Tuesday, September 18, 2012

နိုင်ငံပိုင် ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းများသို့ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်ဟု သိရ


နိုင်ငံပိုင် ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းများသို့ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်ဟု သိရ
Wednesday, 19 September 2012 11:57
မြန်မာနိုင်ငံအလယ်ပိုင်းရှိ နိုင်ငံပိုင်ကုန်းတွင်း ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ယခုနှစ်ပိုင်းတွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
''လက်ရှိကုန်းတွင်းကလုပ်ကွက်တွေထဲက လုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းတွေကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှ လုပ်ကိုင်ခွင့် ချထားပေးဖို့ ရှိပါတယ်။ ကုန်းတွင်းလုပ်ကွက်တွေမှာ ပြည်တွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ပေမယ့် အခုလုပ်ကွက်အသစ် ၁၅ ခုကတော့ ဘယ်လုပ်ငန်းရှင်၊ ဘယ်ကုမ္ပဏီကမှ လုပ်ကိုင်ခြင်းမရှိသေးတဲ့ ကုန်းတွင်းလုပ်ကွက်အသစ်တွေ ဖြစ်ပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံရှိ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် နိုင်ငံခြားကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ရာ ကမ်းလွန်လုပ်ကွက်များအတွက်  လုပ်ကိုင်ခွင့်များ ချထားပေးရန် ယခုနှစ်ကုန်ပိုင်းတွင် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိကာလ၌ ကမ်းလွန်ရေနံလုပ်ကွက် ၂၄ ကွက်တွင် နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုမှ ရေနံရှာဖွေလျက်ရှိပြီး ကုန်းတွင်းလုပ်ကွက် ၂၀ ကွက်တွင် နိုင်ငံခြားရေနံကုမ္ပဏီပေါင်းရှစ်ခုနှင့် နိုင်ငံခြားနှင့် မြန်မာပူးပေါင်း ကုမ္ပဏီခုနစ်ခုမှ ရေနံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူး ဖော်ထုတ်လုပ်ရန်အတွက် ပြည်ပရင်း နှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကုန်းပိုင်းလုပ်ကွက်များကို လုပ်ကွက်အမျိုးအစားများ သတ်မှတ်၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်၊ တိုးတက်ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် တန်ကြေးပေး ကတိစာချုပ်၊ ပြုပြင်ပြောင်းလဲထားသော လုပ်ငန်းဆောင်ရွက်မှုအပေါ် လျော်ကြေးပေး ကတိစာချုပ်များ ချုပ်ဆိုပြီး ရေနံ ရှာဖွေရေးလုပ်ငန်းနှင့် ရေနံအထွက်တိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြောင်း၊ ကမ်းလွန်လုပ်ကွက်များကို PSC  စာချုပ်တစ်မျိုးတည်းဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ယင်းနေ့တွင်ပင် ဖားကန့်မြို့အ၀င် အဓိကလမ်းပိုင်းတစ်ခုတွင် ပေါက်ကွဲမှုနှစ်ကြိမ်နှင့် တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့


ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ယင်းနေ့တွင်ပင် ဖားကန့်မြို့အ၀င် အဓိကလမ်းပိုင်းတစ်ခု တွင် ပေါက်ကွဲ မှုနှစ်ကြိမ်နှင့် တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့  
Wednesday, 19 September 2012 11:32
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့က ဖားကန့်မြို့အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်နှင့် ဖားကန့်၊ တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ အသက် ၅၁ နှစ်အရွယ် ဒေါ်လပ်ဆိုင်းမှာ ဟင်းသီးဟင်းရွက်ခူးရန် နမ္မချောင်း ကမ်းနားလမ်းမှ လမ်းလျှောက်စဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးဒေါင်ဟောင်းက "ကျွန်တော့်မိန်းမက နံနက် ၁၁နာရီလောက်မှာ အိမ်ကနေပြီး ဟင်းစားရှာဖို့ နမ္မချောင်း ကမ်းနားကနေ ခြံထဲကို သွားခဲ့တာပါ။ နေ့တိုင်း သွားနေကြလမ်း အတိုင်းသွားခဲ့တယ်။ မွန့်တည့် ၁၂ လောက်မှာ ပတ်ဝန်းကျင်က ဒေသခံတွေက ကျွန်တော့်အမျိုးသမီး မိုင်းနင်းမိတယ်ဆိုတာ လာပြောလို့ လိုက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ ကျောက်စိမ်းလုပ်ကွက်က မြေစာတွေပုံထားတဲ့ အနီးနားမှာ ပြောလို့မြင်လို့ မကောင်းလောက်အောင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ ဒီမိုင်းကို ဘယ်သူတွေ ထောင်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် ဘယ်သူတွေပဲလုပ်လုပ် ပြည်သူလူထုကို  ငဲ့ညှာပြီး ပြည်သူပြည်သားတွေရဲ့ မျက်နှာကို ထောက်ထား ချင့်ချိန်စေချင်ပါတယ်။ ကျွန်တော်တို့ မိသားစု အခုခံစားနေရတဲ့ အဖြစ်ဆိုးမျိုးတွေကိုလည်း အခြားမိသားစုတွေမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းတာကလွဲလို့ အခြား ဘာမှမတတ်နိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ မိုင်းနင်းမိ၍ သေဆုံးခဲ့သူ ဒေါ်လပ်ဆိုင်း ၅၁ နှစ်နှင့် ကျန်ရစ်ခဲ့သူ ခင်ပွန်းတို့နှစ်ဦးတွင် ၄င်းတို့ကို မှီခိုနေရသော သားသမီး ၅ ဦးရှိကြောင်း သိရှိရသည်။
ဖားကန့်မြို့တွင် ယခုရက်ပိုင်း၌ အပစ်အခတ်များ ပေါက်ကွဲမှုများ မကြာခဏဖြစ်နေခြင်းနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ကိုဝင်းထွန်းထွန်းက "အခုလိုမျိုး အပြန်အလှန် ဖြစ်နေတာတွေက ပြည်သူတွေပဲ ဆုံးရှုံးမှုအများကြီးဖြစ် ပေါ်နေရတယ်။ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးပိုင်းတွေလည်း အများကြီး ထိခိုက်နေပါတယ်။ ပြည်သူတွေပဲ ဒဏ်ရာရ ၊ပြည်သူတွေ ပဲ သေဆုံးနေရတယ်။ ဒါကြောင့်မို့လို့ နှစ်ဖက်လုံးက အမြန်ဆုံး ငြိမ်းချမ်းရေးရယူဖို့ကိုပဲ တောင်းဆိုချင်ပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိကလမ်းပိုင်းဖြစ်သည့် နမ္မဖြစ်နှင့် မော်ဝမ်းရပ်ကွက်ကြား၌လည်း ပေါက်ကွဲမှုတစ်ကြိမ်နှင့် ည ၁၁ နာရီအချိန်တို့တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှု နှစ်ကြိမ်လုံးတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဖားကန့်၊တာမခံဒေသ ပတ်ဝန်းကျင်တွင်းလည်း ယင်းနေ့ညဦးပိုင်းက ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ ယခုဖြစ်ပွားမှုများမှာ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုကြောင့် န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးသည့် ဖြစ်စဉ်ပြီး နောက်ပိုင်း ၅ ရက်အကြာတွင် ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး


မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး 

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၈ရက်နေ့  စက်တင်ဘာ ၂၀၁၂ —-  ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။
ပွင့်လင့်မြင်သာမှုမရှိပါက မှန်ကန်စွာပါဝင်ဆွေးနွေးနိုင်ခြင်း မရှိသည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးပျက်တတ်ကြောင်း ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အပေါ်  ပြည်သူနှင့် ပြည်သူ့ ကိုယ်စားလှယ်များက သိရှိသွားမည်ကို စိုးရိမ်ပြီး ဘောင်ခတ် ကန့်သတ် တတ်ကြပါတယ်ပွင့်လင်းမြင်သာမှု မရှိခြင်းသည်၊ အားလုံးပါဝင်ဆွေးနွေးမှုကို ဆန့်ကျင်တဲ့ သဘောလက္ခဏာ ဖြစ်တဲ့ အတွက် ဒီမိုကရေစီလူ့ဘောင်တည်ဆောက်မှုကို တုံ့နှေးအောင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်” ဟု ဆိုသည်
ထိုအခမ်းအနားကို နေပြည်တော်လွှတ်တော်တွင်ကျင်းပခြင်းဖြစ်ပြီး အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် NGO အဖွဲ့များ တက်ရောက်ကြသည်။
စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရာတွင် စနစ်ကို နားမလည်ခြင်း၊ နားလည်သော်လည်း မသိစိတ်က လက်မခံနိုင်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှု မရှိနိုင်အောင်လည်း ဖြစ်တတ်ကြောင်း ဦးခင်အောင်မြင့်က ထည့်သွင်းပြောဆို သွားသည်။
“အားလုံးပါဝင်ဆွေးနွေးလျက် ဒီမိုကရေစီ ဗဟိုချက်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်အရ နိုင်ငံသား အားလုံးက ပါဝင်ဆွေးနွေးနိုင်ရေးအတွက် ပြည်သူ့ကိုယ်စား တာဝန်ယူဆောင်ရွက်သူအသီးသီးက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ကြပါစေ” ဟု ပြောဆိုသွားသည်
ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တိုင်းပြည်တွင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရန်လိုအပ်ပြီး ခိုင်ခိုင်မာမာ ယုံကြည်လက်ခံ ကျင့်သုံးသည့် လူ့ဘောင်ဘဝရှိရမှာ ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးကို ဒီမိုကရေစီစနစ်ဖြင့် အံဝင်ခွင်ကျဖြစ်စေရန် ပညာပေးလုပ် ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးကြရမှာဖြစ်သည်ဟုဆိုသည်။
ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက်လည်း ပါတီနိုင်ငံရေးကင်းရှင်းသည့် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများကို လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုရမှာဖြစ်ကြောင်းပြောသည်။
ထို့အတူ ယနေ့မြန်မာနိုင်ငံတွင် ကိုယ်ကျိုးစီးပွားကင်းသော လူ့အဖွဲ့အစည်းများသည် လှုပ်ရှားရန် အားယူနေကြပြီဖြစ်ကြောင်း၊ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသား ဖြန့်ဝေခွင့်များကိုလည်း တောင်းဆိုနေလျက်ရှိကြောင်း ထည့်သွင်းပြောဆိုသည်။
“သတင်းကဏ္ဍကနေ တော်ဖြောင့်မှန်ကန်စွာ ဘက်လိုက်မှုကင်းကင်းနဲ့ ပြည်သူကို ဒီမိုကရေစီ ပညာပေးဖို့လည်း လိုအပ်လျက် ရှိပါတယ်၊ ဒါကြောင့် ပြည်တောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ အရ ဒီမိုကရေစီရဲ့ စရိုက် လက္ခဏာကို ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ်” ဟု ဦးခင်အောင်မြင့် က ပြောသည်
ထို့အပြင် ဒီမိုကရေစီ မျိုးဆက်သစ်ထွန်းကားရေး အတွက်လည်း အဆင့်ဆင့်သော ပညာသင်ကြားရေး ကဏ္ဍတွင် အခြေခံ ဒီမိုကရေစီ ဘာသာရပ်မှ ခေတ်မီနိုင်ငံရေးသိပ္ပံပညာရပ်ထိ ပြဌာန်သင်ကြားရေးရန် လိုအပ်လျက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသွားသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ပြည်ထောင်စုလွှတ်တော်က ကြီးမှူး၍ နေပြည်တော် လွှတ်တော်တွင် ဒုတိယအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

သမိုင်းမှာ ထပ်မမှားဖို့


သမိုင်းမှာ ထပ်မမှားဖို့ 


ဧရာဝတီသတင်းဌာန. ၁၈ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  ယနေ့သည် ၈ လေးလုံး ပြည်လုံးကျွတ် အရေးတော်ပုံကြီးကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၍ အာဏာသိမ်းယူခဲ့သည့် ၂၄ နှစ်ပြည့်မြောက်သော နေ့ဖြစ်သကဲ့သို့ မနက်ဖြန် စက်တင်ဘာ ၁၉ ရက်နေ့သည် စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အထက်တန်းကျောင်းသူ မဝင်းမော်ဦး သေဆုံးရသည့် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
သေနတ် ဒဏ်ရာကြောင့် သွေးအလိမ်းလိမ်းဖြင့် ဝေဒနာ ခံစားနေရသည့် မဝင်းမော်ဦးကို ဆေးကျောင်းသားနှစ်ဦးက သယ်ဆောင်လာသော ကမ္ဘာကျော် ဓာတ်ပုံကြောင့်သာ လက်နက်မဲ့ ကျောင်းသူတဦးအပေါ် စစ်တပ်၏ ရက်စက်မှု ပေါ်လွင်ခဲ့ခြင်း ဖြစ်ပြီး မဝင်းမော်ဦး၏ အဖြစ်အပျက်လည်း လူသိများခဲ့ရခြင်း ဖြစ်သည်။ အလားတူ အဖြစ်အပျက် များစွာ ရှိခဲ့နိုင်သော်လည်း တခုချင်းစီ၊ တဘဝချင်းစီအတွက် သမိုင်းမှန်များကို ၂၄ နှစ်ကြာသည်အထိ ဖျောက်ဖျက်ခံထားရဆဲပင်။
၈ လေးလုံး ဆန္ဒထုတ်ဖော်ပွဲ တလျှောက်လုံးတွင် စစ်တပ်အာဏာသိမ်းသည့် စက်တင်ဘာ ၁၈၊ ၁၉ ရက်နေ့များ အထိ ပျောက်ဆုံးသူနှင့် သေဆုံးသူ လူဦးရေ ၃၀၀၀ ကျော် ရှိခဲ့သော်လည်း ထိုအဖြစ်အပျက်အတွက် အစိုးရ အဆက်ဆက်က တာဝန်လုံးဝ မယူခဲ့ပေ။ အလားတူ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တောခိုခဲ့သည့် ကျောင်းသားများ အကြား၊ တိုင်းရင်းသား လူမျိုးစုများ အကြား ဖြစ်ပွားခဲ့သည့် လုပ်ကြံ သတ်ဖြတ်မှုများစွာ ရှိခဲ့သော်လည်း တရားခံ မပေါ်ပေါက်သည့် အဖြစ်အပျက် များစွာ၊ သမိုင်းမှန် ထိန်ချန်မှုများစွာ ရှိခဲ့သည်။ ၂၄ နှစ်ကာလအတွင်း မြို့ပေါ်နှင့် တောထဲတွင် မတရား သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးသူများမှာ စာရင်းပျောက် ဖြစ်ခဲ့ရသည်။
ဒီမိုကရေစီ စနစ်ဖော်ဆောင်မည် ဆိုသည့် ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှသည် ရှေ့တွင် မည်သို့ အမှန်တရားကို ပွင့်လင်းစွာ ဖော်ထုတ်၍ မှတ်တမ်းတင်ကြမည်ကို စတင်စဉ်းစားသင့်ပေပြီ။ သို့မှသာ ခံစား ခဲ့ရသူများကို စာနာရာရောက်ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်နိုင်ပေလိမ့်မည်။
အနီးဆုံး အဖြစ်အပျက် ဖြစ်သည့် ရခိုင်ဒေသ ပဋိပက္ခ၏ တရားခံမှန် များကို ယခုအချိန်အထိ မဖော်ထုတ် နိုင်သေးသကဲ့သို့၊ ကချင်ဒေသ၌ စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေကာ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ကျူးလွန်နေဆဲ ဖြစ်သည်။ နေပြည်တော်ရှိ လူ့အခွင့်အရေး ကော်မရှင်သည် အမှန်တရားပေါ်ပေါက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး တို့အတွက် မည်သို့မျှ မလုပ်ဆောင်နိုင်သေးပေ။
ယခုလက်ရှိတွင် မြန်မာပြည်သူပြည်သား များက အမျိုးသားခေါင်းဆောင်အဖြစ် ချစ်ခင်လေးစားလျှက်ရှိသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆုများစွာ ချီးမြှင့်မှုကို ခံယူရန် ကမ္ဘာ့ထိပ်သီး အမေရိကန် နိုင်ငံသို့ ရောက်ရှိ နေချိန် ဖြစ်သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်သည်လည်း ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် အမေရိကားသို့ မကြာမီ သွားရောက်ရန် ရှိနေသည်။
သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် တိုးတက် ဖြစ်ပေါ်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက ချီးကျူးဂုဏ်ပြုလျှက် ရှိသော်လည်း ၎င်းတို့နှစ်ဦး သင့်မြတ်ရုံဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ပန်းတိုင်သို့ ရောက်ရှိပြီဟု မဆိုနိုင်ပေ။
၂၄ နှစ်လုံးလုံး ဒဏ်ရာ အနာမကျက်သူတို့၏ ဝေဒနာများကို သက်သာခွင့် ပေးမှ၊ အာဃာတများ၊ အငြိုးများနှင့် အမုန်းများ ပပျောက်သွားမှသာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပန်းတိုင်ကို ရောက်ရှိပြီး ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပေလိမ့်မည်။ ထို့အတွက် တခုတည်းသော နည်းလမ်းမှာ အမှန်တရားကို ရဲဝံ့စွာ ရင်ဆိုင်၍ သေဆုံး (သို့မဟုတ်) ပျောက်ဆုံး သူများကို ထုတ်ဖော် မော်ကွန်းတင်ကာ နောင်လာနောက်သားများ ဤသို့ ထပ်မံ မမှားရလေအောင် သမိုင်းသင်္ခန်းစာ ပြုစုခြင်းပင် ဖြစ်ပေသည်။

နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား


နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား

ထိုင်းဘက်မှ တင်သွင်းယူသည့် အချိုရည်များ(ဓာတ်ပုံ - KIC News)
မဇ္စျိမသတင်းဌာန. ၁၈ရက်နေ့ စက်တင်ဘာ ၂၀၁၂ —-  အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ်ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။
“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင်လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။
ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး
နှေးကွးမှုအတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်း
ဆောင်ရွက်သွားမည် ဖြစ်သည်။

AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့်ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။
အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင်ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချမှတ်သွားမည် ဖြစ်သည်။
လုပ်အား အသားပေး စီးပွါးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တည်ထောင် လုပ်ကိုင်ပြီး တတိယနိုင်ငံ
ဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် အစိုးရက မက်လုံးများ ပေးသွားမည် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်းနိုင်ငံတွင်
ဖြစ်ပေါ်လျက်ရှိသော လုပ်သားအင်အား ရှားပါးမှုကို လျော့ပါးသက်သာစေပြီး ကုန်ချော တင်ပို့ရာတွင်လည်း ဖွံ့ဖြိုးပြီး
နိုင်ငံများက အိမ်နီးချင်းနိုင်ငံများကို အထူး သက်သာသော အခွန်နှုန်းထားများ ပေးထားသဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက် ပို့ကုန် အထူးအခွင့်အရေးများ ရရှိစေမည် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းအနေနှင့်လည်း အာဆီယံ ပေါင်းစည်းရေးကို ရှေးရှုသည့်အနေဖြင့် အာဆီယံ နိုင်ငံများအပြင် အခြား တတိယနိုင်ငံများသို့လည်း တင်ပို့သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ သည်လည်း ပိုမိုပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုများ လုပ်ဆောင်လာမည် ဖြစ်သည်။
ထိုင်းနိုင်ငံအနေနှင့် နယ်စပ် ဂိတ်များလည်း ပိုမိုဖွင့်လှစ်ကာ အမြဲတန်း နယ်စပ်ဂိတ် ငါးခုကို နိုင်ငံတကာ နယ်စပ်စခန်း များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အနည်းဆုံး ယာယီဂိတ် ၁ဝ ခုကိုလည်း အမြဲတမ်း နယ်စပ်ဂိတ်များအဖြစ် တိုးမြှင့်သွားမည် ဖြစ်သည်။
မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဓိကထားကာ အိမ်နီးချင်းနိုင်ငံများတွင် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ ဖွင့်လှစ်ရေး ထိုင်းအစိုးရက ကူညီထောက်ပံ့ပါရန်လည်း ထိုင်းအမျိုးသား သင်္ဘောလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဗာလော့ဗီတာနာကွန် က ပြောကြားလိုက်သည်။
ပက်ချာနတ်ပရာထရန်ကရိုင်း၊ နေရှင်း၊ အာရှသတင်းကွန်ရက်

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ(RFA) ရုံးချုပ်လာရောက်လည်ပတ်

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ(RFA) ရုံးချုပ်လာရောက်လည်ပတ်

RFA ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ၀ါရှင်တန် ဒီစီ မြို့တော်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
RFA News, 18September 2012  —   အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး အားပေး ထောက်ခံခဲ့သူတွေကို ကျေးဇူးတင်ဖို့၊ ရှေ့ရေး ဆက်လက်ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဝါရှင်တန် ဒီစီ မြို့တော် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA ရုံးချုပ်ကို လာရောက် လည်ပတ်စဉ်အတွင်း မြန်မာဌာနနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
“ကျွန်မ ဒီလာတယ်ဆိုတာ အဓိကကတော့ အကြောင်းနှစ်ကြောင်းပေါ့နော်။ တစ်ကြောင်းကတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးခဲ့တဲ့ ကူညီခဲ့တဲ့ အမေရိကန်မှာရှိတဲ့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တခြားပုဂ္ဂိုလ်ကြီးတွေကို ကျေးဇူးတင်တယ်ဆိုတာပြောဖို့။ ဒုတိယကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားမှုကို ဆက်လက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲဆိုတာကို တိုင်ပင်ပြီးတော့ လုပ်သွားဖို့ ဖြစ်ပါတယ်”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ – ဒီကိစ္စဖြေရှင်းဖို့ဆိုရင် အမုန်းတရားရဲ့ အရင်းခံဇစ်မြစ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်ပြီး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေအပေါ် လေးစားလိုက်နာမှု၊ ညှိုနှိုင်းဆောင်ရွက်မှု တွေနဲ့ ဖြေရှင်းသွားရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပဋိပက္ခဖြေရှင်းရေး ပြောဆိုကြတဲ့အခါ ဘယ်သူတွေက ဘယ်လိုအကြံဥာဏ်တွေပဲ ပေးပေး၊ ရှောင်လွှဲလို့မရတဲ့ ကိစ္စကတော့ တစ်ဖက်သားနဲ့ စကားပြောရပါမယ်၊ ညှိနှိုင်းရပါမယ်၊ ပြဿနာတွေကို ဓားနဲ့ဖြေရှင်းမယ့်အစား စကားနဲ့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံမထွက်ဘဲ တိတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့အနေနဲ့ အစိုးရတစ်ရပ် မဟုတ်တဲ့အတွက် ဘာလုပ်မယ်၊ ဘာတွေဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ် ပြောဆိုနိုင်တဲ့ အနေအထားမှာ မရှိဘူးဆိုတာ နားလည်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။