Monday, September 17, 2012

ယာဉ်စည်းကမ်းထိန်းသိမ်းသူများ၏ အားနည်းချက်ကြောင့် ယာဉ်စည်းကမ်းဖောက်မှုများနေခြင်းဖြစ်


ယာဉ်စည်းကမ်းထိန်းသိမ်းသူများ၏ အားနည်းချက်ကြောင့် ယာဉ်စည်းကမ်းဖောက်မှုများနေခြင်းဖြစ် 


Myitmakha Media Group, 17September 2012  — ရန်ကုန်တိုင်းဒေသကြီးတွင်း ခရီးသည်တင်ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းနှင့်ယာဉ်စည်းကမ်းထိန်းသိမ်းသူများ၏ အားနည်းချက်များကြောင့် ယာဉ်စည်းကမ်း မလိုက်နာမှုများဖြစ်ပေါ်ကာ ခရီးသွားပြည်သူများအနေဖြင့် သွားလာရေးအခက်အခဲများ နေ့စဉ်နှင့်အမျှကြုံတွေ့လျှက် ရှိကြောင်းသိရသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းသူများအနေဖြင့် ယာဉ်လိုက်ဖြတ်ပိုင်းမပါပဲ ယာဉ်နောက်လိုက်နေသူများအား နားလည်မှုဖြင့်   ဆောင်ရွက်ပေးလျှက်ရှိကြောင်း ယာဉ်နောက်လိုက်တစ်ဦးထံက သိရသည်။
“ စည်းကမ်းဖောက်တယ်ဆိုရင် ယာဉ်စည်းကမ်းက ဖမ်းပေမဲ့ ချက်ချင်းပိုက်ဆံပေးလိုက်လို့ ချလံမဖြတ်ပေးတာတွေ၊ ချလံဖြတ်ပေးပေမယ့် ညနေပိုင်းဆိုရင် ရုံးမှာ ပိုက်ဆံပေးပြီးရွေးလို့ရတယ်၊ ချလံတခါဖြတ်ပြီးသွားရင်လည်း စည်းကမ်းထိန်းသိမ်းသူတွေက နောက်ထပ် မဖမ်းတော့လို့ စည်းကမ်းချိုးဖောက်မှုတွေ များလာတယ်လို့ ထင်တယ်”ဟု (၂ဝ၂)ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။
လက်ရှိခရီးသည်တင်ယာဉ်များအား ရိုးရိုးနှင့် အထူးယာဉ်လိုင်း ဟူ၍ နှစ်မျိုးခွဲခြားထားသော်လည်း အထူးယာဉ်လိုင်းသည် ရိုးရိုးယာဉ် လိုင်းများနည်းတူ ခရီးသည်ပိုမိုတင်ဆောင်ခြင်း၊ ရပ်တန်မှုကြာမြင့်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
”ရန်ကုန်မှာ လူတိုင်းလိုလိုက လိုင်းကားစီးကြတယ်။ လိုင်းကားတွေက အမိုးမလုံတာတွေကြမ်းခင်းတွေ ပျက်နေတာတွေရှိတယ်။ အဲဒါတွေကိုမပြုပြင်ကြဘူး။ အရေးယူမှုတွေလည်း မရှိဘူး။” ဟု မြောက်ဥက္ကလာပ မြို့နယ် (၅)လမ်းတွင် နေထိုင်သူ ဦးငွေလွင်က ပြောသည်။
ခရီးသည်တင်ယာဉ်များတွင် ခေါင်းမိုးများမှ မိုးရေယိုကျခြင်း၊ မှန်တံခါးများ ဖွင့်နိုင်ပိတ်နိုင်မူမရှိခြင်း၊ ထိုင်ခုံများ ပျက်စီးနေခြင်း၊ အခင်း ကြမ်းခင်းများ ပျက်စီးခြင်းများရှိနေကြောင်း ခရီးသည်များက ဆိုသည်။
”အထူးကားဆိုရင် ခရီးသည်လည်း ပိုတင်သေးတယ်။ ရှေ့ကလိုင်းတူကားကိုလည်း လိုက်ကျော် မောင်းသေးတယ်။ ဟိုတစ်နေ့ကဆို အရှိန်ပြင်းပြင်းမောင်းလာပြီး ကလေးကားလမ်းဖြတ်ကူးတာ အနီးရောက်မှ ဘရှိတ်အုပ်လိုက်တာ ခရီးသည်တွေ လက်နာတာတို့၊ အချင်းချင်းထိခိုက်မိတာတွေဖြစ်ကုန်တယ်။ စည်းကမ်းထိန်းသိမ်းရေးတွေက ပိုက်ဆံပေးရင် လွှတ်ပေးနေတာပဲ။ အဲဒါကြောင့် ကားသမားတွေလည်း စည်းကမ်းကို မလိုက်နာကြတော့ဘူး” ဟု ဗဟန်းမြို့တွင် နေထိုင်သူ မသင်းသင်းဆွေက ၄င်းအတွေ့အကြုံကို ပြောသည်။
ယာဉ်မောင်းများအနေဖြင့်လည်း လမ်းများတွင် ခရီးသည်တင်ယာဉ်လိုင်းတူခြင်း ကျော်တက်ရန် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်းများရှိလာကြောင်းနှင့် ယာဉ်နောက်များမှာလည်း ခရီးသည်များအား ဆက်ဆံရာတွင် ရိုင်းပြသော အပြုအမူများ၊ မှတ်တိုင်များတွင် ခရီးသည်များတင်ဆောင်ရာ၌ ယာဉ်ပေါ်သို့ မရောက်မှီ ထွက်ခွာခိုင်းခြင်းများ နေ့စဉ်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
”ကျွန်တော်တို့အနေနဲ့ကတော့ ယာဉ်တွေစည်းကမ်းလိုက်နာဖို့ခရီးသည်တွေနဲ့ ပြေပြေပြစ်ပြစ်မရှိတာတွေကို တိုင်ကြားလာရင်တော့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးပါတယ်။” ဟု မထသ (ဗဟို)ကော်မတီမှ ဥက္ကဌ ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့တော်ရှိ ယာဉ်ကြော(၃)ကြောရှိသည့်လမ်းများ၌ ယာဘက်ယာဉ်ကြောသည် တစ်နာရီမိုင်(၂ဝ)နှုန်း ဖြစ်ပြီး၊ အလယ် ယာဉ်ကြောသည် တစ်နာရီမိုင်(၃ဝ)နှုန်းဖြစ်ကာ ဝဲဘက်ယာဉ်ကြောသည် ကျော်တက်ချိန်၌တစ်နာရီမိုင်(၄ဝ)နှုန်း သတ်မှတ်ထား ကြောင်း သိရသည်။
မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအနေဖြင့် စည်းကမ်းထိန်းသိမ်းမှုများပြုလုပ်စဉ် ရက်ပိုင်း၊ နေ့ပိုင်းအတွင်းသာ လိုက်နာ မှုရှိပြီး အချိန်ပြည့် စည်းကမ်းလိုက်နာမှုမရှိကြောင်းကိုလည်း သိရှိရသည်။
ယမင်း (မြစ်မခ)

ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက်


ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက် 


ဧရာဝတီဘလော့ . ၁၇ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-
ယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ရန်ကုန်မြို့ကားသင်္ချိုင်းကို ကားဟောင်း သွားရောက်အပ်နှံနေကြသူတွေထဲမှာ စာရေးဆရာမ ပုညခင်လည်း ပါဝင်ပါတယ်။ သူက သူ့ရဲ့ ‘ဗ’ နံပတ်တပ် ကားလေး သွားပို့ချိန် တွေ့မြင်ရတာတွေကို ရေးထားပါတယ်။
စနေနေ့က အိမ်က ဗ ကလေးကိုအပ်ဖို့ အင်းစိန်သံရည်ကြိုစက်ကို လိုက်သွားပါတယ်။ အတွေ့အကြုံရချင်လို့ပါ။
ကားလေးက အကောင်းလေးပဲ ရှိသေးပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပစ္စည်းတွေ ဖြုတ်ပြီး ၀ိတ်မလျှော့လိုက်ပါဘူး။
ကက်ဆက်ကတော့ စီဒီကက်ဆက်မို့ ဖြုတ်ယူထားလိုက်တာပါ။

“သေသူကို ရေးဝေးမှာပြာဖြစ်မယ့်အတူတူ ဆိုပြီး အ၀တ်အစား ချွတ်မယူရက်တဲ့ စိတ်မျိုး” ကို တချို့ ကားဟောင်းပိုင်ရှင်တွေဆီမှာ တွေ့ရပါတယ်။
သံရည်ကြိုပစ်မှာ သိပေမယ့် ပစ္စည်းတွေ မြင်မကောင်းအောင် လျှော့မပစ်ဘဲ သိက္ခာရှိရှိလေးပဲ အပ်လိုက်ချင်တာပါ။

ဒါပေမယ့် အနီးအနားကို ၀ိုင်းလာတဲ့ စရိုက်ဆန်ဆန် လူတစ်စုဟာ လုယက် ဖြုတ်ဖို့ ကြိုးစားကြတော့တာပါ။
ထိုင်ခုံ တလုံး သုံးထောင်နဲ့ လိုက်ဝယ်၊ အနီးအနားမှာ တသောင်းခွဲနဲ့ သွားရောင်း။
အလုပ်ကိုဖြစ်လို့ပါပဲ။

ရယ်စရာကောင်းတာက ဆီတိုင်ကီ ဖြုတ်ရောင်းလိုက်တဲ့ ကားပိုင်ရှင်တွေဟာ ဒရစ်ပိုက်လေး တန်းလန်း ကိုင်ပြီး အင်ဂျင်ကို ဆီ တစက်စက် ချရင်း ကားကို မောင်းရွှေ့နေကြတာပါ။
ကိုယ့်ကားကို ရိုးရိုးသားသား တန်းစီစောင့်ပေမယ့် တန်းမစီဘဲ သူ့လမ်းကြောင်းနဲ့သူ ၀င်သွားတဲ့ကားတွေကို တွေ့ရတော့.. သြော်..ဒီခေတ်မှာ ဒါမျိုးရှိသေးလားလို့ မျက်ခုံး ပင့်ရပါတယ်။
သုံးသောင်းပေးရင် မစောင့်ရဘူးလို့တော့ သတင်းသဲ့သဲ့ကြားလိုက်ရပါတယ်။

စနေနေ့က နေ့တစ်ဝက်ပဲ လက်ခံတာပါ။ ၁၂ နာရီ မထိုးခင် ရှေ့မှာ လက်ခံနေသေးတယ်မှတ်ပြီး တန်းစီ စောင်းဆိုင်းနေကြသူများဟာ ၁ နာရီ ထိုးတော့မှ… ၁၁ နာရီကတည်းက အအပ်လက်မခံတော့တာကို သိလိုက်ရပါတယ်။
ခေတ်ပြောင်းချိန်မှာ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကျွန်မ အမြဲတမ်း လေ့လာ စပ်စု စူးစမ်းနေခဲ့တာပါ။ လိုအပ်ချက်လေးတွေကတော့ နေရာတကာမှာ ရှိနေသေးတာပါပဲ။
ဒီအချိန်ဟာ အပြောင်းအလဲနဲ့ အသားမကျသေးတဲ့အချိန်ပါ။
ကျွန်မတို့ရော အစိုးရကပါ စိတ်ရှည်လက်ရှည်နဲ့ ၀ိုင်းဝန်းပြုပြင်ကြရမှာပါ။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဆောင်းပါး တစ်စောင်၊ ၀ထ္ထုတစ်ပုဒ် ရေးပါဦးမယ်။
အဟဲ.. ခဏနေရင်တော့ ကျွန်မရဲ့ ပရော်ဖက်ရှင်နယ်အလုပ်လေးဖြစ်တဲ့ အချစ်ဝထ္ထုလေးကို ဆက်ရေးရပါဦးမယ်…။
ကျွန်မက စိတ်ခံစားမှုနဲ့ အချစ်ဝထ္ထုလေးတွေရေးရင်း လက်တွေ့ဘ၀ထဲမှာ မျက်စိဖွင့် နားစွင့်နေထိုင်သူမို့ပါ။

ပုညခင်
( zarny win  )

ကြေးနီတောင်မှာ ပြဿနာတွေ တပုံကြီး ကျန်နေသေးတယ်


ကြေးနီတောင်မှာ ပြဿနာတွေ တပုံကြီး ကျန်နေသေးတယ် 


ဒေါက်တာလွမ်းဆွေ . ၁၇ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  အခု ပြဿနာဖြစ်နေတဲ့ ကြေးနီစီမံကိန်းမှာ အလွဲသုံးစားမှုကြီးတခု ဖြစ်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခုချိန်ထိ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးဘူး။ လက်ပန်းတောင်းတောင်အနီးက ကျေးရွာပေါင်း ၂၀ ကျော်က တောင်သူလယ်သမားတွေထက် တိုင်းပြည်နဲ့ လူထု ပိုပြီး နစ်နာလှတဲ့ အလွဲသုံးစားမှုကြီးက ကြောက်ခမန်းလိလိပါပဲ။
တောင်သူလယ်သမားတွေက လယ်ယာမြေ အသိမ်းခံရတဲ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ဒဏ်ကြောင့် နစ်နာဆုံးရှုံးကြပါတယ် (လောလောဆယ် ရေချိုတွေ ပျက်စီးကုန်ပြီ)။ မြန်မာပြည်သူလူထုကတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ကျပ်သန်းပေါင်း ၂,၇၀၀ ကျော် တန်ဖိုးရှိတဲ့ ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုကြီးကို ကျူးလွန်ခဲ့ကြလို့ ပိုပြီး နစ်နာကြတာပေါ့။
ပြဿနာ စခဲ့တာက သတ္တုတွင်းဝန်ကြီးဌာနနဲ့ အိုင်ဗင်ဟိုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခဲ့ရာမှ ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ကို လွှဲပြောင်းပေးအပ်ဖို့အတွက် ၂၀၁၀ ဒီဇင်ဘာ ၃၁ ရက် ည သန်းခေါင်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၁ ခု ဇန်န၀ါရီလ ၄ ရက်နေ့အထိ တရားမ၀င် စက်တွေ လည်ပတ်စေပြီး (ရှင်းရှင်းပြောရရင် စက်ကို ခိုးသုံးတာပေါ့) သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတွေက ကြေးနီတန်ချိန် ၃၃၈.၉၃၂ တန်ကို အလွဲသုံးစားလုပ်ပြီး ထုတ်လုပ်ခဲ့ကြောင်း ၀န်ထမ်း ၄၆ ဦးက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီးကို တိုင်ကြားခဲ့ပေမယ့် အကြောင်းမထူးတာကြောင့် နိုင်ငံတော်သမ္မတထံ ဆက်လက် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
အဲဒီအလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီး ရဲစခန်းမှာ (ပ) နံပါတ် ၂၈၅/၂၀၁၁ နဲ့ တိုင်ကြားခဲ့ပေမယ့် တနှစ်နီးပါး ကြာလာတဲ့တိုင်အောင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိသေးတာဟာ မရိုးသားမှုတခု ဖြစ်နေတယ်။ အလွဲသုံးစားလုပ်တဲ့အထဲမှာ တာဝန်ရှိတဲ့ လူကြီးပိုင်းက ပါဝင်နေတာမို့ ဒီကိစ္စကို ပေါ့ပေါ့ဆဆ ကိုင်တွယ်နေတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီကြေးနီစီမံကိန်းက ခိုးထုတ်လာတဲ့ ကြေးနီ တန် ၃၀၀ ကျော်ကို ရန်ကုန်မြို့အထိ သယ်လာနိုင်တာကို ကြည့်ရင် တာဝန်ကြီးကြီး ရှိသူတွေ ပါဝင်နေတာကို ငြင်းလို့မရနိုင်ဘူး။
အဲဒီကြေးနီအလွဲသုံးစားမှုကြီးကို THE VOICE ဂျာနယ်က ဖော်ထုတ်ရေးသားခဲ့လို့ ခုချိန်ထိ တရားရုံးမှာ ရင်ဆိုင်နေရတုန်းပဲ။ ဒါပေမယ့် လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းကြောင့် တောင်သူလယ်သမားတွေ ပြဿနာအဖုံဖုံ ဖြစ်နေတုန်းမှာပဲ ကြေးနီစီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာနဲ့ ကြေးနီပို့ တာဝန်ခံ ဦးကျော်ဆွေတို့ကို သြဂုတ်လ ၂၉ ရက်နေ့က ဆားလင်းကြီး ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဲဒီအလွဲသုံးစားမှုရဲ့ နောက်ကွယ်မှာ အဲဒီနှစ်ယောက်တင်မကဘူး၊ တသီတတန်းကြီး ရှိနိုင်တာမို့ သတ္တုတွင်းဝန်ကြီးဌာနက ဘာကြောင့် အခုလို အရေးယူမှုတွေ ကြန့်ကြာနေရသလဲဆိုတာ စဉ်းစားစရာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀န်ကြီးဌာန ၆ ခုရဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့ နိုင်ငံတော်စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း ရာထူးက ထွက်ပေးခဲ့ရပြီ။ အဲဒီသတင်းကို ပထမဆုံး ရေးခဲ့တဲ့ THE VOICE ဂျာနယ်လည်း တရားစွဲတာ ခံနေရပြီ။ ဒါတောင် ဒီလောက်ကြီးမားတဲ့ အလွဲသုံးစားမှုကြီးကို စစ်ဆေးအရေးယူဖို့ ဘာကြောင့် ကြာနေရတာလဲ။ ပိုပြီး စဉ်းစားဖို့ ကောင်းလာပြီ။
စက်ရုံမှူး ဦးအောင်လောဟာ တယောက်တည်း လုပ်လို့ မရတာ သေချာပါတယ်။ အဲဒီစက်ရုံမှူးက အိုင်ဗင်ဟိုကုမ္ပဏီက ဖြစ်လို့ အခုလို ထိပ်ဆုံးက လွယ်လွယ်နဲ့ အရေးယူခဲ့တာပါ။ တကယ်တော့ သတ္တုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ မပါဘဲနဲ့ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ တန် ၃၀၀ ကျော် ရန်ကုန်မြို့အထိ သယ်နိုင်တာပဲ ကြည့်လေ။ သတ္တုတွင်းဝန်ကြီးဌာနကရော အပြစ်မရှိဘူးလား။ ဖော်ထုတ်အရေးယူသင့်တာပေါ့၊ တိုင်းပြည်ရမယ့် ဘဏ္ဍာ ဦးပိုင်ကုမ္ပဏီကို လွှဲပေးရလို့ နစ်နာနေရတဲ့အထဲ အဲဒီလို အလွဲသုံးစားလုပ်လို့ နစ်နာပြန်ပြီ။ ကြားလို့မှ ကောင်းသေးရဲ့လား။ အစိုးရသစ်ကို အာဏာမလွှဲမီ လုပ်ချင်ရာလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ပဲ။

အဲဒီကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်သူလယ်သမားတွေက တောင်းဆိုနေချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ရပ်ဆိုင်းလို့ မဖြစ်နိုင်ဘူးဆိုပဲ။ ဒီကိစ္စဟာ တိုင်းပြည် ပြည်သူလူထုအကျိုးအတွက် လုပ်နေတာမဟုတ်ဘူး။ စီးပွားရေး ဦးပိုင်ကုမ္ပဏီအကျိုးအတွက် လုပ်နေတာကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လက်ခံနေတဲ့အတွက် ဒေသခံတွေနဲ့ တောင်သူလယ်သမားတွေက ဒေါသထွက်နေကြတယ်။ အစမှအဆုံး ၀င်ရောက်ကူညီနေကြတဲ့ လူတွေ အဖမ်းခံ၊ အသေခံ၊ ထောင်ကျခံပြီး တိုက်ပွဲဝင်နေကြတဲ့ ဗကသ ကျောင်းသားတွေကိုလည်း အားနာကြပါဦး။
ကြေးနီစီမံကိန်းအသစ်ကြောင့် အလွဲသုံးစားမှုပြဿနာ၊ ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်မဲ့ယာမဲ့ အိုးဖျက်အိမ်ဖျက် ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ဘေးအန္တရယ်အတွက် စိုးရိမ်ရတဲ့ ပြဿနာတွေကို မရှင်းနိုင်သေးဘဲနဲ့ ကြားဝင်စေ့စပ်ပေးတဲ့ လူတွေကို ကျေးဇူးမတင်ဘဲ ဒေသခံတွေက နှမ်းဖြူးနေတယ်လို့ သဘောပေါက်နေကြတယ်။
ဒီလိုကိစ္စတွေမှာ နိုင်ငံရေးစကားလုံးတွေနဲ့ ချွေးသိပ်ဖျောင်းဖျနေလို့ မရဘူး၊ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ပြည်သူတောင်သူလယ်သမားတွေရဲ့ ဘ၀နဲ့ ရပ်တည်ခွင့်၊ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ၊ အနိုင်ကျင့်နေတဲ့ လုံထိန်းနဲ့ မုံရွာက ရဲတပ်ဖွဲ့ဝင်တွေ၊ အရင်ကလို အာဏာနဲ့ မတရား အနိုင်ကျင့် အုပ်ချုပ်ချင်စိတ် မပျောက်သေးတဲ့ သာအေးလို တိုင်းမှူးဟောင်းတွေ ဆင်ခြင်ဖို့ ကောင်းပြီ။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဦးတည်ချက်က လွတ်လပ်ခြင်း၊ မျှတခြင်းတွေနဲ့အတူ ဘက်လိုက်ခြင်း ကင်းပြီး ပြည်သူလူထုတွေ စိတ်ချမ်းသာမှုရှိရေးနဲ့ ပြည်သူ့ဆန္ဒကို အဓိက ဦးတည်နေတယ်ဆိုတာ စားပြီး နားမလည်ကြတဲ့ တာဝန်ရှိသူတွေကို ပြောလိုက်ချင်ပါတယ်။
စိန်သံလုံး

အကျဉ်းသား ၅၀၀ ကျော် ထပ်လွှတ်လိုက်ပြန်

အကျဉ်းသား ၅၀၀ ကျော် ထပ်လွှတ်လိုက်ပြန်

အကျဉ်းထောင်တွင်း တနေရာ
ဧရာဝတီဘလော့. ၁၇ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  ဒီကနေ မြန်မာ့အသံက ကြားဖြတ် သတင်းအဖြစ် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးလိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။
နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် အတွက် နိင်ငံတ်ာမှ ပြစ်ဒဏ်ကျခံနေရသောနိုင်ငံခြားသားများ အပါအ၀င် မြန်မာနိုင်ငံသား အကျဉ်သား စုစုပေါင်းဦးရေ ၅၀၀ ကျော်ကိုလွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
အဲဒီထဲမှ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးပါ။
အသေးစိပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ကြည့်ရှု့နိုင်ပါတယ်။
အိမ့်သံစဉ်
နိုင်ငံတော် သမ္မတအမိန့်ဖြင့်အကျဉ်းသား ၅၁၄ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု လိုက်သည်။ ယင်းသို့ လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့မွန်းလွဲပိုင်းကြေညာ ထုတ်ပြန်ခဲ့ရာ
ယင်း ကြေညာချက် အပြည့်အစုံမှာ
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း
စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၂ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။
ဟူ၍ ဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။