Tuesday, August 21, 2012

မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ


မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ  

 သြဂုတ် (၂၂)
 မန္တလေးတိုင်းဒေသကြီးအတွင်း မြေဧက ၂၀၀၀၀ ကျော်ပေါ်တွင် မြို့သစ်တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကဦးဆောင်ပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဆောင်ရွက်ရန် အကြို ပြင်ဆင်နေကြောင်း  သတင်းရရှိသည်။
မန္တလေးမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ''အခုမြို့သစ် တည်ဆောက်ရေး စီမံကိန်းအတွက် အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ အစုရှယ်ယာရှင်တွေ ခေါ်တော့ အစုရှယ်ယာရှင် ၃၀၀၀ ကျော်ရောက်လာပြီး ဘီလျံ ၂၀၀ နီးပါးလောက် အစုရှယ်ယာထည့်ဖို့ ရောက်လာပါတယ်။ ရန်ကုန်မှာတော့ အခုမှခေါ်တာပါ။ အဆိုပြုလွှာတွေကို အရင်လက်ခံထားမယ်။ စီမံကိန်းစလို့ရပြီဆိုမှ ရှယ်ယာဘယ်လောက်ထည့် မယ်ဆိုတာ ခေါ်မှာဖြစ်ပါတယ်''ဟုလည်း မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းရန် အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြို့တော်သစ်စီမံကိန်းသည် ဧရိယာစုစုပေါင်း ၂၂၀၀၀ ဧကပါဝင်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငါးမိုင်ခွဲခန့် အကွာအဝေးတွင်ရှိကြောင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၌ ဖော်ပြထားချက်များအရ သိရှိရသည်။

''စီမံကိန်းထဲမှာ မြေဧကနှစ်သောင်းကျော် သုံးသောင်းနီးပါး ပါဝင်ပါတယ်။ စီမံကိန်းဧရိယာထဲမှာ လယ်မြေတွေပါဝင်တဲ့အတွက် ဒေသခံတွေက ဒီစီမံကိန်းကို လက်မခံရင်ဆက်မလုပ်ပါဘူး။ နောက်ပြီး ဒီစီမံကိန်းက တရားဝင် မဟုတ်သေးပါဘူး။ စီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လေလံခေါ်ဦးမှာပါ။ ကျွန်တော်တို့က လေလံဝင်ဆွဲမယ်။ လေလံရတယ်ဆိုရင် MIC ကို တင်ရအုံးမယ်။ MIC က ခွင့်ပြုမှ ဆက်လက်ဆောင်ရွက် လို့ရမှာပါ။ ဒေသခံတွေ လက်မခံရင် ဘာမှဆက်မလုပ်ပါဘူး''ဟုလည်း အဆိုပါ အခမ်းအနားတွင် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
လက်ရှိလျာထားသည့် မြို့တော်သစ်စီမံကိန်းသည် ပထမရွေးချယ် ထားသည့်မြေနေရာနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိခဲ့သောကြောင့် ဒုတိယမြောက် ရွေးချယ်ထားသည့် မြေနေရာဖြစ်ကြောင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့သည်။
''လက်ရှိရွေးထားတဲ့နေရာက ဒု တိယမြောက်ရွေးထားတာပါ။ ပထမ ရွေးတာကတောင်သမန်အင်းနားမှာ ပါ။ ဒေသခံတွေက လက်မခံဘူးဆို လို့ လေဆိပ်အနီးတံတားဦးနားကို ရွေးချယ်ရတာဖြစ်ပါတယ်။ မြို့သစ် က အင်းဝမြို့ဟောင်းနဲ့ဧရာဝတီမြစ် ရိုးတစ်လျောက်တည်ဆောက်ဖို့ လျာ ထားပါတယ်။ လျာထားတဲ့အနေအ ထားပဲရှိပါသေးတယ်။ ခွင့်ပြုမယ်၊ မ ပြုဘူးဆိုတာ မသိရသေးပါဘူး။ ခွင့် ပြုရင် အဆင်သင့်ဖြစ်အောင် အများ ပိုင်ကုမ္ပဏီဖွဲ့ပြီးဆောင်ရွက်တာဖြစ် ပါတယ်''ဟုဦးခင်မောင်အေးက ပြော ကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး တံ တားဦးမြို့နယ်တွင် မြေဧကနှစ် သောင်းကျော်ပါ ဘက်စုံဖွံ့ဖြိုးမှုလုပ် ငန်းများပါဝင်သည့်စီမံချက်မဆောင် ရွက်မီ ဒေသခံများ၏စိုက်ပျိုးမြေဧက ထက်ဝက်ကျော်မှာ အိမ်ခြံမြေရင်းနှီး မြုပ်နှံသူများ၏လက်ဝယ်သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
'' ဒီနှစ်မိုးမရွာဘူး။ တောင်သူ တွေလည်းမစိုက်နိုင်ဘူး။ စိတ်ဓာတ် ကျနေတုန်းမှာ ဟိုတယ်ဇုန်တို့၊ စက်မှုဇုန်တို့ စတဲ့သတင်းတွေ ထွက်လာတယ်။ ငွေရှင်တွေကလည်း ငွေထုတ်ပိုက်ပြီး လိုက်ဝယ်တယ်။ လူပြောသူ ပြောများလာတော့ ရောင်းပစ်ကြတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကဆိုရင် နေရာသုံးနေရာမှာ စိုက်ပျိုးမြေတွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့တယ်။ မြေဈေးတွေကလည်း အရူးဈေးပဲ။ ပြောချင်သလောက် ပြောတည့်ချင်ရင် တည့်သွားတာ''ဟု အင်းကူး ရွာမှ တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မြို့သစ်စီမံကိန်းအမည်ဖြင့် မကြာခဏပေါ်ထွက်လာ လေ့ရှိသော်လည်း အမှန်တကယ် နေထိုင်မည့်သူများထက် VIP ဆိုသည့် လူတန်းစားများကသာ အကွက်အကွင်း ကျသောနေရာများအား ရယူလေ့ရှိပြီး အမှန်တကယ်နေထိုင်လိုသော ပြည်သူများသည် ၎င်းတို့ထံမှ ဈေးကြီးပေးပြီး ၀ယ်ယူနေကြရသည်မှာ အစဉ်အလာတစ်ခုအဖြစ် တည်ရှိနေ ခဲ့သည်။ ထို့ကြောင့် ယခုတည်ဆောက်မည့် မန္တလေးမြို့သစ်စီမံကိန်းသည် အများပြည်သူအတွက် အကျိုးရှိစေမည့် စိမံကိန်းတစ်ခုဖြစ်ရန် လိုအပ်သည်ဟု ရင်နှီးမြှုပ်နှံလိုသူများက ပြောဆိုကြပါသည်။
''ဖြစ်သင့်တာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူပဲဖြစ်ဖြစ် ဖက်စပ်လုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဒါမှသာ ဒီစီမံကိန်းကြောင့် မြေယာဆုံးရှုံးရမယ့် တောင်သူတွေလည်း ထိုက်တန်တဲ့ လျော်ကြေးရပါလိမ့်မယ်။ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံအတိုင်းဆိုရင်တော့ အရင်မြို့သစ်တွေလိုပဲ မြေကွက်တွေကိုပိုင်းပြီး ရောင်း၊ လမ်းဆိုတာကလည်း ဟန်ပြ၊ ရေ မရှိ၊ မီးမရှိနဲ့ နိုင်ငံတကာ အဆင့်မမီတဲ့ မြို့ပြစီမံကိန်းပဲ ဖြစ်လာပါလိမ့်မယ်'' ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
ယခုစီမံကိန်းသတင်းကြောင့် တံတားဦးမြို့နယ်အတွင်းမှ မြေဈေးနှုန်းများသည် နေရာအပေါ်မူတည်ပြီးတစ်ဧကလျှင်ကျပ် ၃၅ သိန်းမှ ၃၀၀ သိန်းဝန်းကျင်အထိ ရှိခဲ့ကြောင်းနှင့် စိုက်ပျိုးမြေများကို လိုက်လံဝယ်ယူသူများမှာ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ထက် လူမျိုးခြား စီးပွား ရေးလုပ်ငန်းရှင်များမှာ ပိုမိုများပြားကြောင်း သိရသည်။
Eleven Media Group

မြန်မာနိုင်ငံ၏ စစ်ရေး ဒီပလိုမေစီ


မြန်မာနိုင်ငံ၏ စစ်ရေး ဒီပလိုမေစီ ( စိုးမြင့် )

မြန်မာစစ်ဘက် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏တစ်ပတ်ကြာ အိန္ဒိယ အလည်အပတ် ခရီးကို အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ကတည်းက ဤခရီးနှင့် အတူ ဒေသတွင်း အဓိကနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သော နိုင်ငံရပ်ခြား ခရီးများကို သူအောင်မြင်စွာ အချောသပ်ခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလည်အပတ် ခရီးမှာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး နှစ်လအကြာတွင် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ မန်မိုဟန်ဆင်း၏ ခရီးစဉ် အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် မျက်နှာစာပေါင်းစုံ ဆက်ဆံရေးများကို နှစ်နိုင်ငံ အတည်ပြု ခိုင်မာ စေခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယအလည် အပတ်ခရီးကို မြန်မာနိုင်ငံတွင်း ပေါ်ပေါက် လာသော အတွင်းပိုင်း နိုင်ငံရေး အပြောင်းအလဲများနှင့် ဆက်စပ်နေသည့် အရေးပါသော ထူးခြားချက် အဖြစ် လည်းကောင်း၊ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အစိုးရအနေဖြင့် တိုင်းပြည်၏ နိုင်ငံခြား ထိတွေ့ ဆက်ဆံမှုများကို ပဒေသာ စုံအောင် ကြိုးပမ်းမှု အဖြစ် လည်းကောင်း မှတ်ယူရမည် ဖြစ်သည်။ မကြာသေးမီ လများ အတွင်း မြန်မာ စစ်ဘက် ခေါင်းဆောင် များက နိုင်ငံရေးတွင် စစ်ဘက်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အရေးပါသော ထုတ်ပြန်ချက်များကို ပြုလုပ်ခဲ့ကြသည်။ မကြာမီက စင်္ကာပူတွင် ကျင်းပသော ရှန်ဂရီလာ ဆွေးနွေးပွဲ အတွင်းတွင် စစ်ဘက်မှ ဦးသိန်းစိန်အစိုးရကို ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းက ပြောကြားခဲ့သည်။ ယခုနှစ် စောစောပိုင်း ကလည်း ဒုတိယ အဆင့်အမြင့်ဆုံး အရာရှိဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းက တိုင်းပြည်၏ ပါလီမန် အတွင်း စစ်ဘက် ပါဝင်မှု ၂၅ ရာနှုန်း ကို အာမခံ ပေးထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မတူကွဲပြားမှုများ ရှိကြောင်း ဝန်ခံပြီး ပြင်ဆင်နိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား အဆင့်မြင့် စစ်ဖက်အရာရှိများ အပြန်အလှန် ဖလှယ်မှုများမှာ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် ပုံမှန်လုပ်ငန်းစဉ် ဖြစ်လာသည်။ ဇန်နဝါရီလတွင် ထိုစဉ်က အိန္ဒိယ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗွီကေဆင်း မြန်မာနိုင်ငံသို့ အလည်အပတ် သွားခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလည်အပတ် ခရီးကိုလည်း အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် ချဲ့ထွင်ရန် ပြုလုပ်သည့် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ကြည့်မြင်နိုင်ပါသည်။ နှစ်ဦးနှစ်ဖက် စစ်ရေး ဆက်ဆံမှုများ ပိုမိုခိုင်မာလာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်၏ ပထဝီ နိုင်ငံရေးဆိုင်ရာ အရေးပါမှုမှာ အထင်အရှား ဖြစ်ခဲ့သည်။ ပေကျင်းနှင့် ဝါရှင်တန်တို့က သူ၏ အိန္ဒိယ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ ကြပါလိမ့်မည်။ ပေကျင်းက နေပြည်တော်၏ မကြာမီ ကာလတွင် အမေရိကန် ပြည်ထောင်စုနှင့် နွေးထွေး
သက်သာရှိခြင်းကို သတိထား နေခဲ့သည်။ ဝါရှင်တန် ကလည်း အာရှသို့ သူ၏ဆုံချက် အစိတ်အပိုင်းအဖြစ် မိတ်ဆွေသစ်များ ရှာဖွေနေခဲ့သည်။ ထို့ပြင် မြန်မာနှင့် စစ်ရေးဆက်ဆံမှု တိုးတက် ကောင်းမွန်ရေးကို အချက်ပြခဲ့သည်။
ရှန်ဂရီလာ ဆွေးနွေးပွဲ၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပင်နက်တာက ထိတွေ့ဆက်ဆံမှု၏ သဘော သဘာဝနှင့် ပတ်သက်၍ အသေးစိတ် မပြောသော်လည်း အမေရိကန်အနေဖြင့် မြန်မာနှင့်စစ်ရေး ဆက်ဆံမှုများ တိုးတက်ရေးကို လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။ အမှန်စင်စစ်၊ ဝါရှင်တန် အနေဖြင့် စစ်ရေး ဆက်ဆံမှု အပါအဝင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် အသံများ အမေရိကန် ပြည်ထောင်စုတွင် တိုးပွားလာနေသည်။ ဩဇာတိက္ကမ ရှိသော ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနမှ အမေရိကန် ပညာရှင်တစ်ဦးက အာရှရှိ အရေးပါသော နိုင်ငံများနှင့် စစ်ရေး ဆက်ဆံမှုများ ဖြတ်တောက်ခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား လုံခြုံရေး အကျိုးစီးပွားကို တိုးတက် စေမည် မဟုတ်ကြောင်း၊ မကြာသေးမီက စာတမ်းတစ်ခုတွင် ငြင်းခုန် ဆွေးနွေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ဘက်နှင့် ဂရုတစိုက် တစ်ဆင့်ပြီးတစ်ဆင့် ထိတွေ့ဆက်ဆံသင့်ကြောင်း၊ သို့သော် မြန်မြန်ဆန်ဆန် လုပ်ဆောင်သင့်ကြောင်း၊ ထိုစာတမ်းက အပူတပြင်း တိုက်တွန်းထားသည်။
လွန်ခဲ့သည့် နိုဝင်ဘာလတွင် အဓိက အလည်အပတ် ခရီးများနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံခြား ခရီးစဉ်များ စတင်ခြင်းကို မြင်တွေ့ခဲ့ရသည်။ သူ့အရင် လူများနှင့်မတူဘဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ စစ်ဘက် အကြီးအကဲ ဖြစ်ပြီး နောက်ပိုင်း၊ ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ ဗီယက်နမ် ဖြစ်ခဲ့သည်။ ထိုနိုင်ငံမှာ တောင်တရုတ် ပင်လယ်တွင် တရုတ်နှင့် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုတွင် ပါဝင် ပတ်သက် နေခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြသည်။ နှစ်ပေါင်းများစွာ မြန်မာစစ်ဘက် အကြီးအကဲ သစ်တစ်ဦး ခန့်အပ်သည့် အခါတိုင်း ထိုသူ၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ ပေကျင်းသာ ဖြစ်ခဲ့ပေလိမ့်မည်။ ဗီယက်နမ်သို့ ခရီးစဉ်အပြီး မကြာမီနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ မလာမီ နှစ်ရက်အလိုတွင် စစ်ရေးလေ့ကျင့်မှုနှင့် လက်နက်ခဲယမ်း အတွက် ကြာရှည် မှီခိုခဲ့ရသည့် မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက် လည်ပတ်ခဲ့သည်။ ဤခရီးစဉ်ကို အချို့သော တရုတ် ပညာရှင်တို့က ကလင်တန်၏ခရီးစဉ် မတိုင်မီ မြန်မာ၏ တရုတ်နှင့် အနီးကပ် ဆက်ဆံရေး အတွက် ပေကျင်းကို အာမခံချက်ပေးသည့် လက္ခဏာ တစ်ရပ်အဖြစ် ကြည့်မြင်ကြသည်။ တရုတ် ပြည်တွင် မြန်မာနိုင်ငံတွင်းသို့ ဝါရှင်တန်၏ ကျူးကျော် ထိုးဖောက်မှုများနှင့် ပတ်သက်၍ သတိထားမှု ရှိခဲ့သည်။ ကလင်တန် မြန်မာနိုင်ငံသို့ ခရီးသွားသောအခါ “မြန်မာနိုင်ငံ တံခါးဖွင့်ခြင်းကို တရုတ်က ကြိုဆိုသည်။ သို့သော် တရုတ်ပြည်၏ အကျိုးစီးပွားများအပေါ် တက်လှမ်းလာခြင်းကိုမူ အခိုင်အမာ ဆန့်ကျင်သည်”ဟု အမေရိကန် မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဂလိုဘယ်တိုင်း(မ)သတင်းစာ၏ အယ်ဒီတာ အာဘော်တွင် ရေးသား ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ်တွင် သမ္မတ ဖြစ်လာမည်ဟု မျှော်လင့်ရသည့် တရုတ်နိုင်ငံ ဒု-သမ္မတ ရှီကျင်ဖင်းနှင့် တွေ့ဆုံခဲ့သည်။ တရုတ်ဗဟို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ရှုကိုင်ဟုနှင့် ပြည်သူ့လွှတ်မြောက်ရေး တပ်မတော် (PLA) စစ်ဦးစီးချုပ် ချန်ပင်တေ တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ စစ်ရေး ဆက်ဆံမှု ခိုင်မာစေရန် နှစ်ဖက် သဘောတူ ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ချန်က စစ်တပ်နှစ်ခုကြား အပြန်အလှန် ယုံကြည်မှု ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး တို့ကို အဆိုပြုခဲ့သည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ တရုတ်မီဒီယာများက ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုဝင်ဘာ ခရီးစဉ်ကို သူ၏ ခြောက်ကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်ဘက် အကြီးအကဲမှာ တရုတ်အတွက် အသစ် မဟုတ်ကြောင်း သေချာ စေရန် ဖြစ်သည်။ စစ်တက္ကသိုလ် အချို့သို့ သူသွားရောက်ခဲ့ သည်။ ပေကျင်းအပြင် ရှန်ဟိုင်း၊ ဟန်ကျောက်နှင့် ချန်ဒူးတို့ကိုသွားခဲ့ သည်။ ယခုနှစ် အစောပိုင်းတွင် ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းသို့ သွားရောက် လည်ပတ်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေး၊ တည်ငြိမ်မှုနှင့် စီးပွားရေးရာ နှစ်ဖက် ဆက်ဆံမှုများ အားကောင်း ခိုင်မာစေရန် နယ်ပယ် ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
အိန္ဒိယ၌ရှိစဉ် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony၊ အိန္ဒိယ ရေတပ် အကြီးအကဲ Admiral Nirmal Uerma ၊ အိန္ဒိယ လေတပ် အကြီးအကဲ Marshal NAK Browne ၊ အိန္ဒိယ ကြည်းတပ် အကြီးအကဲ General Bikram Singh တို့ အပါအဝင် ထိပ်တန်း ကာကွယ်ရေး အရာရှိ အားလုံးနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယသမ္မတ Pranab Mukhajee နှင့်လည်း တွေ့ဆုံခဲ့သည်။ အိန္ဒိယက သူ့ကို မြန်မာ ကာကွယ်ရေး ဌာနမှ ပုဂ္ဂိုလ်များကို လေ့ကျင့်ပေးရန် အာမခံခဲ့သည်။ ဤသည်မှာ အိမ်နီးချင်း နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေးကို ချဲ့ထွင် ရင်း စစ်တပ်ချင်း ဆက်ဆံမှုများကို ခိုင်မြဲစေရန် ရေရှည်လက်တွဲသွားမည့် ဟန်ပန်ဖြစ်သည်။
အိန္ဒိယနှင့် မြန်မာတို့သည် နှစ်နိုင်ငံနယ်စပ် နှစ်ဖက်လုံးရှိ လူမျိုးစု သောင်းကျန်းမှုမှ ပေါ်ထွက်လာသော လုံခြုံရေး ပြဿနာများ ပူးပေါင်း ဖြေရှင်း ခဲ့ကြသည်။ ဤပြဿနာ ကိုလည်း အိန္ဒိယ အရာရှိများနှင့် တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။ ကို(လ)ကတ္တားရှိ အိန္ဒိယ တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ Visakhapatnam ရှိ အရှေ့ပိုင်း ရေတပ်ဌာနချုပ် အခြေစိုက်စခန်း Bamgalore ရှိ အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးမှုအဖွဲ့၏ ဌာနအချို့သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။
ဆယ်စုပေါင်းများစွာ စစ်ဖက် အုပ်စိုးခဲ့သော တိုင်းပြည်တစ်ခု အနေဖြင့် အခြားနိုင်ငံများနှင့် စစ်ဘက်ချင်း အပြန်အလှန် ဆက်ဆံမှုများမှာ အရေးကြီးပါသည်။ တိုင်းပြည်က ပို၍ အရပ်ဘက် အုပ်ချုပ်မှုစနစ်ဆီသို့ ရွှေ့လာသည်နှင့်အမျှ အရပ်ဘက် ထိန်းချုပ်မှု အောက်တွင်ပို၍ ပညာသည် ပီသသော အင်အားစုအဖြစ်သို့ ဖြစ်ပေါ် ပြောင်းလဲလိုစိတ်ကို လက်ရှိ စစ်ဘက် ခေါင်းဆောင်မှုက ပြသရပေမည်။ အိန္ဒိယစစ်ဘက်မှာ ဒီမိုကရက် တစ် အစိုးရအောက်တွင် လုပ်ကိုင်ခဲ့သော ရှည်ကြာသည့် အတွေ့အကြုံ ရှိပြီး မြန်မာ စစ်ဘက်၏ အခန်းကဏ္ဍ တဖြည်းဖြည်း ပြောင်းလဲ လာသည် နှင့်အမျှ မြန်မာစစ်ဘက် အတွက် ကြီးမားသော သင်ခန်းစာများ ပေးစွမ်း နိုင်သည်။ ဒေသ ဆိုင်ရာ ပထဝီ မဟာ ဗျူဟာ ရှုထောင့်မှ ပြောရလျှင် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခ ရီးစဉ်သည် မြန်မာနိုင်ငံ၏ စစ်ရေးဒီပလိုမေစီတွင် အခြားအရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်နေပါသည်။ အဓိက အင်အားကြီး နိုင်ငံများ အားလုံးနှင့် ချိန်ခွင်လျှာ ညီမျှသည့် စစ်ရေး ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်း ထားနိုင်မှုတွင် သူ၏ အကျိုးစီးပွား တည်ရှိနေကြောင်း မြန်မာက သိပါသည်။ ထို့ပြင် သူ့တိုင်းပြည်တွင်း၌ အင်အားကြီး နိုင်ငံများက မဟာဗျူဟာ ဘက်ပြိုင်မှုတစ်ခု ဆင်နွှဲရန် မျက်စေ့ကျမည့် နောက်ဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း နားလည်ပါလိမ့်မည်။
(၁၁.၈.၁၂ Eurasia review.com ပါ Observer Research Foundation, New Delhi)မှ သုတေသနမှူး K.Yhome ၏ စိစစ် အကဲဖြတ်ချက်ကို ပြန်ဆို ဖော်ပြသည်။)
မူရင်း ; http://newindianexpress.com/opinion/article585698.ece
စိုးမြင့်
http://www.myanmarij.com/?p=4860

လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး ထိပ်တိုက် ပြသနာ အပေါ် သုံးသပ်ချက်


လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး ထိပ်တိုက် ပြသနာ အပေါ် သုံးသပ်ချက်- အောင်ထူး (ရှေ့နေ)

လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များ အား ပြည်ထောင်စု အဆင့် 
အဖြစ် အတင်းအကြပ်သတ်မှတ် ခိုင်းခြင်းမှာ မမှန်ပါ။ သူရဦးရွှေမန်း၏ သား တိုးနိုင်မန်း ဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် 
မဟုတ်ပါဘဲလျှက် လွှတ်တော်က ဖွဲ့ပေးသည့် ကော်မရှင်တခုထဲတွင် ပါနေသည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။
 ယင်းကို ဟုတ်မဟုတ် စီစစ်သင့်ပါသည်။


၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ပင်နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက်

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့  ကမ္ဘာသိ လူထုခေါင်းဆောင် မျိုးကို တိုင်းနှင့် ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက် များကို ဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။

(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စား လှယ် များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင် များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စု အဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ် ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။

(၂) လွှတ်တော်သို့ ပြန်ကြားသည့် သမတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ် ရုံးက တင်သွင်းခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင် တော့ ဟူသောအချက်သည် သဘာဝ ကျသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေ သဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြား ခြား မစဉ်းစားခဲ လွှတ် တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းထား လျှင်ပင် ပြည်ထောင်စု အဆင့်မသတ်နိုင် ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။


(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့် အောင် ဖြေကြား သွားသည်တို့ အနက် အောက်ပါ နှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။


(က) သမတ ဦးသိန်းစိန် အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကို လက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က
အားနည်းချက် ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။

(ခ) ဦးသိန်းစိန် ခန့်ထားသည့် အစိုးရ ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စု အဆင့်သတ်မှတ်သည်။ လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက် ခံထားရသူများ မပါဝင်သော်လည်း အစိုးရ က ၄င်းတို့အား ပြည်ထောင်စု အဆင့် သတ်မှတ်လက်ခံရမည် ဖြစ်သည်။

ဦးဘုန်းမြင့်အောင် ၏ အထက်ပါ တင်ပြချက် နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။

(က) လွှတ်တော်ဘက်က အားနည်းချက် ဖြစ်ခြင်း မဖြစ်ခြင်း မှာ အဓိက မဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည် တည်ဆောက်မှု အဆောက်အအုံတစုံလုံး ပုံမှန်လည်ပတ်ရေး အခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များ အား ပြည်ထောင်စု အဆင့် အဖြစ် အတင်းအကြပ်သတ်မှတ် ခိုင်းခြင်းမှာ မမှန်ပါ။ သူရဦးရွှေမန်း၏ သား တိုးနိုင်မန်း ဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပါဘဲလျှက် လွှတ်တော်က ဖွဲ့ပေးသည့် ကော်မရှင်တခုထဲတွင် ပါနေသည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကို ဟုတ်မဟုတ် စီစစ်သင့်ပါသည်။

(ခ) Presidential System ဟုခေါ်သည့် သမတ စနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများအား အစိုးရအဖွဲ့ ၀င်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံး လျှက် ရှိသည်။ ဤစနစ်ကို မကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရ အဖွဲ့ဝင်များ အားလုံးသည် လွှတ်တော်ကိုယ် စားလှယ်များ ဖြစ်ရပါမည်။

သမတစံနစ်ကို လက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမ္မတဦးဆောင်သည့် အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော် က ဖွဲ့ပေးလိုက်သည့် ရိုးရိုးကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာ တွင် လွှတ်တော်က ဖွဲ့စည်းပေးလိုက်ပြီး ပြည် ထောင်စု အဆင့် ရှိစေလိုသည့် ကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား ပါဝင်စေလျှင်မူ ဖေါင်းပွပြီးတိုင်းပြည်အတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သော ပြသနာများ တောက် လျှောက် ပေါ်နိုင်ပါသည်။

(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တနည်းသာရှိသည်။ ယင်းမှာ သမ္မတ ဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကို ပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ခြင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက် ရှာ၍ မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင် ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည် နည်းကြသည့် နောက်ခံဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ခန့်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်က စဉ်းစားခဲ့ရာ၌ အဂတိ တရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့် ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ၄င်း၏ စာအရ ထင်ရှားနေသည်။

အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရ စဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့် ပုဂ္ဂိုလ်များ အဖြစ် ယုံကြည်၍ ခန့်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝ လက်မခံသင့်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤ အခြေခံကြောင့် ဖြစ်သည်။ ဤ အခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင် ထူထောင်နိုင်ပါမည်။

(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်း သော ကဏ္ဍတစုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားခွဲထုတ်ထားသည့် အပြင် တရား သူကြီးများအား သမ္မတ လုပ်သူကစိတ်ကြိုက်ခန့်ခွင့် ဖြုတ်ခွင့် ရှိသော ပြဌာန်းချက် ပါရှိနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများအား သီးခြားခွဲထုတ်ထားသည့် ပြဌာန်း ချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေး ယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီး ချုပ်များ အား မည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်းသော ကိစ္စများကို စစ်အစိုး၇က ဖွဲ့စည်းပေးထားသော လွှတ်တော် ကွက်ကွက် ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘော ဆန္ဒများကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖေါ်ခွင့် ရအောင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်း ဌာနများက ကမကထ ပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေး အတွက် အထောက်အကူဖြစ်ပါမည်။

(၆) ဖွဲ့စည်းပုံကို ပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စု အဆင့် သတ်မှတ်ရေး ကိစ္စအားလည်း အတိအကျ ထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်စုကြည် ဦးဆောင် သော ကော်မတီသည်ပင် ပြည်ထောင်စု အဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စု အဆင့်မရှိလျှင် တိုင်း နှင့် ပြည်နယ် အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင် မျိုးကို တိုင်းနှင့် ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက် များကို ဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက်

မြန်မာ့စီးပွားရေးဦးပိုင်ကတရုပ်ဝမ်ပေါင်ကုမ္မဏီနှင့်ပူးပေါင်းပြီး NLD ပါတီဝတ်စုံများ ဝတ်ဆင်စေကာအဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေ


မြန်မာ့စီးပွားရေးဦးပိုင်ကတရုပ်ဝမ်ပေါင်ကုမ္မဏီနှင့်ပူးပေါင်းပြီး NLD ပါတီဝတ်စုံများ ဝတ်ဆင်စေကာအဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေ

ဓါတ်ပုံ .. နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် (ယနေ့သြဂုတ်လ ၂၁ရက်နေ့ လက်ပတောင်းကြေးနီစီမံကိန်းအနီးစောင့်ကျပ်နေသာ ရဲကားများ)
မြန်မာ့စီးပွားရေးဦးပိုင်က တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာ အဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟု မုံရွာဒေသခံများကပြောဆိုနေကြသည်။
၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်းကြေးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truckတစ်စီးကNLDအလံထောင်၍ တောင်ကြားထဲသို့ဝင်သွားကြောင်းကို သေသေချာချာမြင်တွေ့

သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLD မှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီစီမံကိန်းမှာဖြစ်တာ ပါ။ မြန်မာ့စီးပွားရေးဦးပိုင်က NLDပါတီအင်္ကျီတွေဝတ်ပြီး ဒေသခံပြည်သူတွေထွက်လာအောင်ထောင်ချောက်ဆင်တယ်လို့

သတင်းရပါတယ်။ NLD ပါတီလည်းနာမည်ပျက် ဒေသခံတွေလည်းပုဒ်မ(၁၄၄)နဲ့ငြိစွန်းတယ်ဆိုပြီး ပစ်သတ်ရန်စီစဉ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ စစ်တပ် ရဲတို့ ပူးပေါင်းပြီးဆင်တဲ့သတ်ကွင်းတစ်ရပ်ဖြစ်ပါတယ်။
လုံထိန်းရဲကား(၃)စီး၊ရဲကား(၁)စီးနှင့်မီးသတ်ကားများဖြင့်တားဆီးညှိနှိုင်းရန်ရောက်လာသူ တောင်သူ

လယ်သမားများနှင့် ထိတ်တိုက်ဆုံမည့်အခြေအနေဖြစ်ပေါ်နေပါသည်။
မုံရွာနှင့် အနီးတစ်ဝိုက်မှ အင်အားစုများနှင့် မီဒီယာများဝန်းရံပေါင်းဖြည့် ကူညီနိင်ပါရန် ရေးသားသိစေအပ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
၀၉၄၉၂၇၇၈၂၃
၀၉၄၀၀၄၅၆၁၀၆
၀၉၄၅၀၀၂၆၃၃၄
၀၉၄၀၀၄၀၁၁၈၉
၀၉၄၃၁၅၅၇၉၆
Nay Thiha (ThanLarWaddy Times)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။