Tuesday, August 21, 2012

- ဒေါ်အောင်ဆန်းစုကြည် ဘာလဲ


- ဒေါ်အောင်ဆန်းစုကြည် ဘာလဲ 
မောင်ကြည်ညို-၁၈-၈ -၂၀၁၂

(1)

“အကြင်သူသည်..၊ကောင်းသောစိတ်ဖြင့်ကြံစည်အံ့..။
ကောင်းသောစိတ်ဖြင့်ပြောဆိုအံ့..။
ကောင်းသောစိတ်ဖြင့်ပြုမူအံ့...။

“တစ်နည်းဆိုသော်..မနောကံ, ၀ဇီကံ, ကာယကံ,တည်းဟူသော ကံသုံးပါးတို့ကို၊ ကောင်းသော စိတ်ဖြင့်ပြီးမြောက် စေအံ့…။

“မိမိအရိပ်က၊မိမိသွားလေရာ၊ အစဉ်လိုက်သည့်ပမာ၊ အကြင်သူ သွားလေရာ၊ သုခချမ်းသာက၊ အစဉ်လိုက်မည်မှာ၊ အသေအချာ..”

ဗုဒ္ဖစာပေထဲက အဓိပ္ပါယ်အနှစ် အသား အိအိရွှမ်းစိုဖြိုးမောက် ဝေဆာတစ်ပိုဒ်သော စာကို၊ စကားပလ္လင် တည်ထားလိုက် ပါပြီခင်ဗျာ။


(2)

ထိုစကားပလ္လင်ပေါ်အခြေပြု ရပ်တည်ကာ၊ ‘ဒေါ်အောင်းဆန်း စုကြည်ဘာလဲ’ ဆိုတာ၊ ကွင်းကွက် လင်းလက်စေဖို့….. …….“ ဒေါ်စုကဘာတွေကို ကောင်းသော စိတ်ဖြင့်ပြီးမြောက် စေနိုင်ခဲ့သလဲ” ဟူသော မေးခွန်းဖြင့်၊ မီးမောင်း ထိုးကြည့်လိုက်သည်။

ဤတွင်ထင်းခနဲပေါ်ထင်လာသည်မှာ…
…ပြည်တွင်းပြည်ပရှိရှိသမျှသော၊၀န်တိုခြင်းမစ္ဆရိယကင်းပသည့် တရားရှိ ဓမ္မိက ပုဂ္ဂိုလ်၊တရားရှိအုပ်စိုးသူ ဓမ္မရာဇ်ထိုထိုတို့၏ အာရုံတွင်…
……ဒေါ်အောင်ဆန်းစုကြည်သည်ဥာဏ်ပညာ အမြော်အမြင်အရာနှင့် စိတ်နေ စိတ်ထားမြင့်မြတ်မှု အရာတို့တွင်..၊ပင်ကိုယ် ဓာတ်ခံအနှိုင်းမဲ့စံ’ကိန်း, နေသူဖြစ်သည်။

ဲ..အနှိုင်းမဲ့စံ’ကိန်း,နေသူဖြစ်ပေမှာပေါ့ဗျာ....
ဒေါ်စုအစဉ်တစိုက် မသွေမဖည် စွဲမြဲစွာ ဆုပ်ကိုင် လျှောက်လှမ်းခဲ့သည့် လမ်းစဉ်က၊ စကားပြော အစွမ်းပြနေပြီကိုး..ခင်ဗျ။

>

(3)

ဒေါ်စုကသူ၏လမ်းစဉ်အရသူ့လမ်းသူဖေါက်သူ့လမ်းသူလျှောက် လာခဲ့သည်ကို၊ တင်ပြရသော်…
ဒေါ်အောင်ဆန်းစုကြည်သည်…
…ထစ်ခနဲရှိ..ဖမ်းမည်၊ညှင်းပမ်းမည်..။ ရန်းမည်၊ကြမ်းမည်..။ တိုက်မည်၊ ခိုက်မည်..။ ရိုက်မည်၊နှက်မည်..။ သတ်မည်၊ဖြတ်မည်….

…အချုပ်ဆိုရလျှင်…
…ရန်ကြွင်းရန်းစကိုအကြွင်းအကျန်မရှိငြိမ်းသတ်နိုင်စွမ်းမရှိသည့်…
…ရန်ကြွင်းရန်စကိုဆထက်ထမ်းပိုးတိုး၍သာလောင်ကျွမ်းစေနိုင်သည့်…
နိုင်ငံရေးနည်နာအကြမ်းကိုမသုံး...။

ဒေါ်အောင်ဆန်းစုကြည်သည်…
….တိုင်းပြည်ထာဝရအေးချမ်းသာယာပြီးစည်ပင်ဝပြောမှုအရှိန်အဟုန် ရှင်သန်ဖွံ့ဖြိုး စေမည့်၊ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာသော နိုင်ငံရေး နည်းနာ အသိမ်အမွေ့ ကိုသာ၊တစိုက်မတ်မတ်, တောက်လျှောက်, စွဲစွဲမြဲမြဲ,ဆုပ်ကိုင် ကျင့်သုံးသည်။



ဤနိုင်ငံရေးနည်းနာအသိမ်အမွေ့လှုပ်ရှားမှုက၊ အတိုကိုမကြည့်..။
အရှည်ကိုသာကြည့်..။ အမြော်အမြင်လည်းရှိ၏။ မြင့်မြတ်မှုလည်းရှိ၏။
ထို့ကြောင့်…
…“ဒေါ်အောင်ဆန်းစုကြည်သည်အပေါ်ရံကအရေးမပါအကာကို ထိုးဖေါက်ပြီး၊အတွင်းက အရေးပါ အနှစ်ဌာပနာကို ကြည့်မြင် နိုင်စွမ်းသည်..”


(4)

သို့ဖြစ်သည်နှင့်အညီ၊ဒေါ်အောင်ဆန်းစုကြည် သည် -
>ပြဿနာ၏ဆင့်ပွားအကိုင်းအခက်ကိုဘေးဖယ်နိုင်၍..၊ အကြောင်းရင်းခံ ဇာစ်မြစ်ကိုကြည့်မြင်သည်။

>လုပ်ရပ်ကိုယ်စီ၏ကောင်းမွေ,ဆိုးမွေအကျိုးဆက်ကို..၊ မျက်တောင်တဆုံး မျှသာမက..၊ မျက်စိ တဆုံးထိကြည့်မြင်သည်။

>တိုင်းရင်းသားပြည်သူအားလုံး၏ကောင်းကျိုးအတွက်၊ ကိုယ်ရေးကိုယ်တာ မှန်သမျှကို ဥပေက္ခာပြုသည်..။

အနစ်နာမျိုးစုံကိုရင်ဆိုင်သည်..။



>ရန်ကို ရန်ချင်း မတုန့်နှင်း..။

>အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊ ပါသင့်ပါ ထိုက် သူများပါဝင်၍ ငိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်၊ တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်ရေးကို အကောင်အထည် ဖေါ်ရန် အစဉ်တစိုက် အားထုတ်သည်။

>မိမိပါတီဝင်များ၏မိသားစုကောင်းကျိုးစီးပွား ကွက်ကွက်လေး အတွက်မျှသာ၊မမော, မပမ်း, မနားတမ်း, ဒလကြမ်း လှုပ်ရှားနေသည်မဟုတ်။

>အာဏာပါးကွက်သားစွမ်းအားရှင်လုပ်စားလူရန်းကားများကိုပင်၊ အာဏာရှင် စနစ်၏ သားကောင် ဖြစ်ရရှာသူများ ပါတကားဟု၊ဥာဏ်ဖြင့်ဆင်ခြင်အမှန်အတိုင်းသိမြင်စာနာနိုင်သဖြင့်…
…..ထိုထိုအသုံးချခံသားကောင်ဘ၀ရောက်ရရှာသူမိသားစုဝင်များပါ မကျန်၊
တိုင်းရင်းသားပြည်သူအားလုံး၏ သာတူညီမျှ ကောင်းကျိုး စီးပွားအတွက်.…
...အသနားအကြင်နာဖက်ကာဧကန်စင်စစ်လှုပ်ရှားနေသည်။

အချုပ်ကိုဆိုရသော်…
ဒေါ်အောင်ဆန်းစုကြည်သည်တိုင်းရင်းသားပြည်သူနိုင်ငံသူနိုင်ငံသား အားလုံးအတွက်၊နိုင်ငံရေး ခရီးကြမ်းကို မရပ်မနားလျှောက်လှမ်းရာတွင်၊ ကောင်းသော စိတ်ဖြင့်သာ ကြံစည်၊ ပြောဆို၊ ပြုမူ လာခဲ့သည်။



(5)

သို့ဖြစ်ရာ…
…ဒေါ်စု၏အရိပ်ကဒေါ်စုသွားလေရာ၊အစဉ်ထာဝရ တကောက်ကောက် လိုက်နေလေတော့၊ ယခုမူ, ချိန်ခါသင့်ပြီမို့…
>.လက်ရှိအစိုးရအဖွဲ့အကြီးအကဲအများစုနှင့် တကွ၊ လွှတ်တော် အရပ်ရပ်၏ လက်ကမ်းကြိုဆိုမှုကို ရရှိနေပြီ။

>တိုင်းရင်းသားပြည်သူတို့၏အံ့မခန်းထောက်ခံမှုဖြင့်၊
ပြည်တွင်းပြည်ပကအထူးအာရုံစိုက်ရသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရပ်တည် နေပြီ။

>ကမ္ဘာ့အဆင့်အတန်းဝင်အဖွဲ့အစည်းကြီးများနှင့်အစိုးရအကြီးအကဲ ထိပ်သီးများ၏ ထောက်ခံအားပေး ကူညီမှုများကိုလည်း ရရှိနေပြီ။

>ပြည်သူ့လွှတ်တော်ကတင်မြောက်သဖြင့်“တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ”၏ ဥက္ကဋ္ဌအဖြစ် အရေးကြီး လွန်းလှသည့် တာဝန်ကြီးကို စတင်ဦးဆောင် နေရလေပြီ။


(6)

ဒီတော့..လေးစားအပ်သောနိုင်ငံရေးသတ္တ၀ါမိတ်ဆွေများခင်ဗျား-
တိုင်းပြည်အတွက်အကျိုးရှိမည်ဆိုလျှင်..
…မိမိကိုမည်သူကဘဲအသုံးချချ…
…မည်သို့သောနည်းဖြင့်ဘဲအသုံးချချ…
…ဟူသောသဘောမျိုးကိုအလေးအနက်ဘွင်းဘွင်းဖွင့်ဟပြီး…
…မိမိကိုယ်မိမိတိုင်းပြည်အားအပြီးအပြတ်လှူဒါန်းထားသည့်…
…အနှိုင်းမဲ့ထိပ်သီးအလှူရှင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ? ? ? ? ? ? ? ? ? ? ?


လေးစားအပ်သော နိုင်ငံရေး သတ္တ၀ါ မိတ်ဆွေ ခေတ်လူကြီးမင်းများ ခင်ဗျား -

အထက်ပါတိုးလို့တန်းလန်းစာကြောင်းကိုရှေ့ဆက်ဖို့ရာ၊ ကျွန်တော်၏ အခန်းကဏ္ဍမှာ၊ အထူးအခြား မလိုအပ်တော့ပြီ။

…ခေတ်လူကြီးမင်းများက၊ခေတ်မီမီသိနားလည်ထားကြသူများ ဖြစ်သည်နှင့်အညီ…
…တိုင်းရင်းသားပြည်သူအားလုံး၏ကောင်းကျိုး၊ရည်မျှော်ကိုး၍၊ စွမ်းမျိုးစုံလှူ..၊ နှိုင်းမဲ့သူကို၊
…ဘယ်ပုံဘယ်နည်း..အသုံးချမည်…
…(အို..အမေစု..ဘွာ,ဘွာ..။..ကန်တော့..ကန်တော့..ကန်တော့ပါခင်ဗျ..။)

…ဘယ်ပုံဘယ်နည်း..လက်တွဲကြမည်..၊ ပူးပေါင်းဆောင်ရွက်ကြမည်..၊ အပြန်အလှန်အားပြုကြမည်ကို
...ဟုတ်ပါ့..အဟမ်း..အဟမ်း..

…ခေတ်လူကြီးမင်းအပေါင်းတို့ခင်ဗျာ..
…လူကြီးလူကောင်းပီသစွာ၊ဦးနှောက်နှင့်နှလုံးသား..၊ တုံ..တုံ..တုံ..တုံ..ခုန်ကြပါလေကုန်ဟု…
…..ရည်မှန်းစေ့ဆော်ရင်း၊ဤဇာတ်လမ်းကို၊နှုတ်ခမ်းသတ်လိုက်ပါသည်……..
ကိုယ့်ရှင်..တို့…။ ။


မောင်ကြည်ညို
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။(ဟစ်တိုင်)
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

1 comment:

  1. ဟားဟား အရိုးလို့ချင်လို့အသားတောင်းတာ ငါလဲတောင်းတတ်
    တာပေါ့ လက်နတ်တွေကိုင်ပြီးအကြမ်းဖက်မှ အကြမ်းဖက်တာမ
    ဟုတ်ဘူးကွ မြန်မာပြည်ကြီးအငှက်ဘေးစိုက်အောင် စီးပွားရေး
    တွေနိုင်ငံတကာကိုပိတ်စို့ခိုင်းတာလောက် ပြင်းထန်တဲ့အကြမ်း
    ဖက်မှု့မျိုးရှိမှာမဟုတ်ဘူး

    ReplyDelete

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။