Saturday, September 22, 2012

ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုကို အရေးယူပါက ဥပဒေအရ ရင်ဆိုင်သွားမည်ဟု ဦးဆောင်သူပြော


ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုကို အရေးယူပါက ဥပဒေအရ ရင်ဆိုင်သွားမည်ဟု ဦးဆောင်သူပြော 

စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေမှုအပေါ် အစိုးရအာဏာ ပိုင်များ အရေးယူဖမ်းဆီးမည်ဆိုပါက တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း စီတန်းလှည့်လည်ပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် NEW GENERATION WAVE မှ ကိုမိုးသွေးက ပြောကြားလိုက်သည်။

အစိုးရအာဏာပိုင်များမှ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၅နာရီက ရန်ကုန်တိုင်း ရဲမှူးရုံးတွင် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးမြင့်ထွေးမှ ခွင့်ပြုချက်မရရှိဘဲ စီတန်းလှည့်လည်နေမှုနှင့် ပါဝင်သူများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ပြောဆိုခဲ့မှုအပေါ် ကိုမိုးသွေးက တုန့်ပြန် ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့က ဘာသာရေး အဓိကရုဏ်းဖြစ်အောင်၊ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ပြီး လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာပါ။ အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုချက်မပေးဘူး။ နောက်ပြီးတော့ ဖမ်းဆီး မှုတွေ လုပ်နေတယ်။ အဲဒီလိုအရေးယူမယ်ဆိုရင် တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားမယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုများကို အာဏာပိုင်များထံ အဆင့်ဆင့် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မပေးသည်ကိုကြည့် လျှင် ပြည်သူလူထုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမရှိရေး နည်းမျိုးစုံနှင့် ကန့်သတ်နေသည့်သဘောပင် ဖြစ်ကြောင်း ကိုမိုးသွေးက ဆက် လက် ပြောဆိုသည်။
စက်တင်ဘာလ ၂၁ရက်နေ့က တိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများ၊ လူမျိုး ဘာသာပေါင်းစုံ ပါဝင်သော အင်အား ၂,၀၀၀ ၀န်းကျင်ခန့် သည် ရန်ကုန်မြို့တော်ခမ်းမရှေ့ရှိ ဧမာနွေလ ဘုရားကျောင်းရှေ့၌ နံနက် ၁၀နာရီခွဲတွင် စုဝေးခဲ့ရာ အာဏာပိုင်များက လူစုခွဲပေးရန် ပြော ဆိုခဲ့သော်လည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုမှာ အင်းယားကန်ဘောင်တွင် ပြန်လည်စုဝေးပြီး ညနေ ၆နာရီတွင် ပြီးဆုံးသွားခဲ့သည်။
ထိုသို့ ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည်နေသည်များကို အရေးယူမည်ဟု ပြောဆိုမှုများ ရှိနေသည့်အပေါ် ပါဝင်သူများအနေဖြင့် များစွာ စိုးရိမ်ပူပန်မိကြောင်း စီတန်းလှည့်လည်မှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ကရင်အမျိုးသမီး နော်စူစဲနာလှလှစိုးက “နိုင်ငံတော် သမ္မတကြီးက ငြိမ်းချမ်းရေးရရှိအောင် ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေတဲ့အပေါ် နိုင်ငံ သားတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီလိုမျိုးလုပ်ဆောင်လို့ ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိတယ်”ဟု Eleven media group တွင် ပြောဆိုထားသည်။
အဆိုပါ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ပါက ထောင်ဒဏ် ၁နှစ် သို့မဟုတ် ဒဏ်ငွေ တစ်သောင်း ကျပ် ပြစ်ဒဏ်ခံရနိုင်ပြီး ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး တစ်ပေါင်းတည်း ကျခံရနိုင်ဖွယ်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ရဲမှူးကြီးက ပြောဆိုသွားခဲ့သည်ဟု သိရသည်။
ထို့အပြင် စီတန်းလှည့်လည်ပွဲတွင် ပါဝင်သူများက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကျောက်တိုင်အား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ညနေ ၄နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား  PDF Print
Sunday, 23 September 2012 01:27
AddThis Social Bookmark Button

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့ တရုတ်နိုင်ငံ နန်နင်းမြို့၌ တွေ့ဆုံဆွေးနွေးနေစဉ် Photo:Xinhua
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က တရုတ်ဒုတိယသမ္မတ Xi Jinping နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ရိုက်တာနှင့်ဆင် ဟွာသတင်းတို့တွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အကူးအပြောင်းကာလအတွင်း ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ရေးကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၏ တရုတ် ပေါ်လစီသည် မပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်ဟု အဆိုပါသတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှမေ့မည်မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တစ်လျှောက်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ထောက်ခံကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦးမှု ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ချ မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသည်။
ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြုလုပ်လာကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာစေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြသည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(နန်နင်း)နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ပထမအကြိမ်ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။
ယခုခရီးစဉ်ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလနောက်ဆုံးပတ်တွင် သွားရောက်ရန် စီစဉ်ထားသည်။
 

Comments 

+9 #5 KO KYAW - BUTALIN 2012-09-23 11:36
တရုတ်ထောက်ပံ့မှုကိုရွံရှာမုန်းတီးစက်ဆုတ်သူများတွင် ကျနော်တို့ ပါဝင်ပါသည်။ စိတ်ကောင်းနှလုံးကောင်းနှင့်ပေးသောအကူအညီများမဟုတ် မြန်မာပြည်သူတို့ အားစစ်ဖိနပ်အေားပိပြားနေရန်နှင့် တရုတ်စိတ်ကြိုက်ခြံထဲကကြက်ပမာအချိန်မရွေးရိုက်စားနိုင်ရန်မွေးမြူခြင်းဟုသာမြင်ပါသည်။ လုံးဝ လုံးဝ ကျေးဇူးမတင်ပါ။ အသဲနာအောင်ရွံပါသည်။
+22 #4 naythurein 2012-09-23 10:25
တရုတ်နိုင်ငံ၏ကာလကြာရှည်ထောက်ပံ့မှုကိုမမေ့ဘူးဆိုတဲ့စကားဟာမြန်မာပြည်သူများကိုကိုယ်စားမပြုပါ
အဲဒီထောက်ပံ့မှုတွေကြောင့်မြန်မာပြည်ကြီးကိုအောက်ပါအတိုင်းဖြစ်သွားစေပါတယ်၊
(၁)စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်သွားခြင်း၊(ဒီလိုသက် ဆိုးရှည်သွားလို့ပြည်သူများခံစားရတဲ့အကျိုး
ဆက် ကတော့ရေးလို့မကုန်နိုင်ပါ)
၂) မြန်မာပြည်တွင်းခရိုနီလူတန်းစားများပေါ် ထွက်
လာ ပြီးလူတန်းစားကွာဟမှုအဆမတန်ကြီးမား
သွားခြင်း၊
၃)မြန်မာပြည်သူများပိုင်ဆိုင်တဲ့သယံဇာတများကိုပြည်
သူများစံစားရဘဲတရုတ်လက်ထဲသို့အောက်ဈေးနဲ့
လွယ်လွယ်ကူရောက်သွားခြင်း၊
၎) သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုဒါဏ်ကြောင့်သား
စဉ်မြးဆက်အတိဒုက်ခရောက်စေမယ့်၊ကျင့်ဝတ်မ
ရှိ တဲ့သယံဇာတတူးဖေါ်ရေးလုပ်ငန်းများပေါ်ထွက်
လာခြင်း၊
၅) မြန်မာပြည်ကိုထက်ခြမ်းပိုင်းလိုက်တဲ့ကျောက်ဖြူ
ကူမင်းရထားလမ်း၊ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း
ကြောင့်တန်ဖိုးရှိတဲ့မြေယာများစွာပေးဆပ်လိုက်
ရခြင်း၊(အဲဒီအကျိုးဆက်ကလာအုံးမယ်ရေး
လို့ကုန်နိုင်မှာမဟုတ်ပါ)
၆) အရည်အသွေးမရှိအသုံးဆောင်ပစည်း၊စားသောက်
ကုန်များအတားဆီးမဲ့ဝင်ရောက်လာတာကြောင့်
မြန်မာပြည်သူများအဆိပ်မျိုနေရသလို
ဝယ်ယူသုံးစွဲစားသောက်နေရခြင်း၊
၇) အရှေ့မြောက်ဝင်ပေါက်ကနေအထိန်းချုပ်မဲ့စိမ့်ဝင်
လာနေတဲ့လူမျိုးရေးဝါးမျိုမှု၊စီးပွားရေးဝါးမျိုမှုတွေ
ကြောင့်ရန်ကုန်၊မန်းလေးနဲ့စက်မှုဇုံမြေကွက်များ
အဆမတန်ဈေးနှုန်းမြင့်တက်သွားခြင်း၊
အစရှိတဲ့မင်္ဂလာရှိလှတဲ့ကောင်းကျိုးအဖြာဖြာကိုမြန်မာ
ပြည်သူများအလူးအလှိမ့်ခံစားနေကြရပါကြောင်း
တင်ပြလိုက်ပါတယ်။
+8 #3 Ta Pyay Thu Ma Shwe Hta 2012-09-23 10:01
Quoting casperchitoo:
ကျွန်တော် မှတ်ထားသလောက်ဆိုရင် တရုပ်က မြန်မာအစိုးရနဲ့ဆက်ဆံ ရင် ဒုတိယအဆင့်ရှိသူကိုပဲ အသုံးပြုတယ်...
ဒါကဘာကိုပြသလဲဆိုရင် အဆင့်မရှိသော အစိုးရဆိုတာကို ပြတာလို့ ထင်တယ်၊ နှိပ်ချပြီးဆက်ဆံတယ်လို့ ထင်တယ်...
ပြည်သူ့အစိုးရမဟုတ်သော မြန်မာ့အစိုးရအဆက်ဆက်က အဆင့်အတန်းမှ မရှိတာပဲလို့ပဲ မှတ်ယူရတော့မယ်....ဒါဆို သိန်းစိန်ကို ပေးတဲ့ဒေါက်တာဘွဲ့ကရော?
ဘယ်လောက်အဆင့်မှီတဲ့ ကျောင်းလဲ ဆိုတာ ရှာကြည့်ရဦးမယ်...

The Lady was warmly received by the USA President Obama (the world super power country no matter how they are criticized and the rest of the world leaders in service or not in service) during her trips. According to the diplomatic protocol, U Thein Sein should be received by the President of China unless this one has a very good excuse.
Needless to say, the honorary doctor/ piece of paper is as as worthy as the paper from the fake University bought by U Khin Shwe.
+10 #2 casperchitoo 2012-09-23 09:44
ကျွန်တော် မှတ်ထားသလောက်ဆိုရင် တရုပ်က မြန်မာအစိုးရနဲ့ဆက်ဆံ ရင် ဒုတိယအဆင့်ရှိသူကိုပဲ အသုံးပြုတယ်...
ဒါကဘာကိုပြသလဲဆိုရင် အဆင့်မရှိသော အစိုးရဆိုတာကို ပြတာလို့ ထင်တယ်၊ နှိပ်ချပြီးဆက်ဆံတယ်လို့ ထင်တယ်...
ပြည်သူ့အစိုးရမဟုတ်သော မြန်မာ့အစိုးရအဆက်ဆက်က အဆင့်အတန်းမှ မရှိတာပဲလို့ပဲ မှတ်ယူရတော့မယ်....ဒါဆို သိန်းစိန်ကို ပေးတဲ့ဒေါက်တာဘွဲ့ကရော?
ဘယ်လောက်အဆင့်မှီတဲ့ ကျောင်းလဲ ဆိုတာ ရှာကြည့်ရဦးမယ်...
+63 #1 Hercules 2012-09-23 01:58
Quote:
ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှမေ့မည်မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။


မြန်မာပြည်သူများအနေဖြင့် ဆိုတဲ့နေရာမှာ မြန်မာစစ်အစိုးရအနေဖြင့်လို့ ဖြေမှ အောင်မှတ်ရမှာ ဦးသိန်းစိန်ရဲ့။ ကဲ ခုတော့ စာမေးပွဲကျပြီ။

ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်


ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်   PDF Print
Sunday, 23 September 2012 11:05
AddThis Social Bookmark Button
မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း လျာထားပုံစံအကြမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။
ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။
အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနေပြီဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေသည်ဟု စီးပွားရေးအသိုက်အ၀န်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟိုစီးပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။
ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေ၀န် ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အကျယ်အ၀န်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ်ရှိ ကျောက်ရေတွင်း ဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။
အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ်ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံများမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အ ဆိုပါစီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက်တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ


အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ  


နိရဉ္စရာသတင်းဌာန. ၂၂ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမားများက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ အများဆုံး လာရောက်အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။
ယခုအခါ အင်ဒိုနီးရှား ထောက်လှမ်းရေး တပ်ဖွဲ့မှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်လာနိုင်မည့် သတင်းအချက်အလက်များကို စုဆောင်းနေသည်ဟု ပြောသည်။
ရရှိထားသော သတင်းအချက်အလက်များကို ယခု အခါ လေ့လာ သုံးသပ်နေပြီး ရရှိထားသာ အချက်အလက်များမှာ တိုက်ခိုက်မည့် အစီအစဉ်မျိုး ရှိနေသည်ဟု မပြောနိုင်သေးကြောင်း Adi Widjara ပြောသည်။
ယူနက်စကို (UNESCO ) မှ ကမ္ဘာ အမွှေအနှစ် အဖြစ် သတ်မှတ်ထားသော  ဘိုရိုဘိုဒါ ဘုရားကျောင်းအား ၁၉၈၅ နှစ်က တစ်ကြိမ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မူအား အကြမ်းဘက် အဖွဲ့  Ibrahim (or)  Mohammad Jawad alias Kresna  အဖွဲ့ ပြုလုပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်  ၉ဆူပျက်စီးခဲ့ ရသည်ဟု သိရသည်။
ထွန်းထွန်း

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို၊ နှစ်သိန်းတန်ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင် ရောင်းချပြီးနောက် ကျပ်ငွေ ဘီလျံ ၁၆၀ ရရှိပြီးဖြစ်ရာ ဈေးနှုန်းမလျှော့ခြင်းသည် ဆက်သွယ်ရေးနှင့် ခရိုနီများအတွက်သာဖြစ်ပြီး ပြည်သူများ ထိခိုက်စေသောလုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်ပေါ်


နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို၊ နှစ်သိန်းတန်ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင် ရောင်းချပြီးနောက် ကျပ်ငွေ ဘီလျံ ၁၆၀ ရရှိပြီးဖြစ်ရာ ဈေးနှုန်းမလျှော့ခြင်းသည် ဆက်သွယ်ရေးနှင့် ခရိုနီများအတွက်သာဖြစ်ပြီး ပြည်သူများ ထိခိုက်စေသောလုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်ပေါ်  PDF Print
Sunday, 23 September 2012 10:53
AddThis Social Bookmark Button
GSM ဖုန်းများ ကိုနှစ်သိန်းကျပ်သို့ ပြောင်းလဲရောင်းချစဉ် စောင့်ဆိုင်းဝယ်ယူနေကြသူများကို ဧပြီလအတွင်းက တွေ့ရစဉ်
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ 
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim  Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA  ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။
ထိုသို့ ရောင်းချပေးခဲ့ပြီးနောက်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်၊ ငွေကျပ်နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင်ခန့်ကို အများပြည်သူထံသို့ ရောင်း ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်)မှ သိရှိရပါသည်။
ထို့ကြောင့် ငွေကျပ်နှစ်သိန်းတန် ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၁၆၀၊ နှစ်သိန်းငါးသောင်းတန် WCDMA  ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင် ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ငွေဘီလျံပေါင်း ၂၁၀ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးအတူပူးပေါင်း လုပ်ဆောင်သည့် ကုမ္ပဏီများမှ ရရှိကြမည်ဖြစ်သည်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း၏ ပထမနှစ် စီမံကိန်း မိုဘိုင်းဖုန်းအလုံး ရေလေးသန်းအတွက် အခြေခံအဆောက် အအုံများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူတင်သွင်းခြင်း စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းလုံးရေ လေးသန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှုငွေကျပ် ဘီလျံ ၅၀၀ ရှိချိန်တွင် မိုဘိုင်းဖုန်း  အလုံးရေတစ်သန်းအတွက် ရင်းနှီးမြှုပ်နှံစရိတ်မှာ ငွေကျပ် ၁၂၅ ဘီလျံ ခန့် ပျမ်းမျှကုန်ကျမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် ရရှိငွေမှာ ကျပ်ငွေဘီလျံ ၂၁၀ ရှိသည့်အတွက် အမြတ်ငွေ ကျပ် ၈၅ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါ အသားတင် အမြတ်ငွေ ၈၅ ဘီလျံ သည် ၂၀၁၂ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း ရရှိခဲ့သော ငွေပမာဏမျှသာ ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းဖုန်း အလုံးရေ ခုနစ်သိန်းခုနစ်သောင်းအတွက် အင်တာနက် တပ်ဆင်ပေးခဲ့ခြင်းအတွက် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံကိုလည်း ယခုနှစ်ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိထားခဲ့ပါသည်။

Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ်အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများမှာ ရတနာပုံတယ်လီပို့နှင့် Elite နှင့် Asia Mega Link(Asia World ကုမ္ပဏီ၏လုပ်ငန်းခွဲ) အစရှိသော ကုမ္ပဏီများမှ အဓိကလုပ်ဆောင် နေပြီး Global တယ်လီဖုန်းကုမ္ပဏီ၊ Zaw & Zaw ကုမ္ပဏီ၊ မြန်မာပိတောက်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ IGE  ကုမ္ပဏီ၊ အောင်ချမ်းသာ ရောင်းဝယ်ရေးကုမ္ပဏီ၊ တာမိုးညဲချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်၊ Fortune ကုမ္ပဏီ၊ Active Business Consol-idation Service ကုမ္ပဏီလီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သြဂုတ်လအတွင်းက ရရှိခဲ့သော စာရင်းများအရ သိရှိရသည်။
အဆိုပါ ကုမ္ပဏီများတွင် ရတနာပုံတယ်လီပို့သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်ပါသည်။ Elite Tech ကုမ္ပဏီမှာ ထူးကုမ္ပဏီပိုင်လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။
''Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ့် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ်  ၃၀၀၀ မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ် ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ် အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ ဆက်သွယ်ရေးလုပ်ငန်း၊ သူတို့နဲ့ နီးစပ်ရာ crony ကုမ္ပဏီအချို့ပဲ ကြီးပွားအောင်လုပ်ပေးနေတဲ့သဘော ဖြစ်နေပါတယ်''ဟု ပြည်တွင်းရှိ အိုင်တီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိသွားနေသည့် ပုံစံမှာမူ ယခင်အစိုးရလက်ထက် ပုံစံများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းကို လည်ပတ်နေသည့် အခြေအနေတွင်သာရှိနေပြီး သိသာသောပြောင်းလဲမှု ပုံစံသစ်များ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် အမြတ်ငွေများ ရရှိနေသည့်တိုင် ဖုန်းဈေးနှုန်း လျော့ချမပေးနိုင်သေးသည့် အခြေအနေက သာဓက တစ်ခုဖြစ်နေကြောင်း သိရသည်။
''ဖုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လွှတ်တော်မှာ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါက ဆက်သွယ်ရေးမှာ ချုပ်ကိုင်မှုတွေများနေတဲ့ကိစ္စ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဖို့ကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍမှာ Puplic ကုမ္ပဏီတွေထူထောင်ပြီး ဆောင်ရွက်ဖို့ကိစ္စ တွေကို မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့တာပါ။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Sim Card ပေါ်မှာ အရင်းကြေပြီး အမြတ်ရတဲ့အထိ စဉ်းစားပြီးဆောင်ရွက်နေလို့ အခုလို ဖြစ်နေတာပါ။ ဆက်သွယ်ရေးကဏ္ဍအတွက် တာဝါတိုင်တွေ Network တွေဆောက်ရတယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံရတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ အစမှာတော့ ရင်းနှီးမြှုပ်နှံကြရတာပဲ။ နောက်ပိုင်း တဖြည်းဖြည်း အရင်းကျော်ပြီး အမြတ်ရလာကြတာပဲ။ ဒီမှာက အစကတည်းက အရင်းကြေပြီး အမြတ်လို ချင်နေကြတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
နိုင်ငံတော်သမ္မတကိုယ်တိုင်က အပြောင်းအလဲများ တိုးမြှင့်ဆောင်ရွက်ရန် ပြောထားသည့်အချိန်တွင်  ဖုန်းဈေးနှုန်းများကို လျော့ကိုလျော့ချပေးရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။
''နိုင်ငံတော်သမ္မတကြီးကလည်း အပြောင်းအလဲတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောနေတဲ့အချိန်မှာ ဖုန်းဈေးနှုန်းတွေက လျော့ကိုလျော့ချပေးရမယ့် အချိန်ပါ။ ဆက်သွယ်ရေး ဒုဝန်ကြီးဦးသောင်းတင် ပြောထားတဲ့စကား ရှိပါတယ်။ ဘတ်စ်ကားစီးတာ ဘတ်စကားစီးခပဲ ပေးဖို့လိုတယ်။ ဘတ်စ်ကားဝယ်စီးဖို့ မလိုဘူး။ အဲလိုပါပဲ ဖုန်းပြောတဲ့နေရာမှာ ဖုန်းကတ်ကိုဝယ်သုံးရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဆက်သွယ်ရေး network ဆိုတာ တစ်ခါလုပ်ထားပြီးရင် အကြာကြီး သုံးလိုရပါတယ်။ အခုခေတ်ပြောင်း စနစ်ပြောင်း ဖြစ်နေပါပြီ။ အခုရောင်းနေတဲ့ နှစ်သိန်းဆိုတာ ၁၅သိန်းနဲ့စာရင် နည်းလာပေမယ့် ဈေးနှုန်းတွေ ထပ်လျော့ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်''ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပါသည်။
''မိုဘိုင်းဖုန်း Sim Card များတွေကို နိုင်ငံတကာမှာ အလကားပေးနေတဲ့အချိန်မှာ ဒီမှာဈေးကြီးပေးပြီး မနည်းကိုမျော်ပြီး ၀ယ်နေရတဲ့ အပြင်ကို အခုပဲ တစ်သိန်းတန် ထွက်တော့မလိုလို ၅ ထောင်တန်ပဲ ထွက်တော့မလိုလိုနဲ့ ၀ယ်မဲ့သူတွေက ဟိုဟာစောင့်ရနိုးနိုး ဒီဟာပဲဝယ်ရ နိုးနိုးနဲ့ နောက်ဆုံးမစောင့်နိုင်တဲ့သူက နောက်ဆုံးတော့ အရစ်ကျနဲ့ရောင်းတာကို ၀ယ်တဲ့သူက၀ယ်နဲ့။ တစ်ဖက်ကလည်း အရစ်ကျနဲ့ ၀ယ်နေတုန်းရှိသေး ဒီထက်ဈေးနည်းတာက ထွက်လာ။ အခု နှစ်သိန်းတန်၊ ငါးသိန်းတန်ဖုန်းတွေ ၀ယ်ကိုင်ရတာလဲ အလုပ်လုပ်နေရတဲ့အတွက် မတတ်သာလို့ ၀ယ်သုံးရတာ။ မဟုတ်ရင် ဒီဖုန်းတွေက အားပေးချင်စရာတောင် မရှိဘူး''ဟု  နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုထက်လင်းစိုးက ပြောသည်။
''ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင်တော့ (မြန်မာ့ဆက်သွယ်ရေး) တစ်ခုတည်းဖြစ်နေသေးသရွေ့ အထူးသဖြင့် သူကလွဲလို့ ရွေးချယ်စရာ မရှိသေးသရွေ့ကတော့ သူလုပ်ချင်တိုင်း လုပ်တဲ့ဒဏ်တော့ ကျွန်တော်တို့ ခံနေရဦးမှာပဲ။ ဖြစ်သင့်တဲ့ အနေအထားတစ်ခုက Competitive Market   ဖြစ်လာဖို့က လိုကို လိုအပ်တယ်။ အဲဒါမရှိပဲကျတော့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က Competitive  Force ဖြစ်မလာခင်အချိန်လေးမှာ တတ်နိုင်သမျှ ကြိုသယ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်''ဟု Myanmar Link ကုမ္ပဏီ မှ CEO ကိုသီဟက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ်တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေ သော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီးဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။
ဆက်သွယ်ရေးဏ္ဍတွင် ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ၂၀၁၂ ခုနှစ်စက် တင်ဘာလ ၇ရက်နေ့၊ နေပြည်တော်ရှိ  မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှုသည်များစွာ နောက်ကျကျန်ရစ်ခဲ့ရာ လက်ရှိပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်သွားပါက ပို၍သာ နောက်ကျဖွယ်ရာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူတစ်ရာလျှင် တယ်လီဖုန်း ၆လုံး ၇လုံး သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ယခုထက် ပိုမိုသုံးစွဲနေကြောင်း၊ ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမှီ လိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
''ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀၀ တောင် မဟုတ်ဘူး။ ဆင်းကတ် အလကားဖြစ်ရမယ့်အပြင် ၀ယ်ယူသူတွေကို မိနစ် ၂၀၀ အလကား ဆက်ခွင့်ပြုတာမျိုး၊ ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကို ပြောင်းပစ်ဖို့ လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။ ဒီလိုပဲ ကွန်ပျူတာပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာသင်တန်းကျောင်းတို့ရဲ့ ပုံစံချင်း မတူပါဘူး။ ကွန်ပျူတာပစ္စည်း ရောင်းရင်းဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့် ကွန်ပျူတာသင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်း ကျေချင်လို့ မရပါဘူး။ ဒီသဘောပါပဲ။ မိုဘိုင်းဖုန်း ကုမ္ပဏီ အနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ''ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဒုတိယ၀န်ကြီး မဖြစ်မီ သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြောကြားထားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်သည့်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍကို Operator လေးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့မှ Operator နှစ်ခု ရယူမည်ဖြစ်ကာ ကျန်နှစ်ခုကို Tender စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပါသည်။ မိုဘိုင်းဖုန်းဈေးလျော့မှုတွင် အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခု လုပ်ငန်းလည်ပတ်ချိန်တွင် ဖြစ်လာနိုင်သည်ဟူသော သုံးသပ်မှုများရှိ နေသော်လည်း အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခုသည် ခရိုနီ (Croney) များကြီးစိုးသော ကုမ္ပဏီများသာ ရရှိခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသော မေးခွန်းများ ထွက်ပေါ်နေပါသည်။

အရှေ့တောင်အာရှ နိုင်ငံအချို့၏ ပြည်တွင်းဖုန်းခေါ်ဆိုခ
နှုန်းထားများ
နိုင်ငံ ကုမ္ပဏီ တစ်မိနစ်နှုန်းထား(US) အသုံးပြုသူ
စင်္ကာပူ Singtel ၀ .၀၇ ၃ .၁၆ သန်း
ဗီယက်နမ် Vinaphone ၀ .၀၆ ၄ .၉၆ သန်း
မလေးရှား Telestial ၀ .၁၁ ၃ .၅၆ သန်း
အင်ဒိုနီးရှား T-Mobile ၀ .၀၄ ၇ .၆၈ သန်း
ထိုင်း D-Tac ၀ .၀၆ ၂၃ .၂ သန်း
(မှတ်ချက် - ပျမ်းမျအမြင့်ဆုံး ခေါ်ဆိုခနှုန်းထားများဖြစ်ပြီး Service Plan ပေါ်မူတည်ကာ သက်သာသည့် နှုန်းထားများဖြင့်လည်း
ခေါ်ဆိုနိုင်မည်ဖြစ်သည်။)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။