Tuesday, October 9, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး 
Tue, 10/09/2012 - 23:45
Printer-friendly versionSend by email






နေပြည်တော် အောက်တိုဘာ  ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင်ဘတ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံရာတွင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်အတူ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေး အသိဉာဏ်ပညာဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးတို့က မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရတို့အကြား အကူအညီ ပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး တို့က မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန် လဲလှယ်ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားအသေးစားနှင့် အလတ်စားလုပ်ငန်းမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲတွင် မိန့်ခွန်းပြောကြားပြီး အမျိုးသားအာဇာနည်ဗိမာန်သို့ သွားရောက်ပန်းခွေချအလေးပြု


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားအသေးစားနှင့် အလတ်စားလုပ်ငန်းမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲတွင် မိန့်ခွန်းပြောကြားပြီး အမျိုးသားအာဇာနည်ဗိမာန်သို့ သွားရောက်ပန်းခွေချအလေးပြု 
Tue, 10/09/2012 - 22:59
Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Lotte ဟိုတယ်၌ ကိုရီးယားအသေးစားနှင့် အလတ်စား လုပ်ငန်း (The Korea Federation of Small and Medium Business, KBIZ  ) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
 အဆိုပါ နေ့လယ်စာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး KBIZ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကိုရီးယား စက်မှုဖယ်ဒရေးရှင်း (Federation of Korea Industries, FKI)၊ ကိုရီးယားကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (Korea Chamber of Commerce and Industry, KCCI) နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်း (Korea International Trade Association) တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ကြသည်။
အခမ်းအနားတွင် KBIZ ဥက္ကဌ Mr. Kim Ki Moon က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ယခု ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့လာရောက်ခြင်းသည် နှစ်ပေါင်း(၂၅) နှစ်အတွင်း မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး၏ ပထမဆုံးသော ချစ်ကြည်ရေးခရီးစဉ်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့သည် ၁၉၇၅ ခုနှစ်က စတင်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပါကြောင်း၊ ယင်းသို့ ထူထောင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ သမိုင်းကြောင်း အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ပြီး အချိန်တိုကာလအတွင်းတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ အရှေ့အာရှနိုင်ငံများအကြားမှာသာမက ကမ္ဘာ့နိုင်ငံများအကြားတွင်လည်း အချိန်တိုကာလ အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် အောင်မြင်ခြင်းများရရှိခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံနှင့် ယင်းသို့ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့သည့် ကိုရီးယားပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း။ 
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လူနည်းစုက ထိန်းချုပ်ထားခြင်းမရှိဘဲ နိုင်ငံသားအားလုံးပါဝင်နိုင်ခွင့်ရှိပြီး ၄င်းတို့၏ ကုန်ထုတ်စွမ်းအင်များကို အထိရောက်ဆုံး အသုံးချနိုင်သည့် ၊ လွတ်လပ်သော စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် Inclusive Economic Institution များ ပေါ်ပေါက်လာရန် အရေးကြီးပါကြောင်း၊ ယင်းသို့ အားလုံးပူးပေါင်းပါဝင်နိုင်သည့် စီးပွားရေးအင်စတီကျူးရှင်းများ ပေါ်ပေါက်လာခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ အတွက်သာမက နိုင်ငံရေးဖြစ်စဉ်တွင်လည်း မတူညီသည့် နိုင်ငံရေးအင်အားစုများ အားလုံးပါဝင်သော Inclusive Economic Institution များဖြစ်သည့် ဒီမိုကရေစီ ရေခံမြေခံများကိုပါ အခြေခိုင်မာစေပါကြောင်း၊ ယင်းသို့ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်နိုင်သည့် စီးပွားရေး အင်စတီကျူးရှင်းများ ပေါ်ပေါက်လာရန် အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာ အလွန်အရေး ကြီးသည်ဟု လက်ခံယုံကြည်ထားပါကြောင်း။
နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းနှင့် အထိအတွေ့နည်းပါးစွာ ရှင်သန်ခဲ့ရသည့် မိမိတို့၏ စီးပွားရေးစနစ်အတွင်းမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် စီးပွားရေးအပြောင်းအလဲများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ဝင်ရောက်လာမည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှ ဖော်ဆောင်ပေးမည့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်ရန်နှင့် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် မိမိတို့၏အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်သင့်ဖြစ်နေစေရန် လိုအပ်သည့်အကူအညီများကို ကိုရီးယား အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဖွဲ့ချုပ်ဖြစ်သည့် KBIZ ကလည်း ဖော်ဆောင် ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
မိမိတို့ အစိုးရအနေဖြင့်လည်း SME Center များတည်ထောင်ထားပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် မူဝါဒများချမှတ်ရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် တည်ထောင်ထားပြီးဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးဆိုင်ရာကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် SME Bank ကိုလည်း တည်ထောင်ထားပြီး ဖြစ်ပါကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့် KDI တစ်ခု လာရောက်အထောက် အပံ့ပေးမည်ဟု သိရှိရသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ လူထု အကျိုးစီးပွားတိုးတက်အောင် ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် KBIZ ဥက္ကဌတို့သည်  အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို အပြန်အလှန် လဲလှယ်ကြပြီး နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများအား KBIZ  က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ဆိုးလ်မြို့ရှိ အမျိုးသားအာဇာနည် ဗိမာန် (National Cemetery) သို့သွားရောက်၍ ပန်းခွေချအလေးပြုပြီး ဗိမာန်ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။

 

ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို


ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို 


Myitmakha Media Group, 9 October 2012  —-  ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိုမဖြစ်မနေဖော်ဆောင်သွားမည်ဟုပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့် ဦးသိန်းဇော်က ပြောကြားလိုက်သည်။
အောက်တိုဘာ (၆)ရက် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ပြောတယ် ၊ လွှတ်တော်အတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြတယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်ဆိုတာတော့ မပြောသွားဘူး” ဟု ဦးသိန်းဇော်၏ ပြောကြားချက်ကို ကိုယ်တိုင်နားထောင်ခဲ့သည့် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက   ပြန်လည်ပြောပြသည်။
ဦးသိန်းဇော်က ယခုလိုပြောကြားခဲ့သော်လည်း ကချင်ပြည်နယ်ငြိမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုအကြား မီဒီယာများမှတဆင့် တစ်ဖက်နှင့်တစ်ဖက်ပြစ်တင်ပြောဆိုနေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံနှင့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ရှိပါတီစုံနှင့် အလွှာအသီးသီးမှ လူထုများ တက်ရောက်ခဲ့ကာ လူထု၏ မေးမြန်းချက်များကိုလည်း ဦးသိန်းဇော်မှ ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါ်ဘောက်ဂျာထံက သိရသည်။
“မည်သူမဆို စိတ်ဝင်စားသူတိုင်း ဒီတွေ့ဆုံပွဲကို လာတက်လို့ ရတယ်။လူထုကလည်း သူတို့သိချင်တာလေးတွေကို မေးမြန်းခဲ့တယ်။  ကချင်ပြည်နယ် အစိုးရကလည်း လူထုတွေ့ဆုံပွဲကို တစ်လတစ်ခါလုပ်ပါတယ် ”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည့် ဦးသိန်းဇော်ကနယ်မြေလုံခြုံရေးအရ ခေတ္တပြောင်းရွှေ့လာသော ကချင်ပြည်သူများအတွက်ဆန်အိတ်(၁၀၀) လှူဒါန်းသည်ကိုလည်း လက်ခံခဲ့သည်ဟု ဒေါ်ဘောက်ဂျာကဆိုသည်။
ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် လုံခင်း ကျေးရွာအနီးတွင်   နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ အစိုးရစစ်တပ်နှင့်ကေအိုင်အေလက်နက်ကိုင်အဖွဲ့များ အကြား စစ်ပွဲများဆက်လက်ဖြစ် ပွားလျက်ရှိပြီး ယခုနှစ်အစောပိုင်းကရွှေလီတွင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်း၌ ထပ်မံဆွေးနွေးမှုများမရှိတော့ပေ။
ဝင့်သင်ဇာကျော် (မြစ်မခ)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။