လာဘ်ပေးလာဘ်ယူ ပြဿနာနှင့် မြန်မာနိုင်ငံက အချောင်သမားများ
လာဘ်ပေးလာဘ်ယူ ပြဿနာသည် မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြဿနာ များထဲက တစ်ခုဖြစ်ပါသည်။ အမှန်မှာတော့ လာဘ်ပေးလာဘ်ယူ ပြဿနာဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိသည့် နိုင်ငံအသီးသီး၏ ပြဿနာ ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံက သည်လိုကိစ္စမျိုးမှာ သူများထက်ပိုမို ရှေ့တန်းရောက်သော နိုင်ငံ ဖြစ်သည့်အတွက် ပိုကြီးသောပြဿနာ ဖြစ်နေပါသည်။လာဘ်ပေးလာဘ်ယူအများဆုံးပြိုင်ပွဲကြီးကျင်းပလျှင် မြန်မာနိုင်ငံက ခေါင်ဆုတစ်ခုခုကို တက်ချိတ်နိုင်လောက်မည် ထင်သည်။ ၀မ်းနည်းစရာပါ။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီခေါင်းပါး သည့်နိုင်ငံ၊ အချိန်ကြာမြင့်စွာ ဆင်းရဲကျပ်တည်းမှုများကြားမှာ နေခဲ့ရသည့်နိုင်ငံဖြစ်ခဲ့ ရသည့်အခါ လာဘ်ပေးလာဘ်ယူ ကိစ္စက ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့တာ ဖြစ်ပါသည်။
သည်လောက် ဆင်းရဲမွဲတေနေသည့် နိုင်ငံတွင်းမှာ မယုံနိုင်စရာကောင်းလောက် အောင် ချမ်းသာသူများ ရှိနေခြင်းကိုက ပြဿနာ၏ အတိမ်အနက်ကို မှန်းဆ နိုင်လောက်ပါသည်။ မြန်မာနိုင်ငံတွင်းမှ အချို့သော အာဏာရှိသူများ၊ အာဏာရှိသူ များနှင့် ပေါင်းသင်းပေးကမ်း အလုပ်လုပ်ကြသည့် စီးပွားရေးသမားများ၏ ချမ်းသာ ကြွယ်ဝမှုမှာ အံမခန်းဖြစ်ပါသည်။ သိန်းကိုသိန်းနှင့်ချီသော၊ သန်းကိုသန်းနှင့်ချီ တန်ဖိုး ရှိသော ၎င်းင်းတို့၏ မြေယာအိုးအိမ်များနှင့် ပိုင်ဆိုင်မှုများက ကမ္ဘာ့အချမ်းသာဆုံး ဆိုသည့် ဘီလျံနာများကို ယှဉ်နိုင်လောက်သည်ဟု ထင်ပါသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချ ပပျောက်ရေးလုပ်မည်ဆိုလျှင် လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်း ရပါလိမ့်မည်။
လာဘ်ပေးလာဘ်ယူ ပြဿနာဆိုကတည်းက သည်ပြဿနာမှာ ဘယ်ကမှ ထွက်တာမဟုတ် “မင်းကြီးတာ”ကပဲ ထွက်တာဖြစ်ကြောင်းလည်း သိနိုင်ပါသည်။ လာဘ်ပေးလာဘ်ယူ ဖြစ်ရသည့်နေရာက လုပ်ပိုင်ခွင့်ရှိသူတွေ၊ အာဏာရှိသူတွေနှင့် ငွေရှိသူတွေ၊ ငွေရှာသူတွေကြားမှာပဲ ဖြစ်သည်။ လာဘ်ပေးသူရော၊ လာဘ်ယူသူရော မတရားလိုချင်၊ မတရားရယူချင်သည့် အချောင်သမား စိတ်ဓာတ်ပေါ်မှာ အခြေခံတာ ဖြစ်ပါသည်။ မိမိရပိုင်ခွင့်မရှိတာကို မတရားရယူချင်သည့်အခါ လာဘ်ပေးပါသည်။ လာဘ်ယူသူကလည်း မိမိလုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး မတရားလုပ်ဆောင်ပေးကာ လာဘ်ယူပါသည်။ ဒါတွေက အာဏာရှိသူ လုပ်ပိုင်ခွင့်ရှိသူတွေပဲ လုပ်လို့ရသည့် လာဘ်ပေးလာဘ်ယူ ကိစ္စများ ဖြစ်ပါသည်။
နောက်တော့ သည်စနစ်က တွင်ကျယ်လာသည့်အခါ အာဏာရှိသူ၊ လုပ်ပိုင်ခွင့် ရှိသူတို့က လာဘ်မရလျှင် ဘာမှမလုပ်တော့။ ဘာမှမလုပ်တတ်တော့။ တံစိုး လက်ဆောင်၊ လာဘ်ငွေ တစ်ခုခုမရလျှင် အလုပ်ကို ဘယ်လိုလုပ်ရမှန်း မသိတော့သည် အထိ ဖြစ်လာသည်။ လာဘ်မရလျှင် အလုပ် မလုပ်တော့သည့်စနစ်။ သို့မဟုတ် လာဘ်မရလျှင် အလုပ်ကိုချက်ချင်း လုပ်မပေးတော့သည့်စနစ်။
သည်အခါမှာ ရပိုင်ခွင့်ရှိပါလျက်နှင့်လည်း လာဘ်ပေးလာရသည်။ ကိုယ့်မှာ ရပိုင်ခွင့် ရှိပါလျက်နှင့် လာဘ်မပေးလျှင် မိမိအလုပ် နှောင့်နှေးတော့မည်။ အလုပ် မြန်မြန်ပြီးရေး၊ မိမိသားလေး မှတ်ပုံတင် မြန်မြန်ရရေး၊ မိမိသမီး စာမေးပွဲအောင် လက်မှတ်ရရေးကစပြီး လာဘ်ပေးရသည့်ခေတ် ဖြစ်လာသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သည်လိုစနစ်ကို မွေးပေးလိုက်သည်။ မီးရထားလက်မှတ် လိုချင် သလား၊ ရုံးထောက်ခံစာ တံဆိပ်တုံးလိုချင်သလား၊ ရပ်ကွက်နေထိုင်ကြောင်းလား ဆိုတာကအစ လာဘ်ပေးခဲ့ရသည်။ မြန်မာပြည်သူ အများစုကတော့ ရွံမုန်း လောက်အောင် လာဘ်ပေးလာဘ်ယူ ပြဿနာကို ရင်ဆိုင်ခဲ့ကြရသည်။ မတရား ချမ်းသာလိုသော စီးပွားရေးသမားများနှင့်အပြိုင် သာမန်အရပ်သားများကပါ လာဘ်ပေး နေခဲ့ကြရသည်။ ပြည်သူလူထုက မိမိရသင့်သော အခွင့်အရေးကိုပင် လာဘ်ပေးပြီးမှ ရတော့သည့် အခြေအနေဖြစ်လာသည်။ သည်လိုနှင့် မြန်မာ့လူ့ဘောင်တွင်၊ စီးပွားရေး သမားများနှင့် အာဏာပိုင်များကြားမှာ မတရားရယူချင်သည့် အခွင့်အရေးပေါ်မှာ မူတည်ပြီး၊ လာဘ်ပေးလာဘ်ယူ လုပ်ကြသည်။ ပြည်သူလူထုနှင့် အာဏာပိုင်များ အတွင်းမှာ မိမိ အခွင့်အရေးအတွက်ကိုပဲ လာဘ်ပေးလာဘ်ယူ လုပ်ကြရသည်။
မြန်မာပြည်သူများအဖို့၊ ရုံးတစ်ရုံးကို ၀င်ရတော့မည်ဆိုလျှင် လာဘ်ပေးဖို့ ငွေဆောင်ကာ သွားရသည်ဆိုတာက ပုံမှန်ဖြစ်လာသည်။ ဆေးရုံမှာ၊ ကျောင်းမှာ၊ အစိုးရရုံးများမှာ ငွေပါမှဖြစ်မည်ဟု သဘောအလိုလို ပေါက်နေကြရသည်။ ပြည်သူလူထု အစိုးရကို ရွံမုန်းရသည့် အကြောင်းရင်းများထဲမှာ သည်ကိစ္စက ရှေ့တန်းက ပါပါလိမ့် မည်။ ထို့ကြောင့်လည်း အစိုးရသစ်က လာဘ်ပေးလာဘ်ယူ ပြဿနာကို ကိုင်တွယ် ဖြေရှင်းမည်ဟု ကြေညာသည့်အခါ ပြည်သူလူထု၏ အားပေးသံမှာ သောင်းသောင်းဖြဖြ ရှိလှသည်။ သည် အစိုးရသစ်သည် ကိစ္စကို တကယ် ကိုင်တွယ်နိုင်ပါ့မလားဟုလည်း စိုးရိမ်ကြသည်။ လက်တွေ့မှာက ဒီမိုကရေစီပြဿနာက အညှာလိုဖြစ်နေသည်။ ဒီမိုကရေစီ ပွင့်လင်းတိုးတက်မှုမရှိဘဲ လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်းလို့ မရနိုင်။ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ လူမှုအဖွဲ့အစည်းတွင်သာ သည်ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်မှာ မဟုတ်ပါလား။
အစိုးရသစ်၏ ပထမခြေလှမ်းအဖြစ် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း ၂၀ ဇူလိုင် ၂၀၁၂ ရက်စွဲဖြင့် ထွက်လာတာ တွေ့ရပါသည်။ အဆိုပါ ဥပဒေကြမ်းကိုပင် အမျိုးသားလွှတ်တော်က ၁ သြဂုတ် ၂၀၁၂ နေ့က အတည်ပြုလိုက်ပြီ ဟူသောသတင်း ထွက်ပေါ်လာပါသည်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူ အမှုများ ဖြစ်ပေါ်လျှင် သမ္မတအပါအ၀င် မည်သူမဆို ထိထိရောက်ရောက် အရေးယူခံရမည် ဆိုတာပဲ ဖြစ်ပါသည်။ တစ်ခုတော့ရှိသည်။ လာဘ်ပေးလာဘ်ယူ အမှုဆိုသည်မှာ ပြစ်ဒဏ်ပေးရုံနှင့် ပပျောက်သွားတာမျိုးတော့ မဟုတ်ပါ။ တရုတ်နိုင်ငံမှာ အစိုးရ အရာရှိကြီးများ လာဘ်စားတာကို သေဒဏ်အထိ အပြစ်ပေးပါသည်။ အရာရှိကြီးများ သေဒဏ်ကျခံသွားရသည့် သတင်းများကို မကြာခဏ တွေ့မြင် ဖတ်ရှုနေရသည်။ တော်ကြာနေ တွေ့ရပြန်ပြီ။ သေဒဏ်။ နောက်တစ်ခါ တွေ့ပြန်ပြီ၊ နောက်တစ်ယောက်
သေဒဏ်။ သဘောကတော့ ဒီလိုအမှုများက ရှိနေဆဲ၊ ရှိနေမြဲဆိုတာပဲ ဖြစ်ပါသည်။
လာဘ်ပေးလာဘ်ယူ ပြဿနာကို ကိုင်တွယ်ဖို့က ဒီမိုကရေစီရှိရမည်။ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရမည်။ ဥပဒေရှိရမည်။ ဥပဒေအတိုင်း အရေးယူရမည်။ တစ်နည်း ဥပဒေစိုးမိုးရမည်။ ဒါကတစ်ချက်။ နောက်တစ်ချက်ကတော့ ပြည်သူ့အင်အား ဖြစ်သည်။ ပြည်သူလူထုက လာဘ်ပေးလာဘ်ယူမှုများကို တွေ့သည့်နေရာ၊ ကြားသည့်နေရာက ကျယ်ကျယ်လောင်လောင် ရှုတ်ချရမည်။ လာဘ်မပေးရေးမူကို စွဲကိုင်ထားရမည်။ ကိုယ်ကိုယ်တိုင်လည်း လာဘ်မပေး၊ လာဘ်ပေးလာဘ်ယူမှုကို မြင်တွေ့လျှင်လည်း ငြိမ်မနေသည့်မူ ဖြစ်သည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည့် အချိန်တွင် ပြည်သူ့ကွန်ရက်များက ပိုမိုကျယ်ပြန့်လာနေတာကို အခွင့်အရေးအဖြစ် အသုံးချကာ ဖော်ထုတ်ရမည်။ ဥပဒေတစ်ခုတည်း အားကိုးလို့မရ။ ပြည်သူ့အားကို ကိုးစားရမည်။
အဆိုပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အခန်း (၈) တွင် -
လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာခြင်းဟူ၍ ခေါင်းစဉ်တပ် ဖော်ပြထားသည်။ ဆိုလိုရင်းမှာ တာဝန်ရှိသော လုပ်ပိုင်ခွင့် အာဏာရှိသူများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် များ စာရင်းကို သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ကြေညာချက်များ ပေးပို့တင်ပြရမည်ဟု ဖြစ်ပါသည်။ ထို့ပြင် လုပ်ပိုင်ခွင့်အာဏာ ရှိသူများသည် ကြေညာချက် ပေးပို့ရာတွင်
(က) ပိုင်ဆိုင်သည့် ငွေကြေးများ၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ပိုင်ဆိုင် ကြောင်း အထောက်အထား မိတ္တူပူးတွဲ တင်ပြရမည်။
(ခ) ပစ္စည်းများ လွှဲပြောင်း ရောင်းချခြင်းရှိပါက ရောင်းချရငွေမှ ၀င်ငွေခွန် ထမ်းဆောင် ထားလျှင် ထိုသို့ ထမ်းဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်း မိတ္တူပူးတွဲ တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (က) မှ (ခ) အထိပါ ငွေကြေးများ ရရှိမှုနှင့် ပစ္စည်းများ ပိုင်ဆိုင်မှုတို့နှင့် စပ်လျဉ်း၍ ပြည်တွင်းသာမက ပြည်ပတွင်ရရှိသော ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ၏ စာရင်းများကိုပါ ဖော်ပြရမည်ဟု ပါရှိပါသည်။
ထို့ပြင် ကော်မရှင်သည် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ကြေညာချက်ပေးပို့ရန် တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အာဏာ ရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန် ကြေညာရမည်ဟူ၍ ဖော်ပြထားတာကိုလည်း တွေ့ရပါ သည်။
ယင်း ဥပဒေကြမ်းနှင့် တစ်ဆက်တစ်စပ်တည်းမှာပဲ ၂၅ ဇူလိုင် ၂၀၁၂ နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ မိမိတို့ပိုင်ဆိုင်သော အကျိုးစီးပွား ပစ္စည်းဥစ္စာများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း အဆိုတင်သွင်းလိုက် ပါသည်။ ဥပဒေကြမ်းပါ အချက်အလက်ကို အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှ စတင် အကောင်အထည်ဖော်ရန် အဆိုတင်သွင်းလိုက်ခြင်း ဖြစ်ပါသည်။
အစိုးရအဖွဲ့ဝင်များဆိုလျှင် သမ္မတမှစ၍ သမ္မတက ခန့်အပ်ခဲ့ပြီး လွှတ်တော်များ ကအတည်ပြုခဲ့သော သူများအားလုံး ပါဝင်ပါလိမ့်မည်။ ပြည်ထောင်စု တရားသူကြီးချုပ် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ အားလုံး ပါဝင်ပါလိမ့်မည်။
ယင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသည့်အခါ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ဒီလိုအစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုများ ထုတ်ဖော် ကြေညာရေးမှာ ကောင်းမွန်ကြောင်း၊ သို့ရာတွင် ဒါကို အစိုးရအဖွဲ့တစ်ခုတည်း မဟုတ်ဘဲ အခြားသော မဏ္ဍိုင်သုံးရပ်စလုံးပါ တာဝန်ရှိသူများပါ ထုတ်ဖော်ကြေညာဖို့ လိုအပ်ကြောင်း ဆွေးနွေးပါသည်။ သည်လိုဆိုလျှင် လွှတ်တော်ဥက်္ကဋ္ဌများ၊ နာယက များပါ ပါဝင်ဖို့ လိုအပ်လာမည်ဟု ဆိုလိုဟန်တူပါသည်။ သည်လို ဆွေးနွေးပြီးနောက် ဤသို့ အခြားသော ကဏ္ဍများကပါ ပါဝင်ရမည်ဆိုလျှင် အလွန် ကျယ်ပြန့်သွားမည် ဖြစ်သောကြောင့် လွှတ်တော်မှ ဆုံးဖြတ်ပေးရန်လိုကြောင်း ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ၊ ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၁၅ မဲ ဖြင့် အဆို ရှုံးနိမ့်သွားကြောင်း သိရပါသည်။
အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာ ထားခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာကို ထိန်းနိုင်လိမ့်မည်ဟု ပြည်သူများက ယူဆပါသည်။ ယင်းသို့ပိုင်ဆိုင်မှုများ ကြေညာထားခြင်းဖြင့် ပြည်သူများကြားတွင် ထင်သာမြင်သာဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်၍ ပြည်သူလူထု၏ ယုံကြည်မှုကို အင်အား ကြီးကြီးမားမား ရရှိသွားနိုင်မှာ ဖြစ်ပါသည်။
ပြည်သူ့ယုံကြည်မှု ပြည်သူ့ထောက်ခံမှုတို့ဖြင့်သာ လာဘ်ပေးလာဘ်ယူ အမှုကိစ္စ များ သာမကတိုင်းပြည်၏ အရေးအရာများကို လုပ်ဆောင်အောင်မြင်နိုင်မှာ ဖြစ်ပါသည် ဟု ယုံကြည်ပါသည်။
၉ သြဂုတ် ၂၀၁၂
(သြဂုတ် ၁၆/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၇ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)
No comments:
Post a Comment