Sunday, March 24, 2013

ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ


ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ

မိတ္ထီလာမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပြဿနာကို ကြားသိလိုက်ရတဲ့အချိန်မှာ ဘာမှ မလုပ်ချင် မကိုင်ချင်အောင်ကို ခြေကုန်လက်ပန်းကျသွားမိပါတယ်။ အင်တာနက်သတင်းတွေကို ကမန်းကတန်းကြည့်၊ ပြည်တွင်းမီဒီယာတွေကို ဖုန်းဆက်မေးမြန်းနဲ့ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဖြစ်ပြန်ပြီလားကွာလို့လည်း ညည်းတွားမိပါတယ်။ နောက်တစ်နေ့မနက်မှာတော့ တရားဝင်ထုတ်ပြန်တဲ့သတင်းရဖို့အတွက် သတင်းစာဂျာနယ်တွေကို အပြေးအလွှားဖတ်ရပါတယ်။ ဆိုးဆိုးဝါးဝါးတွေ မဖတ်ရပါစေနဲ့လို့လည်း ကြိတ်ဆုတောင်းမိပါတယ်။ လစဉ်မှာယူထားလို့ အချိန်တန်ရင်စားပွဲပေါ်အခန့်သားရောက်နေကျ၊ နိုင်ငံတော်ကထုတ်ဝေတဲ့ ကြေးမုံသတင်းစာမှာတော့ ဒီလောက်ဟိုးလေးတကျော်ဖြစ်နေတဲ့ သတင်းက တစ်လက်မတစ်ကော်လံတောင်မှ ပါမလာခဲ့ပါဘူး။
နောက်ဆုံးသတင်းအပြည့်အစုံကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုသန်းလှိုင်သီချင်းလိုပဲ ''ဆုတောင်း မပြည့်ခဲ့ပါလေပြီ''လို့ပဲ ညည်းတွားလိုက်ရပါတော့တယ်။
          ငယ်စဉ်တောင်ကျေး ကလေးဘဝက ''ပျားရည် တစ်စက်ကြောင့် ပြည်ပျက်တယ်'' ဆိုတဲ့ ပုံဝတ္ထုကလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။ လူတစ်ယောက် ပျား ရည်ဆမ်းတဲ့မုန့်ကို စားရာက ပျားရည်စက်တစ်စက် ကြမ်းပေါ်ကျသွားတယ်။ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန် တန်နဲ့ စားပြီးကျကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့ မိဘူး။ အဲဒီကျနေတဲ့ ပျားရည်စက်ကို ပုရွက်က လာစား တယ်။ ပုရွက်ကို အိမ်မြှောင်ကဆင်းပြီးစားတယ်။ ထို အိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ်တယ်။ အဲဒီ ကြောင်ကို ခွေးတစ်ကောင်က ကိုက်တယ်။ ကိုက်တဲ့ခွေး ကို ကြောင်ပိုင်ရှင်ကတုတ်နဲ့ရိုက်တယ်။ အရိုက်ခံရတဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓားနဲ့ခုတ်တယ်။ အဲဒီကနေ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ၊ ကျေးကျွန်တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ် ဖြတ်ကြတာ ရွာကနေမြို့၊ မြို့ကနေတိုင်းပြည်ပျက်ပါ ရောဆိုတဲ့ ပုံဝထ္ထုကလေးပါ။  ငယ်စဉ်ကတော့ ဘာမှန်း မသိပဲ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာကလေးတစ်ခုအဖြစ် သာမှတ်ထင်ခဲ့ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ဝင်လာလေသလားလို့တောင် ထင်မှတ်ရပါတယ်။           အထက်ပါစာပိုဒ်နဲ့အစချီပြီး ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်ပို ကျယ် ကျယ်ပြန့်ပြန့်ပြောဖို့လိုလာပါပြီ။ မြန်မာပြည်မှာ ပြဿနာ တစ်ခုဖြစ်လိုက်တိုင်း လူမျိုးရေး၊ ဘာသာရေးတွေနောက် ဆက်တွဲ ရောယှက်ပါဝင်လာတာတွေဟာ ဒီပုံဝထ္ထုကို အသက်သွင်းနေကြတာလားလို့ မေးရမယ့်ကိန်းဆိုက်နေ ပါပြီ။
          ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးကြရပြီး ဖြစ်ပါတယ်။ မေလနှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် အသက်ဆုံးရှုံးရသူ (၅ဝ) ဦး၊ ဒဏ်ရာရသူ (၅၄) ဦး၊ အိမ်ခြေ ၂၂၃ဝ နှင့် ဘာသာရေးအဆောက်အဦ (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ ရပါတယ်။ အပြစ်မဲ့ဒေသခံ ပြည်သူလူထု (၆ဝဝဝဝ) ကျော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဘဝ ရောက်ခဲ့ကြ ပါတယ်။ ''တောင်လဲရာမြက်ပြတ်''ဆိုသလိုပဲ ကလေး သူငယ် လူမမယ်တွေ အတိဒုက္ခရောက်ကြရပါတယ်။ နောက်ထပ်တစ်ဖန် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက် ဦး စတဲ့မြို့များမှာ ပဋိပက္ခများအကြီးအကျယ်ဖြစ်ပွား ခဲ့ပြီး လူ(၉ဝ)ကျော် အသက်ဆုံးရှုံးပြီး (၁၃ဝ)ကျော်ဒဏ် ရာရရှိခဲ့ရပါတယ်။ အိုးအိမ် ၅၃ဝဝ ကျော်နှင့် ဘာသာရေး အဆောက်အဦ(၈)ခုမီးလောင်ပျက်စီးပြီး လူဦးရေ ၃ဝဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြ ရပြန်ပါတယ်။အေးချမ်းစွာ နေထိုင်လိုကြသူများ သောကမျက်ရည်ပင်လယ်ဝေခဲ့ရ ပါတယ်။ ကျောင်းသားကျောင်းသူ လူငယ်လေးတွေရဲ့ အေးချမ်းစွာပညာ သင်ကြားရခြင်းနေ့ရက်များဟာ မီး တောက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရပါတယ်။ ကြားရ သူ မြင်ရသူအပေါင်း နှလုံးစိတ်ဝမ်း ညှိုးနွမ်းပူလောင်ကြ ရပါတယ်။
          လူ့အသိုင်းအဝိုင်းမှာ ဒီလို ကိုယ့်အသွေးအသားထဲ က တဏှာရာဂဘီလူးကို မထိန်း ချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိမ်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ ဒီလိုမှုခင်းတွေအကြောင်း  သတင်းစာအစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ  ဖတ်ဖူးကြပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း အော့နှလုံးနာ စရာကိစ္စဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ် တဲ့အကြောင်းတွေ၊ တစ်နည်းအားဖြင့် ထူး၍မဆန်းသော အကြောင်းတရားတွေသာဖြစ်ပါတယ်။ ကိုယ်ကျင့်တ ရားနဲ့ (Morals) နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု (Self-control) တို့ အားနည်းတဲ့သူတွေရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့မကင်းနိုင်ပါဘူး။
          ဒါဟာ မီးပွားတစ်ခုပါ။ ဒါပေမဲ့ မီးပွားကျတာ ခြင်းအတူတူ မြေပျော့မြေစိုပေါ်ကျတဲ့ မီးပွားနဲ့သစ်ရွက် ခြောက်ပုံပေါ်ကျတဲ့ မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှု တို့ကတော့ကွာခြားလှပါတယ်။ အထူးသဖြင့် ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့မီးပွားတစ်ခုရဲ့အကျိုးသက် ရောက်မှုကတော့ ကြောက်ခမန်းလိလိဖြစ်သွားတော့တာ ပါပဲ။
          ဒါကိုသင်ခန်းစာ မယူနိုင်ကြဘဲ အခုမိတ္ထီလာကိစ္စ ပေါ်ပေါက်လာပြန်တယ်ဆိုတော့ နိုင်ငံတော်သစ်ရဲ့ရှေ့ ခရီးကို ဘယ်နည်းနဲ့ဆက်ကြမှာလဲလို့ မေးမြန်းစရာတွေ ဖြစ်လာပါပြီ။ တွေးတောပူပင်စရာတွေရှိလာပါပြီ။
          ရွှေအရောင်းအဝယ်ကိစ္စနဲ့ စတင်ဖြစ်ပွားတဲ့ ပြဿနာ ဟာ ဘာကြောင့် ဒီလောက်ကြီးထွားသွားခဲ့ရတာပါလဲ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့တဲ့အထိ ဖြစ် သွားခဲ့ရတာပါလဲ။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်ရင် လက်ရောက်မှုနဲ့ ဥပဒေအရ အရေးယူခံရပါ မယ်။ ဆိုင်ကပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးရင်လည်း အရေးယူဖို့ ဥပဒေရှိပါတယ်။ အဲဒီလောက်နဲ့ ပြီးရမယ့် ကိစ္စကို အကြီးအကျယ်ဖြစ်ပွားသွားရစေတဲ့ နောက်ကွယ် ကအကြောင်းတရားတွေက ဘာတွေပါလဲ။ သွေးရိုးသား ရိုးဟုတ်ရဲ့လား၊ အမှောင့်ပယောဂတွေပါနေပြီလား။ ဒါ တွေကို ဆန်းစစ်ဖော်ထုတ်ဖို့တော့ လိုပြီထင်ပါတယ်။
          ကမ္ဘာပေါ်မှာ စစ်ပွဲတွေအမြောက်အမြားဖြစ်ပွားခဲ့ ပါတယ်။ ကမ္ဘာကြီးမှာ စစ်မက်မဖြစ်ပွားခဲ့တဲ့အချိန်ရယ် လို့မရှိသလောက်ပါပဲ။  အဲဒီလိုစစ်ပွဲတွေထဲမှာသဘော တရားအခြေခံများအရ (၁) အာဏာလုစစ်ပွဲ၊ (၂) နယ်မြေ လုစစ်ပွဲ၊ (၃) တန်ခိုးအာဏာချဲ့ထွင်မှုစစ်ပွဲ၊ (၄) နယ်ချဲ့ စစ်ပွဲ၊ (၅) စီးပွားရေးစစ်ပွဲ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇) ဘာသာရေးစစ်ပွဲလို့ ခွဲခြားလေ့လာနိုင်ပါတယ်။ အဲဒီလို စစ်ပွဲတွေအနက်က အရက်စက်အကြမ်းကြုတ်ဆုံးက လူ မျိုးရေးစစ်ပွဲအမျိုးအစားဖြစ်ပြီး၊ ကာလအရှည်ကြာဆုံးနဲ့ အသေအပျောက် အပျက်အစီးအများဆုံးစစ်ပွဲကတော့ ဘာသာရေးစစ်ပွဲအသွင်သဏ္ဌာန်ဖြစ်ပါတယ်။ လူမျိုးရေး နဲ့ ဘာသာရေးရြော>ွပမ်းနေတဲ့ စစ်ပွဲကတော့ ပြောစရာ တောင်ရှိတော့မယ်မထင်ပါဘူး။ ကိုရီးယား-ဂျပန် စစ်ပွဲ မှာ ဝါးချွန်နဲ့ထိုးပြီး ရက်စက်စွာသတ်ဖြတ်ကြတာတွေ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက ရက်စက် စွာ မျိုးဖြုတ်သတ်ဖြတ်တာတွေ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းက ခရိုအေးရှားပြည်တွင်းစစ်ပွဲမှာ အပြစ်မဲ့သူတွေ ကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သားတင်းပုတ် ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ လူမျိုးရေးစစ် ပွဲရဲ့အနိဋ္ဌာရုံတွေပါ။ ကမ္ဘာပေါ်မှာ ဘာသာရေး ကိုးကွယ် ယုံကြည်ချက် ကွဲပြားခြားနားမှုတွေအကြား ဖြစ်ပွားခဲ့တဲ့ ဘာသာရေးစစ်ပွဲ (ခရူးဆိတ်စစ်ပွဲ)ဟာ အချိန်ကာလ အရှည်ကြာဆုံးနဲ့ ကမ္ဘာ့လူသားများရဲ့ အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှုအများဆုံး စစ်ပွဲကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ထားရပါတယ်။
          အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ပြဿနာတွေဟာ အဲဒီ လိုလမ်းကြောင်းပေါ်ကို ဦးတည်ရွေ့လျားနေတာလား၊ တရားဥပဒေစိုးမိုးမှုဆိုတာမရှိတော့ဘူးလား၊ လက်တုံ့ပြန် ရေးဝါဒ (An eye for an eye) ကိုပဲ ရှေးရှုကြတော့မှာ လား၊ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမယ့် နိစ္စဓူဝ ပဋိပက္ခ တွေကို ဘာသာရေးအစွန်းတရား၊ လူမျိုးရေးအစွန်း တ ရားတွေ အစာသွပ်နေကြတော့မှာလား။ နိုင်ငံတစ်နိုင်ငံ အတွင်းအတူနေထိုင်ကြတဲ့  လူမျိုးတစ်မျိုးနဲ့တစ်မျိုး မတည့်ကြတာနဲ့၊ ဘာသာအယူဝါဒချင်းမတူကြတာနဲ့ပဲ (ဟစ်တလာက ဂျူးတွေကို မျိုးဖြုတ်သုတ်သင်ခဲ့သလို) အဲဒီလူမျိုးကို အကုန်ဖယ်ရှားပစ်ချင်လို့ရနိုင်မှာမို့လို့လား။ နာဇီဝါဒကို မြန်မာနိုင်ငံမှာ အသစ်တစ်ဖန် ပြန်လည် ဆန်းသစ် အသက်သွင်းချင်နေကြတာလား။
          ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအယူဝါဒ ကို အသစ်တစ်ဖန် ပြန်လည်စတင်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ် ဆိုတာနဲ့ တစ်ပြိုင်နက် (၁) နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး၊  (၂) လွတ်လပ် စွာ ပြောဆိုခွင့်၊ (၃) လွတ်လပ်စွာရေးသားခွင့်၊  (၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခွင့်တို့ကို စသည်တို့ကလည်း ပူး တွဲပါလာရပါမယ်။  ဒီမိုကရေစီကို ဘယ်လိုပင်လိုချင် လှပါချည်ရဲ့လို့ အော်ဟစ်နေသော်လည်းပဲ အထက်ပါ အချက်များထဲက တစ်ခုခုကိုချိုးဖောက်ပြီဆိုရင်  ဒီမိုက ရေစီနဲ့ထိုက်တန်သူတွေဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ အာ ဏာရှင်စနစ်မှာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြား ရေးဆိုတာဟာ အာဏာရှင်အစိုးရကလုပ်ဆောင်တာဖြစ် ပေမဲ့၊ ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးရေးရဲ့အဓိက မဏ္ဍိုင်က ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုဟာ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေး ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်ဆိုရင် အဲဒီတာ ဝန်ကို ကြပ်မတ်ပေးရမှာက ပြည်သူတစ်ရပ်လုံးရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို သတိရှိကြစေချင်ပါတယ်။ ပြည်သူ့ရဲ ဟာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေဖြစ်တယ်ဆိုရင် ပြည်သူ တစ်ရပ်လုံးဟာ အဲဒီလုပ်ငန်းကြီးတစ်ရပ်လုံးရဲ့ အလုပ်ရှင် ဖြစ်တယ်ဆိုတာ နှလုံးသွင်းထားကြဖို့လိုပါတယ်။
          ဥပဒေရဲ့အကာအကွယ်အောက်မှာနေချင်ရင် ဥပဒေ ကို လိုက်နာကြရပါမယ်။ ကာကွယ်စောင့်ရှောက်ရပါ မယ်။ အမိုးအကာတစ်ခုအတွင်းမှာ လုံလုံခြုံခြုံ မှီတင်း နေထိုင်ချင်ရင် ကိုယ်ကိုယ်တိုင်က အဲဒီအမိုးအကာကို ချိုးဖျက်နေလို့ မဖြစ်ဘူးဆိုတာကို ကောင်းစွာနားလည် သဘောပေါက်ရပါမယ်။ စာရေးသူဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း အခြေခံ ဥပဒေရေးရာ ဆွေးနွေးပွဲတွေမှာ အမြဲပြောဆိုတင်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ တည်နေဆဲ အခြေခံဥပဒေကိုတော့ လိုက်နာဖို့ လိုအပ်တယ်ဆိုတာကိုတော့ ဒီဆောင်းပါးမှာ ထည့်သွင်းတင်ပြလိုပါတယ်။
          လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အပိုဒ် ၂၁ (က)မှာ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူ ညီမျှခွင့်မှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှ တမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်လို့ ဖော်ပြထားပါ တယ်။ (နိုင်ငံသားတိုင်းဆိုရာမှာ မည်သည့်ဘာသာ ကိုး ကွယ်ယုံကြည်သူရယ်လို့ ခွဲခြားသတ်မှတ်မထားတာကို တော့ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပါတယ်)။ နောက်တစ်ဖန် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းအပိုဒ် ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှအခွင့်အရေးရရှိစေမည်၊ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ပေးမှုကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေး ရမည်လို့ ဖော်ပြထားပါတယ်။ မည်သူ့ကိုမဆို ဆိုတဲ့ စကားရပ်ရဲ့အတိမ်အနက်ကို ကောင်းစွာနားလည်သဘော ပေါက်ကြဖို့လိုပါတယ်။ အဲဒီအခန်းမှာပဲ အပိုဒ် ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သူနိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်း ပြု၍ ခွဲခြားမှုမရှိစေရလို့ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ထည့်သွင်း ပြဋ္ဌာန်းထားရတဲ့ အခြေခံအချက်တွေဖြစ်ပါတယ်။ ဒီအ ချက်တွေကို မသိနားမလည် သို့တည်းမဟုတ် လက်မခံ ကြဘူးဆိုရင်တော့ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုးပါဆိုတာကို ကျမ်းရွက်ပြီးပြောကြရ ပါလိမ့်မယ်။ အပိုဒ် ၃၅၄(ဃ)မှာ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအ ချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကို လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ် နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်(ရှိသည်)လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအချက်တွေအရ နိုင်ငံကြီးသားပီသစွာနဲ့ ကိုယ်ကိုး ကွယ်ရာဘာသာကို ကိုယ်စောင့်ရှောက်ထိန်းသိမ်း၊ သူ တစ်ပါးကိုးကွယ်ရာဘာသာကို ကိုယ်က လေးစားစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားကြရေးကို ရှေးရှု ကြရမှာဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုမြင့်စေလိုပြီး သူ တစ်ပါးကိုးကွယ်ရာဘာသာကို နှိမ့်ချလိုသူ ကျူးလွန်စော် ကားလိုသူဟာ ကိုယ့်ဘာသာကို ကိုယ်ပြန်နှိမ့်ချနေသူတွေ သာဖြစ်ပါတယ်။ ဒီနေရာမှာ သာသနာပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းစွာသဘောပေါက်ဖို့လိုပါ လိမ့်မယ်။
          ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၄ မှာ နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာရေးကိုအလွဲသုံးစားမပြုရ ၊ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊  ဘာသာရေး ကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ် ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြု အမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်း နိုင်သည်လို့ ပြဌာန်းထားပါတယ်။ ဒီဥပဒေမရှိဘူးဆိုရင် တောင်မှ လူတစ်ဦးနှင့်တစ်ဦး မုန်းတီးအောင်ပြုခြင်း၊ အချစ်အခင်ပျက်ပြားအောင်ပြုခြင်းဆိုတာကို ဘယ်လို ကိုးကွယ်ရာဘာသာကမှ ခွင့်ပြုမထားဘူးဆိုတာကို နှလုံးသွင်းကြစေချင်ပါတယ်။ အထူးသဖြင့် စာရေးသူတို့ ဗုဒ္ဓဘာသာဟာ မေတ္တာဝါဒ လွှမ်းခြုံတဲ့ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာကြောင့် ကမ္ဘာပေါ်မှာ ဘယ်လိုစစ်ပွဲမျိုးမှ မပေါ်ပေါက်ခဲ့ဖူးပါဘူးလို့ ဂုဏ်ယူခဲ့ကြရတဲ့ ဘာသာ တရားကို ယခုအခါကျမှ အစွန်းအထင်းမဖြစ်စေလိုပါ ဘူး။ မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေဖြစ်ကြတဲ့ သကျသာကီဝင်(ဗုဒ္ဓဘာသာဝင်)တွေဟာ ဝိဋဋူပဘေး ကျရောက်တာတောင်မှ ''ငါ့ကြောင့် သူတစ်ပါး မသေပါ စေနဲ့''လို့ဆန္ဒပြုပြီး (မြားအတတ်ကို တစ်ဖက်ကမ်းခတ် သူတွေဖြစ်သော်လည်း) ရန်သူကို မြားနဲ့ထိအောင်မပစ် ဘဲ လှီးလွှဲပစ်ခတ်ခဲ့ကြပြီး ကိုယ့်အသက်ကို သာစွန့်ခဲ့ကြ ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့လက်ဟာ ဘယ်တော့မှ အခြားသူတွေရဲ့သွေးမစွန်းပါဘူး၊ အခြားသူတွေရဲ့သွေး စွန်းထင်ခဲ့ရင်လည်း ဗုဒ္ဓဘာသာဝင် မည်ကာမတ္တသာ ဖြစ်ပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဟာ ကာယကံမြောက်မဆိုထားနဲ့ ဝစီကံ၊ မနောကံတို့ဖြင့်တောင် သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းဖို့ အားမထုတ်ပါဘူးလို့ သတိပေးချင်ပါတယ်။ ဒါကြောင့် မိမိနှုတ်ထွက်စကားများရဲ့ ပယောဂကြောင့် သူတစ်ပါး နစ်နာရရင် သွေးမြေကျရင် မိမိမှာ အပြစ်မကင်းပါဘူးလို့ ကောင်းစွာသတိချပ်ကြစေချင်ပါတယ်။
          ဗဟုဇနဟိတဓရဘွဲ့ထူးရှင် သီတဂူဆရာတော်ဘုရား ကြီးက ''ကမ္ဘာကို မီးရှို့နေတဲ့လက်တွေထဲမှာ ကျူပ်တို့ မပါနိုင်ဘူး''လို့  ပြတ်သားစွာ  မိန့်မြွက်ခဲ့ဖူးပါတယ်။ ''မြန်မာကို မီးရှို့နေတဲ့လက်တွေထဲမှာလည်း ကျွန်တော် တို့ မပါဝင်ဖို့လိုပါတယ်။ ကြီးမြတ်သောပုဂ္ဂိုလ်တို့သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။ သေးသိမ် သောသူတို့သည်ကား ဘာသာရေးကို ခိုက်ရန်ပွားစရာ အဖြစ် ခံယူကြပေ၏''လို့ အိန္ဒိယနိုင်ငံရဲ့ ၁၁ ဆက် မြောက်သမ္မတကြီး အဗ္ဗဒူကလမ်က ဆိုမိန့်ခဲ့ပါတယ်။ အဲဒီ ဟိန္ဒူဘာသာဝင် အိန္ဒိယသမ္မတကြီးဟာ အစ္စလာမ် ဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး ဆူကာနို (ဘွန် ကာနို)ရဲ့ ဖွားမြင်စသမီးငယ်ကို 'မေဃဝတီ' (မမိုးတိမ်) ရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့သူ(God Father) ဖြစ် ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေးအမြင်မှာ တစ်ဦးနှင့် တစ်ဦးလေးစားချစ်ကြည်မှုမှာ ဘာသာရေးဆိုတာ တံတိုင်း မဟုတ်ဘူးလို့ ခံယူထားကြတာကို အထင်းသားမြင်တွေ့ နိုင်ပါလိမ့်မယ်။ ဘာသာရေးဆိုတာ လူတွေရဲ့နှလုံးသား ကို ငြိမ်းချမ်းစေတဲ့အရာဖြစ်ပါတယ်။ ခိုမှီရာ ကိုင်းညွတ် ရာလည်းဖြစ်ပါတယ်။ အဲဒီဘာသာတရားကို ကိုးကွယ် ယုံကြည်မှုကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေပေါ်ပေါက် လာတယ်။ ရန်လိုမုန်းတီးမှုတွေ ပေါ်ပေါက်လာတယ် ဆိုတာကတော့ ဘာသာရေးကိုးကွယ် ယုံကြည်မှုကိုအရေ ခြုံပြီး မိမိတို့စိတ်က ပြဋ္ဌာန်းချက်များကိုသာ အကောင် အထည်ဖော် လုပ်ဆောင်လိုကြတဲ့ အစွန်းရောက်သူများရဲ့ အသိÓဏ်မဲ့ မိုက်မဲတွေဝေမှုသာဖြစ်ပါတယ်။
          အခုဖြစ်ပွားတဲ့ ပြဿနာများမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအားနည်းမှုနဲ့ အုပ်ချုပ်ရေးတာ ဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ တာဝန်ယူမှုအပိုင်း အားနည်းမှုတွေ ကိုလည်းတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီလိုပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပဲ အားနည်းနေသေးတာကို တွေ့မြင်နေရပါတယ်။ ရခိုင် ပြည်နယ်အရေးမှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းမှုတွေကြောင့် မဖြစ်သင့်တဲ့ အတိုင်းအတာအထိ ကြီးထွားလာခဲ့ရတယ် ဆိုတာကို တွေ့မြင်ရပါတယ်။ ယခုဖြစ်ရပ်ကို သုံးသပ် ရရင် ယခင်ကလုပ်ဆောင်ချက်အမှားတွေကြောင့် နောက် ထပ်မှားမှာကို စိုးရိမ်ပြီး မလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အသွင် သဏ္ဌာန်ကို မြင်တွေ့ရပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူနဲ့ လက်နက် တုတ်ဓားဆွဲကိုင်၍  ရမ်းကားသူကို ခွဲခြားမမြင်နိုင်သေးကြောင်း တွေ့မြင်ရ ပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များရဲ့ အားနည်း ချက်ကတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ကို ကိုင်တွယ်ဖြေရှင်းရာမှာ လုံးဝအားနည်းနေပြီး၊ ယခု ထက်တိုင် ပြည်သူများ သိသင့်သိထိုက်တဲ့ သတင်းအ ချက်အလက်အမှန်များကို မထုတ်ပြန်နိုင်သေးတာက အရိုးစွဲအမူအကျင့်များကို မစွန့်နိုင်သေးတာလား၊ အရှိန်နဲ့ ပြေးနေရုန်းနေတဲ့ ခေါင်းဆောင်မှုနောက်ကို မလိုက်နိုင် သေးတာလား၊ မလိုက်လိုသေးတာလားဆိုသည်ကိုတော့ အဖြေတစ်ခုထုတ်ပေးကြဖို့ လိုအပ်နေပြီလို့သာ တင်ပြချင် ပါတယ်။ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြတဲ့နေရာတိုင်း မှာ မတူညီမှုနဲ့ ကွဲပြားမှုတွေဟာ အမြဲရှိနေမှာပါ။ အဲဒီ အတွက် ပဋိပက္ခဆိုတာလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာနိုင်ပါတယ်။ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ကာကွယ်ဖို့တာဝန်ရှိ သူတွေမှာ နောက်နောင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပြည့်ဝတဲ့အရည်အသွေးနဲ့ ကျွမ်းကျင်မှုများစွာ လိုအပ်ပါကြောင်း အကြံပြုချင်ပါ တယ်။
          ဒီနိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့အိမ် ပါ။ ကျွန်တော်တို့အိမ်ကို သာယာချမ်းမြေ့သော သီရိ ဂေဟာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မွမ်းမံပြင်ဆင်ဖို့ ဟာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ ဘာကြောင့် ကျွန် တော်တို့ဟာ ကိုယ့်အိမ်ကို ကိုယ်မီးရှို့ချင်နေကြတာလဲ၊ ဘာကြောင့် တစ်အိမ်တည်းနေသူချင်း မလိုမုန်းထားခိုက် ရန်ပွားနေရတာလဲ။ ဗုဒ္ဓဘာသာဖြစ်စေ၊ အစ္စလာမ်ဖြစ် စေ၊ ခရစ်ယာန်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ ဒီနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရပြီးတဲ့ သူတိုင်းဟာ ဒီနိုင်ငံကို ကိုယ့်အိမ်ကိုယ့်ယာလို သဘော ထားရပါမယ်။ ချစ်မြတ်နိုးနိုင်ရပါမယ်။ အိမ်တွင်းရေး ကိစ္စတိုင်းကို အိမ်သူအိမ်သားစိတ်ဓာတ်နဲ့ ညှိနှိုင်းဖြေရှင်း နိုင်ကြဖို့လိုပါတယ်။ နိုင်ငံသားစိတ်ဓာတ် အပြည့်ရှိကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံသားများအဖြစ် ကမ္ဘာ့အလည်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့အတွက် နိုင်ငံကြီးသားပီသတဲ့စိတ် ဓာတ်ကို မွေးမြူကြစေလိုပါကြောင်း တင်ပြတိုက်တွန်း လိုက်ပါတယ်။

ထင်လင်းဦး - by Messenger News Journal

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။