Sunday, August 26, 2012

မဟာ မန္တလေးစီမံကိန်း၊ နေပြည်တော် စီမံကိန်း၊ ရတနာပုံ မြို့သစ်စီမံကိန်း၊ ခု မန္တလေးမြို့သစ် စီမံကိန်း


မဟာ မန္တလေးစီမံကိန်း၊ နေပြည်တော် စီမံကိန်း၊ ရတနာပုံ မြို့သစ်စီမံကိန်း၊ ခု မန္တလေးမြို့သစ် စီမံကိန်း

တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ... သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။
လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။
မန္တလေးမြို့ကြီး ပတ်ပတ်လည် ပရောဂျက်တွေကို နည်းတာမှ မဟုတ်ပဲ။ ခုလည်း တလောက မှိန်သွားတဲ့ မန္တလေးမြို့သစ် စီမံကိန်းပေါ့။ မန်းလေးမြို့နားမှာ မြို့ရွာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ၃ ခုတောင် ရှိနေတယ်။ ခု မန္တလေးမြို့သစ် စီမံကိန်းကြီးသာ လုပ်ဖြစ်ခဲ့ရင် ၄ ခုမြောက်ပေါ့။ CBဘဏ်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး တည်ဆောက်ဖို့ ရှယ်ယာတွေ ခေါ်နေတယ်ပေါ့။
မြို့တစ်မြို့တည်ဆောက်တယ်ဆိုတာ လွယ်တဲ့အလုပ်လို့ ထင်နေလို့လား၊ ဒါမှမဟုတ် မြေနေရာ လက်ညှိုးထိုးရောင်းစားရတာ အကျင့်ပါနေလို့လားတော့ မသိဘူး။ ဒီစီမံကိန်းကို ဘယ်လို စိတ်ကူးနဲ့ စီစဉ်လည်း မသိပေမယ့် အတော့်ကို ငွေပေါများနေပြီး အလုပ်အရမ်းလုပ်ချင်နေပုံ ရတယ်လို့ ထင်မိပါတယ်။ ဒါမှမဟုတ် မန်းလေးမြို့မှာ မြေဈေးကြီးတာကြောင့် မြေဝယ်လို့မရလို့များ ကြံမိကြံရာ ကြံသလားလို့ ထင်မိပါတယ်။ သိပ်တော့ မဖြစ်နိုင်ဘူးထင်တယ်။

မန်းလေးမြို့မှာ မြေဈေးတွေ အရမ်းကြီးတယ်။ ဟုတ်တာပေါ့ .. ကြီးပါတယ်။ ဘာလို့ ကြီးပါသလဲ။ ဒီကိစ္စကို အရင်အဖြေရှာဖို့ လိုပါတယ်။ ဒါဆို မြေဈေးဘာလို့ကြီးလဲ။ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းနေလို့ပါ။ ရှင်းရှင်းလေးပါပဲ။ ဘာတွေ ဝယ်ပြီး ဘာတွေရောင်းနေလို့လဲ။

မန်းလေးမြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်း ကုန်စည် ဖြန့်ဖြူးရေးမှာ အဓိက မြို့ကြီးဖြစ်ပါတယ်။ မင်းနေပြည်တော်ဟောင်း ဖြစ်သလို အဖက်ဖက်မှာ စိုက်ပျိုးရေးကောင်းတဲ့ မြေနေရာတွေ ရှိပါတယ်။ အပန်းဖြေလုပ်ငန်းနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေစရာနေရာတွေလည်း ပေါများပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်သလို တက္ကသိုလ်ကျောင်းများလည်း တည်ရှိပါတယ်။ မြန်မာ့အနုပညာတွေရဲ့ အမာခံမြို့တော်လည်း ဖြစ်ပါတယ်။ ဒီလိုမြို့တော်ကြီးမှာ နေထိုင်ချင်တဲ့သူတွေ မနည်းပါ။ အဲဒီတော့ ...

ဗိုလ်ချုပ်ထွန်းကြည်လက်ထက်မှာမန်းလေးလမ်း၈၀တလျှောက်အိမ်တွေအကုန်.တိုက်မဆောက်မနေရ ဆောက်ခိုင်းပါတယ်။ မဆောက်နိုင်တဲ့သူတွေ တော်တော်များများ အိမ်တွေကို ပေါင်နှံရောင်းချပြီး
မြို့သစ်တွေဘက်ကို ရွှေ့ကြရပါတယ်။ ခု တရုတ်ရွာလို့ ခေါ်ခေါ်နေတဲ့ မြေနေရာတွေကို ဗိုလ်ချုပ်တွေကို ချထားပေးတဲ့အတွက် ဗိုလ်ချုပ်ရွာရယ်လို့ ကနဦးအစ အမည်တွင်ခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်တွေအတွက် သီးသန့်ခြံကျယ်ကြီးတွေ မြေရိုင်းတွေ ပေးထားခဲ့ပြီး အဲဒီမြေနေရာတွေကို နောက်ပိုင်းမှာ တရုတ်တွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ပါတယ်။ တပြိုင်နက်ထဲမှာပဲ စိန်ပန်းက တွင်ခုံနဲ့ စက်မှုလုပ်ငန်းတွေ အားလုံးကို စက်မှုမြို့သစ်ဘက်ကို ရွှေ့ခိုင်းပါတယ်။ စက်မှုမြို့သစ်ကတော့ ဆည်တော်ကြီးရဲ့ ရေဝေရေလဲ ဧရိယာထဲမှာ ရှိတယ်လို့ ကြားဖူးပါတယ်။ အမေ လူထုဒေါ်အမာရဲ့ စကားအတိုင်းဆိုရင် မကြာခင်မှာပဲ မန်းလေးမြို့ကြီးဟာ နယ်စပ်တွေကနေ ဝင်လာတဲ့ တရုတ်တွေရဲ့ နယ်ချဲ့ခြင်းကို ခံရပါတော့တယ်။ တရုတ်တွေလက်ထဲမှာ ငွေဖြူငွေမည်း မသဲကွဲတဲ့ ငွေအလုံးအရင်း ပါလာပြီး မြို့ရဲ့ အဓိက မြေနေရာတော်တော်များများကို ဝယ်ယူလာခဲ့ပါတယ်။ နေဖြစ်တဲ့သူတွေ ရှိသလို မနေပဲ တိုက်ကြီးဆောက်၊ ခြံပိတ်ထားပြီး ပြန်ရောင်းဖို့ ဖြစ်စေ၊ အနာဂတ်ကာလမှ နေထိုင်ဖို့ ရည်မှန်းပြီးဖြစ်စေ ဝယ်ယူထားတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် သိပ်မကြာသေးတဲ့ ကာလကစပြီး မန်းလေးမှာ မြေအရောင်းထက် မြေအဝယ်တွေ များလာပါတယ်။ မြို့ခံတွေအများစုဟာ ကျပ်တည်းတဲ့ စီးပွားရေးနဲ့ မတရားဂုပ်သွေးစုတ် ဖိနှိပ်မှုဒဏ်ကြောင့် မြို့ထဲကို စွန့်ခွာပြီး မြို့သစ်ဖက်ကို ရွှေ့သွားကြပါတယ်။ ကျန်တဲ့သူတွေလည်း ကျန်နေခဲ့သပေါ့။ ဒီကြားထဲ မန်းလေးမြို့ရဲ့ မဟာရန်သူတော်ကြီးဖြစ်တဲ့ မီးဘေးကြောင့် အတော်များများဟာ ပိုမို ဆင်းရဲကြပ်တည်းလာခဲ့ပါတယ်။ ဒါကြောင့် မြေတွေ တော်တော်များများဟာ နယ်စပ်က ဝင်ရောက်လာတဲ့ တရုတ်တွေလက်ထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မန်းလေးမြို့သစ်ကြီးဟာ စတင်စည်ကားလာခဲ့ပါတယ်။
ဒီကြားထဲ နယ်တွေမှာ လယ်တွေအသိမ်းခံရပြီး ဒုက္ခရောက်ကြတဲ့ သူတွေဟာ သူတို့ရပ်တည်ဖို့ နေရာတစ်ခု ရလိုရငြား နီးစပ်ရာ မြို့ကြီးတွေကို တက်လာခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ မန်းလေးမြို့သစ်ကြီးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာခဲ့သလို မြို့တွင်းနေရာတွေဟာလည်း ပညာရေး ဗဟိုချက်တွေ ဖြစ်တာကြောင့် တဖြည်းဖြည်းနဲ့ မြေဈေးတွေ တက်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ စစ်အစိုးရမင်းများရဲ့ စိတ်ကူးယဉ်မြို့တော်ကြီး တည်ဆောက်ဖို့ ရည်မှန်းချက်ကြောင့် နေပြည်တော် စီမံကိန်းကြီး စတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်ချအပြီးမှာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ Data Center တွေကို ကာကွယ်ဖို့နဲ့ ခေတ်မီဆိုင်ဘာ မြို့တော်ကြီး တည်ဆောက်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ မေမြို့အတက် ၂၁ မိုင်အလွန်မှာ ရတနာပုံ ဆိုင်ဘာမြို့တော်ကြီးကို တည်ဆောက်ပြန်ပါတယ်။ ဆိုင်ဘာမြို့တော်ကြီးမှာ နေပြည်တော်လိုပဲ Shopping Mall ဇုန်တို့ ဟိုတယ်ဇုန်တို့ကို ကားချပ်ကြီးတွေနဲ့ ပုံစံချပြထားတဲ့ ဆိုင်းဘုတ်ကြီးတွေ ရှိပေမယ့် ခုချိန်မှာတော့ ဆက်သွယ်ရေးနဲ့ အခြား စက်ရုံတွေက ဝန်ထမ်းတွေရယ်၊ MCC က တက္ကသိုလ်တစ်ခုရယ်ကလွဲပြီး လာနေတဲ့သူတွေ မရှိသေးပါဘူး။
အဲဒီအချိန်မှာပဲ ဂျပန်အထောက်အပံ့နဲ့ လည်ပတ်မယ့် မဟာမန္တလေးစီမံကိန်းကြီးကလည်း စတင်လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ရဲသိပ္ပံကွင်းနားက ရဲရိပ်သာတွေနဲ့ ပတ်ဝန်းကျင်တွေကို ဂျပန်အကူအညီနဲ့ ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံကြီး တည်ဆောက်ခဲ့ပါတယ်။ ကျန်တဲ့အပိုင်း အောင်မြင်မှု ရမရ မသိပေမယ့် ကလေး ဆေးရုံကြီးကတော့ အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ မဟာမန္တလေးစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပေမယ့် မြို့တွင်းမှာ ရှိတဲ့ လမ်းတွေကို ပြုပြင်ခြင်း၊ မီးလိုင်းအသစ်များ ဆွဲခြင်း၊ ဆက်သွယ်ရေးက နေပြီး တစ်မြို့လုံး WiFi ရရှိစေဖို့ ဆောင်ရွက်နေခြင်းတွေကိုတော့ မြင်တွေ့နေရပါတယ်။ ကားသစ်တွေ တင်သွင်းခွင့်ပြုပြီး နောက်ပိုင်းမှာ ပိုမို ပိတ်ဆို့လာတဲ့ လမ်းကြောတွေကိုလည်း တိုးချဲ့တာတွေ ပြုလုပ်နေတဲ့အတွက် အထိုက်အလျောက် အောင်မြင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
သို့ပေမယ့် မန္တလေးမြို့ကြီးဟာ မြို့သစ်ကြီးတစ်ခုအဖြစ် တည်ဆောက်နေဆဲ ကာလပဲ ဖြစ်ပါတယ်။ မြို့ပတ်ပတ်လည်မှာလည်း ကျောက်ဆည်၊ စစ်ကိုင်း၊ အမရပူရ၊ ပြင်ဦးလွင်၊ မတ္တရာ အစရှိတဲ့ မြို့တွေ ရှိနေပါသေးတယ်။ မန္တလေး တိုးချဲ့မြို့သစ်နဲ့ စက်မှုမြို့သစ်လည်း ရှိနေပါသေးတယ်။ ဒီလောက်များပြားတဲ့ တည်ဆောက်ဆဲ မြို့နေရာတွေ ရှိနေတာတောင် မန္တလေးမြို့သစ်စီမံကိန်းကို တံတားဦးဘက်မှာ တည်ဆောက်ဦးမယ်လို့ စီစဉ်နေတဲ့ CB ဘဏ်ဥက္ကဋ္ဌကြီးရဲ့ သတ္တိနဲ့ အမျှော်အမြင်ကြီးမားပုံကို ဘယ်လို အသိအမှတ်ပြုရမလဲတောင် မသိတော့ပါဘူး။
မြို့တစ်မြို့ ဖြစ်ထွန်းလာပြီဆိုရင် အဲဒီမြို့မှာ ဘယ်သူတွေ နေမလဲ၊ ဘယ်လိုစီးပွားရေးတွေ လုပ်မလဲ။ ဘယ်လို ရပ်တည်မလဲဆိုတာကို ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။ မြို့အင်္ဂါရပ်ဆိုတာ .. ပြအိုးတွေ၊ ကျုံးတွေ၊ Shopping Mall တွေံHotel တွေတင် မဟုတ်ပါ။ ဈေးတွေလိုမယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ အခြေခံပညာကျောင်းတွေ၊ စာပို့နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ အသေးစား လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ၊ အစုံအစုံလိုအပ်ပါတယ်။ မန္တလေးမြို့သစ်စီမံကိန်းဆိုပြီး ချပြထားတဲ့ နမူနာပုံစံငယ်တွေမှာ တိုက်ကြီးတာကြီးတွေတော့ ဆောက်ပြထားပါရဲ့။ ဘယ်သူတွေက ဘယ်လိုဆောက်မှာလဲ။ ဘယ်သူတွေနေမှာလဲ၊ ဘာလုပ်ငန်းတွေ လုပ်ကြမှာပါလဲ။ အဲဒီတိုက်တာကြီးတွေ ဝယ်ပြီး ပါးစပ်ဟောင်းလောင်းနေကြမှာလား ... ရေပေးဝေရေးစနစ်တွေ၊ မိလ္လာစနစ်တွေ၊ လမ်းပန်းဆက်သွယ်ရေးစနစ်တွေ၊ စသည်စသည်ဖြင့် အများကြီးလိုအပ်ပါတယ်။ ဒါတွေအတွက် ကုန်ကျစရိတ်တွေက အလွန်များပြားလွန်းတဲ့အတွက် အစိုးရကလွဲရင် မြို့သစ်တည်ဖို့ ဆိုတာ ဘယ်သူမှ မတတ်နိုင်ပါ။ အလွန်ဆုံးလုပ်နိုင် ရှိပြီးသား မြို့ကို တိုးတက်စည်ပင်လာအောင် လုပ်နိုင်ရုံလောက်ပါပဲ။ ဘယ်လို စိတ်ကူးနဲ့ ဘယ်နှနှစ်စီမံကိန်းနဲ့များ ဒီမြို့တော်သစ်ကြီးကို တည်ဆောက်မလဲဆိုတာ သံသယဖြစ်မိပါတယ်။ သတိရမိတာကတော့ ... ဟစ်တလာရဲ့ လိမ်ရင် ကြီးကြီးကျယ်ကျယ်လိမ်ဆိုတဲ့ စကားကိုပါပဲ။
ဒီတစ်ပတ် သတင်းနဲ့ ဂျာနယ်တွေမှာ တန်ဖိုးနည်းအိမ်ရာဆိုတာတွေကို ဖတ်ရပါတယ်။ ဘယ်လောက်လဲဆိုတော့ ... သိန်း ၁၀ဝ ပါတဲ့ ... တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ... သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။ ရန်ကုန်မှာ ဆန္ဒပြနေတဲ့ အလုပ်သမားလေးတွေရဲ့ လစာက တစ်လကို ၃၀ဝ၀ဝ လို့ အကြမ်းဖျဉ်းတွက်မိပါတယ်။ အဲဒီလစာနဲ့ လူကြီးမင်းတို့ ရောင်းချမယ့် .. သိန်း ၁၀ဝ တန်အိမ်ကို တန်ဖိုးနည်းအိမ်ရာလို့ ဘယ်လိုများ သတ်မှတ်ကြပါမလဲ။
မန်းလေးမှာရော ရန်ကုန်မှာရော၊ အိမ်ရာစီမံကိန်းတွေ ကွန်ဒိုတွေလုပ်ကြပါတယ်။မတန်တဆ ဈေးနှုန်းတွေနဲ့ မြေတွေကို ဇွတ်ဝယ်၊ ဇွတ်လုပ်နဲ့ နောက်ဆုံး အရှုံးပေါ်ပြီး ရပ်တဲ့လုပ်ငန်းတွေက ရပ်ကုန်ပါတယ်။ မန်းလေးမြို့ မြရည်နန္ဒာဘက်မှာ မြေလွတ်တွေပေါ်မှာကျူးကျော်နေထိုင်သူတွေကို နှင်ထုတ်နေပါတယ်။ မြေလွတ်ပေါ်မှာ ကျူးကျော်နေလို့ နှင်ထုတ်တာကို အပြစ်မတင်လိုပေမယ့် အဲဒီလို နေစရာတောင် မရှိတဲ့ သူတွေက လူကြီးမင်းတို့ရဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဘယ်လိုများ ဝယ်ယူမလဲဆိုတာ ခုချိန်ထိတော့ စဉ်းစားမရသေးပါဘူး။
လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။ အစိုးရကျောင်းတွေကို အလှူငွေမကောက်ရလို့ တားမြစ်ထားတဲ့အတွက် အဲဒီကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေနဲ့ ကျောင်းလုပ်ငန်းဆိုင်ရာတွေ ရုံးသုံးကိရိယာတွေ လိုအပ်နေပါတယ်။ အဲဒီကျောင်းတွေအတွက် အလှူငွေတွေ လှူဒါန်းပြီး အနာဂတ် လုပ်သားတွေရဲ့ ဘဝကို ပုံဖော်ထုဆစ်သင့်ပါတယ်။ ရှိပြီးသား သာသနိက အဆောက်အအုံတွေ ရှေးဟောင်းယဉ်ကျေးမှုအမွေတွေကို ဖျက်ဆီးပြီး အသစ်တွေဆောက်မယ့်အစား ရပ်ကွက် လူထုအတွက် အပန်းဖြေဖို့ မြေကွက်လပ်တွေမှာ အားကစားကွင်းနဲ့ ပန်းခြံလေးတွေ တည်ဆောက်သင့်ပါတယ်။ ၇၇လမ်းနဲ့ ၇၈ လမ်းကြား၊ မြန်မာ့ ရှေ့ဆောင်ဘဏ်ရှေ့က ၃၁ လမ်းလို ဘဏ်ရှေ့လေးတင် လမ်းပြင်ပြီး ကျန်တဲ့လမ်းပိုင်း မပြင်ပဲ ထားခဲ့တာမျိုးတွေ မလုပ်သင့်ပါ။ အိန္ဒိယနိုင်ငံဟာ Outsourcing လုပ်ပြီး Data Center တွေ IT ပညာရှင်တွေရဲ့ အင်အားနဲ့ နိုင်ငံကို တည်ဆောက်သွားခဲ့တာပါ။ ရှိသမျှရောင်းစားပြီး တည်ဆောက်သွားခဲ့တဲ့ နိုင်ငံမဟုတ်ပါဘူး။ ခုချိန်ထိ ကျွန်တော်တို့နိုင်ငံရဲ့ မြို့ကြီးတွေမှာ Mass Tranport အင်အား နည်းပါးပါသေးတယ်။ ကြားဖူးသလောက်Loi Heinက ဒေါက်တာစိုင်းဟာ သူ့ဒေသ တိုးတက်ဖို့အတွက် ရှမ်းတောင်တန်းကားလိုင်းကို တည်ထောင်ပြီး ဆောင်ရွက်ခဲ့တာပါ။
မန်းလေးမြို့မှာ အများပြည်သူ သွားလာဖို့ မြို့ပတ်ရထားလိုင်းတွေ လိုအပ်ပါတယ်။ ဒါတွေကို ထူထောင်နိုင်ခဲ့မယ်ဆိုရင် ခုနက မြို့သစ်ကြီးတည်ထောင်တာထက်တောင် အဆရာထောင် အောင်မြင်နိုင်ဦးမယ်လို့ ယုံကြည်မိပါတယ်။ မြို့သစ်ကြီးတောင် တည်ဆောက်နိုင်မှတော့ ဒီလောက်ကတော့ ငွေကြေးအင်အား တတ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။
ကိုရီးယားက ဟန်မြစ်ပေါ်မှာ ခွပြီး တည်ဆောက်ထားတဲ့ ဆိုးလ်မြို့ကြီးကို မြင်တိုင်း စစ်ကိုင်းနဲ့ မန်းလေးကို တစ်မြို့ထဲနီးပါး ဆက်သွယ်နိုင်ခဲ့ရင်ဆိုတဲ့ မိုးရာသီ ယောင်တောင်တောင် အိပ်မက် မက်နေမိပါတယ်။

Hollinaz(mmcp)အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်..

ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ


ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ

2012-08-25
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောမြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်းအတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့ကအထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။
မောင်တောမြို့ တ၀ိုက်မှာ အခြေအနေတွေ ဆက်လက် တင်းမာနေဆဲဖြစ်ပြီး ရခိုင် တိုင်းရင်းသားတွေဟာ လုံခြုံမှုမရှိတဲ့ အခြေအနေကို စိုးရိမ်ကြောင့်ကြတဲ့အတွက် ရခိုင်ပြည်နယ်ထဲက နီးစပ်ရာ တခြားမြို့ရွာတွေမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့ အခုလို အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေကို ရောင်းချလာကြတာ ဖြစ်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမှာရှိတဲ့ လူဦးရေ အတိုင်းအတာနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေက အရမ်းအင်အားနည်းတဲ့ အတွက် တနေ့နေ့ တချိန်ချိန်ကျရင် ပြန်ပြီးတော့ အခုဖြစ်သွားတဲ့ အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်လာတာပေါ့။ အဲဒီအတွက် ဒီမှာမနေရဲဘဲ ပြောင်းရွေ့တဲ့ သဘောပေါ့"
မြန်မာနိုင်ငံရဲ့ အနောက်ဘက် ခြံစည်းရိုး တံခါးပေါက်တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ တစ်ဘက် နိုင်ငံကနေ ခေတ်အဆက်ဆက် တရားမဝင် အခြေချ နေထိုင်လာခဲ့သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ


PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ 

2012-08-25
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
Photo Courtesy of Nay Min
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးရန် PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အနေနဲ့ သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"
ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။
ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။




နိုင်ငံတော်===၏သ၀ဏ်လွှာ(သို့မဟုတ်)သမိုင်းတရားခံလောင်း၏စာ


နိုင်ငံတော်===၏သ၀ဏ်လွှာ(သို့မဟုတ်)သမိုင်းတရားခံလောင်း၏စာ

 






















Won Thar Nu

နိုင်ငံတော်သမ္မတ အနေဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့သော်လည်း"ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" မှာ နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် ဆိုပြီး ပြန်လည်ဖြေရှင်းပြန်


နိုင်ငံတော်သမ္မတ အနေဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့သော်လည်း"ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" မှာ နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် ဆိုပြီး ပြန်လည်ဖြေရှင်းပြန် 

သ၀ဏ်လွာဆိုရင် သ၀ဏ်လွာပဲ ပို့ပေါ့...ဘာလို့အတည်မပြုနိုင်တဲ့ သုံးသပ်ချက်ကြီးကို တွဲပို့ရတာလဲ...အဲဒီသတင်းသုံးသပ်ချက်ကြီးက အတည်မပြုနိုင်လို့လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဖွဲ့ပေးတာမဟုတ်ဖူးလား...
သ၀ဏ်လွှာနှင့်အတူ ပါရှိသော သတင်းသုံးသပ်ချက် မှတ်တမ်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်ခြင်းနှင့် အတူ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း Facebook စာမျက်နှာ၌ ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
မှူးဇော်၏ Facebook တွင် ဖော်ပြထားသော" ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်" အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်

၁။ နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။

၂။ နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။

အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော သ၀ဏ်လွှာ ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]
၃။ အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက် သာ ဖြစ်ပါသည်။]

၎။ နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။

၅။ ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည် ဖော်ဆောင်ရွက်မှုများကို

ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုး ဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။
၆။ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်း သုံးသပ်ချက် များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။

၇။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။