Wednesday, August 29, 2012

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ


ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ


ပြည်သူ့ခေတ်ဂျာနယ်. ၂၉ရက်နေ့ သြဂုတ် ၂၀၁၂  —–  (အယ်ဒီတာအာဘော်)  ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။
အာဏာပြိုင်စနစ်ဟူသည်ကား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ ဖွဲ့စည်းသည့် နိုင်ငံတော် ယန္တရားသစ်၌ အာဏာများ ခွဲဝေသော စနစ်တစ်ခု ပါရှိလာခဲ့ခြင်းကို ဆိုလိုသည်။
အခြေခံဥပဒေပုဒ်မ ၁၁ (က) တွင် “နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ခြင်းတို့ ပြုသည်” ဟု ဖော်ပြထားသည်။
အာဏာကို တစ်ဦး တစ်ဖွဲ့တည်း လက်ဝယ်မထားဘဲ ကဏ္ဍအသီးသီးသို့ ခွဲခြား ထားရှိခြင်း (separation of power) နှင့် အာဏာ ကဏ္ဍအချင်းချင်း တစ်ဦး လွဲမှား လွန်ကျွံလျှင် တစ်ဦးက ထိန်းကွပ်ခြင်း (checks and balances)စနစ်သည် ဒီမိုကရေစီ၏ အရေးကြီးသော လက္ခဏာရပ်တစ်ခုဖြစ်ရာ သည်စနစ် ပါရှိလာခြင်းသည် အုပ်စိုးခံ ပြည်သူတို့ အတွက် နှစ်သက်စရာ ဖြစ်သည်။
သို့သော် ပြဿနာက အာဏာရှိသူ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း အမှုကို မည်သို့ပြုမည်လဲ။
ဒါက နှစ်ပေါင်း ၅၀ အတွင်း မြန်မာလူထု မမြင်ဖူး မတွေ့ ဖူးသော အခြင်းအရာတစ်ခုဖြစ်သည်။ အာဏာကိုင်တွယ်သုံးစွဲ သူများ ကိုယ်တိုင်လည်း သည်လို အတွေ့အကြုံမျိုး မရှိခဲ့ကြ။
သို့သော်၊ သည်ကိစ်္စနှင့် စပ်လျဉ်း၍ အတော် စောစောကတည်းက ကျကျနန တွက်ဆ ထားမှုများ ရှိခဲ့သည်ဟုတော့ ဆိုနိုင်သည်။
လွှတ်တော်ယန္တရားများ စတင် အရှိန်ယူကြသည့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ကျင်းပစဉ်က လွှတ်တော် အကြီးအကဲများ နှုတ်ခွန်းဆက် မိန့်ခွန်းအသီးသီး ပြောကြားရာတွင် “ထိန်းကျောင်းမှုစနစ်” အကြောင်း လမ်းဩန်ထားတာတွေ ရှိခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက၊
သမ္မတက အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပြီး လွှတ်တော်က ဥပဒေပြုအာဏာ ရယူ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အနေအထားကို ထောက်ပြကာ လွှတ်တော်က စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ လိုကြောင်း အစချီပြီး၊
လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သော ဥပဒေများကို ထပ်ဆင့် ထုတ်ပြန်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်သော ဥပဒေများဖြစ်သည့် နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများသည် မူလ လွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိကို ဆန်းစစ်နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသား အားလုံးက လိုက်နာ ကျင့်သုံးရေးနှင့် အပြန်အလှန် ထိန်းညှိ ကူညီ ဆောင်ရွက်ရေး အတွက် ပါဝင်ပေးရမည် ဖြစ်ကြောင်း။
စသဖြင့် ပြောဆိုခဲ့ရာ အုပ်ချုပ်ရေးပိုင်း ပုဂ်္ဂိုလ်တို့ အာဏာ သုံးစွဲရာ၌ လွဲချော် လွန်ကျွံမှု မရှိရအောင် ထိန်းကျောင်းကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
အလားတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း၊
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်၊
အဓိက တာဝန်မှာ ဥပဒေပြုရေးပင် ဖြစ်ကြောင်း၊
ထို့ပြင် ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်ခွင့်ရှိကြောင်း၊
(သို့သော်) အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများအား ထိန်းညှိမည်ဆိုလျှင် ဥပဒေပြုခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း နည်းလမ်းများဖြင့်သာ ထိန်းညှိခွင့် ရှိကြောင်း၊
ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်  ကြံ့ခိုင်ရေးတို့အတွက် လွှတ်တော်၌ မေးခွန်းထုတ်သည့်အခါ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်မှု မပါဘဲ မေးမြန်းနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
လွှတ်တော်များက ထိုသို့ ပြောဆိုစဉ် အုပ်ချုပ်ရေးအာဏာ၏ အကြီးအကဲဖြစ်သော သမ္မတကလည်း၊
ပြည်သူ့အစိုးရဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ် ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် စွဲကိုင် ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စသဖြင့် မိမိဘက်က ဆောင်ရွက်ချက်ကို လွှတ်တော်သို့ အသိပေး ပြောကြားတာ တွေ့ရသည်။
အုပ်ချုပ်ရေးအာဏာပိုင်နှင့် ဥပဒေပြုအာဏာပိုင်တို့၏ အဆိုပါ သဘောထားများသည် လည်း ပြည်သူတို့အတွက် နှစ်သက်ဖွယ် ဖြစ်ခဲ့ပါသည်။
သို့သော် ပြီးခဲ့သည့် တစ်နှစ်တာကာလကို ကျော်လွှား၍ သည်ကနေ့ အနေအထားကို ကြည့်သည့်အခါ  ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အပြန်အလှန် ထိန်းကျောင်းသော အပြုအမူများက အားပြိုင်သော အသွင်သ္ဌာန်သာမက ထိပ်တိုက် ရင်ဆိုင်သော အသွင်သဏ္ဌာန်မျိုးအထိ ဆောင်လာနေတာ တွေ့ရသည်။
လောလောဆယ် လူအများ ကြားသိနေရသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကိစ်္စ။
လွှတ်တော်များက ဖွဲ့စည်းလိုက်သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ် မဟုတ် ခုံရုံးက အဆုံးအဖြတ် ပေးရသည့် ကိစ္စ။
ဆုံးဖြတ်ရန် သမ္မတက စေခိုင်းသည်။
ခုံရုံးက မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။
လွှတ်တော်က ထိုအဆုံးအဖြတ်ကို လက်မခံ။
သည်အတွက် သမ္မတနှင့် လွှတ်တော် အကြီးအကဲများ ဆွေးနွေး ညှိနှိုင်းကြသည်။ သို့သော် ပြေလည်မှု မရကြ။
ယခုတော့ လွှတ်တော်တို့က ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်လာကြပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ ၌ ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ဆိုထားရာ ထိုအဆုံးအဖြတ်ကို လက်မခံလိုသော လွှတ်တော်က စွပ်စွဲ ပြစ်တင်သည့် နည်းလမ်းကို ရွေးချယ်လာခြင်း ဖြစ်သည်။
ပုဒ်မ ၃၃၄ (က) တွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်း ၅ ရပ် ဖော်ပြထားသည်။ အဲသည်အထဲက အဆီလျော်ဆုံး အကြောင်းရပ်(များ)ကို ရွေးချယ်၍ ပုဒ်မ ၃၀၂ ပါ နည်းစဉ်များအတိုင်း စွပ်စွဲပြစ်တင်မှုကို ဆောင်ရွက်နိုင်သည်။
အကယ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်ကြောင်း၊ စွပ်စွဲခံရသူ(တို့)သည် လက်ရှိရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ အစီရင်ခံ၍ သမ္မတက စွပ်စွဲခံရသူ(တို့)အား ရာထူးမှ ရပ်စဲပေးရမည် ဖြစ်သည်။
သို့သော် မကြာမီက လွှတ်တော်သို့ သမ္မတ ပေးပို့ခဲ့သည့် သ၀ဏ်လွှာပါ သဘောထား အရ အထက်က အနေအထားသည် သမ္မတအတွက် ခက်ခဲစေလိမ့်မည်။ သည်အခက်အခဲကို သူ မည်သို့ ဖြေရှင်းမည် မသိသော်လည်း စွပ်စွဲပြစ်တင်မှုနည်းစဉ်ကို အဆုံးတိုင် စဉ်းစားသော်၊
ခုံရုံးအား သမ္မတက ရာထူးမှ ရပ်စဲခြင်းမပြုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်အနေဖြင့် သမ္မတအား စွပ်စွဲပြစ်တင်ကာ လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲချက် မှန်ကန်ကြောင်း၊ ရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်တင်ပြလျှင် ပြည်ထောင်စုလွှတ်တော် အကြီး အမှူးသည် တင်ပြချက်ရရှိလျှင် ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ်္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်…ဟူသည်အထိ ဆိုက်ရောက်သွားနိုင်ကြောင်း တွေ့မြင်ရသည်။
အဲဒါက အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို များစွာ ကျော်လွန်သွားသည့် အဆုံးစွန် ပဋိပက္ခအနေအထား ဖြစ်သည်။
အဲသည် ပဋိပက္ခမှ ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များကို စဉ်းစားရ ခက်သည်။
အများပြည်သူကတော့ တည်ငြိမ်မှု မပျက်ပြားစေချင်။ နိုင်ငံရေးတွင် အဖွဲ့အစည်း ပေါင်းစုံ အယူအဆပေါင်းစုံ တိုးချဲ့ပါဝင်ခွင့် ရှိလာနေသည့် လက်ရှိ အနေအထား ပျက်ယွင်းသွားမှာ စိုးရိမ်သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကြီး တန့်ရပ်သွားမှာ၊ ကွေ့ပြောင်းသွားမှာ၊ နောက်ဘက် ပြန်ရောက်သွားမှာကိုကား လုံးဝ မလိုလားကြ။
ထို့ကြောင့် ယခု ပြဿနာသည် “သဘောထား” များပေါ်တွင် အခြေခံသည် ဖြစ်စေ၊ အာဏာခွဲဝေ ထိန်းကျောင်းမှု ယန္တရား၏ ချွတ်ယွင်းချက်ကြောင့် ပေါ်ပေါက်သည်ဖြစ်စေ၊ တစ်နည်းနည်း ညှိနှိုင်း အဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု လူထုကြားက စဉ်းစားသူတို့ ရှုမြင်ကြသည်။
သဘောထား ပြဿနာဆိုလျှင် ဒီမိုကရေစီအရေး နိုင်ငံ့အရေးကို အဓိက အာရုံထားကာ သဘောထားများကို ချိန်ဆပြောင်းလဲကြပြီး၊ ယ်္တရား၏ ချွတ်ယွင်းချက်ဆိုလျှင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ စသည်တို့တွင် ပါရှိသည့် အာဏာ ယန္တရား တည်ဆောက်ပုံ၊ လှုပ်ရှားလည်ပတ်ပုံတို့ကို ပြန်လှန် သုံးသပ် စစ်ကြောဝေဖန်၍ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်သင့်ကြောင်း အကြံပြု တင်ပြလိုပါသည်။

(သြဂုတ် ၃၀/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၉ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

စစ်ပြေးဒုက္ခသည်များ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များ တိုက်တွန်း


စစ်ပြေးဒုက္ခသည်များ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များ တိုက်တွန်း

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ကွန်းကျော်ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် သျှမ်းစစ်ပြေးဒုက္ခသည် ၅၀၀ကျော်အား စစ်ဖြစ်ပွား နေသည့် ဒေသသို့ ပြန်မပို့ရန် သျှမ်းလူထုအဖွဲ့များက တောင်းဆိုလိုက်သည်။

နော်ဝေးဒုက္ခသည်ကောင်စီမှ မြန်မာနိုင်ငံငြိမ်းချမ်းရေး ထောက်ပံ့သည့် လုပ်ငန်းအစီအစဉ်၏ သဘောတူညီချက်အရ ထိုဒုက္ခသည်များကို နယ်စပ်နှင့် ၂၀ကီလိုမီတာကွာဝေးသည့် မုံးထားဒေသသို့ ပြန်ပို့ရန် စာရင်းကောက်ခံနေသည်ဟု သျှမ်းလူထုအဖွဲ့များက သြဂုတ်လ ၂၇ ရက်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။
“နိုင်ငံတကာ အလှူရှင်များလည်းပဲ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားခြင်းအပေါ် ဖိအားပေးမယ့်အစား မြန်မာအစိုးရကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ဖိအားပေးသင့်တယ်”ဟု သျှမ်းလူထုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။
ဒုက္ခသည်ပြန်ပို့မည့်အစီအစဉ်ကို သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ နှစ်ဘက် တွေ့ဆုံညှိနှိုင်းရာတွင် ပုံဖော်ခဲ့သော အစီအစဉ်ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၁၊ ဒီဇင် ဘာလနောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည့် ဒေသများတွင် မုံးထားဒေသသည် ပဋိပက္ခ ဆက်ဖြစ်နေ သည့် ဒေသတစ်ခုလည်း ဖြစ်သည်။
၎င်းဒေသသည် အစိုးရစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူထားကြသည့် အခြားစစ်တပ်တို့ကို ထိတ်လန့်ကြောက်ရွံ့နေကြခြင်းနှင့် တချို့ဒေသ မှာ မြေမြုပ်မိုင်းများ ရှိနေခြင်းတို့ကြောင့် ဒုက္ခသည်များ မပြန်လိုကြကြောင်း သိရသည်။
စိုင်းခေးဆိုင်က “ကျနော်တို့ စစ်တမ်းကောက်တာ ဒုက္ခသည်တွေ အားလုံး မပြန်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသမှာ စစ်တပ်တွေ အများကြီးရှိတယ်။ စစ်ပွဲဖြစ်မှာကိုလည်း ကြောက်နေကြတယ်။ အဲဒီနေရာဟာ သူတို့အတွက် လုံခြုံရေး အာမခံချက် ဘာမှမရှိလို့ သူတို့ လက်ရှိ နေနေတဲ့နေရာမှာပဲ နေချင်တယ်”ဟု ဆိုသည်။
ကွန်းကျော်ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသည့် ဒုက္ခသည်များသည် အများအားဖြင့် သျှမ်းပြည်နယ်အလယ်ပိုင်းဒေသမှ ထွက်ပြေး လာကြသည့် ဒုက္ခသည်များဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်


သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင် 

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။
KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့အပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်း အပြောင်းအလဲကို တကယ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း စောဒေးဗစ်သကဘောက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောင်းလဲခန့်လိုက်သည့် ၀န်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို (ပြန်ကြားရေးဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို (သမ၀ါယမ၀န်ကြီး)၊ သမ ၀ါယမ၀န်ကြီး ဦးအုန်းမြင့်ကို (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်ကို (စက်မှုဝန်ကြီး)နှင့် မူလ ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားသည့် ဦးတင့်ဆန်း(အားကစားဝန်ကြီး) စသည်တို့ကို သမ္မတက အသီးသီး ပြောင်းလဲခန့်အပ်ခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၂)တို့အရ ပြည်ထောင်စုဝန် ကြီးများအား ယင်းကဲ့သို့ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းစာတွင် ဖော်ပြထားသည်။
သို့သော် (ယခင်)မြန်မာစစ်အစိုးရ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီတစ်ပိုင်း၊ စစ်အာဏာရှင်တစ်ပိုင်း ဖြစ်သည့်အပေါ် အစိုးရအတွင်း၌ တပ်မတော်၏ ကြီးစိုးမှု တည်ရှိဦးမည်ဖြစ်သကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်အကြား အားပြိုင်မှု များ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ပဒိုစောဒေးဗစ်သကဘောက သုံးသပ်ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီး ၉ဦးနှင့် ဒုဝန်ကြီး ၁၅ဦးကို သြဂုတ်လ ၂၇ရက်စွဲဖြင့် ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီး ၉ဦးမှာ
၁။ ဦးစိုးသိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် – ပြန်ကြားရေးဝန်ကြီးဌာန (ယခင် – လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း – သမဝါယမဝန်ကြီးဌာန (ယခင် – ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် – မွေး/ရေ ဝန်ကြီးဌာန (ယခင် – သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် – စက်မှုဝန်ကြီးဌာန (ယခင် – သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း – အားကစားဝန်ကြီးဌာန (ယခင် – ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)

ထို့အတူ အသစ်ခန့်လိုက်သော ဒုဝန်ကြီး ၁၅ဦးတွင် ဒေါက်တာဘွဲ့ ရသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ
၁။ ရဲချုပ်ကျော်ကျော်ထွန်း – ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ – ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း – သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် – ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် – ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၀။ ဦးထင်အောင် – စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် – လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် – အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး – ကျန်းမာရေးဝန်ကြီးဌာန

ထိုသို့ ၀န်ကြီးများ ပြောင်းလဲခန့်အပ်မှုကြောင့် လစ်လပ်သွားသော ပြည်ထောင်စုဝန်ကြီးများကိုမူ မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်


တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။
ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။
“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။
ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါဝင်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။
KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။
မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကို အကြီး ဆုံး ဆေးရုံတင်ရ


စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကို အကြီး ဆုံး ဆေးရုံတင်ရ 

ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းတွင် တာဝန်ကျနေသော စစ်သားများ၏ ညှဉ်းပမ်းနှိပ်စက် ထိုးကြိတ်မူကြောင့် သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေကို စစ်တွေ ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရသည်။
MYANMAR_-_esercito_birmano_bandiere_ok
လွန်ခဲ့သော စနေနေ့ ညနေ့ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်တွေမြို့ သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၅၄၁ မှ တူးအိုင်စီခေါ် ဒုတပ်ရင်းမှူးက သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေကို ရိုက်ပုတ်ရန် အတွက် အကျီကိုဆွဲ၊ လက်ကို ဆွဲပြီး ဖမ်းချုပ်ရန် ပြုလုပ်နေစဉ် အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေမှ ဘယ်လို ဖြစ်တာကြ တာပါလဲဟု ၀င်ရောက် မေးမြန်းရာ ဒုရင်းမှူး ဖြစ်သူက ဦးအောင်ဆွေ မျက်နာကို လက်သီးနှင့် ပစ်ထိုးလိုက်သဖြင့် နောက်လန် လဲကျသွားခဲ့ရာ နောက်ထပ် နှစ်ပွင့်နှင့် ဗိုလ် တစ်ဦးက ဦးအောင်ဆွေအား ခြေထောက်နှင့် တက်နှင်းသည်ဟု ဆိုသည်။
နောက်ထပ် အနီးအနားရှိ စစ်သား (၁၀) ဦးခန့်မှ ဦးအောင်ဆွေအား ၀ိုင်းဝန်းထိုးကြိတ်ကြရာ ဦးအောင်ဆွေမှာ သတိမေ့လုနီးပါး ဖြစ်သွားရာ ဘေးမှ ရပ်ကြည့်နေသူ ညီအငယ်ဆုံး ဖြစ်သူ ဦးအောင်အောင်မှ အစ်ကို အကြီးဆုံး ဖြစ်သူကို သွားရောက်ပွေ့ထူရာ ဦးအောင်အောင်ကိုပါ စစ်သားများက လက်သီးများဖြင့် ၀ိုင်းဝန်းပစ်ထိုးကြသည်ဟု ဆိုသည်။
“ ကျွန်တော်ကလည်း အစ်ကိုကြီးက သေလုမျောပါး ဖြစ်နေတော့ မခံရက်နိုင်တော့ ကျွန်တော်ကို ရိုက်ရင်လည်း ရိုက်ပါစေ ဆိုပြီး အစ်ကိုကြီး ဦးအောင်ဆွေကို သွားပွေ့တော့ ကျွန်တော်ကိုပါ ၀ိုင်းထိုးကြတယ်။ စစ်ဖိနပ်တွေ ၀ိုင်းကန်ကြတယ်။ မနေသာတဲ့ အဆုံး ကျောင်းပေါ်က ဆရာတော်ဆင်းလာမှဘဲ ထိုးကြိတ်တာကို ရပ်နားပြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးကို လက်ထိပ်ခတ်ပြီး ကျောင်းအောက်မှာ ချည်ထားပါတယ်။ ဆရာတော် မေတ္တာရပ်ခံတဲ့ အတွက် လက်ထိပ် ခတ်တာကို ဖြုတ်ပေးလိုက်ပြီး လွှတ်ပေးလိုက်ပါတယ်” ဟု ညီအစ်ကို သုံးယောက်ထဲမှ ညီအငယ်ဆုံး ဖြစ်သူဦးအောင်အောင်က နိရဉ္စရာသို့ ပြောသည်။
သို့သော်လည်း ဦးအောင်ဆွေမှာ အခြေအနေမကောင်းသဖြင့် အဆိုပါ ညဉ့်တွင် အိမ်တွင်ထားပြီး နောက်တစ်နေ့ တနင်္ဂနွေနံနက်တွင် စစ်တွေ ဆေးရုံကြီးကို တင်ပို့ခဲ့ရသည်ဟု ဆိုသည်။
“ စစ်တွေဆေးရုံကြီးကို ခုလို ဒဏ်ရာနဲ့ တင်မယ် ဆိုရင် ရဲစခန်းက ဆေးထောက်ခံစာကို လိုတဲ့အတွက် ရဲစခန်းမှာ သွားပြီး အမူဖွင့်ရပါတယ်။ ရဲစခန်းမှာ အမူဖွင့်ပြီးမှ ဆေးရုံတင်လို့ ရပါတယ်။ အခု တစ်ခါ ဒုတပ်ရင်းမှူးက ရဲကို တိုင်ရမလားဆိုပြီး မိသားစုတွေကို ခြိမ်းခြောက်တဲ့ အတွက် ဒီကနေ့ (အင်္ဂါနေ့) မှာ အနာမကောင်းဘဲ ဆေးရုံက ဆင်းခဲ့ရပါတယ်” ဟုဦး အောင်အောင်က ပြောသည်။
ယနေ့ ဆေးရုံမှ ဆင်းလာပြီးနောက်ပိုင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသူဦးအောင်ဆွေအား နိရဉ္စရာက မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အခုထက်ထိ နာနေပါတယ်။ ဒဏ်ရာတွေက မသက်သာသေးပါဘူး။ ဆေးရုံမှာလည်း ပြဿနာ လုပ်ချင် လုပ်လာနိုင်တဲ့ အတွက် အနာမကျက်ဘဲ ဆေးရုံက ဆင်းလိုက်ရပါတယ်။ ကျွန်တော်က တပ်နဲ့ဘာမှ ဖြစ်တာ မဟုတ်ပါ။ ကျွန်တော်ညီ အုပ်ချုပ်ရေးမှူး အောင်ဝင်းဆွေကို ထိုးကြိတ်မလို့ လုပ်နေတဲ့ အတွက် တူးအိုင်စီလို့ခေါ်တဲ့ ဒုတပ်ရင်းမှူးကို အဘ ဘယ်လို ဖြစ်ကြတာပါလဲလို့ ပြေလည်ရာ ပြေလည်ကြောင်း သွားမေးတာမှာ ကျွန်တော်ကို လက်သီးနဲ့ ထိုးတယ်။ ကျန်တဲ့ စစ်သားတွေက လက်သီးထိုး၊ ဖိနပ်တွေ တက်နင်းကြတယ်။ ကျွန်တော်မှာ အသက်ထွက်သွားမလို ခံစားခဲ့ရပါတယ်။ ကျွန်တော်ကို လာဆွဲတဲ့ ကျွန်တော် ညီအငယ်ဆုံး အောင်အောင်ကိုလည်း ၀ိုင်းထိုးကြတာ သူမျက်နာတွေမှာ ခုထိ ညိုမဲနေပါတယ်” ဟု ဦးအောင်ဆွေက ပြောသည်။
သူတို့တွင် ညီအစ်ကို သုံးဦးရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်ဝင်းဆွေမှာ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေအမှတ် (၁) ရဲစခန်းသို့ တိုင်ကြားထားသော်လည်း အမူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ရှေ့တိုးလုပ်ဆောင်ခြင်းများ မရှိသေးကြောင်း ဦးအောင်ဆွေက ပြောသည်။
ယခုအခါ ဦးအောင်ဆွေနှင့် ဦးအောင်အောင်မှာ ဒုတပ်ရင်းမှူးက ခြိမ်းခြောက်ထားသဖြင့် သဲချောင်းကျေးရွာသို့ မပြန်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။

အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင်


အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင်

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်များအား ကုမ္ပဏီဘက်မှ ဖေါက်ဖျက်သည်ဟု အလုပ်သမား များက စွပ်စွဲကာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO သို့ စနေနေ့က တိုင်ကြားထားသည်။
အကျိုးအမြတ်အား သုံးချိုးတချိုး ခွဲဝေယူရန်နှင့် နစ်နာကြေးပေးရန် အပါအဝင် စာချုပ်ပါ သဘောတူညီ ချက်များကို ကုမ္ပဏီဘက်မှ ချိုးဖောက်နေ၍ အဓ္မမ ခိုင်းစေမှုဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ ဦးသက်ဝေ က ပြောသည်။
“စာချုပ်အတိုင်း နစ်နာကြေး မပေးတဲ့အတွက် အဓမ္မခိုင်းစေရာ ရောက်တယ်။ အဓမ္မခိုင်းစေမှုကို လက်ရှိမြန် မာနိုင်ငံမှာ အစိုးရသစ်နဲ့ ILO ကြားမှာ ချုပ်ဆိုထားတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေး နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာအရ ILO ကို တင်ပြထားတယ်။ ILO ကလည်း (တင်ပြစာကို လက်ခံပါတယ်)” ဟု မဇ္ဈိမကို ရှင်းပြသည်။
မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ နှစ်ဘက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ရွှေလုပ်ကွက်များ ရှိရာ ဒေသများသည် ရာသီဥတု ဆိုးရွားခြင်း၊ လုပ်ခလစာ မလုံလောက်ခြင်း တို့ကြောင့်လည်း
ရွှေလုပ်သားတို့မှ အဆိုပါလုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့ဟု လုပ်သားတဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်း က ပြောသည်။
“ဆန် လေးဗူးလောက် ရှိတဲ့ဟာကို လူရှစ်ယောက်က ဝေမျှစားပြီး မျှစ်ချိုးစားရတဲ့ အဖြစ်တွေ ကြုံနေရတော့ အင်းသားတွေကလည်း တကွဲတပြားတွေဖြစ်ပြီး ပြန်ကုန်ကြတယ်။ အဲလိုမျိုးဖြစ်သွားတဲ့အခါ အစ်မတို့မှာလည်း ဆက်လုပ်လိုစိတ် မရှိတော့ဘူး” ဟု မဇ္ဈိမကို ပြောသည်။
မိုးထိမိုးမိ ရွှေလုပ်သားများက ၎င်းတို့၏ နစ်နာချက်များကို သြဂုတ်လ ၃ ရက်နေ့တွင် သမ္မတရုံးနှင့် ILO ထံသို့ တင်ပြခဲ့သေးသည်။ သြဂုတ် ၂ဝ ရက်နေ့တွင် မန္တလေးတိုင်း သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က အဆိုပါဒေသသို့ လာရောက် ခဲ့သော်လည်း တရားစွဲဆိုရန်သာ မှတ်ချက်ပေးခဲ့သည်ဟုလည်း သိရသည်။
“အာဏာပိုင် လူကြီးကိုယ်တိုင်က သူကိုယ်တိုင်သိပြီး နှစ်ဦးသဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါလျက်နဲ့ ဒီလို တရားစွဲဖို့ပဲပြောတော့ ဘယ်ဟာကို အားကိုးလို့ ဘယ်ဟာကို ယုံကြည့်ရမလဲ” ဟု ဒေါ်မြင့်မြင့်သန်း က ပြောသည်။
မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများသည် ဇွန် ၁ ရက်နေ့မှ ၇ ရက် အထိ ဆန္ဒပြမှုများ ဖြစ်ခဲ့ပြီး စက်တင်္ဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ နစ်နာမှုများ လိုက်လျောခြင်းမရှိပါက ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွား မည်ဟု လည်း ပြောသည်။
ရွှေလုပ်သားများက ၈၈ မျိုးဆက် ကျောင်းသားများကိုလည်း အကူအညီ တောင်းခံထားရာ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ အကြောင်းအရာများ သိနားလည်ရန်နှင့် တရားရင်ဆိုင်ရန် စရိတ်တို့ကိုလည်း ၈၈ ကျောင်း သားများမှ ကူညီပေးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။