Monday, October 1, 2012

မီဒီယာများ လက်ဆောင်ယူသင့် မယူသင့် မန္တလေးတွင် ဆွေးနွေး


မီဒီယာများ လက်ဆောင်ယူသင့် မယူသင့် မန္တလေးတွင် ဆွေးနွေး 


Myitmakha Media Group, 1 October 2012  —-  မန္တလေးမီဒီယာသမားများအကြား၌် မီဒီယာသမားများအနေဖြင့် လက်ဆောင်ယူသင့်မယူသင့်ဟူ သည့်ကိစ္စအား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၅)လမ်းပေါ်ရှိ Simplecity စားသောက်ဆိုင်တွင် ပြုလုပ်သော မီဒီယာစကားဝိုင်းတွင် သဘောထားအမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်းကို ရန်ကုန်မြို့မှ သတင်းစာဆရာရဲနိုင်မိုး ၊ ဒီဇိုင်းပညာရှင် စိုးဝင်းငြိမ်း အပါအ၀င် အရှေ့တောင်အာရှမှ မီဒီယာသမားအချို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တို့ မုံရွာမှာတော့ ဂျာနယ် တိုက်တွေတင်မဟုတ်ပဲ မီဒီယာသမားတွေကပါ လက်ဆောင် လုံးဝမယူပါဘူး ” ဟု ဆွေးနွေးပွဲတွင်တက်ရောက်လာသော မုံရွာမြို့မှမီဒီယာသမားတစ်ဦးက ၎င်းတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပေါ်ပြူလာဂျာနယ်မှစိုင်းလှမင်းက ရန်ကုန်မြို့တွင် ၎င်းကြုံခဲ့ရသည့် လာဘ်ထိုးမှုအချို့ ကြုံခဲ့ရသည့်အဖြစ် အပျက်များနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။
“ကုမ္ပဏီတစ်ခုက စာနယ်ဇင်းတွေ့ဆုံပွဲပြီးတော့ ငွေငါးသောင်းလာပေးတယ် ၊ ဒါကျွန်တော့်ကို စော်ကားတာ ၊ ကျွန်တော် မယူခဲ့ပါဘူး၊ အဲဒီသတင်းလဲ မရေးခဲ့ဘူး ” ဟု ၄င်းက ပြောပြသည်။
The Farmer ဂျာနယ်မှ မန္တလေးသတင်းထောက်ဖြစ်သည့် ကျော်သူရမျိုးကလည်း ၄င်း၏အတွေ့အကြုံကို ပြောပြသည်။
” ကျွန်တော်ကတော့ ကုန်ပစ္စည်း မိတ်ဆက်ပွဲတို့ ၊ အလှကုန်ပွဲတို့ဆို မသွားတော့ဘူး ၊ ဘာလို့လဲဆိုတော့ သူများတွေက လက်ဆောင်ထုတ်တွေ ယူနေတဲ့အချိန်မှာ ကျွန်တော်တို့က မယူပဲထိုင်နေရင် ဆရာကြီး လုပ်တဲ့ပုံ ဖြစ်နေမှာစိုးလို့ ” ဟု ကိုကျော်သူရမျိုးက ပြောသည်။
လက်ဆောင်ယူခြင်းမယူခြင်းနှင့် သတင်းဂျာနယ်တိုက်များက တားမြစ်ထားခြင်းမှာ ထို လက် ဆောင်များ၏ သက်ရောက်မှုမှာ သတင်းအပေါ် လွှမ်းမိုးလာမည်ဖြစ်သောကြောင့် တားမြစ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏ထင်မြင်ယူဆချက်ကို 7 Day ဂျာနယ်မှ မန္တလေးသတင်းထောက်မောင်တာက တင်ပြခဲ့သည်။
မီဒီယာသမားများအနေဖြင့် လိုက်နာကျင့်သုံးရမည်ဖြစ်သော မီဒီယာကျင့်ဝတ်များတွင် သတင်း တစ်ပုဒ်အတွက် တစ်စုံတစ်ရာ အခကြေးငွေနှင့် လက်ဆောင်မယူရဟူ၍ နိုင်ငံတကာ စံနှုန်းများဖြင့် သင်ကြား လုပ်ကိုင်နေကြသော်လည်း မန္တလေးမြို့ရှိ မီဒီယာအချို့မှာ ထိုအချက်အား လိုက်နာမှုအပေါ်တွင် အားနည်းသေးသည်ကိုလည်း တွေ့ရှိရသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသတင်းစာရှင်းလင်းပွဲမှ လက်ဆောင်ပစ္စည်းကိစ္စနှင့်ပတ်သက်၍ Popular News ဂျာနယ် အယ်ဒီတာအဖွဲ့၏ သတင်းထုတ်ပြန်ချက်”


“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသတင်းစာရှင်းလင်းပွဲမှ လက်ဆောင်ပစ္စည်းကိစ္စနှင့်ပတ်သက်၍ Popular News ဂျာနယ် အယ်ဒီတာအဖွဲ့၏ သတင်းထုတ်ပြန်ချက်” 

(Freedom News Group's photo)အမေရိကန် ဒေါ်လာ ၃၂၀ တန် 16.2 Megapixels Sony Dsc Tx20 မော်ဒယ်(လ) Waterproof ကင်မရာ
Popular News Journal, 1 October 2012  —-
 ”လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသတင်းစာရှင်းလင်းပွဲမှ လက်ဆောင်ပစ္စည်းကိစ္စနှင့်ပတ်သက်၍
Popular News ဂျာနယ် အယ်ဒီတာအဖွဲ့၏ သတင်းထုတ်ပြန်ချက်”

(၁) စက်တင်ဘာ ၂၆ ရက်နေ့တွင် မုံရွာ လက်ပံတောင်းတောင်စီမံကိန်း ရုံးခန်း၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲသို့ Popular News မှ ဒု-အယ်ဒီတာချုပ် ဦးမျိုးညွန့် တက်ရောက်ခဲ့ပါသည်။
(၂) ပွဲစီစဉ်သူက စက်တင်ဘာ ၂၅ ရက်နေ့တွင် ခရီးစဉ်ပရိုဂရမ်အကြောင်း ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ်ကမူ ကင်မရာတစ်လုံး လက်ဆောင်ပေးမည်ဟု ဆိုပါသည်။ (၃) ယင်းသို့ ပြောကြားပြီးပြီးချင်း ထိုလက်ဆောင်ပစ္စည်းကို လုံးဝယူမည်မဟုတ် ကြောင်း ငြင်းဆိုခဲ့သည်။
(၄) စီးပွားရေးဦးပိုင်သို့ မေးချင်တာမေးခွင့်ရှိရန်သာ လိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာ ပွဲစီစဉ်သူက လွတ်လပ်စွာ မေးနိုင်သည်ဟုဆို၍ လိုက်ပါခဲ့ပါသည်။
(၅) ခရီးစဉ်တစ်လျှောက်တွင်လည်း Popular News ၏ ဒု-အယ်ဒီတာချုပ်အား မည်သည့်လက်ဆောင်ပစ္စည်းမျှ လာပေးခြင်း လုံးဝမရှိသလို သတင်းထောက်များအားလုံးရှိသည့်အချိန်တွင်လည်း လက်ဆောင်ပစ္စည်းပေးသည်ကို မတွေ့ရှိပါ။ ပေးသည်မပေးသည်ကိုလည်းမသိပါ။
(၆) စက်တင်ဘာ ၂၆ ရက်နေ့ ည မုံရွာ၌ ညစာစားသည့်အချိန်တွင် Popular News ဒု-အယ်ဒီတာချုပ်မှ ပွင့်လင်းလူ့အဖွဲ့ အစည်း(မုံရွာ)နှင့် သွားရောက်တွေ့ဆုံနေသဖြင့် ထိုအချိန်၌ အခြားသတင်းထောက်များအား ပေး မပေး မသိရှိခဲ့ပါ။
(၇) စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် ဂရင်းမီးရထားဟိုတယ်တွင်ပြုလုပ်သည့် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့လည်း Popular News မှ ဒု-အယ်ဒီတာချုပ် ဦးမျိုးညွန့် နှင့် အကြီးတန်း သတင်းထောက် ဒေါ်မေဇင်ဝင်း တို့တက်ရောက်ခဲ့ကြပါသည်။ ရှင်းလင်းပွဲမကျင်းပမီနှင့်ကျင်းပနေစဉ်တွင်လည်း မည်သည့် လက်ဆောင်ပစ္စည်းမှ ပေးခြင်းမရှိပါ။
(၈) ထိုရှင်းလင်းပွဲအပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံရာနေရာသို့ သွားရောက်ခဲ့ခြင်းမရှိသဖြင့် လက်ဆောင်ပစ္စည်းပေးသည် မပေးသည်ကိုမသိရှိခဲ့ကြပါ။
(အယ်ဒီတာအဖွဲ့)
Popular News Journal
အောက်တိုဘာ(၁)၊ ၂၀၁၂

နေ ၏ လျှပ်စစ်အပူလိုင်း များ ကမ္ဘာပေါ်သို့ ကျရောက်လာ နိုင်ကြောင်း သတင်း နာဆာတွင် ဖော်ပြခြင်းမရှိဟု ဆို


နေ ၏ လျှပ်စစ်အပူလိုင်း များ ကမ္ဘာပေါ်သို့ ကျရောက်လာ နိုင်ကြောင်း သတင်း နာဆာတွင် ဖော်ပြခြင်းမရှိဟု ဆို 


7Day News Journal, 1 October 2012  —–  နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။
“ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူး
လို့တောပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ”လို့ ဦးထွန်းလွင်ကပြောသည်။ လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည် မဖြစ်ပေါ်နေသည်ကို အတည်မပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း ၃၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေးသောကြောင့် ကမ္ဘာပေါ်သို့ ကျရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန်လွင့်နိုင်သော်လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။
“အလျပ်စစ်အပူလှိုင်းဖြတ်နေတာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး” ဦးချစ်ကျော်ကပြောသည်

သံလိုက်ဓာတ်ဖြတ်သန်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက် မည့် သတင်း မမှန်ကန် ဟုဆို


သံလိုက်ဓာတ်ဖြတ်သန်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက် မည့် သတင်း မမှန်ကန် ဟုဆို 

Yangon Media Group, 1 October 2012  —-  မိုဘိုင်းဖုန်း ဆင်းမ်ကတ် များနှင့်ဖုန်းလိုင်းများပြတ်တောက် နိုင်မည့် သံလိုက်ဓာတ်တစ်ခုအောက်တို ဘာ၁ရက် နေ့ဖြတ်သန်းမည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်းမြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူ တစ်ဦးက အတည် ပြုပြောသည်။
ယင်းသံလိုက်ဓာတ်သည် နံနက်၎နာရီမှညနေ၅နာရီ အထိဖြတ်သန်းမည်ဟု သတင်း များထွက်ပေါ် ခဲ့ပြီး နေ့လည် ၁နာရီ ခွဲခန့်မှစတင်ကာမြို့နယ်များ တွင်သတင်း များပိုမိုပျံ့နှံ့လာခဲ့ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍မြန်မာ့ ဆက်သွယ်ရေးမှတာဝန်ရှိသူတစ်ဦး က”သတင်းတွေကတော့ကြားနေရတာ အစုံဘဲ၊ အင်တာနက်လိုင်းတွေ ပါပြတ် တောက်မယ်ဆိုတာရော၊ဘယ်က နေဘယ်လိုသတင်း တွေထွက် နေမှန်း လည်းမသိဘူး၊ဒီသတင်းတွေလုံးဝမဟုတ် ပါဘူးလို့ပြောချင်ပါတယ်”ဟုပြော သည်။
ယင်းသံလိုက်ဓာတ်ဖြတ်သန်း မည်ဆိုပါကအင်တာနက်လိုင်းများ ပါ ပြတ်တောက်မည် ဆိုခြင်း ကြောင့်ရတနာ ပုံ Call Center သို့ဆက်သွယ်စုံစမ်း မေးမြန်းသူများပြားခဲ့ပြီးယင်းစင်တာ မှတာဝန်ရှိသူတစ်ဦး က”ဒီနေ့တစ်နေ ကုန်ဖုန်းလှမ်းဆက်တဲ့ Customer တွေကို ဒီသတင်းဘဲ ဖြေရှင်းနေရတာ၊ နေ့လည်၁နာရီလောက်ကတည်း ကဖုန်းတွေတောက်လျှောက်ဝင် နေတာပါ၊ကတ်တွေ ပြတ်မယ်၊ လိုင်းတွေပြတ်မယ် ဆိုတာမဟုတ်ပါ ဘူး၊ကောလဟာလပါ”ဟုပြောသည်။
စမ်းချောင်း မြို့နယ်နေ မိုဘိုင်း ဖုန်းအသုံးပြုသူမသူဇာက”ကျွန်မတို့ သူငယ်ချင်းအချင်းချင်း လှမ်းပြီး သတင်း ပေးကြတာ၊ဒီသတင်းကြားတာနဲ့ ဖုန်းတွေတောင်ပိတ်ထားလိုက်တယ်၊ ဖုန်းတော့ အပြတ် မခံနိုင် ဘူး လေ၊”ဟု ပြောသည်။
ယင်းသံလိုက်ဓာတ်ဖြတ်သန်း မည်ဆိုသည့် သတင်းသည်ရက် အနည်းငယ်ခန့်က အင်တာနက်ပေါ် တွင် ထွက်ပေါ်လာသည့် သတင်းတစ် ရပ်ပင်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ထပ်မံပြောသည်။
ဖူးပွင့်သော်

သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ်


သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ် 

မုတ္တမကွေ့ရှိ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း (ဓာတ်ပုံ – vimutti.co.cc)
ဧရာဝတီသတင်းဌာန. ၁ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
အဆိုပါစီမံကိန်း နှစ်ခုမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တွင် အမြတ်ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလီယံကျော်၊ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၄ ဘီလီယံကျော်၊ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂.၈ ဘီလီယံကျော်၊ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၆ ဘီလီယံကျော်၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၉ ဘီလီယံကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃.၆ ဘီလီယံကျော် နှစ်စဉ် အမြတ်ဝင်ငွေရရှိထားကြောင်း သိရှိရသည်
ရတနာစီမံကိန်းကို ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၀၃-၀၄ ဘဏ္ဍာရေးနှစ်တွင် စတင်အရင်းကြေခဲ့ပြီး အလားတူ ရဲတံခွန်စီမံကိန်းမှာလည်း ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၀၆- ၀၇ ဘဏ္ဍာရေးနှစ်တွင် စတင်အရင်းကြေခဲ့သည်ဟု ဆိုသည်။
ယင်းစီမံကိန်းနှစ်ခုမှ နှစ်စဉ်အမြတ်ဝင်ငွေ ရရှိနေသည့်အပြင် လုပ်ငန်းသဘောအရ ချုပ်ဆိုထားသည့် စာချုပ်အရ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ပြည်တွင်းသုံးစွဲရေးအတွက် ရပိုင်ခွင့်ရှိသည့်အထဲမှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ခန့် ရရှိသည့်အနက် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ နေ့စဉ်ဦးစားပေး ပို့လွှတ်ပေးနေပြီး ရဲတံခွန်စီမံကိန်းမှလည်း အလားတူ သဘာဝဓာတ်ငွေ့နှင့်အတူ ထွက်ရှိသည့် လေဆီ (အပေါ့စားရေနံ) ကို ပြည်တွင်းတွင် ချက်လုပ်ပြီး ထုတ်လုပ်သုံးစွဲမှုရှိကြောင်း သိရသည်။
“မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းက ပြည်တွင်းမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေအပေါ် ရှယ်ယာပိုင်ဆိုင်မှုက အပေါ်ယံကြည့်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိတာကြောင့် အကျိုးခံစားခွင့်က နည်းလိမ့်မယ်လို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ ဒီစီမံကိန်းတွေကနေ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လမ်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာသင်ကြားရေး ရန်ပုံငွေအတွက် ၀င်ငွေခွန်နဲ့အတူ ခိုင်ကြေး (Royalty) လို့ ခေါ်တဲ့ ရပိုင်ခွင့်တွေကို အကျိုးခံစားခွင့် အပြည့်အ၀ရှိပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတဦးက ပြောသည်
“လုပ်ငန်းသဘောအရ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုပြီးတဲ့အချိန်မှာ သတ်မှတ်အချိန်ကာလနဲ့အညီ ကန်ထရိုက်တာ ကုမ္ပဏီက ရင်းနှီးမြုပ်နှံပြီး ရှာဖွေ၊ တူးဖော် ထုတ်လုပ်နိုင်ဖို့ ကြိုးစားရတယ်။ ဒီအချိန်မှာ MOGE က အစုရှယ်ယာ မပါဝင်သေးဘူး။ တကယ်လို့ စီးပွားဖြစ် ရှာဖွေတွေ့ရှိကြောင်း ကြေညာချိန်မှာတော့ စာချုပ်မှာပါတဲ့ နိုင်ငံတော်က ပါဝင်ခွင့်ရှိတဲ့ အစုရှယ်ယာကို MOGE က ပါဝင်မှာဖြစ်တယ်။ အကြောင်းကြောင်းကြောင့် ကန်ထရိုက်တာ ကုမ္ပဏီက သတ်မှတ်ချိန် ကာလအတွင်းမှာ စီးပွားဖြစ် ရှာဖွေ မတူးဖော်နိုင်ဘူးဆိုရင် အဆုံးရှုံးခံပြီး လုပ်ကွက်ကနေ ထွက်သွားပေးရမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် တခြားစီမံကိန်းနှစ်ခုဖြစ်သော ရွှေနှင့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းများမှလည်း လာမည့် ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည့်အတွက် အမြတ်ဝင်ငွေများနှင့်အတူ ပြည်တွင်းသုံး စွဲရန်အတွက် သဘာဝဓာတ်ငွေ့ကိုလည်း အချိုးကျ ခံစားခွင့်ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများအပေါ် နိုင်ငံခြားကုမ္ပဏီများက ရှယ်ယာပိုင်ဆိုင်မှု အခြေအနေမှာ ရတနာ စီမံကိန်းတွင် TOTAL ကုမဏီ ၃၁.၂၄ ရာခိုင်နှုန်း၊ UNOCAL ကုမ္ပဏီ ၂၈.၂၆ ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီ ၂၅.၅ ရာခိုင်နှုန်း၊ရဲတံခွန်စီမံကိန်းတွင် PETRONAS ကုမ္ပဏီ ၄၀.၇၅ ရာခိုင်နှုန်း၊ NIPPON ကုမ္ပဏီက ၁၉.၄ ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီက ၁၉.၄ ရာခိုင်နှုန်း၊ ရွှေစီမံကိန်းတွင် DAEWOO ကုမ္ပဏီ ၈၅ ရာခိုင်နှုန်း၊ OVL ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီက ၈.၅ ရာခိုင်နှုန်း၊ GOGAS ကုမ္ပဏီ ၈.၅ ရာခိုင်နှုန်းနှင့် ဇောတိကစီမံကိန်းတွင် PTTEP ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်မှုရှိသည်။
ယခုနှစ် ဇွန်လအစောပိုင်း ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)သို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံရာ၌ သတိထားရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ထိုအခြေအနေမှ မတိုးတက်လာသရွေ့ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် MOGE နှင့် ပူးတွဲ အလုပ်လုပ်ခြင်း မပြုကြရန် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ဖူးသည်။
“စွမ်းအင်ကဏ္ဍမှာ ဖက်စပ်အနေနဲ့ နိုင်ငံခြားက ပူးပေါင်းလုပ်ဆောင်နေတဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက် ရှိ မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုရော တာဝန်ယူမှု ပါ လောလောဆယ် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ကျင်းထုံးနည်းနာကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများကို လိုက်နာရန်လိုသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မှိုတက်ဆေးဝါး အရေးမယူဘူးလား


မှိုတက်ဆေးဝါး အရေးမယူဘူးလား

မြန်မာပြည်ရှိ ဆေးရုံ၊ ဆေးခန်းများ ဆေးဝါးများ အရည်အသွေး ထိန်းသိမ်းရေး သတိရှိကြရန် လိုသည် (ဓာတ်ပုံ- Reuters)
ဧရာဝတီသတင်းဌာန. ၁ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်၊ ဆေးခန်းများတွင် ရက်မလွန်သေးသည့်ဆေးများ မှိုတက်ခြင်း၊ ပျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်က လက်ရှိ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။ အဆိုပါဆေးများသည် တရားဝင် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုခံယူခဲ့ပြီး သော ဆေးဝါးများဖြစ်သည်။
“ကျနော့်ဆေးခန်းကို ပြနေကြ လူနာတွေမလာကြတော့ ဘာဖြစ်လို့လဲစုံစမ်းတယ်။ ရင်းနှီးတဲ့သူတစ်ဦးက ဆရာ့ဆေးခန်းက ပေးလိုက်တဲ့ ဆေးတွေမှာ မှိုတွေတက်နေတဲ့ဆေးတွေ ပါလာလို့ နောက်ဆေးခန်း တခုကို ပြောင်းပြလိုက်တာလို့ဆိုတော့မှ ဆေးတွေကို ပြန်စစ်ဖြစ်တာ။ အဲဒီမှာတွေ့တာပဲ” ဟု သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ ရွှေစင်္ကြာဆေးခန်းမှ ဒေါက်တာနန္ဒထွန်းက အဆိုပါ ပေးလိုက်သော ဆေးအမျိုးအစားများကို ဆေးခန်းတွင်ရှာပြီး စစ်ဆေးကြည့်သည့်အခါတွင် ဆေးကဒ်တကဒ်လျှင် ဆေးတတောင့်က မှိုတက်နေခြင်းကို တွေ့ရှိခဲ့ရသည်ဟု ပြောပြသည်။
ထို့အပြင် မိမိသောက်နေကြ နှလုံးဆေးများသည် သက်တမ်းကုန်ဆုံးခြင်းမရှိသော်လည်း ဆေးလုံးများ အရည်ပျော်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရက်ကွက်မှ ဒေါ်တင်ကလည်း ပြောသည်။
“ကျမ နှလုံးအောင့်တတ်တဲ့အတွက် အဲဒီဆေးကို အမြဲဆောင်ထားခဲ့တယ်။ တနေ့က ညသန်းခေါင်ဆေး သောက်ဖို့လုပ်တော့ ဆေးကပျော်နေပြီ။ ဒါပေမယ့် အဲဒီအချိန် ဆေးဆိုင်တွေက ပိတ်နေပြီဆိုတော့ ၀ယ်လို့မရ တာနဲ့ အဲဒီဆေးအပျော်ကိုပဲ သောက်လိုက်ရတယ်” ဟု ပြောသည်။
ဈေးကွက်အတွင်း ဆေးများမှိုတက်ခြင်း၊ ပျက်ဆီးခြင်းများသည် ဖြစ်တတ်သောသဘောရှိသော်လည်း ကုမ္ပဏီအများစုက ပြန်အကြောင်းကြားလျှင် ဆေးအသစ်များ လဲလှယ်ပေးတတ်ကြောင်း၊ ထားသိုမှု နည်းစနစ် မမှန်ကန်လျှင်လည်း ဖြစ်တတ်ကြောင်း သိရသည်။ ဆေးဘူးများတွင်ထားသိုမှုနည်းစနစ်နှင့်ပက်သက်ပြီး လမ်းညွှန်ချက်များပါသော်လည်း ဆေးဆိုင်များတွင် လိုက် နာမှုအားနည်းခြင်းများ၊ သယ်ယူပို့ဆောင်မှုများတွင်လည်း ဖြစ်တတ်သည်။
သို့ရာတွင် ဆေးဘူးများတွင် ထားသိုမှု ညွှန်ကြားလွှာများ ရေးသားလိုက်ရုံဖြင့် လုံလောက်ပြီလား၊ ဆေးဝါးများ ကိုယ်တိုင်က အ၇ည်အသွေး ညံ့ဖျင်း လာပြီလားဆိုသည်ကို စစ်ဆေးရန် မလိုအပ်ဘူးလားဟု အချို့ကလည်း မေးခွန်းထုတ်ကြသည်။
ဆရာဝန်ရှုထောင့်မှနေပြီး ဆေးများ ရက်မလွန်ခင် မှိုတက်ခြင်း၊ ပျက်ဆီးနေခြင်းက မှတ်ပုံတင်ဖြန့်ချိနေသော ဆေးများတွင် ဖြစ်ပျက်နေခြင်းက လက်ခံနိုင်စရာလုံးဝမရှိကြောင်း၊ သက်ဆိုင်ရာများအနေဖြင့် ထိုကိစ္စကို စိစစ်အရေးယူရန်လိုအပ်လာပြီဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး လုံခြုံ စိတ်ချမှုကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် ၂ မှ အမည်မဖော်လိုသော သင်တန်းနည်းပြ ဆရာဝန် တစ်ဦးက ပြောသည်။
“ဆေးတွေ ရက်မလွန်ခင် မှိုတက်ကတော့ ဘယ်လိုမှကို မဖြစ်သင့်ဘူး။ အဓိက ဖြစ်နေတာက ဆေးလောကမှာ ဈေးကွက်စစ်တမ်းမျိုးတွေ လုပ်တာမရှိတာပဲ။ ဈေးကွက်မှာ စစ်နေတာက ဆေးဝါး အတုကိစ္စလောက်ပဲ အလေးထားတယ်။
လိုင်းဆေးတွေလောက်ပဲ သေသေချာချာလုပ်တယ်။ ကုမ္ပဏီက ဆေးတွေဆို ယုံကြည်မှုရှိကြတယ်။ တကယ်ဆိုရင် ဆေးတွေက ထုတ်လုပ်တဲ့နေ့ ဘယ်လောက်ဆိုရင် ပျက်စီးတတ်လဲ။ ဘယ်လိုမျိုး ထားသိုတာတွေက ပျက်စီးတတ်လဲ ဆိုတာကို သေသေချာချာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့မျိုး၊ လုပ်တဲ့သူမျိုး မရှိသေးဘူး။ တကယ်လို့ထားသိုမှုမှာ ပြောစရာရှိရင် ညွှန်ကြားချက် အသစ်တွေထပ်ထုတ်ရမယ်၊ ဆေးကိုက ရက်မလွန်ခင် ပျက်ဆီးတတ်တယ်ဆိုရင် ရက်လွန်နေ့စွဲကို ပြင်ဖို့လိုလာတယ်။ ဒါတွေကို တိတိကျကျ စစ်တမ်းကောက်ယူတာမျိုး၊ စောင့်ကြည့်လေ့လာတာမျိုး ကျနော့်လုပ်သက်အရ မတွေ့သေးဘူး။ အဲဒီလို သုသေသနပြုစုတဲ့ စာတမ်းမျိုး လုံးဝကိုမတွေ့ဖူးဘူး” ဟု အဆိုပါ ဆရာဝန်က ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ကျွမ်းကျင်ဆရာဝန်  ဒေါက်တာသိဂီ င်္ဇင် က ထိုသို့ ဖြစ်ပျက်လာလျှင် မိမိတို့သက်ဆိုင်ရာအဖွဲ့များထံ အကြောင်းကြားရန် လိုအပ်ကြောင်း၊ အကြောင်းမကြားသည့် အခါတွင် မိမိတို့စစ်ဆေးရေးအဖွဲ့အနေဖြင့် ညွှန်ကြားမှုများ လုပ်ရန်မလွယ်ကူကြောင်း၊ အကြောင်းကြားရာတွင်လည်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးအဖွဲ့ထံသို့ အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။
ဆေးများ သက်တမ်း ကုန်ဆုံးရက် မတိုင်ခင် ပျက်ဆီးခြင်း၊ မှိုတက်ခြင်းများ တွေ့ကြုံရလျှင် ဆေးခန်းများအနေဖြင့်လည်း သက်ဆိုင်ရာသို့တိုင်ကြားအသိပေးခြင်းများကို ပြု လုပ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်ကလည်း ပြောသည်။
ဆေးဝါးနှင့်ပက်သက်ပြီး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ရှိသောကြောင့် ၄င်းတို့ထံအကြောင်းကြားပြီး ဆေးဆိုင်၊ ဆေးခန်းများ၏ ထားသိုမှုနည်းစနစ်များကြောင့်လား၊ ဆေးကုမ္ပဏီမှ ဆေးများကြောင့်လားဆိုသည် ကို ညှိနှိုင်းအဖြေရှာသင့်ကြောင်း ၄င်းကဆက်ပြောသည်။
ထို့အပြင် ” ဆေးခန်းဖက်က သိဖို့ကောင်းတာက ဆေးကို သူလက်ခံတဲ့အချိန်မှာ ဆေးရဲ့အခြေအနေ ကို သူစိစစ်ဖို့တော့ လိုမယ်။ အဲဒီအချိန်ထဲမှာပဲ ကုမ္ပဏီဘက်က ဆေးမကောင်းဘူးဆိုရင် ဒါကို သူပြောပြဖို့လိုမယ်။ ကုမ္ပဏီဘက်က ဆေးဝါးတွေ သိုလှောင်တယ်ဆိုတာ ဘယ်လိုသိုလှောင်ရမလဲဆိုတဲ့ သီးခြား သတ်မှတ်ချက်တွေရှိတယ်။  အဲဒီသတ်မှတ်ချက်တွေအတိုင်း မသိုလှောင်နိုင်ဘူး ဆိုလို့ရှိရင်လည်း ဆေးဝါးတွေမှာ ပျက်ဆီးမှုတွေ ဖြစ်တယ်” ဟု ဒေါက်တာ မင်းသန်းညွှန့်က သုံးသပ်ပြသည်။
သို့ရာတွင် ဆေးဆိုင်များအနေဖြင့် မှိုတက်ဆေးဝါးများ တွေ့လာလျှင် တိုင်ကြားခြင်း မလုပ်လိုကြပေ။
ဆေးဆိုင်များတွင် လာရောက်စစ်ဆေးသည်ကို မလိုလားသောကြောင့် မိမိတို့ဆိုင်များတွင် တွေ့ရှိသည့်အခါ သက်ဆိုင်ရာေ ဆးဝါးဖြန့်ချိပေးသည့်ကုမ္ပဏီမှ လာရောက် လဲလှယ်မပေးလျှင် လွှင့်ပစ်လိုက်ကြကြောင်း ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးရှိ ဆေးဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်လေး ကပြောသည်။
“ကိုယ့်ဆိုင်တွေမှာ နယ်စပ်က၀င်တဲ့ လိုင်းဆေးတွေရော၊ ကုမ္ပဏီပစ္စည်းတွေရော ရောရောင်းတော့ လာစစ်ဆေးတာမျိုးကို မလိုချင်ဘူး။ နောက်ပြီး ပတ်ဝန်းကျင်က ကိုယ့်ဆိုင်ကို သက်ဆိုင်ရာအဖွဲ့တွေ လာစစ်ဆေးခဲ့တယ်ဆိုတဲ့ အမြင်ကိုလည်း မခံချင်ကြဘူး။
ဒါ့ကြောင့် ဆေးဆိုင် တော်တော်များများကတော့ အဲဒီလို ဆေးတွေ မှိုတက်တာ တွေ့ရင် ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းမကြားကြဘူး ထင်တယ်။ ကျမတို့ဆေးဆိုင်မှာလည်း အဲဒီလိုဖြစ် ပျက်တာတွေ ဒီနှစ်ပိုင်းမှာ ပိုဖြစ်လာပါတယ်။ တခါမှတော့ အကြောင်းမကြားဘူး။ ကုမ္ပဏီကို ဖုန်းဆက်လိုက်ပြီး လာလဲပေးဖို့ပဲ ပြောတယ်။ လဲမပေးတဲ့ ကုမ္ပဏီတွေလဲရှိတယ်။ ဒါမျိုးဆို မှိုတက်နေတဲ့ဆေးကို ပစ်လိုက်တာပဲ” ဟု ဒေါ်ခင်ခင်လေးကပြောသည်။

ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို




ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို 


နယူးဒေလီ (မဇ္ဈိမ) . ၁ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-   မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။
အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံ
ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်နေသော လူအုပ်များက ဒေသတွင်းရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များနှင့် စေတီ ၁ဝ ခုကျော်ကို စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်က ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသတွင် စတင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေသည်ဟု ညွှန်းဆိုသည့် အစီရင်ခံစာ တခုကို လက်ခံရရှိထား
ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟီအူဒင် ခန်း အလမ်ဂီးရ် Mohiuddin Khan Alamgir က တနင်္လာနေ့တွင် ပြောဆို လိုက်သည်။

“အစိုးရအနေနဲ့ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေကြောင်း သတိထားမိတယ်” ဟု ရာမူး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းထောက်များ၏ အမေးကို ဝန်ကြီးက ဖြေကြားသွားသည်။
ဝန်ကြီး စွပ်စွဲလိုက်သည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ ရခိုင်ဒေသခံတို့က ဘင်္ဂါလီ မွတ်ဆလင်များဟု ခေါ်ဆိုပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံကမူ ၎င်းတို့နိုင်ငံသားများ မဟုတ်ဟု ငြင်းဆိုခံထားရသောသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ရိုဟင်ဂျာ ဒုက္ခသည် သုံးသိန်းခန့် ရှိနေသည်။
ဖေ့စ်ဘွတ်ပေါ်တွင် ကိုရမ်ကျမ်းအား မီးရှို့ထားသည့်ပုံကို တင်သည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင် ဥတ္တမ ကုမာရ ဘရုဝ Uttam Kumar Barua ဆိုသူ လူငယ်တဦးအား ဆူပူအုံကြွသူများက စွပ်စွဲကြသော်လည်း ဘရုဝ ကမူ ထိုပုံအား ၎င်း၏ ဖေ့စ်ဘွတ်သို့ တစုံတယောက်က လာရောက်၍ တက်ဂ် လုပ်သွားခြင်း ဖြစ်သည်ဟုဆိုသည်။ လက်ရှိတွင် ဘရုဝတို့ သားအမိနှစ်ဦး၏ လုံခြုံရေးအား ရဲဌာနက စောင့်ကြပ်ပေးလျက်ရှိပြီး ၎င်း၏ ဖေ့စ်ဘွတ်ကိုလည်း ပိတ်လိုက်ပြီး ဖြစ်သည်။
သို့သော် ထိုပုံများမှာ ဖေ့စ်ဘွတ် စာမျက်နှာများ ပေါ်တွင်သာမက မိုဘိုင်းဖုန်းများသို့လည်း ပျံ့နှံ့ခဲ့သည်။

ဖေ့ဘွတ် ဓာတ်ပုံအကြောင်း သတင်းများ ပျံ့နှံ့လာပြီးနောက် ရာမူးရွာကြီးတွင် စနေနေ့ည ၁ဝ နာရီခန့်က လူ ရာနှင့်ချီ၍ စုဝေးလာကြပြီး ဒေါသတကြီး ဆန္ဒပြကြသည်ဟု ဆိုသည်။ အခြေအနေကို ဒေသခံရဲများက ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြ လူအုပ်ကြီးမှာ ပိုမိုများပြာလာ၍ မထိန်းသိမ်းနိုင်ခဲ့ပေ။
“ကျနော် ရောက်တဲ့ အချိန်အထိ မီး မငြိမ်းသေးဘူး။ အိမ်ခြေ တရာကျော် ဖျက်ဆီးခံရတယ်။ ဘုန်းကြီးကျောင်းက ခုနှစ်ကျောင်း၊ သိမ် အကြီးဆုံးက သုံးလုံး။ မာရမာကြီး (ဘရုဝါ) လူမျိုးတွေက အပြင်ကို မထွက်ရဲဘူး။ တချို့ကတော့ လယ်ကွင်းတွေဘက် ထွက်ပြေးကြတယ်။ ရခိုင်တွေကတော့ အုတ်တိုက်အိမ်တွေမှာ အကုန်လုံး စုနေကြတယ်” ဟု အခင်းဖြစ်ပွားရာ ရာမူးဒေသသို့ တနင်္ဂနွေနံနက်က ရောက်ရှိသွားသူ ဦးနိုင်နိုင် က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံမှ မောင်တောမြို့နှင့် မော်တော်ကားခရီး ၄ နာရီအကွာရှိ ရာမူး ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိ အဆိုအရ အခြားဒေသများမှ ထောင်နှင့်ချီသော လူအုပ်များ ထရပ်ကားများဖြင့် ရောက်ရှိလာကြကာ ရာမူးဒေသအတွင်း စုရုံးမိကြသည်ဟု ဆိုသည်။
ထိုလူအုပ်ကြီးက ကြွေးကြော်သံများ တိုင်တည်ကာ သန်းခေါင်ယံ အချိန်တွင် ဒေသခံ အိမ်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို စတင် မီးရှို့ကြပြီး အဓိကရုဏ်း ရဲများနှင့် ခြေမြန်တပ်ရင်းများ ရောက်ရှိလာကြသည်။

အဆိုပါ အကြမ်းဖက်မှုအတွင်း နှစ်ပေါင်း ရာနှင့်ချီသည့် ရှေးဟောင်းပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်းလည်း “အဓိက ဆုံးရှုံးမှုက ပင်းဝါရွာကြီး (ရာမူး)ကျောင်း ရခိုင်ရှင်ဘုရင်လက်ထက်က ရှိခဲ့တဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးသွားတယ်။ အံ့သြဖို့ကောင်းတာက မီးတိုက်တော့ ကျောင်းကြီးက မီးမလောင်ဘူး၊ နောက်သူတို့တွေ ပြန်သွားပြီး တခြားဘုန်းကြီးကျောင်းတွေ မီး တိုက်တယ်။ ပင်းဝါရွာကြီးကျောင်းမှာရှိတဲ့ နှစ်ပေါင်း လေးငါးရာ မက ရှေးဟောင်းဘုရားတွေနဲ့ ပစ္စည်းတွေကို သူတို့ ယူသွားတယ်” ဟု ဦးနိုင်နိုင် က ဆိုသည်
အခင်းဖြစ်ပွားရာများသို့ မီးသတ်ကားများ အချိန်မီရောက်ရှိမလာနိုင်ခဲ့ဘဲ တနင်္ဂနွေ နံနက် ၂ နာရီခွဲမှသာ မီးငြှိမ်း သတ်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ရင်း တို့က ဆူပူမှုအခြေအနေ ကို နံနက် ၃ နာရီခွဲခန့်တွင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။
အကြမ်းဖက်လာသူများအား လုံခြုံရေးတပ်များက ဟန့်တားခဲ့သော်လည်း ထိန်းမရ၍ ပစ်ခတ်ခဲ့ရာ လူ ၆ ဦးသေဆုံး ပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိကာ လူ ၂ဝ ခန့် ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။
တနင်္ဂနွေ နံနက်မှစ၍ ရာမူးဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။
ရာမူးရွာကြီးတွင် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် ဦးရေမှာ မတိမ်းမယိမ်းရှိပြီး ထိုဒေသတွင်းတွင် သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ ဘရုဝါနှင့် ရခိုင်လူမျိုးများ ပါဝင်သည့် ဗုဒ္ဓဘာသာဝင် သုံးသိန်းခန့်ရှိပြီး အစ္စလာမ်ဘာသာဝင်မှာ သုံးဆ ပိုများသည်။
ထို့ပြင် ဥခီးယား Ukhia ဒေသတွင်လည်း တနင်္ဂနွေ နံနက် ၇ နာရီခွဲခန့်က အင်အား ၅ဝဝ ခန့်ရှိသော ဆူပူသူများက ဘုန်းကြီးကျောင်းတကျောင်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပြီး ပါတီယာ Patiya ဒေသတွင်လည်း လူအုပ်စုတစုက ဟိန္ဒူ ဘုရားကျောင်းတကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း နှစ်ကျောင်းကို ဝင်ရောက်ဖျက်ဆီးသွားကြသည် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Star သတင်းဌာနက ရေးသားထားသည်။
အဆိုပါ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပါတီယာ ရဲဌာနမှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၂၆ ဦးအနက် အများစုမှာ အနောက်ပိုင်း ရေတပ် သင်္ဘောကျင်းမှ အလုပ်သမားများ ဖြစ်ပြီး ဒေသခံလူအုပ်နှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ပါတီယာ ရဲဌာနမှ အရာရှိက ဆိုသည်။ သို့သော် ထိုသူများမှာ ၎င်းတို့၏ ဝန်ထမ်းများမဟုတ်ကြောင်း အနောက်တိုင်း
ရေတပ်မှ ငြင်းဆိုထားသည်။

ဒေသခံများ၊ နိုင်ငံရေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များကလည်း အဆိုပါ အကြမ်းဖက်မှုများကို စစ်သွေးကြွများနှင့် ရိုဟင်ဂျာများက သွေးထိုးလှုံ့ဆော်နေကြသည်ဟု သံသယရှိနေကြသည်။
ထို့ပြင် BNP ပါတီမှ ကော့ဘဇား ဥပဒေပြုအမတ် လတ်ဖာ ရာမန် Lutfur Rahman က “ရာမူး အကြမ်းဖက်မှုများကိုလောင်စာ ဖြည့်ပေးနေသည်” ဟု ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုထားသော် လည်း အဆိုပါ စွပ်စွဲချက်မှာ “အခြေအမြစ်မရှိဘဲ နိုင်ငံရေး အရင်းခံအရ” ဖြစ်ကြောင်း အမတ်မင်းက ငြင်းဆိုလိုက်သည်။
ထို့ပြင် အဆိုပါ အကြမ်းဖက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ကော်မတီကို ဘက်မလိုက်သော စီရင်ဆုံးဖြတ်မှုအောက်တွင် ဖွဲ့စည်းရန် BNP ပါတီက တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးကော်မရှင်၏ တနင်္ဂနွေနေ့ ထုတ်ပြန်ကြေညာချက်အရ အဆိုပါ ယုတ်ညံ့သည့် ဓာတ်ပုံကို ဖေ့စ်ဘွတ် စာမျက်နှာများပေါ်မှ ဖယ်ရှားပစ်လိုက်ပြီဟု ဆိုသည်။ ထို့ပြင် အခြားသော အစ္စလာမ် ဆန့်ကျင်ရေး သဘောတရားများကို လူမှုကွန်ယက်များမှ ဆက်လက် ဖယ်ရှားသွားမည်ဟုလည်း ပြောဆိုလိုက်ပြီး ဘာသာရေး ဆန့်ကျင်သည့် စာများ၊ ပုံများနှင့် မက်ဆေ့ခ်ျများ မဖြန့်ဝေကြရန် အားလုံးသို့ ဆော်သြ တောင်းဆို ထားသည်။
အခင်းဖြစ်ပွားရာများသို့ အစိုးရဝန်ကြီးများ အဆောတလျင် သွားရောက်ကြည့်ရှုခဲ့ကြပြီး လက်နက်ကိုင်တပ်များနှင့် ဥပဒေ ထိန်းသိမ်းရေးတပ်ဖွဲ့များလည်း ဖြန့်ကျက် တာဝန်ယူထားကြသည်။
အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၆၆ ဦး ရှိပြီး ၉၃ ဦးမှာ ကော့ဘဇားခရိုင်မှဖြစ် ကာ ၇၃ ဦးမှာ စစ်တကောင်းနယ်မှ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။
အကြမ်းဖက်မှုများကြောင့် နေအိမ်များကို စွန့်ခွါထွက်ပြေးသွားကြသူ ရာနှင့်ချီသည့် ဗုဒ္ဓဘာသာဝင်များလည်း တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိလာကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အတွက် ယာယီတဲများ စီမံပေးထားရကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသူ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဂျိဒ်ဟော့စိန် Lt. Col. Jaed Hossain အား ကိုးကား၍ အေပီသတင်းတရပ်တွင် ရေးသားထားသည်။
နေမျိုး

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။