Saturday, March 23, 2013

ဓာတ်ပုံများနဲ့ အတွေးစ

ဓာတ်ပုံများနဲ့ အတွေးစ


လွန်ခဲ့တဲ့ လ က ထိုင်း-မြန်မာနယ်စပ် အုန်းပြန့် ဒုက္ခသည်စခန်းကို သွားခဲ့တယ်။ ကျောင်းတက်ရမယ့် အရွယ် ကျောင်းမတက်နိုင်တဲ့ ငိုနေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းကို အမိအရ ဓာတ်ပုံ ရိုက်ယူခဲ့တယ်။ 

  အုန်းပြန့် ဒုက္ခသည်စခန်းက ကလေးငယ်

ဘ၀မှာ တသက်နဲ့ တကိုယ် အရင်က တခါမှ မကြားဖူးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့က ဒုက္ခသည် စခန်းဆိုတဲ့နေရာက ကလေးငယ် တယောက်ရဲ့ မျက်ဝန်း တေဇလှိုင်က ရိုက်ယူဖော်ပြ လာတယ်။ တူညီမှုတွေ၊ မတူညီမှုတွေကို ဒီဓာတ်ပုံတွေက စကားပြောနေတယ်။ 

မိတ္ထီလာ ဒုက္ခသည်စခန်းက ကလေးငယ်

 ဒီဓာတ်ပုံတွေထဲက မိန်းကလေး ၂ ဦးလုံးဟာ အငိုမျက်ဝန်းတွေနဲ့ပါ။ သူတို့ ၂ ယောက်လုံး ဒုက္ခသည် ဆိုတဲ့ စကားလုံးကြီးအောက်မှာ ရှိနေကြသူတွေ ဖြစ်တာ တူညီချက်တခုပါ။

အုန်းပြန့် ဒုက္ခသည်စခန်းက ကလေးမလေးကတော့ စစ်ပြေးဒုက္ခသည်၊ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းက မိန်းကလေးက ရုတ်တရုက်ကြီး ရက်ပိုင်းအတွင်း ဒုက္ခသည်အဖြစ်ရောက်သွားရသူပါ။ 
ဒါပေမယ့် အဲဒီ ကလေးငယ်မလေးတွေရဲ့ ဓာတ်ပုံတွေက ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။
မိတ္ထီလာမြို့ခံတွေနဲ့ ပဋိပက္ခအကြောင်း နယ်ပေါင်းစုံကို သေသေချာချာ ဂဃနဏ မေးကြည့်ဖြစ်ပါတယ်။ 
ဘယ်လိုဖြစ်ရတာလဲပေါ့။ 
ဖြစ်စဉ်က ရွှေရောင်းချရာမှာ ရွှေဆိုင်ပိုင်ရှင် မွတ်ဆလင်နဲ့ လာရောင်းသူ ဗမာ တို့ အချင်းများကြရာက စတာ ဆိုပေမယ့် အဲဒီဖြစ်ရပ်က ဆိုင်ကို ဖြိုဖျက်ပြီးနောက် နောက်ထပ် အမှုတခု ထပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ 
ဟံဇားက မိတ္ထီလာ တက်လာတဲ့ ရဟန်းတပါး ပျံလွန်တော်မူသွားတဲ့ကိစ္စက ဒီပြဿနာကို ထိုးဆွ မီးထိုးပေး လိုက်တာလို့ မြို့ခံတွေက ပြောကြပါတယ်။ 
ဒီလို ရဟန်းတော်တပါး သေဆုံးတာကိုတော့ မကျေမနပ်ဖြစ်တဲ့သူတွေရှိကြပေမယ့် အခုလို ထိ ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့သူတွေထဲတော့ မြို့ခံတွေက မပါဝင်ခဲ့ကြပါဘူး တဲ့။ 
မြို့ခံတွေ ပြောသမျှ စကားတွေထဲမှာ ထူးဆန်းတာတွေ ရှိနေတာ တပုံတပင်ကြီးပါ။ တူညီတဲ့ တခုကတော့ အခု ဆူပူလှုံ့ဆော် အကြမ်းဖက်ကြသူတွေက မျက်နှာစိမ်းတွေဖြစ်နေတာပါ တဲ့။ 
လူစိမ်းတွေ ဆိုတာ လတ်လတ်ဆတ်ဆတ် ဆံရိပ်ထားတဲ့ ရဟန်းငယ်တချို့နဲ့ လက်နက် ဒုတ်၊ ဓားတွေ ကိုင်ဆောင်ထား သူတွေပါပဲ တဲ့။ ရုတ်တရက်ကြီးဆိုတော့ ဒီလိုလည်း မျှော်လင့်မထားကြဘူးလို့ မြို့ခံ ဗမာတွေရော မွတ်ဆလင်တွေကပါ ဆိုပါတယ်။ 
မီးတွေရှို့၊ လူတွေသတ် နဲ့ ဗမာအိမ်တွေရော၊ မွတ်ဆလင်အိမ်တွေရော၊ အဆောက်အအုံတွေပါ ပျက်စီး ဆုံးရှုံးခဲ့ကြပါတယ်။ 
ဒါဆို ဒီဖြစ်ရပ်ကြီး နောက်ကွယ်က ဘယ်သူတွေရှိနေသလဲ စဉ်းစားစရာပါ။ 
လင်းသန့် ~

မိတ္ထီလာဒုက္ခသည်များ အတွက် ကူညီကယ်ဆယ်ရေး စတင်


မိတ္ထီလာဒုက္ခသည်များ အတွက် ကူညီကယ်ဆယ်ရေး စတင်

မိထ္ထီလာမြို့နယ် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည်များကို ထမင်းထုတ်ဝေနေသည်ကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ၃ ရက်ကြာ ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ယနေ့တွင် အခြေအနေများ အေးဆေး တည်ငြိမ်သွားပြီဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် ကြောင်း သိရှိရသည်။
သမ္မတ ဦးသိန်းစိန်က  မိတ္ထီလာ ခရိုင်တွင် ယမန် နေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး စစ်တပ်၏ အကူအညီကိုပါ ရယူခြင်းတို့ ဆောင်ရွက်ပြီး နောက် မိတ္ထီလာတွင် အကြမ်းဖက်မှု၊ မီးရှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်မှုများ လုံးဝ မရှိတော့ဘဲ လုံးဝ အေးဆေးတည်ငြိမ်သွားကြောင်း၊ မိတ္ထီလာမြို့နယ် ခရိုင် အားကစားကွင်း၊ အမှတ် ၁ ရဲစခန်းဝင်းနှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသော ဒုက္ခသည် ၄၅၀၀ ထက်မနည်း ကို ယနေ့တွင် စစ်တပ်နှင့်ရဲများက အစိုးရအခြေခံပညာ အထက်တန်းကျောင်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးခြင်း စတင်လုပ်ဆောင်နေပြီဟု သိရှိရသည်။
အစိုးရက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေး နှင့် လိုအပ်ချက်များ စီစဉ်ပေးနေကြောင်း၊  ရန်ကုန်မြို့မှ လေယာဉ်တစီးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ခဲ့ကြောင်း၊  မိမိနေအိမ်များသို့ ပြန်လိုသော ဒုက္ခသည်များကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူလိုက်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း  တရားဝင် သတင်းထုတ်ပြန်သည်။
“ဒီနေ့တော့ အခြေအနေတွေ အားလုံး တည်တည်ငြိမ်ငြိမ်ပဲ။ တပ်ကလည်း တမြို့လုံးမှာ လုံခြုံရေးယူ ထားပေးတယ်။ ခရိုင်အားကစားကွင်းက ဒုက္ခသည်တွေကို စာသင်ကျောင်းတွေမှာ နေရာ ချထားပေးနေတယ်။ စားနပ်ရိက္ခာ၊ အကူအညီတွေလည်း ၀င်လာနေတာ တွေ့ရတယ်။

ပဋိပက္ခ မိတ္ထီလာ



ပဋိပက္ခ မိတ္ထီလာ

မိတ္ထီလာ ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူများကို မတ်လ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ရွှေ့ပြောင်း နေရာချထားပေးနေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
ဈေးအရောင်း အဝယ်တခုကနေ စတင်ခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်းတွေ စဖြစ်လာပြီးနောက် မတ်လ ၂၁ ရက်နေ့မှာ မန္တလေးကနေ မိတ္ထီလာမြို့ကို သွားတဲ့ ကား ၃ စီးပဲ တွေ့ရပါတော့တယ်။ မနက် ၈ နာရီကျော်လောက် မန္တလေးကနေ ထွက်လာပြီး မိတ္ထီလာကို နေ့လည် ၁၁ နာရီလောက် ရောက်တဲ့အခါ မိတ္ထီလာမြို့ အဝေးပြေးဝင်းအထိ ကားတွေ ဝင်လို့ မရတော့ပါဘူး။
အဲဒီမြို့နားက အထက်တန်းကျောင်းပေါက်ဝထိပ်မှာပဲ ကာတွေက ရပ်ပေးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း အဲဒီနားမှာ ကားတချို့ကို မီးရှို့ဖျက်ဆီးထားတာကို စမြင်လိုက်ရတယ်။ အဝေးမှာ မီးလောင်နေလို့ မီးခိုးလုံးတွေ တက်နေတာကိုလည်း ကားပေါ်က ဆင်းပြီးတာနဲ့ လှမ်းမြင်နေရတယ်။
အပျက်အစီးတွေကို ဓာတ်ပုံ မှတ်တမ်းရိုက်ကူးနေစဉ် ဆုံမိတဲ့ ဒေသခံတဦးကို အကူအညီတောင်းပြီး သူ့ဆိုင်ကယ်နဲ့ အဝေးပြေးကားဝင်း ဘက်ကို ထွက်လာတော့ ခုန မီးခိုးတွေ ထွက်နေတဲ့ နေရာက မိတ္ထီလာ ခရိုင် စာရင်းစစ်ရုံးဖြစ်နေပါတယ်။ အဲဒီမီးလောင်ရာနဲ့ မလှမ်းမကမ်းမှာ လူအုပ်စုတစုလည်း ရှိနေပါတယ်။
အဲဒီအချိန်မှာပဲ မွတ်စလင် ဖြစ်ပုံရတဲ့ အမျိုးသား ၃ ဦး ဦးဆောင်တဲ့ ကလေးနဲ့ အမျိုးသမီးတွေ အပါဝင် လူ ၃၀ လောက်ဟာလည်း ကားလမ်းအတိုင်း ထွက်ခွာသွားနေတာကို မြင်ရပါတယ်။ ခုနက လူအုပ်ကတော့ ရန်ပြုတာမျိုး မတွေ့ရပါဘူး။
စာရင်းစစ်ရုံးဝန်းကျင် မီးလောင်နေတာကို ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်တော့ ရဲ၊ မီးသတ် စတာတွေ တဦးမှ ရှိမနေတာကို သတိပြုမိပါတယ်။ မီးကတော့ အရှိန်အဟုန်နဲ့ လောင်နေပါတယ်။
မီးလောင်တဲ့ ဝန်းကျင်က ဒေသခံတွေကို မေးကြည့်တော့ ဒီ စာရင်းစစ်ရုံး အနောက်ဘက်က မွတ်စလင် အိမ် ၂ အိမ် မီးလောင်ရာကနေ မီးတွေ ကူးကုန်တာလို့ ပြောကြပါတယ်။ ဘယ်သူက ရှို့သလဲမေးတော့ သူ့တို့ဖာသာ ရှို့ပြီး ထွက်ပြေးတော့ အိမ်နီးချင်းတွေက လိုက်ရိုက်ကြတယ်လို့ ပြောပေမယ့် တကယ်ပဲ ဒီအတိုင်း ဟုတ် မဟုတ် အတည်ပြုနိုင်တဲ့ အခြေအနေ မပေးဘူး ဖြစ်နေပါတယ်။
အဲဒီလိုနဲ့ ဓာတ်ပုံ ဆက်ရိုက်နေတုန်း တုတ်တွေ၊ ဓားတွေ ကိုင်ထားတဲ့ လူတစု ပေါက်ချလာပြီး ရန်ပြုမယ့် အရိပ်အယောင်တွေ တွေ့ရပါတယ်။ ကျနော်က သတင်းထောက်ပါလို့ ရှင်းပြပေမယ့် ကျနော့် ကင်မရာကိုပါ ရိုက်ခွဲမယ်လို့ ပြောလာပါတယ်။ ကျနော်က ပြေလည်အောင် တောင်ပန်ပြီး အဲဒီနေရာက အမြန် ထွက်ခွာခဲ့ပါတယ်။ ရှေ့ဆက်ဖို့လည်း မရေရာသေးတာကြောင်း အနီးက အိမ်တအိမ်မှာ ခွင့်တောင်းပြီး ဝင်ရောက် ခိုလှုံရပါတယ်။
ခိုလှုံနေတဲ့ အိမ်ကနေ လှမ်းကြည့်တော့ မွတ်စလင် လူတစုနဲ့ ဗုဒ္ဓဘာသာဝင် လူတစုတို့ အဝေပြေးကားဝင်းကို သွားတဲ့ လမ်းပေါ်မှာ ရင်ဆိုင်တွေ့နေကြတာကို မြင်ရပါတယ်။ သေချာ မမြင်ရလို့ အိမ်ထဲကနေ ထွက်ကြည့်တော့ တဖက်နဲ့တဖက် အပြန်အလှန် ခဲတွေ၊ တုတ်တွေနဲ့ ပစ်ကြတာလောက်ကလွဲပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ကြတာမျိုးတော့ မတွေ့ရပါဘူး။
အပြင်မှာ အကြာကြီးထွက်ကြည့်လို့ မဖြစ်တာနဲ့ အိမ်ထဲပြန်ဝင်ခဲ့ရပါတယ်။ နောက်ပိုင်းတော့ ခုနက ရင်ဆိုင်နေတဲ့ လူနှစ်စု အုပ်စုကွဲသွားကြောင်း သိရပါတယ်။ ဗုဒ္ဓဘာသာလူစုက ကားဝင်းရဲ့ ဆန့်ကျင်ဘက်ကို ထွက်ခွာသွားပါတယ်။

မိတ္ထီလာ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦးရှိ


မိတ္ထီလာ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦးရှိ

မိတ္ထီလာ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦးရှိ
RFA News, 23March 2013  —-  မိတ္ထီလာမြို့မှာ အဓိကရုဏ်းကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးသူ ၁၁ ဦးရှိပြီး၊ ဒဏ်ရာရသူ ၃၉ ဦးရှိတယ်လို့  စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပေမယ့်၊ မြို့ခံတချို့ကတော့ သေဆုံးသူဦးရေဟာ ၄ဝနဲ့ ၅ဝ ကြားလောက် ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းကို RFA က အတည်ပြုဖို့  ကြိုးစားနေဆဲ ဖြစ်ပါတယ်။
သမ္မတရဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ သောကြာနေ့ ညနေပိုင်းကစပြီး အခြေအနေ ငြိမ်သက်သွားခဲ့ပေမယ့် မြို့ခံတွေကတော့ စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့  မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“ပုဒ်မ ၁၄၄ ထုတ်ထားလို့ လမ်းပေါ်မှာ လမ်းသလားလို့ မရဘူးပေါ့၊ ကိုယ့်လမ်းထိပ်တွေမှာ ယောက်ျားတွေမှန်သမျှ အကုန်လုံး ညကင်းစောင့်နေကြတာ၊ မီးကွင်းပစ်မှာကြောက်လို့ စောင့်နေကြတာ၊ အထိတ်တလန့်ဖြစ်နေကြတယ်၊ ရပ်ကွက်ထဲကျန်ရှိတဲ့ ဗမာတွေကလည်း မီးလောင်မှာကြောက်တယ်၊ မီးရှို့မှာကြောက်တယ်၊ ဟိုထိန်းသိမ်းခံရတဲ့ဟာတွေကလည်း ရေဝဝမသောက်ရ၊ ထမင်းမစားရနဲ့ သူတို့လဲ ပင်ပန်းနေတယ်ပေါ့၊ ရဲအရာရှိပြောတာက တချို့ဆိုရင် ၃ ရက်လောက်တောင် ရေမသောက်ရလို့ တော်တော်ကိုငတ်နေတယ်လို့ပြောတာ၊ တချို့ကျတော့လည်း နည်းနည်းချောင်ကျတဲ့ နေရာတွေမှာကျတော့ လုံးလုံးပိတ်ပြီးတော့ အထဲမှာနေတဲ့လူတွေရှိတယ်၊ အခုတော့ တစ်ယောက်တစ်ပြန် ကြောက်နေကြတာ”
အန္တရာယ်ကနေ ကာကွယ်ပေးထားရတဲ့ ဒေသခံမူဆလင်တွေအတွက်ရော၊ ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ ယာယီကယ်ဆယ်ရေးစခန်းအဖြစ် မိတ္ထီလာမြို့အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ ဓမ္မာစရိယကျောင်းတွေမှာ နေရာ ၃ နေရာခွဲပြီး ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အမှတ် (၁) ရဲစခန်းမှာတော့ လူပေါင်း ၆၀၀ ကျော်လောက်ရှိပြီး၊ သူတို့အတွက် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့  စားသောက်စရာတွေ ထောက်ပံ့ထားတယ်လို့  တာဝန်ကျရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
တချို့မူဆလင်တွေကတော့ သူတို့နဲ့ဆွေမျိုးနီးစပ်၊ အသိမိတ်ဆွေတွေရှိတဲ့ မိတ္ထီလာမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ယင်းတော်ရွာဘက်ကို ထွက်သွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေဆီက တုတ်၊ ဓားလက်နက်တွေ သိမ်းဆည်းနေပါတယ်။ အခုအဓိကရုဏ်းနဲ့ ပတ်သက်လို့  ၃ ရက်အတွင်း မသင်္ကာသူ ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုးရုံးအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေထဲမှာ မိတ္ထီလာမြို့ပေါ်ကတင်မကပဲ အနီးအနားမြို့ရွာတွေက လူတွေလည်းပါတယ်လို့ ဆိုပါတယ်။
မိတ္ထီလာမြို့မှာ မနေ့ကမနက်ပိုင်းအထိ အခြေအနေဆိုးဝါးနေခဲ့ပြီး အဆောက်အဦးတစ်ခုကို မီးရှို့နေစဉ် ဓါတ်ပုံရိုက်ခဲ့တဲ့ RFA နဲ့ AP သတင်းထောက်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို သံဃာနဲ့  အကြမ်းဖက်သမားတချို့က ခေတ္တဖမ်းဆီးထားပြီး၊ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှတ်တမ်းတင် မန်မိုရီကတ်တွေကို သိမ်းဆည်းခဲ့ပါတယ်။ သတင်းထောက်တွေကို ဓါးတွေနဲ့ ချိန်ရွယ်ခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာ သူတို့ကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တခြားသံဃာတစ်ပါးက စောင့်ရှောက်ထားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ကာ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ပွဲပြီးစ မြို့လိုဖြစ်နေ


စစ်ပွဲပြီးစ မြို့လိုဖြစ်နေ

ဓာတ်ပုံ | AP , AFP, Reuters မှ
ရန်ကုန်(မဇ္ဈိမ) . ၂၃ရက်နေ့ မတ်လ ၂၀၁၃  —-  မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့မနက်တွင် မိတ္ထီလာ တမြို့လုံးတွင် တည်ငြိမ်သည့် အနေအထား ရောက်ရှိလာပြီဟု မြို့ခံများက ဆိုသည်။
မြို့မှာ အခြေအနေများ တည်ငြိမ်လာပြီဖြစ်သော်လည်း အပျက်အစီးများနှင့် ကျန်နေခဲ့သည်ဟု မိတ္ထီလာမြို့မှ ၈၈
ကျောင်းသား ကိုသီဟက မဇ္ဈိမသို့ ပြောသည်။

၎င်းက “မနေ့က စစ်အုပ်ချူပ်ရေး ထုတ်ပြန်ပြီးတော့ စစ်တပ်တွေကို တမြို့လုံးမှာ ချထားတယ်။ စောင့်ကြည့်နေပါ တယ်။ ဒီမနက် အနေအထားကတော့ တမြို့လုံး ပုံမှန်အနေအထား သွားလာနေကြပါပြီ။ မြို့က စစ်ပွဲပြီးစ မြို့ ပျက်ကြီးလို ဖြစ်နေပါတယ်။ ဒုက္ခသည်တွေကလည်း ပျံ့ကြဲနေတယ်။ အခုဘုန်းကြီးကျောင်းတွေမှာ ဒီမြို့ခံလူထုတွေ က ဘာသာမခွဲခြားပဲ အတူယှဉ်တွဲနေထိုင်ကြတယ်” ဟု ပြောသည်။

မိတ္ထီလာပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ


မိတ္ထီလာပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် တည်ငြိမ်ရေး လုံခြုံရေးတာဝန်ယူနေကြသော စစ်သည်များ။ (မတ်လ ၂၃၊ ၂၀၁၃)
VOA News, 23March 2013  —–  မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ် အသိပေး ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာ သောကြာနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ အပြန် အလှန်လေးစားမှုရှိကြဖို့နဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ကိုလဲ အမေရိကန်က ထပ်ပြီး တိုက်တွန်းလိုက် ပါတယ်။ အသေးစိတ်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။