Sunday, March 24, 2013

ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ


ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ

မိတ္ထီလာမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပြဿနာကို ကြားသိလိုက်ရတဲ့အချိန်မှာ ဘာမှ မလုပ်ချင် မကိုင်ချင်အောင်ကို ခြေကုန်လက်ပန်းကျသွားမိပါတယ်။ အင်တာနက်သတင်းတွေကို ကမန်းကတန်းကြည့်၊ ပြည်တွင်းမီဒီယာတွေကို ဖုန်းဆက်မေးမြန်းနဲ့ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဖြစ်ပြန်ပြီလားကွာလို့လည်း ညည်းတွားမိပါတယ်။ နောက်တစ်နေ့မနက်မှာတော့ တရားဝင်ထုတ်ပြန်တဲ့သတင်းရဖို့အတွက် သတင်းစာဂျာနယ်တွေကို အပြေးအလွှားဖတ်ရပါတယ်။ ဆိုးဆိုးဝါးဝါးတွေ မဖတ်ရပါစေနဲ့လို့လည်း ကြိတ်ဆုတောင်းမိပါတယ်။ လစဉ်မှာယူထားလို့ အချိန်တန်ရင်စားပွဲပေါ်အခန့်သားရောက်နေကျ၊ နိုင်ငံတော်ကထုတ်ဝေတဲ့ ကြေးမုံသတင်းစာမှာတော့ ဒီလောက်ဟိုးလေးတကျော်ဖြစ်နေတဲ့ သတင်းက တစ်လက်မတစ်ကော်လံတောင်မှ ပါမလာခဲ့ပါဘူး။
နောက်ဆုံးသတင်းအပြည့်အစုံကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုသန်းလှိုင်သီချင်းလိုပဲ ''ဆုတောင်း မပြည့်ခဲ့ပါလေပြီ''လို့ပဲ ညည်းတွားလိုက်ရပါတော့တယ်။
          ငယ်စဉ်တောင်ကျေး ကလေးဘဝက ''ပျားရည် တစ်စက်ကြောင့် ပြည်ပျက်တယ်'' ဆိုတဲ့ ပုံဝတ္ထုကလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။ လူတစ်ယောက် ပျား ရည်ဆမ်းတဲ့မုန့်ကို စားရာက ပျားရည်စက်တစ်စက် ကြမ်းပေါ်ကျသွားတယ်။ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန် တန်နဲ့ စားပြီးကျကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့ မိဘူး။ အဲဒီကျနေတဲ့ ပျားရည်စက်ကို ပုရွက်က လာစား တယ်။ ပုရွက်ကို အိမ်မြှောင်ကဆင်းပြီးစားတယ်။ ထို အိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ်တယ်။ အဲဒီ ကြောင်ကို ခွေးတစ်ကောင်က ကိုက်တယ်။ ကိုက်တဲ့ခွေး ကို ကြောင်ပိုင်ရှင်ကတုတ်နဲ့ရိုက်တယ်။ အရိုက်ခံရတဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓားနဲ့ခုတ်တယ်။ အဲဒီကနေ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ၊ ကျေးကျွန်တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ် ဖြတ်ကြတာ ရွာကနေမြို့၊ မြို့ကနေတိုင်းပြည်ပျက်ပါ ရောဆိုတဲ့ ပုံဝထ္ထုကလေးပါ။  ငယ်စဉ်ကတော့ ဘာမှန်း မသိပဲ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာကလေးတစ်ခုအဖြစ် သာမှတ်ထင်ခဲ့ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ဝင်လာလေသလားလို့တောင် ထင်မှတ်ရပါတယ်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား


မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား

AddThis Social Bookmark Button
3.24.7
မိတ္ထီလာမြို့ အမှတ်(၁)အထက်တန်းကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသောဒေသခံများ
မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က သာမန်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လေး တစ်ခုကနေပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်ဆိုရင် မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရအောင်ဖန်တီးပြီးတော့ အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ပြဿနာ မကြီး ကြီးအောင် ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ ငြင်းစရာ အကြောင်းမရှိဘူး။ ရှိနေတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း နောက်ကွယ်က ကျူးလွန်ခဲ့တဲ့သူတွေကို ခြေရာခံမိထားပြီး ပါပြီ။ ဒါကိုအမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့


မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့

မိတ္ထီလာအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
VOA News, 23March 2013  —–   အဓိကရုန်းနဲ့အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့မိတ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးတော့ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ရက်ကြာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် မတည်မငြိမ် အခြေအနေတွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက်  အိုးအိမ်ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ရတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့ကစပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားတဲ့ မိတ္တီလာမြို့က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

မီဒီယာ

အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက်ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံပြည်သူတွေက ပြောလာတာပါ။ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မိတ္တီလာမြို့မှာနေထိုင်ကြတဲ့ လူပေါင်း ၂၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ရပြီး ဒုက္ခသည်တွေအဖြစ် နေထိုင်နေရတယ်လို့ မိတ္ထီလာမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
“ဗုဒ္ဓဘာသာဒုက္ခသည်တွေက ဘုန်းကြီးကျောင်းတွေမှာနေတာ အားလုံး ၇,၀၀၀ ကျော်လောက်ရှိတယ်။ နောက်ပြီးတော့ မူစလင်ဒုက္ခသည်တွေက ဘောလုံးကွင်းမှာ ၉,၀၀၀ လောက်ရှိတယ်။ အမှတ် (၂)ရဲစခန်းမှာ ၅,၀၀၀ လောက်ရှိတယ်။ အဲဒီကျောင်းတွေကို ဘုန်းကြီးကျောင်းလည်း ဘုန်းကြီးကျောင်းအလျောက်၊ မူစလင်စခန်းတွေလည်း မူစလင်စခန်းတွေအလျောက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးတာ၊ အလားတူပဲ အခြားအဖွဲ့တွေလာပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးနေတာ ကျနော်တွေ့ပါတယ်။”
မိတ္ထီလာမြို့မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားချိန်ကစလို့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့တာ ၃ ရက် ကြာလာတဲ့ အချိန်အထိ အခြေအနေတွေ တည်ငြိမ်မှု မရှိသေးတဲ့အတွက် အရေးပေါ် အခြေအနေအဖြစ် နိုင်ငံတော်သမ္မတက မနေ့က လက်မှတ်ရေးထိုး ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အမိန့်ကိုတော့ နောက်ဆက်တွဲ အမိန့်တစုံတရာ မထုတ်ပြန်မခြင်း ကျင့်သုံးသွားမှာဖြစ်သလို စစ်တပ်အကူအညီနဲ့ပါ လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သမ္မတရဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။
အခုလို အရေးပေါ် အခြေအနေနဲ့ စစ်တပ်ရဲ့အကူအညီရယူပြီးတဲ့နောက်မှာ လမ်းပေါ်မှာ ရဲနဲ့စစ်သားတွေက လုံခြုံရေးအပြည့်အ၀ ရယူထားတယ်လို့ မိတ္ထီလာမြို့ခံ ကိုဖုန်းက ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး ရယူထားတာကြောင့် အချို့ဈေးဆိုင်တွေ
ပြန်ဖွင့်လာနိုင်ပြီးတော့ ဒေသတွင်းလည်း အတော်လေး တည်ငြိမ်လာပြီလို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

“မနေ့ကထက်စာလို့ရှိရင် လုံခြုံရေးအခြေအနေ တော်တော်ကောင်းသွားပြီ။ ကားတွေအသွားအလာရော၊ လူတွေအသွားအလာရော ပုံမှန်ဖြစ်သွားပြီးတော့ ဈေးဆိုင်တွေလည်း နည်းနည်းပြန်ဖွင့်လာတယ်။ မနေ့ကထက်စာရင်တော့ နည်းနည်းပိုကောင်းတာပေါ့။ သို့သော်လည်းပဲ အခုဟာက မူစလင်ဒုက္ခသည်တွေကို အာဏာပိုင်တွေက သင့်လျော်တဲ့နေရာကို ပြောင်းကြရွှေ့ကြတဲ့နေရာမှာတော့ တချို့ရပ်ကွက်တွေက လက်မခံဘူးဆိုပြီး တင်းခံနေတဲ့အပိုင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ပဋိပက္ခသဘောမျိုးတော့မဖြစ်ပါဘူး။”

မိတ္ထီလာ အဓိကရုဏ်း ပြင်ပ ပယောဂ ကြောင့်ဟု ဦးအောင်မင်းပြောကြား



မိတ္ထီလာ အဓိကရုဏ်း ပြင်ပ ပယောဂ ကြောင့်ဟု ဦးအောင်မင်းပြောကြား


photo - FNG
RFA News, 24March 2013  —- မိတ္ထီလာမြို့မှာ သာမန် အရောင်းအဝယ်ပြဿနာတစ်ခုကနေ ကြီးမားတဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ရတာဟာ ပြင်ပ ပယောဂကြောင့် ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနဲ့အတူ မိတ္ထီလာမြို့ကို ရောက်ရှိ လာတဲ့ ဝန်ကြီး ဦးအောင်မင်းက RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။
အဓိကရုဏ်းဖြစ်ပွားစဉ် အကြမ်းဖက်ခဲ့ကြသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ၊ မျက်နှာစိမ်းတွေဖြစ်တယ်လို့ ဒေသခံလူထုရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်း (၄) ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။