြားဆက်ဆံတာမျိုး မဖြစ်စေချင်ဘူး၊ ကိုမင်းကိုနိုင်နဲ့ ကိုမြအေး စရတယ်၊ ကိုမြအေးကို အရင်ဆုံး စပေးတာပေါ့လေ၊ ကိုမြအေးပြီးတော့ ကိုမင်းကိုနိုင်ကို ဆက်ပေးတယ်၊ အဲဒီမှာ ကျနော်တို့ ၈၈ အစည်းအဝေး ထိုင်လိုက်ပြီးတော့ ၈၈ မူအရ ကျနော်တို့က ပထမဆုံးအသုတ်အနေနဲ့ ၁၉ ယောက် လျှောက်ထားတာမှာ အားလုံးမပေးဘူး၊ အဲလိုမျိုး ခွဲခြားပေးနေရင်တော့ ယူမှာမဟုတ်ဘူး … ခွဲခြား ဆက်ဆံခံရမှုတွေ၊ မတရားမှုတွေကို ကျနော်တို့တွေက မကြိုက်လို့၊ မညီမျှမှုတွေကို မကြိုက်လို့ ကျနော်တို့ တွေက နိုင်ငံရေးမှာ ထောင်ကျခံပြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက် အလုပ်လုပ်နေကြတာ။ ဒီလို ခွဲခြား ဆက်ဆံမှုတွေရှိနေတယ်၊ မတရားမှုတွေရှိနေတယ်ဆိုရင် ကျနော်တို့ မယူဘူးဆိုပြီး ကိုမင်းကိုနိုင်နဲ့လည်း ကျနော်တို့ ပြောပြီးပါပြီ။
“ခုဟာက အဲလို ပြောပြီးဆိုပြီးကာမှ စပေးတယ်။ ပေးတာပေါ်မှာတော့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ ကျန်တဲ့လူ တွေကိုလည်း ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်ထုတ်ပေးဖို့လိုတယ်။ နိုင်ငံသားတိုင်းကို Passport စလျှောက် ပြီးတော့ Slip ရပြီးတော့ ၂၁ ရက်ကျော်တာနဲ့ ထုတ်ပေးမယ်ဆိုတဲ့ မူရှိထားတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ မူပေါ့ဗျာ။ အဲဒီတော့ ၂၁ ရက်ပြည့်တာနဲ့ ကျနော်တို့ နိုင်ငံသားတိုင်းဟာ ရာဇ၀တ်မှု အကြောင်းပြချက် မရှိ ဘူး၊ ကင်းရှင်းတယ်၊ ကျနော်တို့ဆိုရင် လျှောက်လွှာတွေနဲ့ သူများတွေထက် ပိုတင်ရတယ်၊ ပြစ်ဒဏ်ကျခံရမှု နဲ့ပတ်သက်၍ တင်ပြခြင်းဆိုပြီးတော့ တင်ရတယ်၊ ၀န်ကြီးဆီလည်း ကူညီဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ သပ်သပ်တစောင် တင်ရသေးတယ်၊ အဲလို တင်ထားတဲ့လူတွေချည်းပဲ၊ သာမန်နိုင်ငံသားထက်ကို ကျနော်တို့ က ပိုတင်ရတာတွေရှိတယ်။
“အဲလို ခွဲခြားဆက်ဆံမှုတွေ မရှိစေချင်ဘူး။ ၁၉ ယောက်ပေးပြီးတော့လည်း ကျန်တဲ့ အယောက် ၃၀ ကျော် ကျနော် တာဝန်ယူပြီးတော့ လိုက်လုပ်ပေးထားတာဖြစ်တဲ့အတွက် ကျန်တဲ့လူတွေကိုလည်း ပေးစေချင်တယ်။”
တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လူငယ်တွေ ဖြစ်တာနဲ့အညီ ပြည်ပနိုင်ငံတွေမှာ ပညာသင်တာအပါအ၀င် နိုင်ငံတကာ ညီလာခံတွေတက်တာ၊ ပြည်ပနိုင်ငံတွေမှာ တိုင်းပြည်အတွက် လေ့လာဆည်းပူးသင့်တာတွေ ဆည်းပူးနိုင်အောင် နိုင်ငံကူးလက်မှတ်ကို လျှောက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော် Passport စပြီးတော့၊ တာဝန်ယူပြီးတော့ လုပ်ပေးတဲ့ရည်ရွယ်ချက်ကိုက ကျနော်တို့ ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေအများစု ကျောင်းသားတွေပါတယ်။ အဲဒီထဲမှာမှ တချို့ အင်္ဂလိပ်စာ လေ့လာရေး အားကောင်းတဲ့ လူတွေရှိတယ်၊ ကျောင်းသားတွေ၊ ဗကသဆိုလည်း ဗကသကျောင်းသားတွေရှိတယ်။ သူတို့ တွေကိုလည်း ကျနော်ပြောထားတယ်။ အင်္ဂလိပ်စာ လေ့လာထားဖို့။ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ဆိုတာ ကျနော်တို့ ကိုယ့်ဝမ်းစာတွေလည်း ကိုယ်ဖြည့်ကြရမယ်။ အရည်အချင်းတွေလည်း ဖြည့်ဖို့လိုတယ်။
“နိုင်ငံတကာမှာရှိတဲ့ ပရိုဂရမ်တွေ၊ လေ့လာရေးတွေ၊ သင်တန်းတွေ တကယ်လို့ အဆင်ပြေခဲ့လို့ ပေါ်ခဲ့ရင် လည်း ကျနော်တို့က Passport ရှိနေအောင် လုပ်ထားဖို့ လိုတယ်ဆိုပြီး ကျနော် တာဝန်ယူပြီးတော့ လုပ်ပေး နေတာ အယောက် ၃၀ ကျော်ပြီ။
“ဒါပေမဲ့ အခုဟာ သူတို့က မပေးဘူး။ တနေ့ ပေးနိုးပေးနိုးနဲ့ သုံးလေးငါးလ ကျော်လာတော့ ကျနော်လည်း ယာယီ ရပ်ထားလိုက်တယ်။ နောက်ဆက်လုပ်မယ့် လူတွေလည်းရှိတယ်။ ဗကသကျောင်းသားတွေထဲမှာ လည်း … အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာသင်တန်းတွေက Passport ရမှသာ သွားလို့ ရမှာကိုး … Passport မရဘူးဆိုရင်တော့ ကျနော်တို့က သွားလို့မရတဲ့အတွက် အခုလောလောဆယ် Passport စာအုပ်မရှိတဲ့အတွက်ကို ကျနော်တို့က ဘာမှ စဉ်းစားလို့မရနိုင်သေးဘူး။ အဲဒီတော့ ပရိုဂရမ်တွေ ရှိရင်တော့ ကျနော်တို့က အရည်အချင်းရှိတဲ့လူတွေ၊ ပြည့်မီတဲ့လူတွေ၊ သင့်တော်တဲ့လူဆို ကျနော်တို့က လွှတ်မှာပါ၊ ရွေးချယ်ပြီးတော့ …”

၈၈ မျိုးဆက် ကျောင်းသားတွေဟာ တူညီတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် အားလုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ကိုဇော်ဝင်းလှိုင်

မြန်မာနိုင်ငံအပေါ် sanctionများ ဆက်လက်ဖြေလျှော့ပေး ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


မြန်မာနိုင်ငံအပေါ် sanctionများ ဆက်လက်ဖြေလျှော့ပေး ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း 

(BBC Newsမှ 18Sept 2012ရက်စွဲပါ “Suu Kyi calls for further easing od Burma sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)
အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း။တပ်မတော်ကို အားပြုထားရသောအစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကိုမိတ်ဆက်ပေးခဲ့ခြင်းမရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားပါတယ်..
မြန်မာအစိုးရအပေါ်ချမှတ်ထားသောsanctionများ နောက်ထပ် ဖြေလျှော့ပေးခြင်းကိုသူမအနေဖြင့် ထောက်ခံကြောင်းအမေရိကန် ပြည်ထောင်စုသို့အလည်အပတ် ရောက်ရှိနေသည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် သူမက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

မစ္စစ်ကလင်တန်လာပြီး မြန်မာနိုင်ငံတွင်တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသောအစိုးရ၏ နောက်ပြန်လျှောနိုင်မှု (သို့မဟုတ်) အဖျားရှူးနိုင်မှုကို သတိပေး ပြောဆိုခဲ့သည်။


မြန်မာအစိုးရသစ်က နိုင်ငံရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲမှု များကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့ ပြီးနောက်တွင်စတင်ပြုလုပ်ခဲ့ပြီး နောက်တွင်အနောက်အုပ်စုကယခင်ချမှတ်ထားခဲ့သောsanctionများသိသိသာသာ ဖြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တရုတ်နိုင်ငံ ခရီးစဉ်အပြီး လာမည့်အပတ်တွင်
အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာမည်ဟု သိရသည်။ ဝါရှင်တန်မှ US Institute of Peaceတွင်စကားပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည်ပထမဆုံးအတားအဆီးကို ဖြတ်ကျော်ခဲ့ပြီဖြစ် ကြောင်းသို့သော်နောက်ထပ်အတားအဆီးများစွာကျန်နေသေးကြောင်းအမေရိကန် ပြည်ထောင်စုနှင့်ချစ်ကြည်ရင်းနှီးမှုကဏ္ဍအရsanctionများဆက်လက်ဖြေလျှော့ ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ “sanctionတွေ ဖြေလျှော့ပေးတာကို ကျွန်မထောက်ခံပါတယ်။
ဘာ့ကြောင့်လဲဆိုရင်ကျွန်မတို့ ပြည်သူတွေဟာ သူတို့တာဝန်ယူတာကို စတင်လုပ် နိုင်ကြပြီလို့ ကျွန်မယူဆလို့ပါပဲ။ ဒီမိုကရေစီ အရွေ့ရဲ့ အရှိန်ကို ဆက်ထိန်းထားဖို့ အမေရိကန် sanctionတစ်မျိုးတည်းကိုပဲ မှီခိုနေရမယ်လို့ ကျွန်မမထင်ပါဘူး။ ဒီပန်းတိုင်ကို ရောက်အောင် ကျွန်မတို့ အလုပ်လုပ်ကြရမှာပါ”ဟုဒေါ်အောင်ဆန်းစုကြည်က sanctionများသည် မြန်မာနိုင်ငံကို စီးပွားရေး အရ ထိခိုက်စေသည်ဟူသော အထောက်အထား မရှိကြောင်း၊ သို့သော် ကြီးကျယ်သော နိုင်ငံရေး အကျိုးသက်ရောက်မှုကို ပေးခဲ့ကြောင်း ဆက်လက် ပြော ကြားသည်။
မစ္စစ်ကလင်တန်ကလည်း တပ်မတော်ကို အားပြုထားရသော အစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကို မိတ်ဆက်ပေးခဲ့ခြင်း မရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းသတိပေး ပြောကြားသည်။
မစ္စစ်ကလင်တန်က ဆက်လက်၍ “မြန်မာနိုင်ငံသည် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မြောက်ကိုးရီးယားနှင့် စစ်ဖက် အဆက်အသွယ် ဖြတ်ခြင်း၊အပါအဝင် လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း၊ တိုင်းပြည်ကိုစည်းလုံးညီညွတ်စေရန်နှင့် အနာဟောင်းများကျတ်ကာ အပြောင်းအလဲများ ရှေ့ခရီးဆက်နိုင်ရန်အတွက် အစိုးရနှင့်အတိုက်အခံတို့ အတူတကွ ဆက်လက်လုပ် ဆောင်သွားကြဖို့ လိုကြောင်း”ပြောကြားသည်။
ထို့ပြင်အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း ဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားသည်

ဂျို (ချို) မပါတဲ့ ဒုက္ခများ


ဂျို (ချို) မပါတဲ့ ဒုက္ခများ 

ဥပဒေတွေ ပြင်တာ၊ ဖျက်တာ၊ အသစ်တိုး တာတွေ လုပ်တာလည်း လုပ်တာပေါ့။ ဒါပေမယ့် အောက်ခြေကနေပြီးတော့ သာမန် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ ပြဿတွေလည်း ပြင်စရာရှိတာ ပြင်နိုင်ဖို့ ဆွေးနွေးလိုပါတယ်။

အဲဒီကိစ္စတွေဟာ ဘာမဟုတ်တာလေးလို့ ထင်ရပေမယ့် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတာ ဖြစ်သလို ... စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကိစ္စ တွေပါ။ ဒီကိစ္စတွေဟာ ရုတ်တရက်ကြည့်ရင် သေးတယ် ဆိုပေမယ့် မြန်မာပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်တာကြောင့် အင်မတန်ကြီးမားပြီး အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်


ကျွန်တော် စဉ်းစားမိသလောက် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဒုက္ခပေးနေတဲ့ ဌာနဆိုင်ရာ ဒုက္ခပေးမှုတွေကတော့ ...


၁။ ဧည့်စာရင်းတိုင်ရခြင်း


မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာလွတ်လပ်စွာသွားလာခွင့်ရှိရပါတယ်။ မြန်မာပြည်ဟာ မြန်မာပြည်သူတွေ အားလုံး ပိုင်ဆိုင်တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါကို ခရီးသွားလာတဲ့အခါ ဧည့်စာရင်း တိုင်ရတာဟာ အဓိပ္ပါယ် မရှိတဲ့ သတ်မှတ်ချက်ပါ။ ရောက်လေရာ နေရာမှာ အေးအေးချမ်းချမ်း တည်းခို နေထိုင်လို့ မရဘဲ .. ဧည့်စာရင်း တိုင်ရတဲ့ ဒုက္ခကို မြန်မာနိုင်ငံသားတိုင်း ခံစားဖူးမှာပါ။

အလားတူ ည အချိန်မတော် ဧည့်စာရင်း စစ်လို့ထရတာ၊ မိန်းကလေးတွေ အိပ်ခန်း၊ အိပ်ယာတွေ ဝင်စစ်တာ၊ စတဲ့ ဒုက္ခတွေဟာ မသေးလှပါဘူး။ ဧည့်စာရင်း စစ်ရတဲ့ ဝန်ထမ်းတွေလည်း အိပ်ရေးပျက်သလို .. တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ ပြည်သူတွေလည်း အိပ်ရေးပျက်ပါတယ်။

လုံခြုံရေးကို အကြောင်းပြပေမယ့် လစာ ရိက္ခာယူပြီး လုံခြုံရေး တာဝန်ယူထားတဲ့ အစိုးရ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြပြီး ပြည်သူတွေကို အလိုရှိတိုင်း နှိပ်စက်လို့ မရပါဘူး။ ပြည်သူတွေကို ဒုက္ခမပေးဘဲ လုံခြုံရေး ယူတတ်ရပါမယ်။ ယူနိုင်ရပါမယ်။ အဲဒီလို မလုပ်နိုင်ရင် လစာ၊ ရိက္ခာ ယူပြီး ညာမနေပါနဲ့။ အလုပ်က ထွက်လိုက်ပါလို့သာ ပြောလိုပါတယ်။ ဒါကြောင့် ဧည့်စာရင်း ကိစ္စကို မြန်မာပြည်ကနေ အပြီးတိုင် ဖျက်သိမ်းဖို့ လိုပါတယ်။


၂။ အစိုးရဌာနများတွင် ပုံစံ (Form) ဝယ်ရခြင်း


မြန်မာပြည်မှာ အစိုးရဌာနတွေနဲ့ ဆက်ဆံတိုင်း ဘာလုပ်လုပ် ပုံစံဖြည့်ရပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ထူးဆန်းတာက အဲဒီ ပုံစံကို ဝယ်ရတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံသားတိုင်း ခံစားဖူးကြပါတယ်။ ဥပမာ ကျွန်တော့် ကိုယ်တွေ့ ... UK နိုင်ငံမှာ နိုင်ငံကူး လက်မှတ်ကို သက်တမ်းတိုးဖို့ သံရုံးသွားရတော့ .. သက်တမ်းတိုးခ စတာလင် ပေါင်
(၁၀၀) ပေးရပါတယ်။ ဒါက အစိုးရကို ပေးရတာဆိုတော့ ထားပါတော့။ ဒါတောင် သတ်မှတ်တဲ့ ငွေ ပမာဏက များလွန်းပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သက်တမ်းတိုးဖို့ ပုံစံကို စတာလင် (၅) ပေါင် ပေးဝယ်ရတာပါပဲ။ ဘယ်နေရာမှာ မိတ္တူကူးကူး ၁၀ ပြားပဲကျပြီး .. လူတိုင်းမှာ ပရင်တာ (Printer) ရှိကြတာကြောင့် အင်တာနက်ကနေ ပုံစံ စာရွက်ကို ပရင့် (print) ထုတ်ယူပြီး ရနိုင်တာကြောင့် အလကားလောက် နီးနီးရတာကို (၅) ပေါင် ပေးရတာကတော့ အင်မတန် မသင့်တော်သော လုပ်ရပ်ဖြစ်ပါတယ်။ .. ဒါ ယူကေနိုင်ငံက မြန်မာသံရုံး တစ်ခုတည်းပါ။ အခြားသော ပြည်တွင်း၊ ပြည်ပက မြန်မာအစိုးရ ဌာန အသီးသီးမှာ အခုလို ပုံစံစာရွက် (Form) ကို ရောင်းစားတာဟာ ဘယ်လောက်များနေသလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ .. ပြည်သူတွေရဲ့ ဝန်ကို ထမ်းဆောင်ပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေ မဟုတ်တော့ပဲ .. ဝန်ထမ်းတွေရဲ့ တာဝန်တွေကို ပြည်သူတွေက ပြန်ထမ်းနေရတာ ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ ငွေကြေးတွေဟာ မလိုအပ်ဘဲ .. နေ့စဉ် တရက်အတွင်း အဲဒီလို ပုံစံpရွက် (form) ဖို့အတွက် သုံးစွဲနေရတာဟာ တနိုင်ငံလုံးစုစုပေါင်းရင် .. နည်းတဲ့ ပမာဏ မဟုတ်လောက်ပါဘူး။ မြန်မာကျပ်ငွေ သိန်း၊ သန်းချီပါလိမ့်မယ်။

၃။ အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်း

အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်းဆိုတာကတော့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝန်ဆောင်မှုတွေကို သတ်မှတ်ထားသော နေရာက ပစ္စည်းများကို ဝယ်သုံးမှ အသိအမှတ်ပြုမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ချက်များ ဖြစ်ပါတယ်။ ဖြစ်သင့်တဲ့ လိုအပ်ချက်ကို သတ်မှတ်တာ မဟုတ်ဘဲ .. နေရာကို သတ်မှတ်တာ ဖြစ်ပါတယ်။

ဥပမာ ...ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာ (ကညန) က မော်တော်ကား နံပါတ်ပြားများကို သတ်မှတ်ထားသော နေရာတစ်ခုတည်းကနေ ဝယ်ယူ တပ်ဆင်မှ ကားလိုင်စင် ထုတ်ပေးပါတယ်။ တကယ်တော့ ဒါဟာ ပြည်သူတွေ အပေါ်မှာ စီးပွားရေး လက်ဝါးကြီး အုပ်တာ ဖြစ်ပြီး .. ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖျက်စီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ကညန အနေနဲ့ ကားနံပါတ်ပြားတွေကို ရေးဆွဲရာမှာ .. စာလုံး အရွယ်အစား၊ အရောင်၊ ရှင်းလင်းပျက်သားမှု၊ စာလုံးပုံစံ ... စတဲ့ သတ်မှတ်ချက်တွေကို ထုတ်ပြန်ပြီး .. ဘယ်နရာမှာ ရေးလာတဲ့ နံပါတ် ဖြစ်ဖြစ် .. အဲဒီ သတ်မှတ်ချက်တွေကို ပြည့်မီမယ်ဆိုရင် .. လိုင်စင် ထုတ်ပေးသင့်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘဲ အစိုးရ ဌာနနဲ့ လက်ဝါးခြင်း ရိုက်ထားတဲ့ နေရာက ဝယ်ထားတဲ့ နံပါတ်ပြားတွေကိုပဲ သုံးမှ လိုင်စင် ထုတ်ပေးတာဟာ .. ပြည်သူတွေကို ဒုက္ခပေးတာ ဖြစ်ပြီး .. အဲဒီလို လုပ်ပိုင်ခွင့် ရဖို့အတွက် အပြိုင်အဆိုင်နဲ့ ဝန်ထမ်းတွေကို လာဘ်ပေးရတဲ့ စီးပွားရေး ဈေးကွက်က ပေါ်လာပါတော့တယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ အလားတူပါပဲ ..နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာလည်း သတ်မှတ်တဲ့ နေရာက ဓါတ်ပုံကိုပဲ ရိုက်ရပါတယ်။ (အထက်ပါ ကိစ္စတွေဟာ ကျွန်တော် ပြည်တွင်းမှာ ရှိစဉ်က ကိစ္စတွေ ဖြစ်ပြီး အခုအထိ ကျင့်သုံးနေကြသလား၊ အခြားနေရာတွေမှာရော ရှိနေသေးလားဆိုတာ သိသူများ ဖြည့်ပေးကြပါ။)

၎။ သတင်းအချက်အလက် အလုံအလောက် မထုတ်ပြန်ခြင်း

အစိုးရဌာနတွေဟာ (အထူးသဖြင့်) ပြည်သူတွေကို ဝန်ဆောင်မှု ပေးနေတဲ့ ဌာနတွေဟာ .. အဲဒီ ဌာနတွေရဲ့ လုပ်ထုံး လုပ်နည်းဆိုင်ရာ ကိစ္စတွေကို လုံလုံလောက်လောက် သတင်းထုတ်ပြန်သင့်ပါတယ်။ လမ်းညွန်မှုလည်း ပေးသင့်ပါတယ်။ အချိန်နဲ့ တပြေးညီ လိုအပ်ရင်လည်း လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလို သတင်း အချက်အလက် ထုတ်ပြန်တာ မရှိသလောက်ပါပဲ။ ဥပမာ .. ကျွန်တော်က ကျွန်တော့်အိမ်မှာ တပ်ထားတဲ့ အိမ်သုံး တယ်လီဖုန်းနံပါတ်ကို ကျွန်တော် အသစ်ပြောင်းမယ့်အိမ်မှာ အဲဒီ နံပါတ်ကိုပဲ ပြန်သုံးချင်တယ်။ ကျွန်တော့်မိတ်ဆွေတွေက အဲဒီနံပါတ်နဲ့ ကျွန်တော့်ကို ဆက်သွယ်နေတာကြောင့် အဆက်အသွယ် မပျက်စေချင်လို့ ပြောင်းချင်တယ်။ အဲဒီ အတွက် ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက် အပြည့်အစုံကို ထုတ်ပြန်ထားတာ မရှိပါဘူး။ ဒီတော့ အဲဒီလို လုပ်ဖို့ အတွက် ပွဲစား၊ အသိ၊ ဂွင်၊ လာဘ်ထိုး .. စတဲ့ နည်းတွေ သုံးပြီး နံပါတ်ကို ပြောင်းဖို့ လုပ်ရပါတော့မယ်။ ဒါဟာ အချိန်လည်း ကြာပြီး မလိုအပ်ဘဲ ကုန်ကျမှုတွေ ဖြစ်တာကြောင့် ပြည်သူတွေ ဒုက္ခ အင်မတန်ကြီးပါတယ်။ တကယ်လို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ထားရင် .. အဲဒီအတိုင်း လူတိုင်း လိုက်လုပ်ရင် လွယ်လွယ်လေး ဖြစ်နေမှာပါ။ ဒီလို ဂွင်ရှာဖို့ သက်သက် သတင်းကို မထုတ်ပြန်တဲ့ ဝန်ကြီးဌာနတွေ ဘယ်လောက် ရှိမလဲဆိုတာ ရေတွက်လို့တောင် ကုန်မယ် မထင်ပါဘူး။

အထက်ပါ အချက် (၄) ချက်ဟာ ကျွန်တော် သိသလောက် ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ အခြား အချက်များကို သိသူများလည်း ထပ်မံဖြည့်စွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ပြည်သူတွေရဲ့ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးစေရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း ..

လေးစားစွာဖြင့်

ကိုထိုက်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။