Friday, September 14, 2012

နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား



နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား 

သန်းထိုက်ဦး| September 13, 2012 |
သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
အစိုးရအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအ၀င် ဗန်းမော်မြို့နယ်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံ ဆွေးနွေးရန် KIO အဖွဲ့မှ တာဝန်ရှိသူတို့ကိုလည်း ကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။
“ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိတယ်” ဟု ဦးအောင်မင်းက ပြောသည်။
KIO ခေါင်းဆောင်များနှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များအနေဖြင့် တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စအားလုံးကို ရှင်းပေးလို့ ရတယ်။ မူဝါဒ၊ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ ဒီစစ်ရေး စွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေ အားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ အစိုးရထံသို့ တရားဝင် အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဖြစ်မလာကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်သို့ ပြောသည်ဟု ဘားမား ဗီဂျေ မီဒီယာ၏ ရုပ်သံသတင်းတွင် ဖော်ပြထားသည်။
“တရားဝင် အစည်းအဝေးလုပ်ရအောင် ကျနော်တို့ တောင်းဆိုတယ်၊ ရွှေလီမှာပဲ တကြိမ် တရားဝင် အစည်းအဝေးလုပ်မယ်၊ မူတခု ချမယ်၊ မူချပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်ရအောင်လို့ ပြောထားပြီးသား။ မြစ်ကြီးနား ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမှာကအစ အဆိုပြုထားတယ်။ ဒါပေမယ့် တရားဝင် အစည်းအဝေးက ဖြစ်မလားဘူး” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ပြောကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ နှစ်ဘက်ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်က သမ္မတ၏ အမိန့်ကို နာခံခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးအောင်မင်းက “တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီးသားပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အကုန်လုံးကို လိုက်ဖြန့်ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံတာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။
ကချင်ဒေသတွင် ယမန်နှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉၀၀၀၀ ခန့် ရှိကြောင်း သိရသည်။
(သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို မကြာမီ ဖော်ပြပါမည်။)

http://burma.irrawaddy.org/archives/20143

ရိုဟင်ဂျာအစား တိကျသော မျိုးနွယ်စုအမည်တစ်ခု သတ်မှတ်ပေးရန် အစိုးရအားတောင်းဆို


ရိုဟင်ဂျာအစား တိကျသော မျိုးနွယ်စုအမည်တစ်ခု သတ်မှတ်ပေးရန် အစိုးရအားတောင်းဆို 

စက်တင်ဘာ (၁၃) ရက်နေ့ မနက် (၉) နာရီတွင် အီရန်သံအမတ်ကြီး မစ္စတာ ဟူစိန်ကင်မာလီယာသည် အဖွဲ့ဝင် (၃) ဦးဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးခမ်းမတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရခိုင်ရပ်မိရပ်ဖများ၊ ဘင်္ဂလီခေါင်းဆောင်များနှင့် (၉)နာရီ (၃၀)မိနစ်၌ တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလီကိုယ်စားပြု ဦးကျော်မြင့်က မိမိတို့အပေါ် အမည်နာမအမျိုးမျိုးခေါ်ဝေါ်နေမည့်အစား နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့မျိုးနွယ်စု အမည်တစ်ခုကို တိတိကျကျသတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်
"အစည်းအဝေးမှာ ရခိုင်အဖွဲ့က ဒီမှာ ရိုဟင်ဂျာလုံးဝမရှိဘူး။ ဘင်္ဂလီပဲရှိတယ်လို့ပြောတယ်။ ကျနော် ပြောတာက ကျနော့်အဖေကျတော့ ရခိုင်မူဆလင်ပြောတယ်။ ကျနော့်အမေကျတော့ ဗမာမူဆလင်ပြောတယ်။ ကျနော့် အကိုကျတော့ ရိုဟင်ဂျာပြောတယ်။ ကျနော်ကျတော့ ဘင်္ဂလီလို့ပြောတယ်။ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ အစိုးရအနေနဲ့ နာမည်တစ်မျိုးမျိုးသတ်မှတ်ပေးပါ။ လူမျိုးနာမည်တစ်ခုခု သတ်မှတ်ပေးပါလို့ ကျနော်တင်ပြခဲ့တယ်။ " ဟု ဦးကျော်မြင့်က ပြောသည်။
ဆွေးနွေးပွဲ၌ ရခိုင်ကိုယ်စားပြု ဦးရွှေထွန်းအောင်က အီရန်သံအမတ်ကြီး ပြောစကားများတွင် ရိုဟင်ဂျာဟု မကြာခဏ သုံးစွဲပြောဆိုနေခြင်းကြောင့် ၄င်းအနေဖြင့် ရခိုင်မှာရိုဟင်ဂျာမရှိဟု ပြောခဲ့ကြောင်း။ ဘင်္ဂလီတချို့က မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတချို့ကိုရလို၍ ရိုဟင်ဂျာအမည်ဖြင့် လူမျိုးအမည်တုဖန်တီး လုပ်ဆောင်ခြင်းသာလျင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တယ်လီဖုန်းမှတဆင့် Arakan Times သို့ပြောကြား ခဲ့သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအားမေးမြန်းရာ ၄င်းက မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံတော်က သတ်မှတ်ထားသည့် လူမျိုး (၁၃၅) မျိုးမှာ ရိုဟင်ဂျာမပါဝင်ကြောင်း၊ နိုင်ငံတော်ပိုင်းကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဟု ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား အားလုံးက မရှိဟု သတ်မှတ်ထားသလို၊ လက်လည်းလက်မခံတဲ့ ရိုဟင်ဂျာအမည်နာမကို သုံးနေမည့်အစား၊ မူရင်းမိမိတို့ပကတိ အသွင်အပြင်ကို ထင်ဟပ်စေသည့် ဘင်္ဂလီအမည်ကို သုံးခြင်းဖြင့် ရခိုင်ပြည်နယ်မှာ အုပ်စုနှစ်ခုကြား တည်ငြိမ်၊ ငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း ပြောဆိုသည်။
ကုန်ခဲ့သည့်ရက်ပိုင်းအတွင်းက မီဒီယာများအနေဖြင့် ရိုဟင်ဂျာအစား ဘင်္ဂလီကိုသုံးကြပါရန် ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းကိုယ်စား MJA ဥက္ကဌ ဆရာမောင်ဝံသထံ မေတ္တာရပ်ခံခဲ့သော ပြည်နယ်သတင်းစာ ဆရာအသင်းဒုဥက္ကဌ စာရေးဆရာ ဗဂျီကျော်က " မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေအရ ၁၉၄၂ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုမတွေ့ရဘူး။ ပြည်ပကိုရောက်နေသူ တချို့က ရိုဟင်ဂျာအမည်သစ်ကို သုံးပြီးတော့ နိုင်ငံတကာမှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ ဆီကနေ အထောက်အပံ့ရဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်။ မရှိတာကို အတင်းလုပ်ထားတဲ့အတွက် ရိုဟင်ဂျာဆိုတဲ့အမည်ကို ဘယ်လိုမှ အသိအမှတ်ပြုလို့ရမှာ မဟုတ်ဘူး။ ဒီနာမည်သစ်ဖန်တီးတာကို လက်ခံလိုက်ရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ အချုပ်အခြာ နယ်နမိတ်ကအစ အထူးစိုးရိမ်စရာဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့က အမည်နာမတောင်းဆိုလာရင် အစဉ်အဆက် သုံးလာခဲ့တဲ့ ဘင်္ဂလီ ဟာ အကောင်းဆုံးပါပဲ။ " ဟု ပြောသည်။
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရက ဘင်္ဂလီဆိုသည့်အမည်မှာ ဘင်္ဂလားဒေသ နေထိုင် သူများဟု အမည်ရကြောင်း၊ ရခိုင်တိုင်းရင်းသားများက ပြည်ထောင်စုအနောက်တံခါးကို လုံခြုံအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းရရှိခံစားခွင့်ရှိသလို မိမိတို့၏ အချုပ်အခြာ နယ်နိမိတ်ကို ဥပဒေနှင့်အညီ ကာကွယ်ခွင့်လည်းရှိကြောင်း၊ ဘယ်နိုင်ငံမဆို တရားမ၀င်ခိုးဝင် လာသူတွေကို ဥပဒေမဲ့လက်ခံ၍ နယ်မြေပိုင်နက်သတ်မှတ်ပေးမှာ မဟုတ်ကြောင်း၊ ဥပဒေနှင့်အညီ ရိုးသားစွာ နိုင်ငံသားအခွင့်အရေးကို ရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ ရခိုင်ဟာရခိုင် ဗမာဟာဗမာ ကုလားဟာကုလား နာမည်သတ်မှတ်မှာ ရှက်စရာ မလိုပါကြောင်း၊ ဧည့်သည်က အိမ်ရှင်ကိုနှင်ပြီးမှ မိမိနယ်မြေ သတ်မှတ်ရန်ကြံရွယ်ခြင်းသည် မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း၊ လူ့အခွင့်အရေးအရကြည့်လျင်လည်း လူသားမဆန်သည့် လုပ်ရပ်သာဖြစ်ပါကြောင်း တယ်လီဖုန်း မှ တဆင့်ပြောကြားသည်။
ဒေသခံမူဆလင်များကိုယ်စား သက္ကေပြင်ကျေးရွာမှ ဦးကျော်မြင့်မှ ရခိုင်ဒေသသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မူဆလင်ဘာသာဝင်များ၏ အမည်နာမတောင်းဆိုချက်ပေါ် ရခိုင်အရေး ကျွမ်းကျင် သူများကလည်း ယခင့်ယခင်အစဉ်အဆက် ခေါ်ဝေါ်သတ်မှတ်လာခဲ့သော ဘင်္ဂလီ အမည်ကိုသာ သုံးစွဲသင့်ပါကြောင်း ဆန္ဒပြု ပြောဆိုကြသည်။
Written by ဇင်ကီး (Arakan Times) 
ရခိုင်ပြည်နယ် လွှတ်တော် (ဓါတ်ပုံ- နိရဉ္စရာ)
http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။