Friday, August 17, 2012

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်း

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်း 


From : သမ္မတရုံး ( http://www.president-office.gov.mm/briefing-room/daily-news/news1220 )
၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံး မှ ယနေ
့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

ယင်း "စုံစမ်းစစ်ဆေးရေးကော်မရှင်" တွင်

သမိုင်းပညာရှင်၊ ညွှန်ချုပ်(အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး
ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊
မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊
စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊
စာနယ်ဇင်းဆရာ မောင်ဝံသ၊
အနုပညာရှင် ဇာဂနာ၊
SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊
NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊
ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဒေါက်တာ အေးမောင်၊
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊
(၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊
UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊
နိုင်ငံတာဥပဒေကျွမ်းကျင်သူ ဒေါကတာဆလိုင်းမူးကျုံးလျန်၊
သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊
ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှဦးအောင်နိုင်ဦး၊
မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှ ဒေါ်ဝါ၀ါထွန်း၊
ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊
မြန်မာနို င်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း၊
မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊
မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊
မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊
မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊
သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာလှထွန်း

တို့မှာ အဖွဲ့ဝင်များအဖြစ် ပါရှိကာ Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများကို ကော်မရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်သည်။

အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်သည်။


Myanmar Express


ရွှေပြည်သာ ရေဘေးဒုက္ခသည်များအား NLD ပါတီက ဆန် လှူဒါန်း၊


ရွှေပြည်သာ ရေဘေးဒုက္ခသည်များအား NLD ပါတီက ဆန် လှူဒါန်း၊ 


ဒီမိုးဝေယံ . ၁၆ရက်နေ့ သြဂုတ် ၂၀၁၂  —-  ရန်ကုန် သြဂုတ် ၁၃
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံနေသော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၁၅ရပ်ကွက်ရှိ ရေဘေးဒုက္ခသည်မိသားစုများထံသို့ သြဂုတ် ၁၃ ရက်က ရွေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ဆန်နှင့် အခြားစားသောက်ကုန်များ လှူဒါန်းကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၂ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အိမ်တစ်အိမ်လျှင် ဆန် လေးပြည်နှုန်းဖြင့် ရေဘေးသင့်အိမ်ခြေ ၈၀ ကျော်အား အိမ်တိုင်ရာရောက် လှူဒါန်းခဲ့ကြသည်။ ယခင်အပါတ်များကလည်း လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက အခြားရပ်ကွက်ရှိ ရေဘေးဒုက္ခသည် မိသားစုများအား ယခုကဲ့သို့ ဆန်လှူဒါန်းခဲ့ပြီး ပါတီဝင်များအနေဖြင့် အခြားသော နေရာများသို့လည်း ဆက်လက်လှူဒါန်းဦးမည်ဖြစ်ြေ​ကာင်း သိရသည်။
 ဆန်လာလှူတယ်ဆိုလို့ ထွက်လာကြတဲ့ ရေဘေးသင့်ပြည်သူအချို့ …. ။ ဒါပေမဲ့ အိမ်ပေါ်မှာပဲ အေးအေး ဆေးဆေး နေခိုင်းခဲ့ပြီး NLD ပါတီဝင်တွေက ကိုယ်တိုင်ကိုယ်ကျ အိမ်အရောက် လှူဒါန်းခဲ့ပါတယ်..။
“ပထမ ဒီရပ်ကွက်ကို လာလေ့လာပါတယ်။ နောက်ပြီးတော့ အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ လှူမယ်ဆိုပြီးတော့ ၁၂ရပ်ကွက် ပါတီဝင်တွေ အစည်းအဝေးထိုင်ပြီး အိမ်ခြေစာရင်းနဲ့ သေချာလေ့လာပြီးတော့မှ လာလှူတာပါ။ ပထမတော့ ပါတီဝင်တွေပဲ စုပြီးတော့ လှူတာပေါ့နော်။ နောက်တော့ ဘေးက ကြားတဲ့သူတွေကလည်း သူ့ဘာသာလာလှူတာတွေလည်းရှိပါ​တယ်။”ဟု ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးတာဝန်ခံ ဦးစိုးလွင်က ပြောသည်။
အဆိုပါရပ်ကွက်အတွင်းတွင် ရေကြီးရေလျှံနေမှုကြောင့် သက်ကြီးရွယ်အိုများမှာ ရပ်ကွက်အနီးရှိ ဆိုင်များသို့ သွားရောက်ရန်ပင် ခက်ခဲနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန်လာရောက် လှူဒါန်းခြင်းအတွက် ၀မ်းသာကျေးဇူးတင်ကာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ ဟုဆုတောင်းပေးကြသည်။
သတင်း၊ ဓာတ်ပုံများ ကိုရဲ.

ရခိုင် နယ်စပ် ကျေးရွာများ လုံခြုံရေးမဲ့နေ


ရခိုင် နယ်စပ် ကျေးရွာများ လုံခြုံရေးမဲ့နေ 


နိရဉ္စရာသတင်းဌာန. ၁၇ရက်နေ့ သြဂုတ် ၂၀၁၂ —- ရခိုင်-ဘင်္ဂလာဒေ့ခ်ျ နယ်စပ် ဒေသ ဖြစ်သော ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် အစိုးရက လုံခြုံရေး မပေးနိုင်သဖြင့် ကျေးရွာသာများက မိမိကျေးရွာကို မိမိကိုယ်တိုင် လုံခြုံရေး ပေးနေရသည်ဟု သိရသည်။
“ အဓိကတော့ ရွာတိုင်းမှာ ကင်းထားတယ်။ ညကင်းကတော့ ရွာတိုင်းမှာ ရှိကြပါတယ်။ တုတ်တွေ၊ ဓါးတွေ၊ ဂျင်ဂလိတွေကိုင်ပြီး ကင်းစောင့်ကြပါတယ်” ဟု လောင်းချောင်းကျေးရွာမှ ကိုအေးထွန်းနိုင်က နိရဉ္စရာသို့ ပြောသည်။
ယခုအခါ ကျေးရွာများကို အစိုးရတပ်ဖွဲ့ဝင်များက လုံခြုံရေး မပေးနိုင်သည့် အပြင် အစိုးရ တပ်ဖွဲ့ များကိုလည်း ပြည်သူများက အပြည့်အ၀ ယုံကြည် အားမကိုးကြသဖြင့် ယမ်းထောင်း သေနတ်များ၊ လက်လုပ်သေနတ်များကိုလည်း ကျေးရွာများကို ကာကွယ်ရန် ပြုလုပ်လာကြသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာဘက်မှ အခြေအနေကို ကိုအေးထွန်းနိုင်က ယခုလို ဆက်ပြောသည်။
“ ကျွန်တော်တို့ဘက်မှာတော့ နွားခိုးဂိုဏ်းတွေက အထူးသောင်းကျန်းနေတယ်။ သူတို့က တစ်ဘက် နိုင်ငံကနေ စက်လှေတွေနဲ့ ၀င်လာပြီး ကျွဲနွားတွေကို ခိုးယူနေတယ်။ သူတို့မှာ သေနတ်တွေလည်း ပါလာတယ်။ ဒီ ရာသီကလည်း ကျွဲ နွားတွေကို တောင်ပေါ်တင်ထားတဲ့ ရာသီဖြစ်တဲ့အတွက်နဲ့ အမြဲတမ်းလိုလို ကျွဲ နွားတွေ အခိုး ခံနေရပါတယ်။ ဒါကြောင့် ရွာတိုင်းမှာ အခုအခါ ကင်းတွေ ထားနေကြရတယ်” ဟု ပြောသည်။
ကင်းအဖွဲ့များကိုလည်း တစ်ရွာနှင့် အဆက်အသွယ်များ အချိန်မှန် ပြုလုပ်ကာ ချိတ်ဆက် ထားကြသည်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း လောင်းချောင်း၊ သရက်ပြင်၊ သရက်ချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကုလားချောင်း၊ မဟာမြိုင်၊ အောင်မစသည့် ကျေးရွာများမှာ အဓိက အရပ်ကင်းများကို အားကိုးအားထား ပြုနေကြရသည်ဟု ဆိုသည်။
၎င်းကျေးရွာများ၏ ကင်းတစ်ဖွဲ့တွင်  အနည်းဆုံး ၆ ယောက် ပါဝင်ပြီး အဖွဲ့ ၄ ဖွဲ့ ဖွဲ့ကာ ညနေ ၇ နာရီမှ နံနက် ၆နာရီထိ နေ့စဉ် ကင်းစောင့်ကြသည်ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သော သြဂတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလား ချောင်းကျေးရွာတွင် ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ရသေ့တောင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသော ဒေသဖြစ်သဖြင့် ပင်လယ်ပြင်မှ တရားမ ၀င် စက်လှေများ မကြာခဏ လာရောက်လေ့ရှိရာ ဒေသခံ တိုင်းရင်းသားများ၏ ကျွဲ၊ နွားများ ခိုးယူခြင်း ခံနေရ သည့်အပြင် အသက် အန္တရာယ်အတွက်လည်း စိုးရိမ်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ ကျေးရွာတိုင်းလိုလို မိမိဆန္ဒ အလျှောက် ညကင်းစောင့်နေကြခြင်းဖြစ်သည်။
၎င်းအပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်တန်းနှင့် စေတီပြင်ကျေးရွာအုပ်စုများတွင်လည်း မိမိတို့ ကျေး ရွာလုံခြုံရေးနှင့် ကျွဲနွားများ မပျောက်ရအောင် အလှည့်ကျ ကင်းချကာ စောင့်နေ ကြရသည်ဟု သတင်းရရှိသည်။
ရသေ့တောင်တွင် ခြေမြန်တပ်ရင်း (ခမရ) ၅၃၆၊ ၅၃၇၊ ၅၃၈ စသည့် တပ်ရင်းများ အခြေစိုက် စခန်း ချထားသည့်အပြင် ရဲစခန်း၊ ရဲတပ်ရင်းတချို့ တည်ရှိသော်လည်း ကျေးရွာတိုင်းတွင် လုံခြုံရေးများ မပေးနိုင် သောကြောင့် မိမိကျေးရွာ လုံခြုံရေးအတွက် ကျေးရွာသားများကိုယ်တိုင် စောင့်ကြပ်နေရခြင်း ဖြစ်သည်။
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ တချို့တွင်  ကင်းစောင့်ရသော်လည်း မီးရှို့ ခံလိုက်ရသော ကျေး ရွာများတွင်မူ  လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူထားကြောင်း ဆိုသည်။
“ ဒီက ကျေးရွာတွေမှာကတော့  အမျိုးသမီးတွေနဲ့ က လေးတွေကိုတော့ ဒုက္ခသည်စခန်းမှာ ထားပါသေးတယ်။ ယောင်္ကျားတွေကတော့ ရွာပြန်ပြီး အိမ်တွေကို ပြန်ဆောက်နေကြပါတယ်။ အခု ကျွန်မတို့ရွာမှာ အစိုးရက အိမ်တွေ ဆောက်ပေးနေပါ တယ်။ လုံခြုံရေးကတော့ ရဲသားတွေရှိပါတယ်။ နောက်ပြီး အလယ်သံကျော်နဲ့ မောရ၀တီရွာတွေမှာ ရဲစခန်း တွေ တိုးချဲ့ ချပေးဖို့လို့ ကြားပါတယ်။ ကင်းစောင့်ရတာတော့ မရှိပါဘူး” ဟု သရေကုန်ဘောင်က အမျိုးသမီး တစ်ဦးက ပြောသည်။
မောင်ရမ္မာ

ပြည်ပရောက် မြန်မာရဟန်းတော်များသို့ အသိပေးခြင်း




ပြည်ပရောက် မြန်မာရဟန်းတော်များသို့ အသိပေးခြင်း

( သြဂုတ်လ ၁၅ ရက် ) ညနေပိုင်းက ဘုန်းဘုန်းတပါးမွန်ဘိုင်း ( ဘုံဘေ ) လေဆိပ်ကပြန်အလာ Taxi ကားငှါးစီးလာရင်း ကားသမားမွတ်စလင်က မွတ်စလင်ရပ်ကွက်အတွင်း ကားကိုရပ်ပေးပြီး မွတ်စလင် ၅ ယောက်ခန့် စစ်ဆေးခံခဲ့ရသည်၊
ကားပေါ်လိုက်ပါလာသော ဘုန်းဘုန်းက ဒလိုင်းလားမား ဘုန်းတော်ကြီးအမျိုးအနွယ်တွေပါ ဟု ဖြေဆိုခဲ့သောကြောင့်သာ အသက်ချမ်းသာရာ ရခဲ့ သည်။
မြန်မာပြည်က Buddhist ဟုဆိုလျှင် ......
ဒီရက်ပိုင်းအတွင်း အပြင်ထွက်စရာ ကိစ္စကြီးငယ် ရှိပါက အစစအရာရာ သတိထားတော်မူကြပါရန် နှိုးဆော်လိုက်ပါသည်ဘုရား..
အထူးသဖြင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားရှိ သံဃာတော်များအားလုံး အထူးသတိ ရှိစေလိုပါသည်ဘုရား..

ရတနာသုံးပါးကို ဦးထိပ်ပန်ဆင်လျက်..
မောင်အောင် ( မွန်ဘိုင်း )

မြစ်ရေကြီးမှုအခြေအနေ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းချက်


မြစ်ရေကြီးမှုအခြေအနေ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းချက် 

မြစ်ရေကြီးမှုအခြေအနေ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းချက် လတ်တလော ဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က လာမယ့် စက်တင်ဘာ၊ အောက်တိုဘာ ၂ လ ဂရုစိုက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
ဦးထွန်းလွင်ကို ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြစ် ၄ စင်းနဲ့ မြို့ ၅ မြို့လောက် လက်ရှိ ရေကြီးနေတယ်။ အဲဒီ ရေကြီးနေတာတွေနဲ့ ပတ်သက်ပြီး ဆရာတို့ကလည်း ကြိုတင်ကာကွယ်ဖို့တွေ ပြောတယ်။ အခု လက်တွေ့မြင်နေရတာတွေကလည်း ကြိုတင်ကာကွယ်မှု မရှိဘဲ ရေတက်လာမှ ထွက်ပြေးကြတာတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာ သုံးသပ်အကြံပေးပါလား။
“အဲဒါကတော့ ကျနော်တို့ မကြာခဏ ပြောနေတာပဲဗျ။ ကြိုတင်ကာကွယ်မှုအပိုင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အားနည်းတာပေါ့။ မလုပ်တာတော့ မဟုတ်ဘူး။ လုပ်တဲ့နေရာတွေ ရှိပါတယ်။ ကျနော်ကိုယ်တွေ့ တွေ့ဖူးတာက ၂၀၀၄ ခုနှစ် ဟင်္သာတပေါ့။ အဲဒီလို လုပ်တာ အလွန်ကောင်းပါတယ်။ ခက်တာက ဦးဆောင်တဲ့သူက အဓိကဗျ။ အဲဒီတုန်းက ဦးဆောင်တဲ့သူက အလွန်ကောင်းတယ်ဗျ။ ဒါပေမယ့် အဲဒီလိုမျိုး ဦးဆောင်မှု မပေးနိုင်တဲ့ နေရာမျိုးတွေကျတော့ သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးကို သိပ်နားမလည်တဲ့ နေရာကျတော့ ဟာသွားတာပေါ့။ အပေါ်ကတော့ လုပ်နေတာပဲ အဖွဲ့တွေ ဖွဲ့တာ။ ဒါတွေက အလုပ်သဘောအရ ကြည့်ရင် ဟုတ်သလိုပဲ။ ဒါပေမယ့် အတွင်းကျကျကြည့်ရမှာ။ အဓိက က ၂ချက်ဗျ။ ပထမက g00d management ဗျ။ နောက်တခု must participation။ အဲဒီ ၂ ခုရှိရင် အောင်မြင်မယ်။ မရှိရင် မအောင်မြင်ဘူးဗျ။”
မိုးလေ၀သ ပညာရှင်တွေကလည်း ပြောနေဆိုနေကြတယ်။ အခု တကယ်လည်း ကြုံနေရပြီ။ ဆရာတို့ ပြောဆိုပုံတွေအရဆိုရင် လာမယ့် လတွေမှာ ရေကြီးမုန်တိုင်းဝင်ပြီး ဒီထက် ဆိုးလာနိုင်တဲ့ အခြေအနေတွေလည်း တွေ့နေရတာတွေ ရှိတယ်။ ဆိုတော့ အဲဒီဟာတွေကို ပြည်ထောင်စုအဆင့် အစိုးရတွေက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့၊ ညွှန်ကြားတာတွေ ဘာလို့ မလုပ်သေးတာလဲ။
“ကျနော်ပြောတဲ့အထဲမှာ ပါသွားတယ်လေ။ good management နဲ့ must participation ဆိုတာပါပဲ။”
ဆိုလိုတာက တချို့တွေ ပြည်နယ်တိုင်းအဆင့်လိုမျိုးပေါ့။ ဗဟိုကနေ တိုက်ရိုက်ညွှန်ကြားပြီး အရေးပေါ် ညွှန်ကြားတော့မယ်ဆိုရင် ထိရောက်မလားလို့ပါ။
“မှန်တာပေါ့။ သိပ်ဟုတ်တာပေါ့။ အဲဒီဟာ ပါကိုပါမှ ရမှာ။ မပါလို့ မရဘူး။ ခင်ဗျားမေးခွန်းကို တိုက်ရိုက်ကြီး မဖြေနိုင်တာက ကျနော်က အပြင်ရောက်နေတဲ့သူလေ။ ဘာတွေ လုပ်ထားလဲဆိုတာ ကျနော်က သိပ်မသိဘူးလေ။ သို့သော်လည်း ကျနော့်အမြင်အရတော့ ကျနော်သိသလောက် ပြောရရင် လုပ်ဖို့ အများကြီး လိုအပ်ပါတယ်။”
အခုလက်ရှိကို မေးပါရစေ။ အခု မြစ်လေးစင်း ရေကြီးနေတဲ့ မြို့ငါးမြို့လည်း ဆိုးဆိုးဝါးဝါး ခံနေရတယ်။ တချို့နေရာတွေလည်း ကျောင်းတွေ ပိတ်ထားရတယ်။ အဲဒါတွေက ဒီမြစ်ရေကြီးမှုက ဘယ်ထိ သွားနိုင်လဲဗျ။
“ကံတရားပေါ် မူတည်တယ်ဗျ။ ရေကြီးကာလက မကုန်သေးဘူး။ ၁ ကြိမ်ကျန်သေးတယ်၊ အောက်တိုဘာကျန်သေးတယ်။ စက်တင်ဘာ၊ အောက်တိုဘာ ကျန်သေးတယ်။ အဲမှာ ရေကြီးအောင်၊ ရေများအောင်လုပ်မှာ ၂ ခုပေါ့၊ တခုက မုတ်သုံ၊ တခုက မုန်တိုင်း။ မုတ်သုံက အစဉ်အလာအတိုင်းပဲ၊ အချိန်တန်ရင် ထွက်မှာပဲ၊ စက်တင်ဘာလဆိုထွက်မှာပဲ။ တခုရှိတာက အခုအချိန်ထိ ဘာမှမဖြစ်သေးဘဲ တင်းခံနေတာ မုန်တိုင်းပဲ။ မုန်တိုင်းကတော့ ရေကြီးကာလဖြစ်တဲ့ အောက်တိုဘာမှာ ဖြစ်မယ့်သဘောကတော့ တော်တော်လေးကို များတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ မုန်တိုင်းဖြစ်ရင် ကျနော်တို့ဆုတောင်းရမှာက ကျနော်တို့ကို သက်ရောက်မှုမဖြစ်တဲ့ ဧရိယာပေါ့၊ ဥပမာ သီရိလင်္ကာဘက်တို့၊ အိန္ဒိယတောင်ပိုင်းတို့ ဖြစ်ရင် ကျနော်တို့သက်သာမယ်။ သို့သော် ကျနော်တို့နဲ့ ပတ်သက်တဲ့ ဧရိယာအတွင်းမှာ ဖြစ်မယ်ဆိုရင် မုန်တိုင်းမိုး ကျနော်တို့ရမယ်။ ဒါကိုမှ ထပ်ကံဆိုးပြီး အရှေ့ဘက်က တိုင်ဖွန်းမုန်တိုင်းလာတာနဲ့များ သွားတိုက်ဆိုင်ရင် အဲ့တချိန်ကြောက်ရပါတယ်။
နာက် ၁ ကြိမ်က စက်တင်ဘာလမှာ မုတ်သုံဆုတ်ရင် မိုးရွာတတ်တယ်။ အဲတော့ ၃ ကြိမ်ပေါ့။ မုတ်သုံရွာတဲ့မိုးရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လို့ ရွာတဲ့မိုးရယ်၊ အရှေ့ဘက်က တိုင်ဖွန်းအကြွင်းအကျန်ကြောင့် ရွာတဲ့မိုးရယ် ဒီ ၃ ခု ကြုံကြိုက်တဲ့အခါတော့ ရေကြီးမှုက အောက်တိုဘာအထိ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ရေကြီးမှုက ၃ ကြိမ်ရှိတော့ အောက်တိုဘာမှာ ရေကြီးမှုက ရှိကို ရှိဦးမှာပါ။ အတိုင်းအတာတခုတော့ ရှိမှာပဲ။ ပျက်စီးမှု များ မများသာ ကံပေါ်မှာ မူတည်ပါတယ်။”
ဘယ်မြစ်တွေကြီးနိုင်ပြီး ဘယ်မြို့တွေ သတိထားသင့်ပါလဲ ဆရာ။
“အဓိကကတော့ အခု လောလောဆယ်မှာ သေချာတာကတော့ မြစ်ဝကျွန်းပေါ်နဲ့ မွန်၊ ကရင်ပေါ့။ စစ်တောင်းတို့ သံလွင်တို့၊ ပဲခူးတိုင်းကမြစ်တွေ၊ ဧရာဝတီတိုင်းကမြစ်တွေ ကတော့ သေချာသလောက်ကို ရှိပါတယ်။ ”
ဒေသကပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တာလေးတွေကို မိုးလေ၀သပညာရှင် တဦးအနေနဲ့ ပြောပြပေးပါ။
“နံပါတ် ၁ ကတော့ အခြေအနေနဲ့ သတင်းကို အမြဲစိတ်ဝင်စားဖို့လိုပါတယ်။ ကျနော်တယောက်တည်းက ပြောတဲ့ သတင်းတွေလည်း တော်တော်များနေပါတယ်။ FM တွေလည်း ပြောနေပါတယ်။ ဂျာနယ်တွေလည်း ပြောနေပါတယ်။ SkyNet ကနေလည်း နေ့တိုင်းလွှင့်တဲ့ သတင်း ကျနော်လုပ်နေပါတယ်။ သတင်းအချက်အလက်တွေကတော့ အရင်ကထက်ပိုပြီး ရနိုင်ပါတယ်။ အရင်ကထက် source တွေများပါတယ်။ ပြည်သူကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပေါ့ဗျာ။ ၂ လ ဂရုစိုက်ပေးချင်တယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလပါပဲ။ ဒါပြီးရင်တော့ ရေကြီးရင်လုပ်ရမယ့် အချက်လေးတွေ အကြမ်းအားဖြင့်ရှိပါတယ်။ အသေးစိတ်ပြောနေရင်တော့ များသွားမယ် လေ့လာရှာဖတ်ရှုလို့ရပါတယ်။ ကျနော်ပြောချင်တာကတော့ အချိန်နဲ့တပြေးညီ ထုတ်ပြန်နေတဲ့ သတင်း၊ သတိပေးချက်ကိုတော့ နံပါတ် ၁ အရေးကြီးဆုံးအချက်အနေနဲ့ အမြဲတမ်းသိနေအောင်လုပ်ဖို့နဲ့ အနည်းဆုံးလာမယ့် စက်တင်ဘာ၊ အောက်တိုဘာ ၂ လကိုတော့ အထူးဂရုစိုက်ဖို့လိုတယ်လို့ပဲ ခပ်တိုတိုပြောရရင် အဲ့ ၂ ချက်ပဲ ပြောချင်ပါတယ်။”
by ရွှေအောင် (ဒီဗွီဘီ)
ဦးထွန်းလွင်
ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မိုးသည်းထန်းစွာ ရွာသွန်းနေမှုကြောင့် မြစ်ရေတွေလျှံပြီး ရေကြီးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် င၀န်မြစ် ရေလျှံတဲ့အတွက် မြို့လယ်ခေါင်ကလွဲပြီး ရပ်ကွက် အတော်များများ ရေကြီးနေတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။
မြို့စွန်မှာရှိတဲ့ မနော်ဟရီ၊ ရွှေတဆုပ် စတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ အဆိုးဆုံး ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ မေတ္တာရိပ်လူမှုရေးအဖွဲ့က ကိုဇော်ထွန်းက ပြောပါတယ်။
“ရေနစ်တဲ့ရပ်ကွက်တွေက ဆင်းရဲသား တိုးချဲ့ရပ်ကွက်တွေ၊ အနိမ့်ပိုင်းတွေပေါ့။ အခုလိုရေကြီးတဲ့နှစ်ကျတော့ အကုန်လုံး အိမ်တွေပါမြုပ်ကုန်ပြီ။ အိမ်တွေရဲ့ပေါင်လည်လောက်အထိ ရောက်တယ်။ မနော်ဟရီ ဆိုရင် အိမ်တွေ မြုပ်ကုန်လို့ နေစရာမရှိတော့ဘူးလို့ လာပြောကြတယ်။”
ရေဘေးသင့်အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့ ပုသိမ် ပွင့် လင်းလူ့အဖွဲ့အစည်းက ကိုဝေဌုက ပြောပါတယ်။
ရေဘေးသင့်သူတွေကို မြို့အုပ်ချုပ်ရေးအဖွဲ့၊ နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး ဆန်နဲ့ ဆေးဝါး လိုအပ်နေတယ်လို့ သိရပါတယ်။ ပုသိမ်မြို့မှာ အခြေခံပညာ ကျောင်းအားလုံး ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ပိတ်ထားလိုက်ရပြီလို့ မြို့ခံတွေက ပြောပါတယ်။
အလားတူ ပဲခူးတိုင်း မဒေါက်နဲ့ ရွှေကျင်မြို့နယ်တွေမှာ မြို့တွင်းအပါအ၀င် ကျေးရွာတွေမှာ ရေကြီးရေလျှံမှု ဖြစ်နေတာ ၁ လလောက်ရှိပြီဖြစ်တဲ့အတွက် ဒေသခံလူထုဟာ လယ်တွေ စိုက်ပျိုးမရသလို စားဝတ်နေရေး အခက်အခဲ ကြံနေရပြီး ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးစခန်းမှာနေတဲ့ သူတွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ရွှေကျင်မှာ ရပ်ကွက် ၈ ခုရှိတဲ့က ၆ ခု ရေမြုပ်နေတယ်။ ရွှေတောင်ဦး ဘုရားကုန်းမြေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ဒုက္ခသည်အားလုံး ၁၇၀၀ ကျော်ကျော်ရှိတယ်။ သူတို့အတွက် စားရေးသောက်ရေးအပြင် သောက်သုံးရေ ပြဿနာ၊ အညစ်အကြေးစွန့်တဲ့ ပြဿနာ၊ အဲဒါတွေကြောင့်ပဲ အအေးမိပြီး ဖျားနာတဲ့ ကလေးတွေရှိတယ်။ ၀မ်းပျက်ပြီး ၀မ်းသွားတဲ့ကိစ္စလည်းရှိတယ်။ ဒေသခံတွေနဲ့ ဌာနဆိုင်ရာက ကူညီတဲ့လူတွေဆီက စားစရာ၊ ထမင်းထုပ်တွေ ဒီအပေါ်မှာပဲ မှီခိုနေရတယ်လေ။ လယ်သမားတွေဆိုရင် လယ်တွေမြုပ်ကုန်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်လို့ ဘာမှလုပ်လိုမရဘူး။ ရေဘေးဒုက္ခသည်တွေတင် မဟုတ်ဘူး။ ကုန်းလွတ်တဲ့နေရာက သာမန်ပြည်သူတွေလည်း စားဝတ်နေရေး အကျပ်အတည်းတွေ အများကြီး ဖြစ်နေတယ်။”
ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှာဆိုရင်လည်း မြို့နယ်တခုလုံး ရေလွှမ်းတဲ့အတွက် ကျောင်းအားလုံး ပိတ်ထားတာ နှစ်ပတ်လောက်ရှိနေပြီလို့ ရေဘေးကယ်ဆယ်ရေး သွားလုပ်နေတဲ့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။
“သနပ္ပင်မြို့နယ် တခုတည်းမှာတင်ကို ဧက ၁ သိန်းဝန်ကျင်လောက် မြုပ်တယ်။ သနပ္ပင်အောက်ဘက်က က၀မှာလည်း သနပ္ပင်လိုပဲ မြုပ်တယ်။ သနပ္ပင်ကတော့ ပိုဆိုးတာပေါ့ ချိုင့်ဝှမ်းလို ဖြစ်နေတာလေ။ အဲဒီမှာ လူတွေက မြို့ပေါ်က ကျောင်းမှာနေတယ်။ နေ့ဘက်အလုပ်သွားတယ်။ ညဘက် ကျောင်းမှာလာအိပ်တယ်။ ရွာတွေ တော်တော်များများ မြုပ်တယ်။ ကျောင်းတွေအားလုံးလည်း ပိတ်ထားတယ်။ တချို့ကျောင်းတွေထဲလည်း ရေတွေဝင်တယ်။”
ကရင်ပြည်နယ် ဘားအံမြို့ဘက်မှတော့ သံလွင်မြစ်ရေတက်မှုကြောင့် ရေလွတ်ရာ ထွက်ပြေး ခိုလှုံနေကြတဲ့ ဒေသခံတွေ ခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး။ ရေကြီးရပ်ကွက်က ပိတ်ထားရတဲ့ကျောင်းတွေအတွက် ဆရာ၊ ဆရာမတွေက ကယ်ဆယ်ရေး စခန်းအထိ ကလေးတွေကို စာသင်ပေးတဲ့အတွက် ကျောင်းအခက်အခဲ မရှိဘူးလို့ ဘားအံမြို့ခံက ပြောပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကတော့ တောင်ကျရေကြောင့် ဘားအံ-ကော့ကရိတ် လမ်းပိုင်းမှာ သွားလာမှု ရပ်ဆိုင်းခဲ့ပြီး ကုန်အသွားအလာ တန့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သွားလာလို့ရပြီလို့ မြို့ခံစီးပွားရေးသမား တဦးက ပြာပါတယ်။
မြန်မာနိုင်ငံမိုးလေ၀သဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ မြစ် ၄ စင်း ရေကြီးနေတာကြောင့် မြို့ ၅ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း သိရပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခွဲကျော်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ င၀န်မြစ်ရေဟာ ငသိုင်းချောင်းမြို့မှာ ၂ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမှာ ၁ ပေကျော်နဲ့ မဒေါက်မှာ ၄ ပေခွဲခန့် အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြပါတယ်။
ဩဂုတ် ၁၆ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ တနိုင်ငံလုံး နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
by နော်နိုရင်း (ဒီဗွီဘီ)
 ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် (ဓာတ်ပုံ-မင်းမင်းထွဋ်)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။