ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Tuesday, August 21, 2012
အမျိုးသားလွှတ်တော် တွင် စည်ပင်( သားသတ်လိုင်စင် )နှင့် ပတ်သက်သည့်အမေး-နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး တင်ပြဖြေ
အမျိုးသားလွှတ်တော် တွင် စည်ပင်( သားသတ်လိုင်စင် )နှင့် ပတ်သက်သည့်အမေး-နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး တင်ပြဖြေ
-စည်ပင်မောင်မောင်
-၁၇.၈.၂၀၁၂
၁။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ကျေးရွာများတွင် အလှူ၊ မင်္ဂလာဆောင်၊ အသုဘစသည့် သာရေး၊ နာရေးကိစ္စများအတွက် ၀က်၊ အမဲပေါ်၍ ဧည့်ခံကျွေးမွေးရာတွင် သားသတ်လိုင်စင်ရသူအား ဒဏ်ကြေးပေးဆောင်ရခြင်းသည် ဥပဒေ နှင့်ကိုက်ညီခြင်းရှိ၊ မရှိ၊ အလှူမင်္ဂလာဆောင်အတွက် အခြားဈေးသက်သာသော ရွာမှ ၀ယ်ယူခဲ့သည့်အသား များကို ကျေးရွာသားသတ်လိုင်စင်ရရှိသူက ဖမ်းဆီးပိုင်ခွင့်ရှိ၊ မရှိ၊ ကျေးရွာသားတစ်ဦးသည် မိမိရွာရှိ လိုင်စင် ရသူထံမှသာ အသားငါးများ ၀ယ်ရမည်။
အခြားရွာလိုင်စင်ရရှိသူထံမှ ၀ယ်ယူခွင့်မရှိဆိုသည်မှာ ဥပဒေနှင့် ကိုက်ညီ ခြင်းရှိ၊ မရှိ မေးခွန်း (၃)ရပ်နှင့် ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရည်ညွှန်းပါစာ(၁)ဖြင့် ဒုတိယ၀န်ကြီး လက်မှတ်ရေးထိုး၍ တင်ပြဖြေကြားခဲ့ပြီးဖြစ်ပါသည်။
၂။
ယင်းသို့ပြောကြားခဲ့ရာတွင် မေးခွန်း(၁)ပါ မေးမြန်းချက်နှင့်စပ်လျဉ်း၍ ၁၉၉၃ခုနှစ် စည်ပင် သာယာရေး အဖွဲ့များ ဥပဒေ၊ အခန်း(၁၀)၊ ပုဒ်မ ၃၆ပါ ““ကော်မတီသည် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ၀က် တို့ကို အများပြည်သူ စားသုံးရန်အလို့ငှာ စည်ပင်သာယာရေး အဖွဲ့ပိုင် သားသတ်ရုံများတွင် စည်းကမ်း များနှင့်အညီ သတ်ဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့် နေရာတွင် စည်းကမ်းများနှင့် အညီ အသားရောင်း ချခြင်းကို ခွင့်ပြုနိုင်သည်။””ဟုသော ပြဌာန်းချက်အရ အများပြည်သူများ စားသုံးရန်အတွက် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ၀က် အသားသတ်ဖြတ်ရောင်းချခွင့်ကို ထပ်ဆင့် ထုတ်ပြန်ထားသော သက်ဆိုင်ရာ စည်းကမ်း (Bye-Laws) များနှင့်အညီ စည်ပင် သာယာရေးအဖွဲ့များက လိုင်စင်ချထားပေးပြီး စည်းကမ်းများနှင့်အညီ သတ်ဖြတ်ရောင်းချရေး၊ သန့်ရှင်းလတ်ဆတ်သော အသားများဖြစ်ရေးကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သားသတ်လိုင်စင်ရရှိသူအား အဖွဲ့ကိုယ်စားဒဏ်ငွေတပ်ရိုက်ရန် အခွင့်အာဏာအပ်နှင်းထားခြင်း မရှိ၍ မေးမြန်းချက် ပါ ကိစ္စအတွက် ၄င်းတို့အား ဒဏ်ကြေးပေးဆောင်ရခြင်းသို့မဟုတ် ၄င်းတို့က ဒဏ်ငွေတပ်ရိုက်ခြင်းသည် ဥပဒေ နှင့်မညီညွတ်ပါကြောင်းဖြေကြားခဲ့ပါသည်။
၃။
ထို့အပြင် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၃၇တွင် ““ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည်၊ မည်သည့် ဒေသမဆို အများပြည်သူများစားသုံးရန်မှ အပ ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့် အမိန့်ကို ပြည်ထဲရေးဝန်ကြီးဌာန ၏ညွှန်ကြားချက်နှင့်အညီ ခွင့်ပြုနိုင်သည်”” ဟုပြဌာန်းချက်အရ ဘာသာရေးနှင့် အခြားကိစ္စရပ်များ အတွက် ကျွဲ၊ နွားသတ်ဖြတ်ခွင့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးရန် ဖြစ်ကြောင်း ဖော်ပြဖြေကြားခဲ့ပါသည်။
၎။
မေးခွန်း (၂)နှင့် (၃)ပါ အလှူ၊ မင်္ဂလာဆောင်အတွက် လိုအပ်သော အသားများကို ဈေးသက်သာ သည့် အခြားကျေးရွာလိုင်စင်ရရှိသူထံမှ ၀ယ်ယူမှုအပေါ်ကျေးရွာလိုင်စင်စီက ဖမ်းဆီးပိုင်ခွင့်ရှိ၊ မရှိနှင့် ကျေးရွာသား တစ်ဦးအနေဖြင့် အသားများကို မိမိကျေးရွာလိုင်စင်ရရှိသူထံမှသာ ၀ယ်ယူရမည်၊ အခြားကျေးရွာလိုင်စင်ရရှိသူထံမှ ၀ယ်ယူခွင့်မရှိဆိုင်ခြင်းအတွက် ဥပဒေနှင့်ကိုက်ညီမှုရှိ၊ မရှိမေးမြန်းချက်များနှင့်ပတ်သက်၍ စည်ပင်သာယာရေး အဖွဲ့များက အများပြည်သူများ စားသုံးရန်အတွက် ခြေလေးချောင်းတိရစ္ဆာန်များသတ်ဖြတ်ခွင့်နှင့် အသားရောင်း ချခွင့်လိုင်စင်များ ချထားပေးရာတွင် သန့်ရှင်းလတ်ဆတ်သောအသားများဖြစ်ရေးသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေး၊ အလေးချိန်ခွင်မှန်ကန်မှု ရှိစေရေးသတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချရေး၊ အလေးချိန်ခွင် မှန်ကန်မှု ရှိစေရေးတို့အပြင် အသားဆိုင်ဖွင့်လှစ် ရောင်းချရမည့် ဈေးသို့မဟုတ်ကျေးရွာနှင့် အသားလှည့်လည် ရောင်းချခွင့် ရှိသည့် ကျေးရွာများ ပါဝင်သည့် လိုင်စင်နယ်နိမိတ်များ ဖော်ပြ၍ ခွင့်ပြု ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ဖော်ပြခဲ့ပါ သည်။
၅။
ယင်းသို့သားသတ်နှင့် အသားရောင်းလိုင်စင်ရရှိသူအပေါ်တွင်သာ ဥပဒေစည်းမျဉ်း စည်းကမ်း များနှင့်အညီကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပြီး အသားဝယ်ယူစားသုံးသူအပေါ် မည်သည့်ဈေး၊ မည်သည့်ကျေးရွာ တွင်သာဝယ်ယူ ရမည်ဟု ကန့်သတ်တားမြစ်ချက်၊ ဥပဒေပြဌာန်းချက်များ မရှိ၍ ကျေးရွာမှ ဖြစ်စေ၊ မြို့ပေါ်မှ ဖြစ်စေ၊ တရားဝင် လိုင်စင်ရရှိထားသူထံမှ မိမိတို့ နှစ်သက်သလို ၀ယ်ယူခွင့်ရှိပါကြောင်း၊ သို့ဖြစ်၍ အလှူ၊ မင်္ဂလာဆောင် အတွက်လိုအပ်သည့် အသားများကို အခြားကျေးရွာ လိုင်စင်ရရှိသူထ့မှ ၀ယ်ယူခြင်းအတွက် ကျေးရွာရှိ လိုင်စင်ရရှိသူက ဖမ်းဆီးပိုင်ခွင့် မရှိကြောင်း၊ အသားဝယ်ယူခြင်း အတွက်ဝယ်ယူသူအပေါ် ဥပဒေအရ ကန့်သတ်တားမြစ်ချက် မရှိကြောင်း သို့ရာတွင် ဈေးသက်သာ သည့်နေရာမှ အသားများ ၀ယ်ယူပြီး အသားရောင်းလိုင်စင် မရှိဘဲ ပြန်လည်ရောင်းချပါက စည်ပင်သာယာရေး အဖွဲ့များ ဥပဒေအရ အရေးယူခံရ မည်ဖြစ်ကြောင်း ဖြေကြား ခဲ့ပါသည်။
၆။
ယင်းသို့ပြောကြားချက်နှင့်ပတ်သက်၍ ၂၀၁၂ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ် The Voice Weekly စာစောင်တွင် ဘာသာရေးတွင် အသုံးပြုမည့် သား၊ ငါးများအတွက် သားသတ်လိုင်စင်ရသူများအား ဒဏ်ကြေးပေးဆောင်ရန်မလို””ဟုသော ခေါင်းစည်းဖြင့် သတင်းဆောင်းပါတစ်ပုဒ်ပါရှိလာခဲ့ကြောင်းတွေ့ရပါသည်။
၇။
၎င်းသတင်းဆောင်းပါတွင် မေးခွန်းအတွက် ပြောကြားခဲ့သည့် အချက်အလက်များအပြင် ဖြေကြားချက်နှင့်ကွဲလွဲသည့်သုံးနှုန်းဖော်ပြချက်များ၊ သာမန်ဖတ်ရှုသူအနေဖြင့် အဓိပ္ပါယ်ကောက်ယူမှုလွဲမှားပြီး တစ်ဖက်သတ်တွေးမြင်ယူဆနိုင်ဖွယ်အရေးအသားများပါရှိသွားခဲ့သည်ကို အောက်ပါတိုင်း တွေ့ရပါသည်-
(က) ခေါင်းစဉ်စာသားတွင် ““ သာရေးနာရေးတွင် အသုံးပြုမည့်သားငါးများအတွက် သတ်သတ်လိုင်စင်ရသူများအား ဒဏ်ကြေးပေးဆောင်ရန်မလို”” ဟုဖော်ပြ လိုက်ခြင်းဖြင့်ဘာသာရေးနှင့်အခြားကိစ္စရပ်များတွင် ကျွဲ၊ နွားသတ်ဖြတ်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်လိုအပ်မှု ““အသိ””က မှေးမှိန်သွားပြီး ဒဏ်ကြေးပေးရန်မလိုအသည့် ““အသိ””က ပိုမိုထင်ရှားစေည့်သဘောတွေ့ရပါသည်။
( ခ) မေးခွန်းဖြေကြားခဲ့ရာတွင် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ၀က်စသော ခြေလေးချောင်းသတ္တ၀ါ များအား သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်းတို့အတွက် သာ သက်ဆိုင်ရာဥပဒေ ပြဌာန်းချက်များအရ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်ပြီး ““သား၊ ငါး””ဟုသုံးနှုန်းဖြေကြားခဲ့ ခြင်းမရှိသော်လည်း ၄င်းသတင်းဆောင်းပါးတွင် မြန်မာဝေါဟာရတွဲဖက်အသုံးနှုန်းမှု အလေ့အထအရ ““သား၊ ငါး””ဟုရေးသားသုံးနှုန်းလိုက်ခြင်းကြောင့် ““ငါး”” များပါအကျုံးဝင်သည့် သဘောအဓိပ္ပါယ်ကောက်ယူနိုင်ဖွယ်တွေ့ရပါသည်။
( ဂ) ထို့ပြင် သတင်းဆောင်းပါစာကိုယ်တွင် သာရေး၊ နာရေးအတွက် လိုအပ်သည့် အသား များကို ““ အခြားဈေးသက်သာသည့် နေရာမှ မိမိကြိုက်နှစ်သက်သလိုဝယ်ယူ ခွင့်ရှိကြောင်း”” ၊ ““ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်သလို ““ရောင်း ၀ယ်””နိုင်ကြောင်း ”” ဖော်ပြချက်များသည်လည်း ဖြေကြားချက်နှင့်ကွဲလွဲကြောင်း တွေ့ရပါသည်။ ပြောကြားချက်တွင် ဈေးသက်သာသည့် အခြားကျေးရွာ ““လိုင်စင်ရရှိ သူထံမှ ”” ဖြစ်စေ၊ မြို့ပေါ်ဈေးများမှ ဖြစ်စေ၊ မိမိနှစ်သက်သလိုဝယ်ယူနိုင်ကြောင်း သို့ရာတွင် ယင်းသို့ဝယ်ယူပြီးနောက် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပါ အဆိုပါ ပုဒ်မများအရ ရေးဆွဲသည့် သားသတ်နှင့်အသားရောင်းချခြင်းဆိုင်ရာ စည်းကမ်းများ (Bye-Laws) အရ ထုတ်ပေးသည့် အသားလှည့်လည်ရောင်းချခွင့်လိုင်စင်မရှိဘဲ ပြန်လည်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း ဖြေကြားခြင်းဖြစ်သော်လည်း အထက်ပါအတိုင်းဖော်ပြခဲ့သဖြင့် ခွင့်ပြုချက်သို့မဟုတ်လိုင်စင်မရှိဘဲ သတ်ဖြတ်သူထံမှ ၀ယ်ယူနိုင်သည့်သဘော၊ အသားရောင်းလိုင်စင်မရှိဘဲ ရောင်းချသည့် သဘော သက်ရောက်သွားစေသည်ကို တွေ့ရပါသည်။
(ဃ) ၄င်းအပြင် ““ဘာသာရေးနှင့်အခြားကိစ္စရပ်များအတွက်ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်စသည့် ခြေလေးချောင်းတိရိစ္ဆာန်များသတ်ဖြတ်ခွင့်ကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ရယူပြီး ပြုလုပ်နိုင်ကြောင်း”” ဖော်ပြချက် မှာလည်း ဖြေကြားချက်နှင့် အနည်းငယ်ကွဲလွဲနေကြောင်း တွေ့ရပါသည်။
ဘာသာရေးနှင့်အခြား ကိစ္စရပ်များအတွက် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၃၇အရ ““ ကျွဲ၊ နွား””သတ်ဖြတ်ခွင့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရယူရန် ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သော်လည်း ဆိတ်၊ သိုး၊ ၀က်များကိုပါ ထည့်သွင်း ဖော်ပြခြင်းအတွက် ဖြေကြားသူအတွက်ရော၊ ပြည်သူများအတွက်ပါ အထင်အမြင်လွဲမှားမှုများ၊ အသိအမှတ်လွဲမှားမှုများ ဖြစ်နိုင် ကြောင်းတွေ့ရပါသည်။
၈။
အချုပ်အားဖြင့် ယင်းသတင်းဆောင်းပါဖော်ပြချက်သည် အချို့အချက်အလက်များတွင် ဖြေကြား ချက်နှင့် ကွဲလွဲမှုများ ရှိနေခဲ့ပြီး ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွားသတ်ဖြတ်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ရယူရန်လိုအပ်သည့် အချက်က မှေးမှိန်နေကာ ဒဏ်ကြေးကောက်ခံနိုင်ခြင်းမရှိ သည့် ကိစ္စအပေါ်တွင်သာ အလေးပေးဖော်ပြသည့် သဘောသက်ရောက်သွားသည်ကို တွေ့ရပါသည်။
၉။
အဆိုပါသတင်းဆောင်းပါဖော်ပြချက်များကို အခြေခံကိုးကားဖော်ပြပြီး မွန်ပြည်နယ်ချောင်းဆုံ မြို့ရှိ အစ္စလာမ်ဘာသာရေးရာကောင်စီ၊ မြို့နယ်ရုံးက ၄င်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာဂေါပကအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များထုံ သာရေး၊ နာရေးကိစ္စရပ်များတွင် အသုံးပြုသည့် သားကောင်၏ သားရေနှင့် ဒဏ်ကြေး ငွေများ အပါအ၀င်၊ ငွေနှင့်ပစ္စည်းတောင်းယူမှုများ ကြုံတွေ့ပါက သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြား နိုင်ကြောင်း ၃၀-၄-၂၀၁၂ရက်စွဲပါစာဖြင့် ဖြန့်ဝေအသိပေးပြီး ဌာနဆိုင်ရာများသို့လည်း မိတ္တူပေးပို့ခဲ့ကြောင်း တွေ့ရပါသည်။
၁၀။
ယင်းသို့ အကြောင်းကြားစာများဖြန့်ဝေခဲ့မှုအပေါ် ၁၉၉၃ခုနှစ်စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ ပုဒ်မ ၄၀ ၊ ပုဒ်မခွဲ (က)နှင့် ( ခ)တို့အရ ပုဒ်မ ၃၆သို့မဟုတ် ၃၇အရ ခွင့်ပြုချက်ရရှိသူသာလျှင် ကျွဲ၊ နွားသတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း၊ အသားနှင့်သားရေကို လက်ဝယ်ထားရှိခြင်းနှင့် မြင်း၊ သိုး၊ ဆိတ်၊ ၀က်တို့ကို သတ်ဖြတ်ခြင်း ပြုနိုင်ကြောင်း အသားရောင်းချခြင်းစည်းကမ်းများ(Bye-Laws)၊ သားသတ်ရုံ စည်းကမ်းများ(Bye-Laws) နှင့် အခွင့်အရေးလိုင်စင် စည်းကမ်းများအရ နယ်မြေကျော်၍ အသား သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့များဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုချက်သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အသားများသတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ နယ်မြေကျော်လွန်၍ အသားများသယ်ယူခြင်း၊ ရောင်းချခြင်းမပြုနိုင်ကြောင်း၊ ယင်းသို့ ပြုလုပ်ပါက ဥပဒေအရ ဖမ်းဆီးအရေးယူ တရားစွဲဆိုသွားမည်ဖြစ်ကြောင်ြး့ဖင့် ချောင်းဆုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ချောင်းဆုံမြို့အစ္စလာမ်ဘာသာရေးရာကောင်စီဥက္ကဌထံ ၂၂-၅-၂၀၁၂ရက်စွဲပါစာဖြင့် အသိပေးအကြောင်းကြားခဲ့သည်ကို တွေ့ရပါသည်။
၁၁။
ထို့သို့အကြောင်းကြားခဲ့သဖြင့် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်အစ္စလာမ်သာသနာရေးရာ ကောင်စီ ဥက္ကဌ၊ သတင်းဆောင်းပါပါ မေးခွန်းဖြေကြားမှုဖော်ပြချက်များနှင့်ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အကြောင်းကြားချက်များမှာ တိုက်ဆိုင်မှုမရှိ၍ မည်သို့ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ကို ထုတ်ပြန် ဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီသို့ တင်ပြလာကြောင်းသိရပါသည်။
၁၂။
စားသုံးရန်အတွက်ဖြစ်စေ၊ ဘာသာရေးနှင့်အခြားကိစ္စများအတွက်ဖြစ်စေ၊ ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ၀က်စသည့် ခြေလေးချောင်းတိရိစ္ဆာန်များကို ““သတ်ဖြတ်ခြင်း””အမှုကို ပြုလုပ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာရေး အဖွဲ့များ ဥပဒေပုဒ်မ ၄၀တွင် -
““ပုဒ်မ ၃၆သို့မဟုတ် ၃၇အရ ခွင့်ပြုချက်ရရှိသူသာလျှင်-
(က) ကျွဲ၊ နွားကိုသတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း၊ အသားနှင့်သားရေကိုလက်ဝယ် ထားရှိခြင်းပြုနိုင်သည်၊
( ခ) မြင်း၊ သိုး၊ ဆိတ်၊ ၀က်တို့ကို သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်းပြုနိုင်သည်။ ဟူ၍ ဖော်ပြထားပါသည်။
၁၃။
ယင်းဥပဒေပုဒ်မပါ ပြဌာန်းချက်အရ ပုဒ်မ ၃၆နှင့် ယင်းပုဒ်မအရပြုသည့် သားသတ်နှင့်အသား ရောင်းချခြင်းဆိုင်ရာ စည်းကမ်းများ(Bye-Laws)အရ စည်ပင်သာယာရေးအဖွဲ့မှ တရားဝင်သားသတ်နှင့် အသားရောင်း““လိုင်စင်ရရှိထားသူ””နှင့်၊ ပုဒ်မ ၃၇အရ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၏ ““ခွင့်ပြုချက်ရရှိသူ””မှ အပ အခြားသူများအနေဖြင့် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ၀က်စသည့် ခြေလေးချောင်းသတ္တ၀ါများကို ““သတ်ဖြတ်ခြင်း”” အမှုကို ““မပြုနိုင်ကြောင်း””တွေ့ရမည်ဖြစ်ပါသည်။
၁၄။
သို့ဖြစ်၍ ကျေးရွာများ၌ အလှူ၊ မင်္ဂလာဆောင်၊ အသုဘစသည့် သာရေး၊ နာရေးကိစ္စများ အတွက် အမဲပေါ်ခြင်း၊(ကျွဲ၊ နွားသတ်ဖြတ်ခြင်း)ကိစ္စမှာ ပုဒ်မ၃၇အရ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုထားခြင်း၊ သို့မဟုတ် ခွင့်ပြုချက်ဖြင့် သတ်ဖြတ်ခြင်းမဟုတ်ပါက ဥပဒေကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်ပြီး ယင်းသို့ ဥပဒေနှင့်အညီဘဲ ဆောင်ရွက်သည့် ကိစ္စအပေါ် ပုဒ်မ ၃၆အရ သားသတ်လိုင်စင်ရရှိထားသူ ဒဏ်ကြေး သို့မဟုတ်လိုင်စင်ခုံကြေးကောက်ခံခြင်းများမှာလည်း ယင်းသို့ဆောင်ရွက်ရန်၎င်းအား လုပ်ပိုင်ခွင့် သို့မဟုတ် တာဝန်ပေးအပ်ထားခြင်းမရှိ၍ ပြစ်မှုကျူးလွန်သူကို အားပေးကူညီရာရောက်သဖြင့် ဥပဒေနှင့်ညီညွတ်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။
၁၅။
ပြန်လည်ရှင်းလင်းပေးရန်တင်ပြလာသည့် ချောင်းဆုံမြို့နယ်အစ္စလာမ်သာသနာရေးရာကောင်စီ အပါအ၀င် သာရေး၊ နာရေးတွင် အမဲပေါ်၍ ဧည့်ခံကျွေးမွေးမှုပြုလုပ်နေကြသူများအနေဖြင့် သက်ဆိုင်ရာ သားသတ် လိုင်စင်ရရှိသူနှင့် ၄င်းကလာရောက်တောင်းခံသည့် ဒဏ်ကြေးနှင့်သားရေစသည်များပေးအပ်ရေး ကိစ္စအတွက် မဖြေရှင်းမီ မိမိတို့ ဆောင်ရွက်ခဲ့သည့် အမဲပေါ်ခြင်းကိစ္စများ (ကျွဲ၊ နွား၊ သတ်ဖြတ်ခဲ့ခြင်း) သည် ဥပဒေအရ ဆောင်ရွက်ထားခြင်းဟုတ်၊ မဟုတ်သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရရှိထားပြီး မပြီး၊ မိမိတို့ကိုယ်တိုင်ဆန်းစစ်၍ ဥပဒေအရ ခိုင်လုံသော အထောက်အထားများ မိမိလက်ဝယ်တွင် ဦးစွာရရှိထားရန် လိုအပ်ပါသည်။
၁၆။
ယင်းသို့ခိုင်လုံသော အထောက်အထားများမရှိမှုအပေါ်တစ်စုံတစ်ဦးက သတင်းပို့တိုင်ကြားလာပါက စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၈၀၁ အရ တရားစွဲဆိုအရေးယူခံရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားများသတ်ဖြတ်ခြင်းအတွက် ပုဒ်မ ၈၀ ပါပြဌာန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
၈၀ (က) မည်သူမဆို ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားကို သတ်ဖြတ်ကြောင်း သို့မဟုတ် ကျွဲ၊ နွား၏ အသားသို့မဟုတ် သားရေကို လက်ဝယ်ထားရှိကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခြင်းခံရမည်။ ထို့အပြင်ထိုသူအား ငွေဒဏ်လည်းချမှတ်နိုင်သည်။
( ခ) ဤပုဒ်မအရ တရားစွဲဆိုရာ၌ စွပ်စွဲခံရသူသည် သက်ဆိုင်ရာ အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့်ကျွဲ၊ နွားကိုသတ်ဖြတ်ကြောင်း သို့မဟုတ် လက်ဝယ်တွေ့ရှိသော ကျွဲ၊ နွား၏အသားသည် တရားဝင်ခွင့်ပြုချက်ဖြင့် သတ်ဖြတ်သော သို့မဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် သေဆုံးသော ကျွဲ၊ နွား၏ အသားဖြစ်ကြောင်း သက်သေပြရန်တာဝန်ရှိသည်။
၁၇။ သို့ဖြစ်ပါ၍ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၄၀ ပါပြဌာန်းချက်များကို ဖော်ပြခြင်းမှာလည်း မေးခွန်းပါအကြောင်းအရာများနှင့်ဆက်စပ်နေသဖြင့် မှားယွင်းဖော်ပြခြင်းမျိုးမဟုတ် ပါကြောင်းနှင့် ၀န်ကြီးဌာနအနေဖြင့် ရေးသားဖော်ပြသူက အချို့အချက်အလက် များတွင် ကွဲလွဲစွာဖော်ပြထားပြီး တစ်ဖက်သတ်တွေးထင် မှတ်ယူစေနိုင်သည့် အနေအထား သက်ရောက်သွား သဖြင့် ယခုကဲ့သို့ တင်ပြလာခြင်းဖြစ်ပါကြောင်း နှင့်အခြားသိရှိရန်လိုအပ်သည့်အချက်များကိုပါ ဖော်ပြ၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါသည်။
-စည်ပင်မောင်မောင် - -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
စည်ပင်ဥပဒေအခြေခံအချက်တွေကိုရေတင်ပြီးပြစေချင်ပါတယ်......
ReplyDeleteစည်ပင်ဥပဒေအခြေခံပြချက်များကို တစ်စုတစ်စည်တင်တင်ပြပေးလိုချင်ဖြစ်ပါသည်