Tuesday, August 21, 2012

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတတိုက်တွန်း

Monday, 20 August 2012 15:31

 နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
"မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင်သာရှိပါသေးသည်။ သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက်လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၄င်းက ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက "လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း " ဟု မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုး ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးအားစွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ ခေတ္တစောင့်ဆိုင်း ပေးနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ နိုင်ငံတော်သမ္မတထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ပါဝင်သည့် “နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲ ပါစာအမှတ်၊ ၃/ညမ (၁)၃-၁(၉၂) နပတ(၇၂)အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိ စိတ်ဓာတ်ဖြင့်တာဝန်မှ အနားယူစေ ခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်” တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ထံသို့ ပေးပို့သော သ၀ဏ်လွှာတွင်  "၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ က ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများအားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။ ၂။ ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုမိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ၃။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။"ဟု ပြောကြားခဲ့သည်။
"ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရအပြီးအပြတ်အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲအဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအားအစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
"ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူစေရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေးအတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂)ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စအပေါ် အမှားမှားအယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂ္ဂိုလ်များမဖြစ်နိုင်ဟုယုံကြည်ပါသည်။" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
"မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာသို့မဟုတ် ကျမ်းသစ္စာပြုထားကြသူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။" ဟု နိုင်ငံတော်သမ္မတမှ ဆိုပါသည်။

Comments 
 
-11 #21 Pho Taung 2012-08-21 11:13
လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် အဓိက Check and Balance လုပ် ရန် သာ ဖြစ် သည် ဟု နာ လည် ပါ သည်။ ထို ကြောင့် အစိုးရ ၊ လွှတ် တော် နှင့် တရားစီ ရင် ရေး ကို ထိန်းကြောင်း ရန် အတွက် လွှတ် တော် ကော် မတီ။ ကော် မရှင် များ သည် ပြည် ထောင်းစု အဆင့် မဟုတ် လျှင် Check and Balance လုပ် ရန် မ လွယ် ကူ ပါ။ အစိုးရ ရုံး သွား လျှင် တောင် အငေါက် ခံ ရ နိုင် ပါသည်။ တရားစီ ရင် ရေး ကို Check ရင် တော့ ထောင် ကျ နိုင် ပါသည်။
လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည် Facilityနှင့် ရ ပိုင် ခွင့်သည် အဓိက မကျ ပါ။ Check and Balance အတွက် လုပ် ပိုင် ခွင့် သာ အဓိက ကျ ပါသည်။
 
-8 #20 switchlighter 2012-08-21 11:10
အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။
မှတ်ချက်
"တာဝန်ကျေပွန်စွာ ဘက်လိုက်ကာကွယ်ရေးဆွဲ ခဲ့ကြသူများဖြစ်ပါသည်။"
 
+11 #19 U TUN 2012-08-21 09:27
ခုံရုံးကရော သမတ ကပါ ပြည်ထောင်စုအဆင့် မလုပ်ပါနဲ့ လို့တားနေတာ မဟုတ်ဘူး.... ပြည်ထောင်စုဖြစ်ချင်ရင် အခြေခံဥပဒေမှာ ပြင်ဆင်ချက်အဆို ထပ်ထည့်လိုက်ပေါ့
ဒီချုပ်ကလည်း အခွင့်အရေးရမယ်လို့များပြောလိုက်ရင် အမြီးကို နံ့နံ့တက်လို့ ဦးရွှေမန်းနောက်ပါသွားတာ ဘာတဲ့ဖြိုးမင်းသိန်းက
ဦးရွှေမန်းကို တာဝန်ပေးထားပါတယ်တဲ့.... ပြည်ခိုင်ဖြိုးအမတ်တွေ
ဦးနှောက်မရှိလို့ လုပ်တယ်ထားဦး.. ဒီချုပ်က ပြည်သူ့ကိုယ်စား
လှယ်အစစ်တွေက နည်းနည်းပါးပါး ဥပဒေတတ်တဲ့သူတွေနဲ့ တိုင်ပင်ပါဦးလား... ဖြစ်လာမဲ့အကျိုးဆက်တွေကို ဆင်ခြင်ပါဦးလား နိုင်ငံတကာအမြင်တွေ နဲ့ ကြည့်ပါဦးလား...
ကျနော်ထင်ပါတယ်....သူတို့ကိုထောင်ချခဲ့တဲ့ တရားရေးကို ဆော်ရပြီဆိုပြီး ကျန်တာတွေ မစဉ်းစားဘဲ ထောက်ခံလိုက်တာဖြစ်မယ်
 
+20 #18 U TUN 2012-08-21 09:19
Quoting visuta:
အနည်းငယ်သော စဉ်းစားစရာတင်ပြရရင်။ သမ္မတကြီးရဲ့ ကိုယ်စား ဒီအဆိုကို ခုံရုံးကို ရှေ့နေချုပ်က တင်ခြင်းဖြစ်သည်. ထို့ကြောင့် ဒီအမှု့ကို ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မတက အစကတည်းက အသိအမှတ်ပြုခြင်းကို လက်မခံနိုင်သောကြောင့်ဖြစ်သည်။
ဒုတိယချက်က. လွတ်တော်ရေးရာ ဥပေဒေများသည် ကလောင်ချွန်လက်များနဲ့ ချဲ့ကားရေးထားချက်လို့ ခုံရုံးဥက္ကဌ ပြောသည်။ ဆိုလိုသည်မှာ ဥပဒေကို လက်ဆော့ထားသူများရေးထားချင်လို့ဆိုလိုသည်။ ဒါဆို ၂၀၀၈ အခြေခံဥပဒေကိုကော် ဘယ်သူတွေရေးထားသလဲ၊ လွတ်တော်ဆိုတာ ဘာမှမဟုတ်လို့ဆိုလိုရာ ရောက်သည်။
နံပါတ်သုံးချက်က တခြားတစ်နေရာမှာ ခုံရုံးဥက္ကဌက မိမိသည် လွတ်တော် အမတ်များကဲ့သို့ အရွေးကောက်ခံထားရသူ မဟုတ် နိုင်ငံတော်က တာဝန်ပေးထားသူ တဲ့။ ဒါဆို နိုင်ငံတော်ဆိုတာ ဘယ်သူ့ကိုဆိုလိုတာလဲ အထက်လူကြီး တစ်ဦးတစ်ယောက်ကို ဆိုလိုတာလား ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သော အမတ်တွေမှာ ဘာမှ အာဏာပါဝါမရှိတော့ဘူးလား။ ဒီမိုကရေစီ စနစ်မှာ ပြည်သူသည် အာဏာအရှိဆုံးဖြစ်သည်။ ပြည်သူတွေရဲ့အထက်မှာ တစ်စုံတစ်ဦးတစ်ယောက် အာဏာရှိနေပြီလား။ စဉ်စားစရာတွေပါ။
နောက်ဆုံးအချက်က လွတ်တော်အဖွဲ့အစီးများကို ပြည်ထောင်စု အဆင့် အသိမှတ်ပြုဖို့ တောင်းဆိုတဲ့နေရာမှာ အသိအမှတ်အပြုခံရဖို့ သက်သက်တောင်ဆိုးနေသည်ဟု ဖတ်ရ မှတ်ရ နားလည်ပါသည်. ခုချိန်ထိ ဘယ်သူမှ ဝန်ကြီးများနှင့်တန်းတူ အခွင့်အရေး တန်းတူ တောင်းဆိုနေခြင် မတွေ့ရသေးပေ။ အသိမှတ်ပြုဖို့ကိစ္စကို ဥပဒေကိုးကားမှာလား အခွင့်အရေးကို အကြောင်းပြမှာလား။
သေချာတာတစ်ခုကတော့ လွတ်တော် အဖွဲ့အစီးများကို အသိအမှတ်မပြုခံရပါက လွတ်တော်သည် ဘာမှမဟုတ်တော့ပေ. ခုတောင် လွတ်တော်မှာ လာရောက်ဖြေကြားသော အစိုးရအဖွဲ့အစီးသည် ဒုတိယဝန်ကြီးက အမြင့်ဆုံးဖြစ်သည်။ ဒုဝန်ကြီးတောင် စာရွက်ကြည့်ဖတ်တာတောင် ကောင်းကောင်း မဖတ်နိုင်သော ဝန်ကြီးက ပါသေးသည်။ စဉ်းစားစရာက ဒီမိုကရေစီး နောက်ပြန်ဆွဲတာက လွတ်တော်အမတ်တွေလား အစိုးရအဖွဲ့လား. အို့စာဖတ် ပရိတ်သတ်တို့ သေချာစဉ်းစားပါလော့. မီဒီယာများလဲ သေချာ စဉ်းစားပြီးရေးကြပါတော့။ စာလုံးပေါင်းများ အမှားပါက ပြင်ဖြတ်ပေးကြပါ။
လာပြန်ပြီ ဒီမိုကရေစီတွင် ပြည်သူတွေ အာဏာအရှိဆုံးတဲ့ .. ဒီမိုကရေစီရပြီဆိုပြီ လမ်းပေါ်ဆေးရိုးတက်လှမ်းမဲ့သူတွေ... ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူကိုမှ အာဏာအမြင့်ဆုံးမပေးထားဘူး... ဒါလေးတောင် နားမလည်ဘူးလား မင်းတို့ ဥပဒေကို သေချာမလေ့လာဘဲ မတတ်ဘဲ လျှောက်ပြောနေတယ် နောက်ပြီး ကလောင်ချွန်တယ် လို့ ရေးထားတာ ပြောတာမဟုတ်ဘူး ကလောင်ကျွံပြီးလို့ ပြောတာ... ဘာဘဲဖြစ်ဖြစ်ပါ ဦးသိန်းစိုးကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အခုလုပ်ရပ်မှာ အခြေခံဥပဒေကို ပြင်ဆင်ချက်ထည့်လိုက်ရင် ပြီးမဲ့ဟာကို ဥပဒေပြုရေးက တရားရေးကို လွှမ်းမိုးချုပ်ကိုင်မဲ့ လုပ်ရပ်ဖြစ်နေလို့ ၀ိုင်းပြောနေကြတာ... ဘယ်ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံမှာ မှ ဒီလို အရှက်စရာကောင်းတဲ့ အလုပ်တွေမလုပ်ဘူး။။ ဒီတစ်ဖွဲ့လုံးပြုတ်သွားတော့ရော ဒီဆုံးဖြတ်ချက်က ပျက်သွားမှာမှ မဟုတ်တာ အခြေခံဥပဒေကို ပြင်လိုက်ရင် ပြီးမှ ဟာ ကို ငါနဲ့မတူ ငါ့ရန်သူဆိုပြီး လုပ်နေတာ ခုံရုံးကို အပြတ်ရှင်းပြီး တရားစီရင်ကို သူတို့ လက်အောက်ရောက်သွားအောင်လုပ်နေတာ ဒီပြသာနာဟာ ဥပဒေတတ်ကျွမ်းနားလည်သူများသာ ငြင်းခုံသင့်တဲ့ ပြသာနာပါ ဘူမသိကိုးမသိတွေ ၀င်ပြီး မအာကြပါနဲ့ မြန်မာ့ဒီမိုကရေစီသမိုင်းမှာ ရိုင်းသွားမှာမို့ တားနေကြတာပါ။
 
+27 #17 maungmyaygyi 2012-08-21 07:02
ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးသည့် ရေးရာကော်မီတီတွေ အားလုံးဟာ ပြည်ထောင်စု အဆင့်ရှိတယ်- ဆိုတဲ့ ပုဒ်မတစ်ခုလောက် ထပ်တိုးပြင်ဆင်လိုက်ရုံနဲ့ အဆင်ပြေသွားနိုင်တယ်။ ထွက်ပေါက်ကပေးထားပြီးသားပါ။ သမ္မတကြီးပြောတာကို လုံးဝ သဘောတူတယ်။
သူရရွှေမန်းဆိုတဲ့ ငနဲကြီးက ရူးကြောင်မူးကြောင်နဲ့ ခုံရုံးအဖွဲ့ကို ဖျက်ပေးဖို့ တောင်းဆိုနေတာ တော်တော်ကို ချီးဘရိန်းဆန်လွန်တယ်။ ခုံးရုံးအဖွဲ့ ဖျက်လိုက်ရုံနဲ့ ရေးရာကော်မီတီတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖြစ်သွားမှာလား။ ဆုံးဖြတ်ချက်က ရှိနေပြီးသား။
ဒီမိုကရေစီအင်အားစုတွေကလဲ ချီးဘရိန်ရွှေမန်းနောက်လိုက်ပြီး ချီးဘရိန်းတွေ ဖြစ်ကုန်ကြပြီလား။ ခေါင်းသုံးကြ။ ခင်ဗျားတို့ ကြည့်ရတာ လွှတ်တော်သာ တက်နေတယ်။ ခင်ဗျားတို့ ပြင်ချင်ပါတယ် ဆိုတဲ့ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို သေသေချာချာ လေ့လာထားပုံ မရဘူး။
ဒီမိုအင်အားစုတွေထဲမှာ ဦးသိန်းညွန့်ကိုတော့ ခြွင်းချက်ထားပါတယ်။ အခုအချိန်အထိ ဦးသိန်းညွန့်တစ်ယောက်ပဲ ဒီပြဿနာမှာ ဖွဲ့စည်းပုံကို ပြင်ဖို့ ပြောတာ ကြားရတယ်။ ကျန်တာတွေကတော့ ရောယောင် ပေါကြောင်တွေပဲ။
 
+21 #16 oonayoo 2012-08-21 03:19
ဘာတွေမြုပ်ကွက်တွေလဲတော့ နားမလည်ပါဘူး။
သမ္မတကြီးကို ထောက်ခံပါတယ်။
 
-3 #15 ၂မောင် 2012-08-21 00:42
လွှတ်တော် မှဆွေးနွေးချက်များသည် သည် သင်္ကြန်သံချပ်များကဲ့သို့ သင်္ကြန်ရေ နှင့် အတူ မျောပါ သွား တတ်ပါပေသည် ဟုေဲပာဆိုသမျှ အရာမရောက် ရင်တော့ ဒီမိုကရေစီမဟုတ်တော့ပါ
 
+7 #14 visuta 2012-08-20 23:57
အနည်းငယ်သော စဉ်းစားစရာတင်ပြရရင်။ သမ္မတကြီးရဲ့ ကိုယ်စား ဒီအဆိုကို ခုံရုံးကို ရှေ့နေချုပ်က တင်ခြင်းဖြစ်သည်. ထို့ကြောင့် ဒီအမှု့ကို ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မတက အစကတည်းက အသိအမှတ်ပြုခြင်းကို လက်မခံနိုင်သောကြောင့်ဖြစ်သည်။
ဒုတိယချက်က. လွတ်တော်ရေးရာ ဥပေဒေများသည် ကလောင်ချွန်လက်များနဲ့ ချဲ့ကားရေးထားချက်လို့ ခုံရုံးဥက္ကဌ ပြောသည်။ ဆိုလိုသည်မှာ ဥပဒေကို လက်ဆော့ထားသူများရေးထားချင်လို့ဆိုလိုသည်။ ဒါဆို ၂၀၀၈ အခြေခံဥပဒေကိုကော် ဘယ်သူတွေရေးထားသလဲ၊ လွတ်တော်ဆိုတာ ဘာမှမဟုတ်လို့ဆိုလိုရာ ရောက်သည်။
နံပါတ်သုံးချက်က တခြားတစ်နေရာမှာ ခုံရုံးဥက္ကဌက မိမိသည် လွတ်တော် အမတ်များကဲ့သို့ အရွေးကောက်ခံထားရသူ မဟုတ် နိုင်ငံတော်က တာဝန်ပေးထားသူ တဲ့။ ဒါဆို နိုင်ငံတော်ဆိုတာ ဘယ်သူ့ကိုဆိုလိုတာလဲ အထက်လူကြီး တစ်ဦးတစ်ယောက်ကို ဆိုလိုတာလား ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သော အမတ်တွေမှာ ဘာမှ အာဏာပါဝါမရှိတော့ဘူးလား။ ဒီမိုကရေစီ စနစ်မှာ ပြည်သူသည် အာဏာအရှိဆုံးဖြစ်သည်။ ပြည်သူတွေရဲ့အထက်မှာ တစ်စုံတစ်ဦးတစ်ယောက် အာဏာရှိနေပြီလား။ စဉ်စားစရာတွေပါ။
နောက်ဆုံးအချက်က လွတ်တော်အဖွဲ့အစီးများကို ပြည်ထောင်စု အဆင့် အသိမှတ်ပြုဖို့ တောင်းဆိုတဲ့နေရာမှာ အသိအမှတ်အပြုခံရဖို့ သက်သက်တောင်ဆိုးနေသည်ဟု ဖတ်ရ မှတ်ရ နားလည်ပါသည်. ခုချိန်ထိ ဘယ်သူမှ ဝန်ကြီးများနှင့်တန်းတူ အခွင့်အရေး တန်းတူ တောင်းဆိုနေခြင် မတွေ့ရသေးပေ။ အသိမှတ်ပြုဖို့ကိစ္စကို ဥပဒေကိုးကားမှာလား အခွင့်အရေးကို အကြောင်းပြမှာလား။
သေချာတာတစ်ခုကတော့ လွတ်တော် အဖွဲ့အစီးများကို အသိအမှတ်မပြုခံရပါက လွတ်တော်သည် ဘာမှမဟုတ်တော့ပေ. ခုတောင် လွတ်တော်မှာ လာရောက်ဖြေကြားသော အစိုးရအဖွဲ့အစီးသည် ဒုတိယဝန်ကြီးက အမြင့်ဆုံးဖြစ်သည်။ ဒုဝန်ကြီးတောင် စာရွက်ကြည့်ဖတ်တာတောင် ကောင်းကောင်း မဖတ်နိုင်သော ဝန်ကြီးက ပါသေးသည်။ စဉ်းစားစရာက ဒီမိုကရေစီး နောက်ပြန်ဆွဲတာက လွတ်တော်အမတ်တွေလား အစိုးရအဖွဲ့လား. အို့စာဖတ် ပရိတ်သတ်တို့ သေချာစဉ်းစားပါလော့. မီဒီယာများလဲ သေချာ စဉ်းစားပြီးရေးကြပါတော့။ စာလုံးပေါင်းများ အမှားပါက ပြင်ဖြတ်ပေးကြပါ။
 
+19 #13 nyi nyi han 2012-08-20 23:56
လွှင့်ပစ်ရအောင်လည်း အဆီတ၀င်းဝင်း..
စားရအောင်ကလည်း သဲတရှပ်ရှပ်...ဖြစ်နေကြတယ်။
ဒီမှာတော့ ရေတွေကြီးလိုက် မိုးတွေခေါင်လိုက်၊ သစ်တောတွေပြုန်း ရာသီဥတုတွေကဖေါက်၊ အရှေ့ကတစ်မျိုး အနောက်တစ်မျိုး....
လုပ်ကြပေါ့ကွာ..ကယ်တင်ရှင်ကြီးတွေ...
 
+26 #12 shyat_sayagyi 2012-08-20 20:17
Quoting maungmyaygyi:
- - - - - - -သူတို့သဘောက ဖွဲ့စည်းပုံအခြေခံဥပဒေကို အပျိုစင်လေးလို သဘောထားနေတာ။ ဒါကို (စကားရိုင်းရင် ခွင့်လွှတ်ပါ) ပါကင်ဖောက်ပေးလိုက်ဖို့ လိုပါတယ်။ ဒါဆိုရင် နောက်ပိုင်းမှာ အားလုံးသိပါတယ်။ အေးဆေးပါဘဲ။
အားး... ရွှံ့တွေ...ရွှံ့တွေ... အများကြီးပဲ....
 
+31 #11 maungmyaygyi 2012-08-20 20:06
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌနောက်ကို မလိုက်ဘဲ သမ္မတအကြံပေးတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် အာရုံစိုက်ပြီး ဦးဆောင်ပေးသင့်တယ်လို့ထင်တယ်။
အခွင့်အရေးပေးတုန်းမှာ ပုဒ်မတစ်ခုလောက် ပြင်ခွင့်ရရင် အရင်ဆုံး ပြင်လိုက်ပါ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတာတွေအားလုံးကို ပြင်ရမှာ ဖြစ်သော်လည်း အားလုံး မပြင်နိုင်သေးတဲ့အချိန်မှာ တစ်ခုရ တစ်ခု ပြင်ပါ။
သူရရွှေမန်းတို့ တပ်ကိုယ်စားလှယ်တို့ ကြံ့ဖွံ့တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရေးဆွဲထားတာမှ မကြာသေးတဲ့အတွက် ပြင်ဖို့ မသင့်သေးဘူး လို့ အခိုင်အမာ ယူဆနေကြတာပါ။ သူတို့သဘောက ဖွဲ့စည်းပုံအခြေခံဥပဒေကို အပျိုစင်လေးလို သဘောထားနေတာ။ ဒါကို (စကားရိုင်းရင် ခွင့်လွှတ်ပါ) ပါကင်ဖောက်ပေးလိုက်ဖို့ လိုပါတယ်။ ဒါဆိုရင် နောက်ပိုင်းမှာ အားလုံးသိပါတယ်။ အေးဆေးပါဘဲ။
 
+40 #10 klvnaung 2012-08-20 19:47
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သန်း၆၀ မှာ ဒုက္ခရောက်တာ ရင်နာပါဘိ။
 
+30 #9 shyat_sayagyi 2012-08-20 18:59
ရှဥ့်တစ်ကောင် ဖြတ်လျှောက်နိုင်အောင် ပျားတစ်အုံလုံး အောက်ဖက်ကို ရွှေ့ပေးလိုက်ရတယ်ဗျာ
 
+64 #8 Aung Zeya 2012-08-20 17:40
ပြင်မနေနဲ့တော့ အားလုံးပေါင်းပြီးအသစ်သာဆွဲလိုက်တော့
အစကတည်းကစေတနာကောင်းနဲ့ဆွဲခဲ့တာမှမဟုတ်ပဲ
ပြုပြင်ပြောင်းလဲရေးမလုပ်ရဘူး အမှားပြင်ရတာနဲ့
အပြစ်ရှာကြတာနဲ့ အကောက်ကြံကြတာနဲ့ တော်ကြပါတော့
အမှန်ကတော့အဲဒါကြီးလွှင့်ပြစ်ပြီး အသစ်ဆွဲလိုက်ပြီးရော
တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တွေရော တိုင်းရင်းသားပါတီတွေရော
NLDရော ဒေါက်တာဆလိုင်းဝေကျူံးလျံ တို့ BLCက ဦးအောင်ထူးတို့ရော
ုပြည်တွင်းက ပြည်သူနဲ့တိုင်းရင်းသား အပေါ် စေတနာမှန်တဲ့ပညာရှင်
တွေရောပေါင်းပြီးအသစ်ဆွဲလိုက်တာကမှုမြန်မြန် ငြိမ်းချမ်းရေးရပြီး
မြန်မြန် တိုးတက်ဦးမယ်။
ပြုပြင်ပြောင်းလဲတာမဟုတ်ပဲအမှားပြင်ကာလကြီး ကိုကားလိပ်ချ ကြ
ပါတော့။
 
+28 #7 U TUN 2012-08-20 17:11
ယင်းဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရအပြီးအပြတ်အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲအဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအားအစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။"
ပြောပြန်ရင်လည်း ရထားဝန်ကြီးလွန်ရာကျမယ် အဲလေ အောင်မင်းလွန်ရာကျမယ် ....ကျနော့်တပည့် အသက် ၂၀အရွယ် ချိန်ဘာလေးတွေတောင် သိတဲ့ကိစကို မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ဇွတ်တောင်းဆိုတာ ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး.......ပညာတတ်လူတော် လူကောင်းများ တိုင်းပြည်အတွက် နေရာရကြပါစေ။ ပညာမဲ့သူများ ကျဆုံးပါစေ
 
+79 #6 koswarkyal 2012-08-20 17:10
ဦးသိန်းစိုးဟာ အရင်က စစ်ဥပဒေချုပ်၊ အဲဒီကနေ ဒုတရားသူကြီးချုပ်၊ အဲဒီကနေ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နောက်ပြီး အခု ဒီရာထူးကို ရလာတာ ဖြစ်ပါတယ်။ စစ်တပ်တွင်း နေစဉ်က မောက်မာရိုင်းစိုင်းသလို တရားသူကြီးချုပ် ဘ၀မှာလည်း လာဘ်အကြီးအကျယ်စားပြီး မတရားတဲ့ အမှုပေါင်းစုံကို စီရင်ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ နာဂစ်ဖွဲ့စည်းပုံ (၂၀၀၈) ရေးဆွဲတဲ့ အမာခံတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဗြောင်ကျကျ ညစ်ပတ်ဖို့ လူမိုက်ဆန်ဆန် ညွှန်ကြားခဲ့သူ ဖြစ်ပါတယ်။
လွှတ်တော်ကို ဖွတ်လွှတ်တော်လို့ မထင်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် ဘာလို့ ထောက်ခံခဲ့သလဲဆိုတာ စဉ်းစားသင့်ပါတယ်။ အခု မဏ္ဍိုင်ကြီး ၃ခုမှာ ပြည်သူနဲ့ အနီးစပ်ဆုံးက လွှတ်တော်ပဲ ရှိပါတယ်။ အစိုးရအဖွဲ့က သမ္မတကလွဲလို့ အားလုံးလာဘ်စားတယ်၊ အပြောင်းအလဲ လည်း မလုပ်ဘူး။ သတင်းမီဒီယာကို ဖိနှိပ်တယ်။ လူထုကို တရားရေးမဏ္ဍိုင်နဲ့ ပေါင်းပြီး ဖိနှိပ်နေတယ်။ စစ်တပ်ကလည်း ငြိမ်းချမ်းရေး အယောင်ပြပဲ ရှိသေးတယ်။ အခုလည်း လွှတ်တော်ထဲက ၂၅% က သမ္မတဖက်က ရှိဖို့များတယ်။ ဇွတ်အတင်း လွှတ်တော်ကိစ္စကို စစ်တပ်က ၀င်စွက်ဖက်ခဲ့ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ မစရသေးခင် သေတဲ့ သဘောပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု အားလုံးကို တပ်မတော်က ဆန့်ကျင်နေမယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတွေ ဆက်မဆွေးနွေးပါနဲတော့။ တိုင်းရင်းသားတွေ လိုချင်တာ စီပွားရေးကိစ္စမဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်။ အခုလွှတ်တော်နဲ့ အစိုးရဖြစ်တဲ့ ကိစ္စမှာ တပ်မတော်က ဖွဲ့စည်းပုံကို လုံးဝ အထိမခံဘူးဆိုတဲ့ မူနဲ့ကတော့ လာမလုပ်ပါနဲ့။ အကုန် ရှုပ်ကုန်လိမ့်မယ်။ လူထုနဲ့ တပ်မတော် မုန်းတီးမှု ပိုသွားမယ်။ ရခိုင်၊ ကချင် အရေးတွေမှာ စစ်တပ်ကို လူမုန်းသွားမယ်။
ဒါပေမယ့် ဒီတစ်ခေါက် သမ္မတ အကြံပေးတာလေးကို လွှတ်တော်လက်ခံလိုက်ပါ။ ဖွဲ့စည်းပုံကို ပြင်ပါ။ ပြင်ရင်လည်း ဟိုတစ်ခါ ဒေါ်အောင်ဆန်းစုကြည် ထည့်တောင်းတာလေးတွေလည်း ပြင်လိုက်ပါ။ တစ်ပိုင်းချင်း စပြင်ကြတာပေါ့ဗျာ။
 
+66 #5 juniorponenya 2012-08-20 17:07
သမ္မတကြီး အနေနဲ့ ခေါင်းဆောင်ကောင်း ပီသပါသည်။ဘက်လိုက်ြ­ခင်းနှင့်ဆန္ဒာကတိ လွန်စွာနည်းကြောင်းပေါ်လွင်လှသည်။ခုံရုံးသို့  သဘောထားမှတ်ချက် တောင်းစဉ်က မည့်သည့်သဘောထားရှိသည်ြ­ဖစ်စေ ဥပဒေနှင့်ညီသည်။ယခြု­မန်မာ့နိုင်ငံရေြး­ဖစ်စဉ်မှာ ပါဝင်သည့်(ခေါင်းဆောင်များအားလုံး)၏ြ­ပသနာတစ်ခုြေ­ဖရှင်းနိုင်စွမ်း၊ဆန္ဒာကတိ ဤနေရာတွင်အကဲခတ်နိုင်သည်။သမ္မတသည် ပုဂ္ဂိုလ်၊အဖွဲ့အစည်းများနဲ့  ပူးပေါင်းဆောင်ရွက်ရာတွင် အပိုအလိုမရှိပါ။
 
+51 #4 zeroworld 2012-08-20 16:58
(၁၅)နှစ် အချိန်ယူပြီး ဆွဲထားတဲ့ ဖွဲ့စည်းပုံ ကလဲ (၂)နှစ်တောင် မသုံးရသေးဘူး ဖာရာ ဗလပွ နဲ့ပါတကား
အသင်လောက(ဖာတလုံးဂေါင်းကြားလေသံ)
 
+58 #3 Aung Zeya 2012-08-20 16:45
အဲ့ဒီ ဖွဲ့စည်းပုံကအဲဒါတင်မကဘူး ။တစ်အုပ်လုံးပြင်ရမှာ။
ခုံရုံးဥက္ကဌ သိန်းစိုးက အကြမ်းရေးဆွဲတုန်းကလည်းပါ
ရွေးကောက်ပွဲတုန်းကလည်းကော်မရှင်ဥက္ကဌလုပ်ပေးပြီးညစ်
အခုလည်ခုံရုံးဥက္ကဌဆိုတော့ မောင်မင်းကတော့ ထွက်ပေးသင့်ရုံ
တင်မကဘူး သေတောင်သေသင့်နေပါပြီ။
 
+73 #2 kinglakeshore 2012-08-20 16:05
Quote:
ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လေးစားပါတယ်.. သမ္မတကြီးခင်ဗျားးး...
 
+30 #1 Par Par Gyi 2012-08-20 16:02
မှန်၏။ မှန်၏။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။