Tuesday, August 21, 2012

နှစ်နိုင်ငံ အငြင်းပွားကျွန်းစုနှင့်ပတ်သက်၍ တရုတ်နှင့်ဂျပန်အကြား တင်းမာမှုမြင့်တက်


နှစ်နိုင်ငံ အငြင်းပွားကျွန်းစုနှင့်ပတ်သက်၍ တရုတ်နှင့်ဂျပန်အကြား တင်းမာမှုမြင့်တက်  
Monday, 20 August 2012 00:40
ဟီနန်ပြည်နယ်တွင် သြဂုတ်လ ၁၉ ရက်က ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ်
နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု အငြင်းပွားနေသော ကျွန်းစုတစ်ခုတွင် ဂျပန်အမျိုးသားရေးဝါဒီအချို့က ဂျပန်အလံများကို စိုက်ထူခဲ့ပြီးနောက် ပေကျင်းနှင့် ဟောင်ကောင်အပါအ၀င် တရုတ်မြို့အများအပြားတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ သြဂုတ်လ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည်။ 
အငြင်းပွားကျွန်းပေါ်ရှိ မီးပြတိုက်တွင် ဂျပန်အလံစိုက်ထူထားမှုကို တွေ့ရစဉ်
ဂျပန်က ထိန်းချုပ်ထားသော အငြင်းပွားဖွယ် Diaoyu ကျွန်းစုသို့ လက်ယာယိမ်းအဖွဲ့ ဂမ်ဘာရီနစ်ပွန် (Hang In There Japan) မှ အဖွဲ့ဝင်အချို့က သွားရောက်ခဲ့ပြီး ဂျပန်အလံများကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပြုအမတ် ၁၅၀ ခန့်က လှေအစီး ၂၀ ခန့်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကျွန်းကို တရုတ်တွင် ရှင်ကာကူကျွန်းဟု ခေါ်ဝေါ်သည်။

ဟောင်ကောင်မှနေ၍ အငြင်းပွားကျွန်းစုသို့ သွားရောက်ခဲ့သော ပေကျင်းထောက်ခံသည့် တက်ကြွလှုပ်ရှားသူနှင့် ဂျာနယ်လစ် ၁၄ ဦးကို ဂျပန်က ခေတ္တမျှ ထိန်းသိမ်းခဲ့ရာ တရုတ်ဘက်မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကြောင့် ယင်းထိန်းသိမ်းထား သူများကို သြဂုတ်လ ၁၇ ရက်တွင် ဂျပန်က ပြန်ပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အလံများ သွားရောက်စိုက်ထူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
တရုတ်တွင် ဆန္ဒပြသူအများစုက ဂျပန်စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ကားများကို ပစ်မှတ်ထားခဲ့ကြောင်း သိရပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြမှုအား တရုတ်အာဏာပိုင်များက ခွင့်ပြုခဲ့သည်။ ဟောင်ကောင်နှင့်ထိစပ်နေသော တ ရုတ်တောင်ပိုင်းရှိ Shenzhen မြို့တွင် ဆန္ဒပြသူ ၁၀၀၀ ခန့်က တရုတ်အလံများကို ဝှေ့ယမ်းကာ ကြွေးကြော်သံများ အော်ဟစ်ခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့် ခဲ့သည်။ 
တရုတ်တွင် ယခင်ကာလများက ဆန္ဒပြမှုများပြုလုပ်လျှင် အလျင်အမြန် ဟန့်တားခံရလေ့ရှိသော်လည်း ယခုအကြိမ်ဆန္ဒပြမှုကိုမူ အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားဖွယ်ရှိကြောင်း တရုတ်အရေးလေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။
Ref:AFP

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။