Saturday, September 1, 2012

စစ်ပြေး ဒုက္ခသည်များ အရေးမှ စစ်ပွဲ ရပ်ရေးကို ကန်တောင်းဆို


စစ်ပြေး ဒုက္ခသည်များ အရေးမှ စစ်ပွဲ ရပ်ရေးကို ကန်တောင်းဆို

သြဂုတ်လကုန်အတွင်း၌ တရုတ်နိုင်ငံဖက်၌ ရှိနေသော ကချင် စစ်ပြေးဒုက္ခသည်များ အပြီးတိုင် ပြောင်းရွှေ့ရန် တရုတ် အာ ဏာပိုင်တို့က လိုလားသောလည်း လက်တွေ့၌ တထောင်နီးပါးမျှ ကျန်ရှိနေသေးသည်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ အဖွဲ့ဝင် တဦးက ပြောပါသည်။
Kachin_war_refugee_thumb_medium600_338
“ မပြောင်းပေးနိုင်သေးတာ ခဒေါင်ပါ ဒုက္ခသည်စခန်း တစ်ခုကျန်နေသေးတယ်။ အဲဒီစခန်းကတောကျတဲ့နေ ရာလဲ ဖြစ် တယ်။ ကားလမ်းလဲမရှိ ဖြစ်နေတော့ နီးဆုံး စခန်းဖြစ်တဲ့ လနာဇွပ်ဂျာ ဒုက္ခသည်စခန်းကို မပြောင်းပေးနိုင်ခဲ့ဘူး” ဟု ဆိုပါ သည်။
ခဒေါင်ပါ စစ်ပြေး ဒုက္ခသည် စခန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် တရုတ် နယ်မြေတွင်းရှိ စခန်း (၆) ခု အနက် တခုဖြစ်သည်။ လူဦးရေ (၇၀၀) ခန့်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဆေးဝါးနှင့် အခြေခံ အစားအစာများကို ရရှိရန် အခက်အခဲများသည့် နေရာဖြစ်ပါသည်။
ပြောင်းရွှေ့သွားသော ဒုက္ခသည်စခန်း (၅) ခုကို ကချင်ပြည်နယ် ဗန်မော်ခရိုင် မံစီမြို့နယ်တွင်းရှိ လနာဇွပ်ဂျာ  ဒုက္ခသည် စခန်းနှင့် မန်ဝိန် ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ ပေးခဲ့ပြီး ဒုက္ခသည် (၄၀၀၀)ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးတွဲပီ ဆာက ပြောပါသည်။
ယခုကဲ့သို့ မြန်မာပြည်ဖက်သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း မြန်မာ အာဏာပိုင်များက အရေးယူ ဆောင်ရွက် ပေးခြင်းမရှိဘဲ ဒုက္ခသည်ကော်မီတီများနှင့် ဘာသာရေး အဖွဲ့များကသာ တာဝန်ယူဆောင်ရွက်ပေးနေကြပါ သည်။ စစ်ပွဲကြောင့် စစ်ပြေး ဒုက္ခသည် စုစုပေါင်းတသိန်းနီးပါး ရှိလာခဲ့သည်ဟု ဒုက္ခသည်ကော်မီတီများက ခန့်မှန်းခဲ့ကြပါသည်။
ဤစခန်းများကို ပြီးခဲ့သည့် သြဂုတ်လ (၂၂) ရက်နေ့၌  မြန်မာနယ်စပ်ဖက်သို့ ပြောင်းရွေ့ပေးရန် တရုတ် အာဏာပိုင်များ ကဖိ အားပေးခဲ့ခြင်းဖြစ်ပါသည်။ စစ်ပွဲကြောင့် ဒုက္ခသည်များ ဖြစ်ပွားနေသည့် အရေးအပေါ် မူတည်ပြီး၊ အမေရိကန် အစိုးရသည် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲသွားရန် တရုတ်အစိုးရမှ အကူအညီပေးသင့်သည်ဟု အမေရိကန်နိုင်ငံ  ခြားရေးဌာန ပြောခွင့်ရသူ Ms.Vitoria Nuland က တိုက်တွန်းခဲ့ပါသည်
“အဲဒီ နယ်စပ်မှာ ရှိတဲ့ KIA အဖွဲ့အစည်းတွေနဲ့ ပြန်လည် တွေ့ဆုံမှုပြုကြပါ။ သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ ကျမတို့ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာအစိုးရကို ထိရောက်စွာ တိုက်တွန်းတယ်။ ဒီလို နှစ်တွေကြာရှည်စွာ ပဋိပက္ခ ဖြစ်နေတာကို အဆုံးသတ်သင့်ပြီး ဆိုတာကို တရုတ်အစိုးရ အနေနဲ့လဲ ဝိုင်းဝန်အကူအညီ ပေး ဖို့လိုတယ်” ဟု ဆိုပါသည်။
Ka_Chin_Blank_war

ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး အပစ်အခတ်ရပ်စဲရေး ပျက်ခဲ့ပြီးသည့် နောက် ဆွေးနွေး ပွဲများ (၅) ကြိမ် ပြုလုပ်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်များ မရရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ် ပွားလျှက်ရှိ ပါသည်။

KIA သည် နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပရန် ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပ ရန် ထပ်မံ အဆိုပြုထားသော်လည်း  အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးဟုဆိုပါသည်။

မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ခရိုနီများ အတွက်သာ အကျိုးထွန်းစေဟု ဆို


မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ခရိုနီများ အတွက်သာ အကျိုးထွန်းစေဟု ဆို


The Voice Weekly , 31August 2012   —–   မြန်မာနိုင်ငံတွင် ပြဌာန်းရန် ရှိသည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေသစ်တွင် လစ်ဘရယ် စီးပွားရေး ပတ်ဝန်းကျင် အခြေအနေကို ဦးတည်ခြင်း မရှိဘဲ ယခင် တပ်မတော် အစိုးရ လက်ထက်က လွှမ်းမိုးထားသော ပြည်တွင်းစီးပွားရေး လုပ်ငန်းများ(Crony)ကိုသာ အကျိုး ဖြစ်စေမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ၊ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ပညာရှင် ရှောင်တားနားက သုံးသပ်ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ပိုပြီး လစ်ဘရယ် ကျတဲ့ စီးပွားရေး ပတ်ဝန်းကျင်အခြေအနေကို ဖြစ်စေမယ့် အစား ပြည်တွင်းမှာ ရှိတဲ့ တချို့သော သူတွေက မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်နိုင်ဖို့ တွန်းအားပေးနေပုံပေါ်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဥပဒေသစ်သည် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး သဘောတရားများ ပိုမို ပါဝင် နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများကို အားလျော့သွားစေပြီး၊ ယခင်အစိုးရ လက်ထက်ကတည်းက လွှမ်းမိုး ထားသော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ(Crony) အတွက်သာ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ရိုက်တာ သတင်းတွင်လည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု များအတွက် အရေးကြီးသော ဥပဒေဖြစ်သည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေကို ယခုအခါ မြန်မာနိုင်ငံ လွှတ်တော်တွင် ၅ လကြာ ဆွေးနွေး အတည်ပြုမှုများ ပြုလုပ်လျက် ရှိသည်။
လွှတ်တော်သို့ တင်ပြထားသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းမှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် လက်ရှိ အချိန်ထိ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားကြောင်း ယင်းဥပဒေ ပြုရာတွင် ပါဝင် ပတ်သက်နေသော သတင်းရင်းမြစ်များက ပြောကြားသည်။

လွှတ်တော်တွင် ပြင်ဆင် ထားသော ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများ အနေနှင့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီးမြုပ်နှံခွင့်ကို တားမြစ် ထားသည်။အဆိုပါ တားမြစ် ထားသော ကဏ္ဍ များမှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍ၊လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းတို့ ပါဝင်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများသည် မတည် အရင်းအနှီး အဖြစ် အမေရိကန် ဒေါ်လာ ၅ သန်းမှ ၈သန်းကြား ရှိရမည် ဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတစ်ခုခုနှင့် ဖက်စပ် ပြုလုပ်ရမည် ဖြစ်သည်။
ယင်းသို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းနှင့် ဖက်စပ် လုပ်ငန်း ပြုလုပ်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူများက စုစုပေါင်း အရင်းအနှီး၏ ၃၉ ရာခိုင်နှုန်းမှာ ၄၉ ရာခိုင်နှုန်း ထိသာ ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒ ရှိနေပြီး၊ ဥပဒေပြု အမတ်များ အနေဖြင့် တားဆီး ပိတ်ပင်မှုများကို ဖြေလျော့ ပေးစေရန် သမ္မတ ဦးသိန်းစိန် အနေဖြင့် ကြိုးပမ်းလျက် ရှိကြောင်း အဆိုပါ ဥပဒေနှင့် ပတ်သက်နေသည့် သတင်း ရင်းမြစ်များက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် မတည် အရင်းအနှီး အမေရိကန် ဒေါ်လာ ၈ သန်း လိုအပ်ခြင်း၊ ကဏ္ဍ ၁၃ ခုတွင် နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြုပ်နှံခြင်းမှ ကန့်သတ်ခြင်း များသည် နိုင်ငံခြား ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် ပြန်လည် စဉ်းစားမှုများ ပြုလုပ်ရန် တွန်းအားပေး လိုက်သကဲ့သို့ ဖြစ်သွားစေကြောင်း သမ္မတ ဦးသိန်းစိန်နှင့် အဆက်အဆံရှိသော အစိုးရ တာဝန် ရှိသူများက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ဆိုင်းငံ့ ပေးခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍမှသည် သစ်တော ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍများတွင် အလားအလာကောင်းများ ရှိသော်လည်း နိုင်ငံခြား ရင်းနှီး မြုပ်နှံ သူများမှာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြုပ်နှံရန် တုံ့ဆိုင်း လျက်ရှိသည်။
ကိုလာကိုလာ ကုမ္ပဏီ၊ ဟိုတယ် လုပ်ငန်းဖြစ်သော Marrott International Inc ၊ မော်တော်ကား ကုမ္ပဏီများ ဖြစ်သော ဆူဇူကီး ကုမ္ပဏီနှင့် ဖို့ဒ် (Ford) ကား ကုမ္ပဏီ၊ နည်းပညာ ကုမ္ပဏီများ ဖြစ်သော Panasonaic နှင့် Toshiba ကော်ပိုရေးရှင်း များမှာ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြားထားသည်။
Written by 

ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို


ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို

ရှေ့တန်းတနေရာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သည်များ (ဓာတ်ပုံ – Lachid Kachin / Facebook)
ဧရာဝတီသတင်းဌာန. ၃၁ရက်နေ့ သြဂုတ် ၂၀၁၂  —-   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သူတို့တပ်တွေနဲ့ ကျနော်တို့ တပ်တွေက မျက်နှာချင်းဆိုင် သတိအနေအထားနဲ့ တိုက်နေတဲ့အချိန် ကုမ္ပဏီကို အကာကွယ်ယူပြီး သူတို့က တိုက်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ပစ်မှတ်က ကုမ္ပဏီဘက်ကျပြီး ယမ်းစိမ်းတွေ လှောင်ထားတဲ့ ဂိုဒေါင်ပေါက်ကွဲသွားတော့ အုပ်စုလိုက် ကျကုန်တာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်း စစ်မြေပြင်မှ ဗိုလ်ကြီး လဒွဲက ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအဆောက်အအုံများ အားလုံးနှင့် ကျောက်စိမ်းတူး စက်ကိရိယာများ ပျက်စီးကုန်ကြောင်း၊ ထို့အတူ KIA တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းများမှာ ၃ တန်အထက်တွင် ရှိကြောင်း KIA ရှေ့တန်းတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။
သိုလှောင်ထားသော အဆိုပါယမ်းများသည် ကျောက်စိမ်းတူးဖော်ရာတွင် စက်များဖြင့် ဖြိုခွဲ၍ မရသော ကျောက်တုံး ကျောက်ဆောင်များကို ဖောက်ခွဲရန် အတွက် အသုံးပြုသည့် ယမ်းများဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ နောက်တနေ့တွင် KIA တပ်ရင်းတပ်ဖွဲ့များ သွားရောက် စစ်ဆေးရာတွင် အစိုးရတပ်ရင်းမှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၀ ကျော်နှင့် ရုရှားနိုင်ငံထုတ် ၇၃ မမ ဒုံးကျည်အခွံများ၊ ပျက်စီးနေသော လက်နက်များတွေ့ရှိခဲ့ရကြောင်း ရုပ်အလောင်းအများစုမှ ပေါက်ကွဲမှုကြောင့် မြေဖုံးလွှမ်းသွားကြောင်း ဗိုလ်ကြီး လဒွဲက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများရှိသော်လည်း ထိုကျေးရွာခံများကို ယခုလ ၂၄ ရက်နေ့ မတိုင်ခင်ကတည်းက နှစ်ဖက်တပ်များက သတိပေးထားသဖြင့် ဖားကန့်မြို့ပေါ်သို့ ရွှေ့ပြောင်း ခိုလှုံနေကြသဖြင့် ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် အနီးရှိကျေးရွာများမှ အိမ်တချို့ ပြိုကျပျက်စီးကုန်ကြောင်း လုံးခင်းကျေးရွာသူတဦးက ပြောသည်။ ထို့အတူ ပြင်ထန်သည့် ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ အဆောက်အအုံတချို့မှ မှန်ပြတင်းတခါးများလည်း ပျက်စီးကုန်ကြောင်း မြို့ခံများက ပြောသည်။
ဗလခ ရွာသူတဦးကလည်း “ကျမတို့ ဈေးဆိုင်ပေါ်ကိုလည်း ခဲလုံးတွေကျလို့ ပျက်စီးကုန်တယ်လို့ အစောင့်ကျန်ခဲ့တဲ့ လူတွေက တဆင့်သိရတယ်။ ပြန်တော့ မကြည့်ဖြစ်ဘူး။ ရွာကလူတွေက မြို့ပေါ်ကို အကုန်လုံးလိုလို ထွက်ပြေးလာတော့ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
ပေါက်ကွဲမှု၊ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အတည်ပြုနိုင်ရန် အနီးစပ်ဆုံးဖြစ်သော ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုကို အတည်ပြုသော်လည်း မြို့တွင်းလုံခြုံရေးကို ဂရုစိုက်နေရသဖြင့် အစိုးရတပ်များ ကျဆုံးမှုကို သိရှိခြင်း မရှိကြောင်း ဖြေကြားသည်။
သို့သော် ပြည်တွင်း အခြေစိုက် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် အဆိုပါ ပေါက်ကွဲမှုသည် KIA အဖွဲ့များ ထောင်ထားသည့် အတွဲလိုက်ပေါက်ကွဲသော မိုင်းပဒေသာ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အစိုးရတပ် ခလရ ၂၆၉ မှ အရာရှိ ၆ ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး ကျဆုံးသွားကြောင်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁) ကို ကိုးကား၍ ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ ဖားကန့်မြို့နယ် အတွင်းရှိ စိုင်းတောင်၊ လုံးခင်းနှင့် စမား စသည်နေရာများတွင် အခြေချထားသည့် အစိုးရတပ်စခန်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများ တိုးချဲ့နေကြောင်း ယခုအခါ နှစ်ဖက် အသင့်အနေအထားတွင် ရှိနေကြောင်း KIA က ပြောသည်။
ယခင်က ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များအနေဖြင့် KIA အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။

ပြန်ကြားရေးဝန်ကြီးသစ်နဲ့ မူဝါဒအပြောင်းအလဲ၊ ပထမခြေလှမ်း


ပြန်ကြားရေးဝန်ကြီးသစ်နဲ့ မူဝါဒအပြောင်းအလဲ၊ ပထမခြေလှမ်း


ဧရာဝတီဘလော့ . ၃၁ရက်နေ့ သြဂုတ် ၂၀၁၂  —-  ၀န်ကြီးဦးအောင်ကြည်က သူကိုင်တွယ်ရမယ့် ပြန်ကြားရေးဌာနရဲ့ မူဝါဒတချို့ကို အပြောင်းအလဲ လုပ်မယ်လို့ သိရပါတယ်။
အဲဒီထဲမှာ “မီဒီယာကို မီဒီယာနဲ့တိုက်” ဆိုတဲ့ အစီအစဉ်ကို ဖျက်သိမ်းရေးဟာ ထိပ်ဆုံးက ပါဝင်နေပါတယ် တဲ့။
ဒီမူဝါဒအပြောင်းအလဲကြောင့် ၀န်ကြီးသစ်လက်ထက်မှာ တန်ပြန် ဝါဒဖြန့်တာတွေ ရပ်နားသွားဖွယ်ရှိပါတယ်။
သီချင်းဦးစားပေး ပိတောက်မြေ FM က ဆိုရင် ၀ါဒဖြန့်တာတွေတင်မက စော်ကားရိုင်းပျတာတွေကိုပါ ထုတ်လွှင့်ခဲ့တာပါ။
ပိတောက်မြေ လှိုင်းက ပြည်ပရေဒီယိုဌာနတို့ရဲ့ အသံလွှင့်လေလှိုင်းတွေနဲ့ ပူးကပ်ထုတ်လွှင့်တဲ့နည်းကို သုံးခဲ့ပါတယ်။
တန်ပြန်ဝါဒဖြန့်တာမျိုးကို အများဆုံး လုပ်ခဲ့တာကတော့ အွန်လိုင်းကနေ ဖြစ်တယ်လို့ အများက ယုံကြည်ကြပါတယ်။
ဝန်ကြီးဟောင်း
ပြန်ကြားရေးဌာနကို မကြာသေးခင်ကအထိ ကိုင်တွယ်သွားသူက ဦးကျော်ဆန်း ဖြစ်ပါတယ်။ ဦးကျော်ဆန်းက သူမထွက်ခွာခင်မှာ ဆင်ဆာဖြတ်တောက်ခြင်းအစီအစဉ်ကို ရုပ်သိမ်းသွားပါတယ်။
ပြည်ပရေဒီယိုဌာနတွေကို လူသတ်သမား ဆိုပြီး ဗြောင်ကျကျ တိုက်ခိုက်ရေးသားမှုတွေကိုတော့ ရုပ်သိမ်းလိုက်တာ တနှစ်ပြည့်ပါပြီ။
ဒီလိုတိုက်ခိုက်မှုတွေကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူတဲ့ ရုပ်သံ၊ ရေဒီယို၊ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတို့မှာ တွေ့ခဲ့ကြမှာပါ။
ဝန်ကြီးသစ်
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ရုံးပိတ်ရက်အတွင်း ရန်ကုန်ကို သွားမယ်လို့ သိရပါတယ်။
ရန်ကုန်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဟာ ဒီလထဲမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဝန်ကြီးဦးအောင်ကြည် ရန်ကုန်ရောက်ခိုက် မြန်မာတိုင်းမ် (The Myanmar Times) ကို အင်တာဗျူးပေးမယ်လို့လည်း သိရပါတယ်။
Sithu Linn 

ပြန်ကြားရေး ၀န်ကြီးသစ်ရဲ့ ပထမ ခြေလှမ်း


ဧရာဝတီဘလော့ . ၃၁ရက်နေ့ သြဂုတ် ၂၀၁၂  —-  လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲကို SKY NET ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပြသခွင့် ရလိုက်ပါတယ်။ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်ရဲ့ ပထမ ခြေလှမ်းလည်းဖြစ်ပါတယ်။
ဒီအကြောင်းကို ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားထားပါ တယ်။
“၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေး ရန်သဘောတူ ထား ပါကြောင်းလည်းဖော်ပြထားပါတယ်။
အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ် လွှင့် ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။” လို့ ရေးသားထားပါတယ်။
အိမ့်သံစဉ် 

မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ရခိုင်လူငယ် အသုဘ မလေးတွင် ပြုလုပ်


မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ရခိုင်လူငယ် အသုဘ မလေးတွင် ပြုလုပ် 


နိရဉ္စရာသတင်းဌာန . ၃၁ရက်နေ့ သြဂုတ် ၂၀၁၂  —–  မလေးရှားနှိုင်ငံတွင် မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ထားရာမှ သေဆုံးသွာသူ  ရခိုင်လူငယ် တစ်ဦ၏ အသုဘကို သြဂတ်စ်၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု  သတင်း ရရှိသည်။
“ သူ့ကို  ဂျိုးဟိုး ဆေးရုံးကြီးမှာ အတွင်းလူနာ အဖြစ် နှစ်လကျော်  ဆေးရုံ တင်ထားရာကနေ သြဂတ်စ်လ ၂၄ ရက်နေ့မှာ ဆုံးသွားပါတယ်။ သြဂတ်စ်လ ၂၉ ရက်နေ့မှာတော့ ဒီဂျိုးဟိုး မှာဘဲ သဂြိုလ်လိုက်ပါတယ်” ဟု သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ  ကိုထွန်းဝင်းက ပြောသည်။
မြန်မာပြည်ဖွား ဘင်္ဂလီများ၏ တိုက်ခိုက်မူကြောင့် သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်  သံတွဲမြို့ နယ် စပါးတန် ကျေးရွာမှ ဦးဖြူလှအောင်၏ သား  အောင်ဇော်မိုး အသက်၂၄ ဖြစ်သည်။
“ ဖြစ်တာက  ၆ လ ပိုင်း ၁၁ ရက် နေ့ မှာ ဖြစ်တာပါ။ ဂျိုဟိုပြည်နယ် ကိုတာသိမ်ဂိမ်က အိမ်မှာ နေနေတဲ့ အချိန်မှာ ပထမတော့ လူနှစ်ယောက် ကျနော်တို့  နေတဲ့ အိမ်ကို တံခါး လာခေါက်ပါတယ်။ မြန်မာ လူမျိုးပါဆိုပြီး ရခိုင်လို အေးအေးဆေးဆေးပြောပြီး အိမ်ထဲကို ၀င်လာ ပါတယ်။ အိမ်ထဲမှာ စကား ပြောချင်ပါတယ်- ၀င်ပါရစေနော်ဆိုပြီး ပြောပါတယ် ။ စကားတွေ ပြောရင်းနဲ့  တစ်ယောက် က အိမ်သာသွားချင်တယ်ဆိုပြီး  အိမ်သာထဲ ၀င်သွားပါတယ်။ အိမ်သာထဲကနေ ဖုန်းခေါ်သံ ကြားရ ပါတယ်။ သိပ်မကြာပါဘူး။ လူအုပ်စု တစ်စု ရောက်ရှိလာပြီး. တုတ်တွေ ဓါးတွေနဲ့ ကျနော်တို့ကို စတင် တိုက်ခိုက်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေ အကုန်ဝင် ရိုက်ပါတယ်။ မင်းတို့  ရခိုင်တွေ ကို အကုန် အပြတ် ရှင်းမယ်ဆိုပြီး အကုန်ရိုက်သတ်ပါတယ်။ ကိုအောင်ဇော်မိုး အပါအ၀င် သုံးယောက်ကတော့ အပြင်းအထန် ဒဏ်ရာရှိသွားခဲ့ပါတယ်″ ဟု ကိုထွန်းဝင်းပြောသည်။
သူတို့အထဲမှကိုအောင်ဇော်မိုးနှင့် နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဂျိုဟိုပြည်နယ် ဆေးရုံကို တင်ပို့ခဲ့ရာမှ ကိုအောက်ဇော်မိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် နှစ်လကျော်အကြာ သြဂတ်စ်လ ၂၄ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။
ခိုင်ဦးမောင် (မလေး)

မြေပုံမြို့ တွင် ညဉ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်ပွား


မြေပုံမြို့ တွင် ညဉ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်ပွား 


နိရဉ္စရာသတင်းဌာ . ၃၁ရက်နေ့ သြဂုတ် ၂၀၁၂ —- ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား  အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့်  ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှ ဆင့်ကာ ဆင့်ကာ ထွက်လာသဖြင့် လူများမှာ ကြောက်လန့်ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ်ခတ်သွားခဲ့သည်ဟု ဆိုသည်။
“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့ သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်ခတ်သွားခဲ့ပါတယ်။ တညဥ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။
မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း  သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ ဈေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနားတွင် လုံခြုံရေး ယူထားကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့် ပြည်သူများကို အထူး အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း သတင်းများ ရရှိသည်။

မြန်မာ – တရုတ် ရေနံနှင့် ဂစ်ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး


မြန်မာ – တရုတ် ရေနံနှင့် ဂစ်ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး 


Arakan Times, 31August 2012  —-  ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကာရီရှိ မြေအောက်မှ ရေနံနှင့် ဂစ်ပိုက်လိုင်းအား နှစ်မြှုပ်သွယ်တန်းရာ တာတမံတစ်ခုလုံး အတွင်းတွင် ဆားငန်ရေများ လွှမ်းမိုးနေခြင်းကြောင့် စပါးစိုက်ပျိုးမြေဧက (၂၀၀၀)ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ကျေးရွာ (၁၁)ခုမှ အိမ်ထောင်စု (၁၆၁)စု လုပ်ကိုင်စားသောက်နေသော ကပိုင်ချောင်းကာရီ စပါးစိုက်ပျိုးမြေ (၁၈၂၄) ဧကမှာ ဆားငန်ရေး လွှမ်းမိုးနေခြင်းကြောင့် ယခုနှစ်တွင် စပါးစိုက်ပျိုး၍ မရတော့ကြောင်း မြို့ချောင်းမှ လယ်သမားတစ်ဦးကပြောသည်။
” အိန္ဒိယတွေက လွန်ခဲ့တဲ့ ၂၀၁၁၊ ၉ လပိုင်းက စပြီးတော့ မဒေးကျွန်းကနေ၊ ကပိုင်ချောင်းကာရီကို ဖြတ်ပြီးတော့ ပိုက်လုံးတွေ သွယ်တန်းတယ်။ ပိုက်လုံးသွင်းလိုက်တာကြောင့် တာဘောင်တွေ ပျက်စီးသွားတယ်၊ မိုးရသီ စပါးစိုက်ပျိုးချိန်ရောက်တော့ လယ်ကွင်းထဲမှာ ဆားငန်ရေတွေ လွှမ်းမိုးနေတာကြောင့် အခုထိ စပါးစိုက်လို့ မရတော့ဘူး။ “ ဟု အဆိုပါ လယ်သမားက ပြောသည်။
လယ်သမား (၁၆၁) ဦးမှာ ကပိုင်ကာရီကို အဓိကစီးပွါးရေးအဖြစ် လုပ်ကိုင်ကြရာ ယခုနှစ်တွင် စပါးမစိုက်ပျိုးရခြင်းကြောင့် နောက်လာမည့်နှစ်များအတွက် လူဦးရေ (၇၀၀) ခန့်၏ စားဝတ်နေရေးကို ထိခိုက်လာနိုင်သည်ဟု သိရသည်။
” ဒီဆည်ကို ကျနော်တို့ဘိုးဘွားတွေ လက်ထက်ကပင် လုပ်ကိုလာကြတာ၊ မိသားစုရဲ့ အဓိက စီးပွါးရေးအဖြစ် လုပ်ကိုင်ကြတာဖြစ်တယ်။ လယ်သမားတွေဆိုလည်း ငါးရှာ၊ ကွန်ပစ် တစ်နေ့ရှာ တစ်နေ့စားနေကြတယ်။ အခုလို စပါးမစိုက်ရတော့ လယ်သမားတွေအတွက် အများကြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ “ ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။
ယခုကဲ့သို့ စပါးမစိုက်ပျိုးရကြောင်းကို လယ်သမားများက မြို့နယ်(မရက) နှင့် ခရိုင်ရုံးများသို့ သုံးကြိမ်တိုင်တိုင် သွားရောက် အကြောင်းကြားသော် တစ်စုံတစ်ရာထူးခြားမှု မရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ကပိုင်ချောင်းကာရီမှ ထွက်ရှိသောစပါးအား မင်းချောင်းကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ တံခွန်ကျေးရွာ၊ ကျောက်ခမောင်းကျေးရွာ၊ ဂြင်ကြီးကျေးရွာ၊ ကပိုင်ချောင်းကျေးရွာ၊ ပန်းတောပြင် အရှေ့ဖက်ကျေးရွာ၊ ပန်းတောပြင် အနောက်ဖက်ကျေးရွာ၊ လမန်တောကျေးရွာ၊ ကျတဲ ကျေးရွာနှင့် ကန်တော့ကျေးရွာရှိသော လူဦးရေ ၃၀၀၀ နီးပါး စားသုံးကြကြောင်း သိရသည်။
ကပိုင်ချောင်းကာရီ လယ်သမားများမှာ စပါးစိုက်ခင်များပျက်စီးသွားခြင်းကြောင့် တစ်နှစ်တာအတွက် မြန်မာကျပ်ငွေ သိန်း ၃၂၄၀၀ (သုံးသောင်း နှစ်ထောင် လေးရာ)ခန့် တန်းဖိုးဆုံးရှုံးသွားရာ လယ်သမားများက အဆိုပါ လျှော်ကြေးငွေအား ရရှိလိုပြီး ပျက်စီးသွားသော တာတမံအားပြန်လည် ဆည်ဖို့ပေးရန်နှင့် လက်ရှိသွယ်တန်းထားသော ပိုက်လိုင်းလမ်းကြောင်းအား အခြားမြေလွတ်နေရာသို့ ပြောင်းရွှေ့ပေးစေလိုကြောင်း သိရသည်။
ကပိုင်ချောင်းကာရီအပြင် ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် အခြားနေရာများရှိ စပါးစိုက်ခင်းများ ထိခိုက်၊ ပျက်စီးနေကြောင်းကို အဆိုပါရွာသားက ဆက်ပြောသည်။
” အခုလို ပိုက်လိုင်းသွယ်တန်းတာကြောင့် ကျနော်တို့ ဒေသမှာ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်၊ ကပိုင်ချောင်းကာရီအပြင်၊ အခြားနေရာတွမှာလည်း ပိုက်လိုင်းလမ်းအတွက် မြေတွေတူးပြီး လမ်းဘေးမှာ ပုံထားတဲ့မြေတွေက မိုးရွာတော့ မြေတွေပြိုကျကြီး ပတ်ဝန်းကျင်က စပါးခင်းတွေကို ဖုံးဖိသွားလို့ စပါးစိုက်ခင်းတွေ ပျက်စီးစွားတယ်။ “ ဟု ၎င်းက ပြောသည်။
မင်းချောင်း၊ ဂြင်ကြီးနှင့် ပန်းတောပြင် အုပ်စုတို့မှာ မြန်မာ – တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်း စီမံကိန်း၌ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနက်ဆိပ်ကမ်းမှ အမ်းမြို့သို့ ပိုက်လိုင်းနှစ်ခု ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်တွင် ရှိနေသည်။
ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းတွင် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို အိန္ဒိယကုမ္ပဏီ ((Punj Lloyd PTE Co.,Ltd)မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။
Written by ဇင်ကီး

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။