Sunday, August 5, 2012

တကျော့ပြန်ဆင်ဆာကြောင့် သတင်းလွတ်လပ်ခွင့် နောက်ကြောင်းပြန်




တကျော့ပြန်ဆင်ဆာကြောင့် သတင်းလွတ်လပ်ခွင့် နောက်ကြောင်းပြန်

stop killing press စာတမ်းပါ တီရှပ်များ ဆင်တူ ၀တ်ဆင်ထားကြတဲ့ ရန်ကုန်က သတင်းသမားများ (ဓာတ်ပုံ - ဂျေပိုင်)
ဖြိုးဝေသာ
သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း နိုင်ငံတကာမှ ချီးမြှောက်နေချိန်မှာပဲ စိစစ်ရေး တကျော့ပြန်လာပြီဆိုတဲ့ စိုးရိမ်ချက်နဲ့ ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေကတော့ ယခင်ကထက်ပိုပြီး သတိထား ဆင်ခြင်နေရပါတယ်။
ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာဘူးဆိုပြီး အပတ်စဉ်ထုတ်သတင်းဂျာနယ် နှစ်စောင်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် သတင်းထောက်တွေနဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
ဇွန်လအကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး မီဒီယာဥပဒေသစ်တခု ပြဌာန်းပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အရင်ကပြောခဲ့တာမို့ အခုဆို အလိမ်ခံရသလို ခံစားရကြောင်း သတင်းထောက်တဦးဖြစ်သူ ကိုသူရမျိုးက ပြောပါတယ်။
“မီဒီယာဥပဒေသစ်ဆိုတာလည်း မမြင်ရသေးဘူး၊ ဂျာနယ်တွေလည်း ပိတ်ခံရတယ်ဆိုတော့ ကျနော်တို့ကို ခြိမ်းခြောက်ဖို့ စာပေစိစစ်ရေးမှာ အာဏာ ဆက်ရှိနေဆဲဆိုတာကို ပြတာပဲ” လို့လည်း ပြောပါတယ်။
The Voice နဲ့ Envoy ဂျာနယ်တွေမှာ ထူးထူးခြားခြား နစ်နာမှုမရှိနိုင်တဲ့ ၀န်ကြီးအပြောင်းအလဲသတင်း၊ မီဒီယာလွတ်လပ်ခွင့်ကို သရော်ထားတဲ့ ကာတွန်းနဲ့ တရုပ်နိုင်ငံ Southern Weeken ဂျာနယ်မှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးဘာသာပြန် စတဲ့သတင်းများ ထည့်သွင်းဖော်ပြတာကြောင့် အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
စာပေစိစစ်ရေးမှူးချုပ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကတော့ အဲဒီဂျာနယ်တွေဟာ စာပေစိစစ်ရေးအဖွဲ့ထံ သတင်းများ မတင်ပြဘဲ ထုတ်ဝေခြင်း အပါအ၀င် စာပေစိစစ်ရေးရဲ့ သတ်မှတ်ချက် တော်တော်များများကို ချိုးဖောက်ခဲ့တာကြောင့် အခုလို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သီချင်း၊ ပုံနှိပ်စာ၊ ရုပ်ရှင် သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုတွေကို အစိုးရရဲ့ ခွင့်ပြုချက် ယူနေရတာ ရာစုနှစ်ဝက်ကြာနေခဲ့ပါပြီ။
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး မနှစ်ကစလို့ မီဒီယာတွေကို ဖြေလျော့ပေးမှု တချို့ရှိလာခဲ့ပါတယ်။ သတင်းတွေကို ပုံမှန်အတိုင်း တင်ပြစရာ မလိုတော့တာ၊ အပတ်စဉ်ထုတ် စာစောင်တချို့ဆို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက် မယူဘဲနဲ့တောင် ထုတ်ဝေတာ အထိ ဖြစ်လာခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် အမျိုးသမီးအယ်ဒီတာတဦးက စာပေစိစစ်ရေးကို တင်သင့်မတင်သင့် ဆုံးဖြတ်ရာမှာ အယ်ဒီတာအဖွဲ့က ကိုယ်ပိုင် တာဝန်ခံရတယ်လို့ ပြောပါတယ်။
“သတင်းတပုဒ်က အစိုးရမူဝါဒနဲ့ မဆိုင်ဘူးဆိုရင် စာပေစိစစ်ရေးကို မတင်ဘဲ ဒီအတိုင်း ထုတ်လိုက်တယ်။ နိုင်ငံရေးအရ အတိမ်းအစောင်းမခံတဲ့ သတင်းမျိုးဆိုရင်တော့ စာပေစိစစ်ရေးကို တင်ပြတယ်။ စိစစ်ရေးကို မဖြတ်လို့လည်း ကျမတို့ သတိပေးခံရဖူးတယ်” တဲ့။
စာပေစိစစ်ရေးဟာ ဘက်လိုက်ပြီး ပုံသေ တသမတ်တည်းမရှိလို့ သူက ဆက်ပြောပါတယ်။ သတင်းတပုဒ်ကို ဂျာနယ်တစောင်မှာ ဖော်ပြခွင့်မပေးပင်မဲ့ တခြားစာစောင်မှာ ဖော်ပြခွင့်ပေးတာကြောင့် စာစောင်ထုတ်ဝေသူ တချို့က “သစ္စာဖောက်ခံရတယ်” လို့ ခံစားရတယ်လို့ ဆိုပါတယ်။
“The Voice နဲ့ Envoy ဖြစ်ရပ်မှာ ကြည့်မယ်ဆိုရင် ကျမထင်တာက သူတို့ နောက်ကျ ကျန်ခဲ့မှာ စိုးလို့ ဖြစ်မယ်။ သူတို့သတင်းက အရမ်းကောင်းနေတယ်။ နောက်ပြီး စိစစ်ရေးကို တင်လိုက်ရင်လည်း ဆင်ဆာထိမှာ သူတို့သိတယ်။ ဒါပေမယ့် တခြားသတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ဒီသတင်းပါလာမယ်ဆိုတာ သူတို့ သိနေတယ်။ အဲဒါကြောင့် သူတို့ စွန့်စားပြီး လုပ်လိုက်တာ နေမှာ” လို့ ပြောပါတယ်။
ဂျာနယ်နှစ်စောင်ပိတ်ပင်ခံရတာကြောင့် မြန်မာ့မီဒီယာလောက တုန်လှုပ်သွားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနအပေါ် မယုံကြည်မှု ထပ်တိုးလာပါတယ်။
“အခုဆို နောက် ဘယ်သူ့အလှည့်လဲ၊ ငါ့အလှည့်ကော ဘယ်တော့လဲ ဆိုတာကို ကျနော်တို့ တွေးပူနေရပြီ” လို့ အပတ်စဉ်ထုတ် ဗီးနပ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တခြားဝန်ကြီးဌာနတွေ ရှေ့တိုး ဆောင်ရွက်နေချိန် ပြန်ကြားရေးဝန်ကြီးဌာနက ဂငယ်ကွေ့ ပြန်ကွေ့သလို ဖြစ်နေတယ်လို့ ကိုသူရမျိုးကလည်း ထောက်ပြပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာနဆို အများကြီး ပြောင်းသွားတယ်။ ရဲစခန်းတွေက အခုဆိုရင် ကျနော်တို့ မေးတာတွေကို ဖြေဖို့ အသင့်ပဲ။ အရင်က ဆက်ဆံရေးနဲ့မတူတို့ဘူး။ ကျနော်တို့ကို တံခါးဖွင့်ပေးတယ်။ ဒါပေမယ့် စာပေစိစစ်ရေးရဲ့ လုပ်ရပ်တွေကတော့ အခုထိ မှားနေတုန်းပဲ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် အဓိကရုဏ်းတွေ စဖြစ်ကတည်းက မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ သတင်းစာလွတ်လပ်ခွင့်ဟာ တရှိန်ထိုး ကျဆင်းသွားတယ်လို့ စာနယ်ဇင်းလောကက မြင်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ စဖြစ်စေခဲ့တဲ့ ရခိုင်အမျိုးသမီး အလောင်း ဓါတ်ပုံကို ပုံနှိပ်ဖော်ပြခဲ့တာကြောင့် လျှပ်တပြက်ဂျာနယ်ကို ဇွန်လထဲမှာ ထုတ်ဝေခွင့် ပိတ်ခဲ့ပါတယ်။ အစိုးရက ဒီဗုဒ္ဓဟူးနေ့က ထုတ်ဝေခွင့် ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ ဂျာနယ်က တရားရုံးမှာ တရားရင်ဆိုင်နေရဆဲပါ။
ကြာသပတေးနေ့ကတော့ ယခင်စစ်အစိုးရလက်အောက် အိပ်မက်ပင် မမက်ဖူးတဲ့ ရှားရှားပါးပါး တုံ့ပြန်ချက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်မယ့် ကော်မတီတခု ဖွဲ့ဖို့ ရန်ကုန်က သတင်းထောက် ၉ ၂ ဦး စုစည်းခဲ့ကြပါတယ်။
အပိတ်ခံရတဲ့ ဂျာနယ်နှစ်စောင်ကို ဆက်လက်ထုတ်ဝေခွင့်ပြုပေးဖို့၊ သတင်းထောက်တွေကို ကာကွယ်ပေးဖို့၊ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို အာမခံဖို့၊ ပုံနှိပ်မီဒီယာဥပဒေမူကြမ်းရေးဆွဲရာမှာ သတင်းစာသမားတွေ ပါဝင်ခွင့်ပြုဖို့ အစိုးရထံ တောင်းဆိုထားတဲ့ ကြေညာချက်တစောင်ကို သတင်းလွတ်လပ်ခွင့်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
“လျှပ်တပြက်ဂျာနယ် အပိတ်ခံရတုန်းက ကျနော်တို့ဘက် တုံ့ပြန်မှု လုံးဝမရှိခဲ့တဲ့အတွက် စာပေစိစစ်ရေးက ကျနော်တို့အပေါ် တင်းကြပ်လို့ ရမယ်လို့ ထင်ပုံရတယ်။ သူတို့မှားတယ်ဆိုတာ အခု ကျနော်တို့သက်သေပြလိုက်ပြီ” လို့ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက ပြောပါတယ်။
ကော်မတီဟာ မီဒီယာလွတ်လပ်ခွင့်ကို အလေးထားတဲ့ သတင်းစာသမားတွေအတွက် “ဘုံရပ်တည်ချက်တခု” အဖြစ် ရှိသွားမယ်လို့ ကိုသာလွန်ဇောင်းထက်ကလည်း ပြောပါတယ်။
ကော်မတီရဲ့ ကြေညာချက်ကို သမ္မတရုံး၊ လွှတ်တော်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီ ရှေ့အပတ်မှာ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ တောင်းဆိုချက်တွေကို ဂရုမစိုက်ဘူးဆိုရင် ရှေ့ဆက် လုပ်ဆောင်သွားမယ့်အစီအစဉ်တွေ ရှိပါတယ်။ အခုချိန်မှာတော့ အဲဒီအစီအစဉ်တွေကို ကျနော်တို့ ထုတ်မပြောပါရစေနဲ့” လို့ ကော်မတီအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
ကော်မတီက ဆုံးဖြတ်သလို လိုက်လုပ်ဖို့ တခြားသတင်းထောက်များနည်းတူ အဆင်သင့်ပဲလို့ ကိုသူရမျိုးက ဆိုပါတယ်။ “ကျနော်တို့အခွင့်အရေးတွေကို ကျနော်တို့ကာကွယ်ရမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ကျနော်တို့အတွက်ပဲ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ” လို့ သူက ဖြည့်ပြောသွားပါတယ်။
Media Backlash to Censorship Begins ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီမှာ မီဒီယာအကြောင်း ဟောပြောနေသည့် ဆရာဖေမြင့်
ဆန္ဒထုတ်ဖော်သတင်းသမားတစ်ဦးက ပိတ်ခံရသည့် အင်ဗွိုင်းဂျာနယ် ၀ယ်ယူနေစဉ်
သတင်းလွတ်လပ်ခွင့်ကော်မတီမတီက သတင်းဆရာမောင်ဝံသအား အင်္ကျီလက်ဆောင် ပေးအပ်စဉ်

ဆင်ဆာအဖွဲ့ကို သေနတ်ပေးမကိုင်နဲ့


ဆင်ဆာအဖွဲ့ကို သေနတ်ပေးမကိုင်နဲ့ 

The Nation News Journal အတွဲ ၁၊ အမှတ် ၁၈ မျက်နှာဖုံးအား
စာပေစိစစ်ရေးသို့တင်ပြီး ပြန်ကျလာသော မျက်နှာဖုံး။
ကမ္ဘာလဆန်းတရက်နေ့မှာ ဖျက်မယ် ဆိုတဲ့ စာပေစိစစ်ရေးအဖွဲ့ရဲ့ လက်ရာကြမ်း အွန်လိုင်းကို ရောက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းမထူနိုင်အောင် လုပ်ချင်နေပုံရပါတယ်။ စိစစ်ရေးက ဆင်ဆာဖြတ်တာပဲ လုပ်နိုင်ခွင့်ရလို့ တော်သေးတာပေါ့။ ဒါထက်ပိုပေးလိုက်ရင် ဒီဆရာ ဆရာမတွေက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြန်ချဖွယ် ရှိတယ်။
သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ပြည်တွင်းသတင်းသမားများ လက်မှတ်စုဆောင်းရေးထိုးသည့် လှုပ်ရှားမှု စတင် ဆိုတဲ့ ခေါင်းစဉ်ရော ဓာတ်ပုံပါ ကျေးဇူးရှင်တွေက ဖြတ်သဗျ။
လွတ်လပ်ခွင့်တော့ မပေးနိုင်ဘူး ဆိုတဲ့သဘောပေါ့။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ကြီး ဦးအောင်သိန်းလင်းသတင်းလည်း ဖြတ်တာပဲ။
စာပေစိစစ်ရေး အဖြတ်ကြမ်းတယ် ဆိုတာ ဒီပုံတကွက်နဲ့ သိသာ ထင်ရှားနေပြီမဟုတ်လား။
အတော် ကြမ်းတမ်းတဲ့သူတွေပဲ။ သူတပါး တပင်တပမ်း ရေးထားတဲ့စာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ဘောပင်လေးနဲ့ ခြစ်ထည့်လိုက်တာနဲ့ အစီအစဉ်တွေ ပျက်ကရော။
စိစစ်ရေးဌာန တင်းကျပ်မှုအောက်မှာ ဂျာနယ်တွေ ရပ်တည်ရတာ မလွယ်ပါလား။
တော်သေးတာပေါ့ သူတို့လက်ထဲ ဘောပင်ပဲ ရှိလို့၊ သေနတ်သာ ရှိလို့ကတော့ ဂျာနယ်လစ်တွေ အပစ်ခံမယ် ထင်ပါရဲ့။
စိစစ်ရေးက လက်ရဲဇက်ရဲ ဦးဦးဒေါ်ဒေါ်တွေကို သေနတ်ပေးမကိုင်ပါနဲ့ သမတဦးသိန်းစိန်ခင်ဗျား။

ဗိုလ်ခင်ညွန့်တို့ ပင်စင် ရကြမလား


ဗိုလ်ခင်ညွန့်တို့ ပင်စင် ရကြမလား 

~
ဓာတ်ပုံ - ဧရာဝတီ
ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးလိုက်တဲ့ ထောက်လှမ်းရေးပြုတ်တွေ ပင်စင် ခံစားခွင့် ရှိသလား?
ခံစားခွင့် ရှိတယ်လို့ ဆိုတယ်။
စစ်တပ်က ထောက်လှမ်းရေးတွေ ဆိုရင်တော့ ကာချုပ်ရဲ့ မီးစိမ်းပြချက် လိုအပ်ပါမယ် တဲ့။
ဒီအကြောင်း သြဂုတ်လ ၁ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြတာ ဖြစ်ပါတယ်။
အပြည့်အစုံက ဒီလိုပါ -

မေးသူ - ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုး

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ တွဲဖက်တာဝန်ကျသော အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ တရားဝင် ခံစားခွင့်ရှိသော ပင်စင်နှင့် ဆုငွေများကို ခံစားခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း

ဖြေသူ - ဘဏ္ဍာအခွန် ဒုဝန်ကြီး ဦးဝင်းရှိန်


မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေပုဒ်မ ၃၅၃ အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်း ခံရသည့် ဝန်ထမ်းများအား ၎င်းဝန်ထမ်းသာမန်အားဖြင့် အငြိမ်းစားယူသည့်အခါ ရခွင့်ရှိမည်ဖြစ်သော ပင်စင်နှင့် လုပ်သက်ဆုငွေ၏ သုံးပုံနှစ်ပုံထက်မပိုသည့် ကရုဏာကြေးကို ခွင့်ပြုပေးနိုင်ပါကြောင်း၊
ကရုဏာကြေးစရိတ်ခွင့်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ သဘောတူညီချက်ရယူရန် လိုအပ်ပြီး ကရုဏာကြေးစရိတ်ကို အမှုထမ်းသက် (၁ဝ)နှစ်ပြည့်ပြီးမှသာ လျှောက်ထားခွင့်ရှိပါကြောင်း။
ကာကွယ်ရေးကောင်စီ ညွှန်ကြားလွှာအမှတ် ၆/၉ဝ အရ စစ်မှုထမ်းအဖြစ်မှရှုတ်ချ၍ အမြဲတမ်း ထုတ်ပယ်ခြင်း သို့မဟုတ် အမြဲတမ်းထုတ်ပစ်ခြင်း သို့မဟုတ် အကျင့်စာရိတပျက်ပြားခြင်းကြောင့်ဖြစ်စေ၊ြွေကးမြီမဆပ်နိုင်ခြင်းကြောင့်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်ဖြစ်စေ၊ ဂုဏ်သိက္ခာထိခိုက်စေသည့် အခြားပြုလုပ်မှုကြောင့် ဖြစ်စေ စစ်မှုထမ်းခြင်းမှ နုတ်ပယ်ခြင်းခံရသူတစ်ဦးသည် အငြိမ်းစားလစာ သို့မဟုတ် ဆုကြေးငွေကို ရနိုင်ခွင့်မရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိသဘော အတိုင်း သာမန်အားဖြင့် ရထိုက်သည့် စစ်မှုထမ်းသက်အငြိမ်းစားလစာနှင့် ဆုကြေး၏ သုံးပုံနှစ်ပုံထက်မပိုသည့် ကရုဏာကြေးစရိတ်ကို အာဏာပိုင်ကအတည်ပြုလက်မှတ် ရေးထိုးသည့်နေ့မှစ၍ ခွင့်ပြုနိုင်ပါကြောင်းနှင့်
အဆိုပါကရုဏာကြေးကို မိမိရပိုင်ခွင့်ရှိသည့် အခွင့်အရေးတစ်ရပ်အနေဖြင့် လျှောက်ထားတောင်းဆိုပိုင်ခွင့် မရှိပါကြောင်း။
ရာထူးမှနုတ်ပယ်ခြင်း၊ ထုတ်ပယ်ခြင်းခံရသူ ဝန်ထမ်းဟောင်းများသည် သက်ဆိုင်ရာဌာနအကြီးအကဲထံ ကရုဏာကြေးစရိတ်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများက ဖော်ပြပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်ညီညွတ်၍ ခွင့်ပြုလိုသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ အမှုတွဲပေးပို့လာပါက တည်ဆဲပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

ဘူဇွာ မီဒီယာ ထူထောင်လိုသူများ




ဘူဇွာ မီဒီယာ ထူထောင်လိုသူများ 

ယနေ့ အချိန်အခါမှာ မီဒီယာ ကိစ္စနဲ့ ပတ်သက်လို့ အသံတွေ ထွက်လာတော့ ကျွန်တော်တို့ အနေနဲ့ တွေ့သမျှ မြင်သမျှ တရားမှု၊ မတရားမှုတွေကို နှိုင်းယှဉ် သုံးသပ်ပြလိုစိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ Facebook စာမျက်နှာပေါ်မှာ ဒီအကြောင်းကို ရေဖြစ်သွားတာလို့ ဦးစွာ ၀န်ခံရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ကို အသွင်သစ် စနစ်သစ်နဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲ ချီတက်နေချိန်မှာ အရပ်ရပ်သော ကဏ္ဍ အသီးသီးမှာ လောဘဇောနဲ့ ဇွတ်အတင်း လိုချင်တဲ့ အနေအထား ရောက်အောင် ဘေးတီးမှုတွေ အကွက်ချမှုတွေကို ၂၀၁၀ နောက်ပိုင်းမှာ ကျွန်တော်တို့ မရပ်မနား မြင်တွေ့ ကြားသိနေကြ ရပါတယ်။ အဲဒီနေရာမှာ မီဒီယာ ကိစ္စက ထိပ်တန်းနေရာက ပါနေတယ်လို့ ဆိုလို့ ရပါတယ်။
ယခု ရခိုင်မှာ ဖြစ်ခဲ့တဲ့ အရေးကိစ္စရဲ့ အစဦး ဖြစ်စဉ်မှာ မီဒီယာကျင့်ဝတ်ထက် မိမိဆန္ဒကို ဦးစားပေးခဲ့တဲ့ လျှပ်တစ်ပြက်ဂျာနယ်ကို ပိတ်ပင် အရေးယူတဲ့ ကိစ္စဟာ အသေအချာ ပြန်ကြည့်ရင် ဒီထက်တောင် ပြင်ထန်တဲ့ အရေးယူမှုမျိုး ဖြစ်သင့်တာပါ။ ခုလည်း တစ်ထစ်ချင်း တစ်ရစ်ချင်း ရှေ့တိုး သွေးတိုးစမ်းလာတာ တွေကို The Voice Weekly နဲ့ Envoy ဂျာနယ်တို့က လုပ်ဆောင်လာခဲ့တာကို မီဒီယာ ဖိနှိပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော် အစိုးရအပေါ်ကို ပုတ်ခတ် ဝေဘန်မှုတွေ ပြုလာတာကို Online မှာရော ပြင်ပ လှုပ်ရှားမှု အသွင်နဲ့ပါ မြင်တွေ့ ကြားသိရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘူဇွာ မီဒီယာ ထူထောင်လိုသူ တွေ အတော် များလာပါလားလို့ သုံးသပ်လိုက်မိပါတယ်။
ဒီ မီဒီယာ ဖိနှိပ်မှု ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ သရုပ်ခွဲ လေ့လာကြည့်ဖို့ လိုပါတယ်။ ကိုယ်ပြောချင်တာ ပြောလို့မရ ကိုယ်ရေးချင်တာ ရေးလို့ မရ ကိုယ်လုပ်ချင်တာ လုပ်လို့မရရင် ဖိနှိပ်တယ်လို့ ဆိုကြ၊ နှိပ်ကွပ်တယ်လို့ သုံးနှုန်းကြ၊ လွတ်လပ်ခွင့် မရှိဘူး ဆုံးရှုံးတယ်လို့ ဇွတ်အတင်း ၀ါဒဖြန့်ကြတာ ဘာကြောင့်ပါလဲ။ အဲဒီအဖြေကို ကျွန်တော်တို့ မြင်အောင် ကြည့်ဖို့ အထူးလိုအပ်ပါတယ်။
ကျွန်တော်တို့ ဒီအသုံးအနှုန်းတွေ ဒီဝါဒဖြန့်မှုတွေအတွက် ဆင်ခြင် သုံးသပ်စရာ ဘက်နှစ်ဖက်ပဲ ရှိပါတယ်။ အဲဒါကတော့ ပြည်သူတွေအကျိုးအတွက်လား သူတို့အကျိုးအတွက်လား ဆိုတာပါပဲ။ အဖြေက ရှင်းရှင်းလေးပါ မမှန်ကန် တဲ့ သတင်း၊ အထောက်အထားမဲ့တဲ့ သတင်း၊ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေတွေကို ချိုးဖောက်တဲ့ သတင်းတွေနဲ့ ပြည်သူတွေ ထင်ယောင် ထင်မှား ဖြစ်ပြီး သူတို့တွေ မီဒီယာ လောကမှာ အရှိန်အဟုန်နဲ့ လွှမ်းမိုးနိုင်ရေး၊ ငွေကြေး အမြတ်အစွန်းများ ရစေရေးအတွက် နည်းလမ်း မျိုးစုံ သုံး လုပ်ဆောင်လာတာ ကို ပြည်သူတွေ သိကြ မြင်ကြဖို့ အထူးလိုအပ်ပါသည်။
ယနေ့ နိုင်ငံတော်အစိုးရဟာ မီဒီယာ လွတ်လပ်ခွင့်ကို တစ်ထစ်ချင်း တစ်ရစ်ချင်း ဖြေလျှော့ပြီး ပြည်သူများက စတုတ္ထမဏ္ဍိုင် ဆိုတဲ့ မီဒီယာ အပေါ် အားကိုပြီး အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှု ရစေတဲ့ အထိ စနစ်တကျ လုပ်ဆောင်နေတယ်ဆိုတာ အားလုံး မျက်မြင်ကိုယ်တွေ့ပါ။ ဒီစကားကို ပြောတော့ အစိုးရဘက်က လိုက်ပြီး မြှောက်ပြောတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။
ကြည့်တတ်သူတွေ မြင်ပါတယ်။ အစိုးရ မီဒီယာတွေရဲ့ ပြောင်းလဲမှုဟာ ငြင်သာသလို ထင်ရှားတယ်လို့လည်း ဆိုနိုင်ပါတယ်။ အရင်က သိခွင့် ဖော်ပြခွင့် မရတာတွေ၊ အရင်က စိုးတထိတ်ထိတ် ဖြစ်ခဲ့ရတာတွေကို ကာလတိုအတွင်းမှာ ချေဖျက် ပြောင်းလဲနိုင်ခဲ့တာ ထင်ရှားတဲ့ သာဓကပါ။ ပြည်တွင်းက ဂျာနယ်တွေနဲ့ သတင်းမီဒီယာတွေဟာ အချိန်တိုအတွင်းမှာ ဖြေလျှော့ပေးတာတွေ အလွန်ကြမ်းလို့ တစ်နည်းအားဖြင့် များတော့ မီဒီယာ သမားတွေအနေနဲ့ သတင်းရေးတဲ့ လက်တွေ ပါးစပ်တွေ မထိန်းနိုင် ဖြစ်လာတယ်လို့တောင် သုံးသပ်လို့ ရပါတယ်။
ကျွန်တော်တို့ ပြည်သူတွေ အားလုံး လွတ်မှုကို ခုံမင် မက်မောကြပါတယ်။ ဒါပေမယ့် အဲဒီ လွတ်လပ်မှုဟာ ပြည်သူတွေ အတွက် အဆိပ်တွေ ခလုတ်ကန်သင်းတွေ ဖြစ်နေပြီး လူတစ်စု မီဒီယာ တစ်ခုအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ဖြစ်နေမယ် ဆိုရင် ဒါဟာ မျှတတဲ့ မီဒီယာ စံနှုန်း မဟုတ်ပါဘူး။ ဒီမိုကရေစီလည်း မဟုတ်ပါဘူး။
နိုင်ငံတော် အစိုးရရဲ့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ အခြေအနေတွေကို အသေးစိတ် ကြည့်ကြ ရအောင်ပါ။ ပြည်တွင်း မီဒီယာတွေကို ဖြေလျှော့သလို ပြည်ပက မီဒီယာ မျိုးစုံကိုလည်း နားလည်မှုတွေ လိုက်လျောမှု တွေ ဖောဖော သီသီ ပေးခဲ့ပါတယ်။ ဒါ့အပြင် ပုံနှိပ် မီဒီယာ ဥပဒေ၊ ရုပ်သံ မီဒီယာ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး လွှတ်တော်ကို တင်တဲ့အထိ ခရီးရောက်နေတာကို ကျွန်တော်တို့ မြင်နေကြရပါတယ်။
ဒါ့အပြင် စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတထံ တင်ပြလို့ မြန်မာ့ မီဒီယာ ဖွံ့ဖြိုးဖို့ ညီညွတ်မျှတ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့အကျိုး ၊ နိုင်ငံ့အကျိုး နဲ့ မီဒီယာလောကသားတွေ အကျိုးကို ရေရှည်မျှော်တွေ လုပ်ဆောင်တာဟာ သဘာဝကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တော့ သုံးသပ်မိပါတယ်။ အဲဒီလို လုပ်နေတာကို ကိုယ်ထင်တိုင်း မကြဲရတဲ့ သူတွေက နောက်ကြောင်းပြန် လှည့်တယ်၊ မီဒီယာ ဖိနှိပ်မှု လုပ်တယ်လို့ ခေါင်းစဉ်တပ် စွပ်စွဲတာဟာ ပြည်သူနဲ့ နိုင်ငံတော် အစိုးရကို တိုက်ပေးတယ် လို့ မြင်ပါတယ်။ ဒါဟာ တကယ်တော့ နိုင်ငံတော် လုပ်ကြံမှုလို့တောင် သုံးသပ်လို့ ရပါတယ်။
ဥပဒေပြင်ပ ပြောမယ်၊ ဥပဒေပြင်ပ ၀ါဒဖြန့်မယ်၊ ဥပဒေပြင်ပ စည်းရုံးလှုံ့ဆော်မယ်ဆိုတဲ့ အတွေးနဲ့ နိုင်ငံပိုင် မီဒီယာများအပေါ်မှာ စွပ်စွဲ ပုတ်ခတ်ချက်တွေဟာ ဘယ်လိုနည်းနဲ့မှ ပြည်သူ့ ရပ်တည်ချက် ထောက်ခံချက် ရလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့ နိုင်ငံတော် အစိုးရက ပြည်ထောင်စု ၀န်ကြီးအချို့ ထုတ်ပယ်ခံရမယ်၊ ပြောင်းရွှေ့ခံရမယ်ဆိုတဲ့ အခြေအမြစ် မရှိတဲ့ သတင်းတွေနဲ့ ပြည်သူကို ထင်ရောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရအပေါ်မှာ အကြည်ညိုပျက်စေတဲ့ မီဒီယာ ၀ါဒဖြန့်မှုအတွက် အဲဒီသတင်းဂျာနယ်တွေဟာ ဥပဒေကြောင်းအရ ဖြေရှင်ကြရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။
ဒါမှလည်း သဘာဝကျပြီး ပြည်သူတွေဘက်ကို ကြည့်တဲ့ သတင်း မီဒီယာတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ကတော့ ပြည်သူအတွက် ရပ်တည်တဲ့ သတင်း မီဒီယာ သမားတွေကိုပဲ အားကိုးပါတယ်။ အဲဒီလို သတင်းမှန်တွေနဲ့ ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့ သတင်းမီဒီယာတွေကိုပဲ အစဉ်အမြဲ အားပေးနေမှာ ဖြစ်ပါတယ်။
သတင်း မှားမှား မှန်မှန် လက်ငင်းအခြေအနေမှာ အမြတ်ထွက်ရင် ပြီးရောဆိုတဲ့ ဘူဇွာ မီဒီယာ ထူထောင်လိုတဲ့ သတင်းမုဆိုးတွေ၊ အမှန်နဲ့ အမှားရောပြီး ထင်ယောင် ထင်မှား အရူးကွက်နင်းတဲ့ လန်ကြုတ် သတင်း မီဒီယာ တွေကိုတော့ဖြင့် ပြည်သူတွေကရော နိုင်ငံတော် အစိုးရကပါ ထိထိ ရောက်ရောက် ကန့်ကွက် အပြစ်ပေး ရှုတ်ချကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မီဒီယာဟာ သန့်ရှင်းစင်ကြယ်ပြီး ကိုယ်ကျိုးမကြည့်တဲ့ မီဒီယာ အများအကျိုးအတွက် ဦးတည်တဲ့ မီဒီယာအဖြစ် ရောက်ရှိလာမှာ ဖြစ်ကြောင်း သုံးသပ်အသိပေး လိုက်ရပါတယ်။

Moe Naing

မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်


မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက် 

Myit Makha Mediagroup — မန္တလေးမြို့သစ်မြို့နယ်များမှ ငွေပေါ်လိုသူလုပ်ငန်းရှင်များအနေဖြင့် အိမ်မြေခေါ်ဈေးလျော့ချရောင်းနေ ရချိန်တွင်မြို့တွင်း၌ စီးပွားရေးအခြေတကျလုပ်ကိုင်လိုသူများကြောင့် အိမ်ခြံမြေဈေးနှုန်း များမှာ ဆက်လက်မြင့်တက်လျှက်ရှိကြောင်း မန္တလေးအိမ်ခြံမြေအကျိုးဆောင်များထံက သိရှိရသည်။
 “ မြို့သစ်ဘက်မှာ အိမ်ဝိုင်းဈေးတွေကောင်းတုန်းက အကွက်၂ဝ၊၃ဝလောက် ဝယ်ပြီးမြုပ်နှံထားတဲ့ သူတွေ ဈေးအေးနေလို့   ငွေပေါ်အောင် ဈေးချရောင်းနေရတယ်၊သိန်း(၈ဝဝ)လောက်တန်တဲ့ အကွက်ကို ကျပ်သိန်း(၆ဝဝ)(၇ဝဝ)လောက်နဲ့   ဈေးခေါ်နေရတယ်’’ဟု အိမ်ခြံမြေအကျိုးဆောင် ကိုလင်းထွန်းအောင်က ပြောသည်။
သစ်အိမ်ခြံမြေဈေးအေးနေသော်လည်းမြို့ထဲအချက်အချာကျသော နေရာများတွင် ကျပ်သိန်းတစ် သောင်းခွဲအောက်ထစ်ဖြစ်ကြောင်း မန္တလေးမြို့ခံပွဲစားတစ်ဦးက ဆိုသည်။
“ မြို့ထဲမှာစီးပွားရေးအခြေတကျလုပ်မယ့် လူတွေများတော့မြို့ထဲကအိမ်ခြံမြေဈေးကမကျတဲ့အပြင် တက်နေတယ်၊မိန်းလမ်းဘေးမှာ   ပေ၄ဝ၊၆ဝတစ်ကွက်ကို ကျပ်သိန်း(၁၃ဝဝဝ)ကနေ သိန်း(၁၅ဝဝဝ) အထိ ရှိတယ် ’’ဟု ဝယ်ရောင်းပွဲစား ကိုနိုင်လင်းက ပြောသည်။
ရက်ပိုင်းအတွင်း နန်းရှေ့နှင့်မဟာမြိုင်ရပ်ကွက်ရှိ ကျပ်သိန်းထောင်ကျော်တန်အကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်းကိုလည်း သိရှိရသည်။
လက်ရှိတွင် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ လတ်တလောအေးနေသော်လည်း အိမ်ခြံမြေပွဲစား အများစုမှာ  အိမ်ဂရံသက်တန်းတိုး၊ ဂရံအသစ်လျှောက်စသော လုပ်ငန်းများအားမြို့တော်စည်ပင် သာယာရေးမှဝန်ထမ်းများနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
“ ဂရံသက်တန်းတိုးတဲ့ နေရာမှာ တစ်ချို့က ရှေနေနဲ့လုပ်တယ် တစ်ချို့ကတော့ ပွဲစားနဲ့လုပ်ကြတယ်’’ ဟု မြို့သစ် ချမ်းမြသာစည်မြို့နယ်မှ ကိုအောင်ကျော်က ပြောသည်။
မြို့သစ်တွင် အိမ်ဂရံသက်တမ်းတိုးပါက  ကျပ် ၅သိန်းခွဲဝန်းကျင် ပျမ်းမျှကုန်ကျပြီး ဂရံအသစ် လျှောက်ပါက မြေဖိုးလမ်းဖိုးအပါဝင် ကျပ် ၇သိန်းခွဲဝန်းကျင် ကုန်ကျကြောင်းကိုလည်း ၄င်းထံက သိရှိရသည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

စင်ကာပူ ကုမ္ပဏီကြီး တစ်ခုထံမှ မြန်မာနိုင်ငံမှ Max အုပ်စုက ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းအချို့ လွှဲပြောင်းရယူ


စင်ကာပူ ကုမ္ပဏီကြီး တစ်ခုထံမှ မြန်မာနိုင်ငံမှ Max အုပ်စုက ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းအချို့ လွှဲပြောင်းရယူ

From : Pyi Myanmar Journal
မြန်မာနိုင်ငံမှ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Max Myanmar စီးပွားရေး လုပ်ငန်းစုက စင်ကာပူ အခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်သော Aussino Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းတစ်ခုကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၂၆-၇-၂၀၁၂ ရက်က သိရသည်။ စင်ကာပူ မှတ်ပုံတင် ကုမ္ပဏီကြီး တစ်ခုဖြစ်သော Aussino Group အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအချို့ကို နောက်ပြန်ဆုတ်လာနေသည့် အနေအထားဖြစ်နေပြီး Max အုပ်စုနှင့် ပူးတွဲ လုပ်ဆောင်နေသည့် လုပ်ငန်းအချို့ကို ရှယ်ယာ လွှဲပြောင်းခြင်းများ ပြုလုပ်လာနေသည်ဟု သိရသည်။

“မက်စ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အုပ်စုရဲ့ လုပ်ငန်း ချဲ့ထွင်မှုတွေကို ကျွန်တော်တို့ လက်ခံယုံကြည်မှု ရှိနေပါပြီ။ စက်သုံးဆီ အရောင်းဆိုင်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ Max ရဲ့ ရှေ့ကို တိုးထွက်လာမှုတွေက ကျွန်တော်တို့ကို ရှယ်ယာလျော့ကျစေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အမြတ်အစွန်း တန်ဖိုးတွေက ပိုပြီး ကြီးထွားလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု မက်စ်အုပ်စုနှင့် ပတ်သက်၍ Aussino ၏ ဥက္ကဋ္ဌ Anthong Lim က ပြောကြားသည်။ မက်စ်အုပ်စု အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာတွင် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၁ ဆိုင်အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ ထပ်မံ၍ တိုးချဲ့မှုများ ပြုလုပ်နေဦးမည် ဖြစ်ကြောင်းလည်း သိရသည်။ စင်ကာပူနိုင်ငံ၏ စတော့ရှယ်ယာတွင် Max Strategic Investments အမည်ဖြင့် စတော့ဈေးကွက် ဝင်ထားသော မက်စ်အုပ်စု အနေဖြင့် ၂၀၁၂ မတ်လ ၃၁ ရက်တွင် စတော့မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၃ ဒသမ ၂ သန်းမှ အမြတ်ငွေ ဒေါ်လာ ၅ ဒသမ ၂ သန်း ရရှိခဲ့သည်ဟု သိရသည်။ “စင်ကာပူက သူရဲ့ စာရင်းဝင် စီးပွားရေးအရ ဦးဇော်ဇော်ဟာ စွမ်းဆောင်မှုကောင်းတဲ့သူ တစ်ယောက်ပါပဲ” ဟု Aussino မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mark Liew ပြောကြားသည်။

Myanmar Express

ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်း


ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်း

From : ခေတ်လူငယ်ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ် ကာကွယ်ရန်အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဖွဲ့စည်း ကာရံထားပြီး အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံ အင်အားပြည့် ခန့်အပ်ပြီး တည်ဆဲဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားများအပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ''လူမျိုးတွေ ရောနှောနေထိုင်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ မဖြစ်ပွားဖို့အတွက် လုံခြုံရေးတာဝန် ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်း အဆင့်တိုးမြှင့်ခြင်း၊ အသစ်ထပ်မံ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိမှာတော့ ရဲစခန်း ၇၅ ခုရှိပြီး၊ ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ၈ ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်'' ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ စိမ့်ဝင်မှု မရှိစေရန်အတွက် မြို့နယ်များတွင်ရှိသည့် အဝေးပြေးကားဂိတ်များ၊ တံတားဂိတ်များ၊ သင်္ဘောဆိပ်များ၊ စက်လှေဆိပ်၊ ပင်လယ်ကမ်းခြေ ၀င်ပေါက်များနှင့် မြစ်ကြောင်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုများ ပါဝင်သည့် အဖွဲ့များနှင့် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး အစီအမံများချ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ၂၀၁၂ ဇူလိုင် ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း အရေအတွက်မှာ စစ်တွေတွင် ၆၀ ခု၊ ရသေ့တောင် ၄ ခု၊ မောင်တောတွင် ၇ ခုရှိပြီး လူဦးရေ ၅၅၄၉၅ ဦး၊ မောင်တောမြို့တွင် မီးလောင် ပျက်ဆီးသွားသည့် ရွာ ၉ ရွာ၊ အိမ်ခြေ ၄၇၀အနက် ၃၉၅ လုံးကို အသစ်ဆောက်လုပ်ပြီး မီးမလောင်ပဲ ကျန်ရှိခဲ့သည့် အိမ် ၉၄ လုံးကို ပြင်ဆင်မွမ်းမံထားကာ ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့အထိ အိမ် ၃၂ လုံးကို ဆောက်လုပ်ပြီး ဖြစ်ကာ ၅၈ လုံးကို ပြုပြင်ပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။