Thursday, August 23, 2012

ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁) (ရေးသူ - ထိန်လင်း)




ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁) (ရေးသူ - ထိန်လင်း)

(ဝေဖန်ပိုင်းခြားသုံးသတ်နိုင်ရန်တင်ပြခြင်းဖြစ်ပါသည်။ ။)

မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲ ဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက် ဖြစ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ ကောင်းတယ်။

ချွတ်ချော်တဲ့ လွှတ်တော်က သမတကို စိန်ခေါ်ပွဲ စလိုက်တာ တွေ့ရတယ်။ ခုံရုံးကို ဖြုတ်ပစ်- ငါတို့က ပြည်ထောင်စုအဆင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲရဲတောက်နေလိုက်ကြတာ။ Lawmaker တွေလည်း လက်သီးလက်မောင်းတန်းလို့။ အမှန်တော့ lawmaker တွေ အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲေ၇ာက်သွားကြပြီ။ ဒါကို အမတ်တွေ နားမလည်ဘူး။ သူတို့ခမျာလည်း အရှေ့တောင်အာရှမှာ အကြီးကျယ် ဆုံး လွှတ်တော်ကြီးထဲကို ရောက်ပြီး သွေးတွေ နထင်ရောက်နေလိုက်ကြတာ။ NLD အမတ် ဗိုလ်(ပြုတ်)၀င်း ထိန် (မိထီလာ) ပြောတဲ့စကားလေး ရှိတယ်။ လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတားအဆီးမရှိဘူး။ အစိုးရကို မကောင်းဘူး ပြော - တရားသူကြီးတွေ မမှန်ဘူး ပြော- ကြိုက်သလောက် ပြော-ရတယ်။ ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက်သွားမယ် ဆိုတဲ့ စကား လေးပါ။ ဗိုလ်ဝင်းထိန်က အမှန်တော့ လူတော်။ အခြေအနေကြောင့် ဗိုလ်ပြုတ်ဖြစ်ခဲ့ပေမယ့် သူက ပင်ကို တော်တဲ့သူ။

လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်း ထင်တိုင်းကြဲနေတာက ထိန်းမယ့်သူ-ထိန်းနိုင်တဲ့သူ မရှိဘူး ဖြစ်နေတယ်။ ကြံ့ဖွံ့ EC တွေကလည်း တစ်သားတည်း ဖြစ်နေတာ။ ဒါက ဗိုလ်အောင်သိန်းလင်းကို ထိလိုက်တဲ့အချက် လည်း ကျိန်းသေ ပါနေတယ်။ အမှန်တော့ ဗိုလ်အောင်သိန်းလင်း အင်တာဗျူးက အမှန်။ အဲဒီစကားတွေက ဗိုလ်ရွှေမန်းနဲ့ ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့
သဘောထားပဲ။ နိုင်ငံရေးဆိုတာ ဒီလိုပဲ။ ကံမကောင်းချင် တော့ ဗိုလ်အောင်သိန်းလင်းက အရမ်း စကားကျွံသွားတယ်။ ဒီတော့ အရေးမယူရင် ပါတီလည်း ဖွဲ့စည်းပုံ ပျက်ဖို့ပဲ ရှိတော့ လူသိထင်ရှား အရေးယူပစ်ရတယ်။ ဒီတစ်ကွက်ဟာ ဗိုလ်ရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ဖွံ့ ထိပ်ပိုင်းက လူတွေအတွက် မနှစ်မျို့စရာ ဖြစ်ခဲ့ရတယ်။
ဗိုလ်ရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်တယ်။ စနစ်တကျ အကွက်ချတတ်တယ်။ ဆိုလို တာက နိုင်ငံရေးဆိုတာ ညစ်ပတ်၊ ကလိမ်ကကျစ် လုပ်တတ်ရတယ်။ မလုပ်ရင်တော့ သေဖို့သာပြင်ပေ တော့။ အခုဆို ဗိုလ်သိန်းစိန်အစိုးရ အကျပ်ရိုက်နေပြီ။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာဒေါက်တိုင်ကြီး သုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာ။ ဒီအညှာကို ချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင်တွေ အချိန်မရွေး ဖြိုပစ် လို့ရပြီ။ ဦးချိုးတယ် လို့ ခေါ်တယ်။ အခု ဖြစ်နေတဲ့ ပြဿနာကို ဘယ်ဘက်ကမှ မလိုက်စတမ်း ပြောရရင် ပြည်သူ့လွှတ်တော်က အာဏာရှင်ဒီမိုကရေစီကို စပြီး ခြေလှမ်းလိုက်တာပဲ။ နောက်ကြောင်း ပြန်ဖို့ စပြီး အကွက်ရွှေ့တာက ဗိုလ်ရွှေမန်းပဲ။ သူ့နောက်ကြောင်းက သမ္မတ ပြန်ရွေးတဲ့ မကျေနပ်ရင် တစ်က ပြန်စ ဆိုတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် အံ့သြဖို့ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရက် တွေ ဒီထဲမှာ ရောယောင်ပါလာတာပဲ။ တစ်ဖက်ကကြည့်ရင် ဒီအင်အားတွေကို ရအောင် စုစည်းနိုင်တာ ဗိုလ်ရွှေမန်းရဲ့ နိုင်ငံရေး ပရိယာယ် သိပ်ကောင်းလို့ပဲ။ ဒါကိုတော့ ချီးကျူးရမှာပဲ။
ဒါပေမယ့် သိသာထင်ရှားတဲ့ အမြင်ကတော့ ဒါက ကြံ့ဖွံ့အတွင်းစည်း ပြဿနာပဲ။ ဒါကို လူသိထင်ရှား တိုက်ကွက်ဖော်လာတဲ့ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ။ စဉ်းစားကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ ကောင်း တယ်။ ဗိုလ်ရွှေမန်းဟာ ဒီလောက် ဦးနှောက်ကောင်းပါ့လား။ ဒါမှမဟုတ် မတော်တဆ ကံကောင်းသွားသည် လား။ ဒါကိုတော့ ဗိုလ်ရွှေမန်းသာ သိပါလိမ့်မယ်။ တစ်ခုရှိတာက ဗိုလ်ရွှေမန်းမှာ နိုင်ငံရေးရူး ရူးနေတဲ့ တိုးနိုင်မန်း ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဒီသားကို ဗိုလ်ရွှေမန်းက လွှတ်တော်ကော်မရှင်တစ်ခုတည်းမှာ ထည့်ထားတယ်။ ရည်ရွယ်တာက ပြည်ထောင်စုအဆင့်ရရင် သူ့သားကလည်း ပြည်ထောင်စုအဆင့် ဖြစ် လာမယ်။ နိုင်ငံခြားခရီးတွေ သွားရင် သူ့သားကို ပွဲထုတ်လာတဲ့အချက်ဟာ ဗိုလ်ရွှေမန်းရဲ့ မန်းမျိုးဆက် ထူထောင်လိုတဲ့ တခြားရည်ရွယ်ချက် ရှိနေမှာ သေချာတယ်။ ဒီနေရာမှာ သူ့သားအရင်းကို ဘာအရည် အချင်းနဲ့ ကော်မရှင်ဝင် ခန့်ထားတာလဲ ဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ ဗိုလ်ပြုတ် တိုးနိုင်မန်းဟာ ခရိုနီခင်ရွှေရဲ့ သမီးကို စုလျားရစ်ပတ်ပြီး စီးပွားရေးအင်ပါယာထောင်နေတယ်။ ခရိုနီတွေက lawmaker ဖြစ် နေတော့ ဒီလွှတ်တော်တွေက ဘယ်လိုလုပ် သန့်စင်နိုင်တော့မလဲ။ တိုးနိုင်မန်းကို မျက်နှာပြောင် တိုက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းဟာ ဗိုလ်ရွှေမန်းရဲ့ မျက်နှာပြောင်တိုက်ရဲတဲ့ သတိကို ဖော်ပြ နေတာ ဖြစ်တယ်။
ပြည်ထောင်စုအဆင့်ကို စပြီးတောင်းတာက ကြံ့ဖွံ့ထိပ်ပိုင်းက ခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အခုနောက် ပိုင်း ကြံ့ဖွံ့ထဲက ဗိုလ်အောင်ကို၊ ဗိုလ်သူရိန်ဇော်၊ ဗိုလ်မောင်တိုး၊ ဗိုလ်အေးမောက် တို့က ဗိုလ်ရွှေမန်းရဲ့ အနီးကပ်အမာခံ ညာလက်ရုံးတွေ အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာတာ တွေ့ရတယ်။ သူတို့လို လူသိ ထင်ရှား မပြသော်လည်း ပညာသားပါပါ နိုင်ငံရေးကစားနေကြတာက ဗိုလ်အောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်မောင်မောင်သိမ်း စတဲ့ နအဖ၀န်ကြီးအဟောင်းတွေ ဖြစ်တယ်။ သူတို့ရဲ့ ကစားကွက်မှာ တိုက်ရိုက် ပါဝင်သွားတာက ကျားဖြူက ဦးရဲထွန်းပဲ ဖြစ်တယ်။ သူက လက်မှတ်တွေ လိုက်စုတယ်။ အမှန်က ကျားဖြူ ဦးရဲထွန်းဟာ အခွင့်အရေးသမား ဖြစ်တယ်။ ကျားဖြူရဲထွန်းဟာ ပါတီရဲ့ မူဝါဒနဲ့ မဆိုင်တဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတာကို ကျားဖြူပါတီကလည်း မထိန်းနိုင်တော့ဘူး။ ပြီးတော့ ဦးရဲထွန်းဟာ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားတာ ဖြစ်ပြီး ဒါကို ဦးရဲထွန်းကိုယ်တိုင်တောင် မသိလောက်ဘူး။
ဗိုလ်ရွှေမန်းရဲ့ ဥာဏ်များပုံက ကျားဖြူက နန်းဝါနုကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်သာ အောင် ချုပ်တယ်။ ပြီးတော့ ကော်မတီအသစ်ဖွဲ့ ဥကဌခန့်တယ်။ လွှတ်တော်ထဲမှာ ဦးနဒကျော်စွာ ပြော သွားတဲ့ ဗိုလ်ရွှေမန်းက တားထားလို့ ဆိုတာ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥက္ကဌ ဖြစ်လာ တဲ့အချိန်ကို စောင့်နေတာ။ ဒါမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ သူ့နောက်ပါလာမယ်။
ကဲ ထားတော့။ ခုံရုံးကို ဖြုတ်ချနိုင်ပြီ ဆိုရင် သူက ဘာမဆို လုပ်လို့ ရသွားပြီ။ သူ့ကို ထိန်းနိုင်တာ ခုံရုံးပဲ ရှိတယ်။ ခုံရုံးကို ဦးချိုးနိုင်ပြီ ဆိုရင် အစိုးရကိုရော၊ တရားလွှတ်တော်ကိုပါ ထင်ရာစိုင်းလို့ ရသွားပြီ။ အခု ရွေး ချယ်လိုက်တဲ့ သားကောင်က ခုံရုံး ဖြစ်နေတာကိုက အရေးကြီးတဲ့ အချက်လို့ မြင်တယ်။
မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့ တပည့်၊ Eleven, The Voice, Street View နဲ့ အခြား ဂျာနယ်အတော်များများကို ကိုင်ထားတယ်။ Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖို့ ဖွဲ့ထားတာ ဖြစ်တယ်။ ဗိုလ်ရွှေမန်း မှားသွားတဲ့အချက်က တိုးနိုင်မန်းကို တည့်တိုး ကြီး အဖွဲ့ဝင် ပေးလိုက်တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်ရွှေမန်းရဲ့ ချမ်းသာကြွယ်ဝမှုက တေဇနဲ့ ထွန်းမြင့်နိုင်တို့ ထက် မသာရင်သာနေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်း အားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူ ပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်း ဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ေ၇ာင်းချပြီး သူဌေး ဖြစ်လာ တာ။ ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထဲ့တာ ဦးပိုင်က လူတွေ အာချောင်လို့ ဗိုလ်တင်အေးက ဖုံးဖိထားခဲ့ရတယ်လို့ ဆိုတယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်တယ်။ တိုးနိုင်မန်းဟာ ဘ၀င်မြင့်ရောဂါ ရနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လက်သိပ်မွေးဖို့ ကြံစည်နေတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစု ကြည်အနားက ဒေါ်ဥမ္မာ၊ ဒေါ်စုစုလွင်တို့ကို တစ်ဆင့်ခံ ထောက်ပံ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ် ရွှေမန်း မဟာမိတ်ဝန်ရိုးတန်း ဖြစ်အောင် လုပ်နေတာက တိုးနိုင်မန်းပဲ။ ခက်တာက ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ရွှေမန်းကို မယုံဘူး။ ဗိုလ်သိန်းစိန်အပေါ်မှာတော့ အတော်ကလေး ယုံကြည်မှု ရှိတယ်။ ဒါကို တိုးနိုင် မန်းက မခံချိမခံသာ ဖြစ်ပြီး သူ့အဖေ ဗိုလ်ရွှေမန်း နာမည်ရဖို့ ရှာဖွေဖော်ထုတ်လာနေတာ ဖြစ်တယ်။ တိုးနိုင်မန်းရဲ့ ဂျာနယ်မှာ ဖော်ပြနေတာက တိုးနိုင်မန်းရဲ့ အာဘော်တွေပဲ။ တိုးနိုင်မန်းဟာ သန်းထွတ်အောင် နဲ့ပေါင်းပြီး ပြည်သူတွေကို အဆိပ်ကျွေးနေတာ ဖြစ်တယ်။
လယ်သမား မြေသိမ်းခံရတဲ့ ကိစ္စ သူ့လွှတ်တော်က ဘာဖြစ်လို့ မကိုင်ရဲတာလဲ။ ခရိုနီတွေ ကြီးစိုး နေတာကို သူ့လွှတ်တော်က ဘာဖြစ်လို့ အသံမထွက်ရဲတာလဲ။ တစ်လောက ပိုင်ဆိုင်မှု ကြေညာဖို့ ငြင်းကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကြေညာသင့်တယ် ဆိုတော့ လွှတ်တော် အသံတိတ်သွား တာ မျက်နှာပြောင်နဲ့ နေရဲတယ်။ ဗိုလ်ရွှေမန်းနဲ့ မိသားစုဝင်တွေရဲ့ ချမ်းသာမှုဟာ အာရှထိပ်တန်း (၅၀) ထဲမှာ ၀င်နေတယ်လို့ စင်ကာပူက ဓါတ်သိတွေက ပြောတယ်။ အစိုးရ၀န်ကြီးဌာနတွေထဲမှာ တိုျးနိုင်မန်း၊ အောင်သက်မန်းတို့ ၀င်ပြီး ကိုင်ထားတာ အတော်များနေပြီ။ ၀န်ကြီးတွေက တိုးနိုင်မန်းကို မလှန်ရဲဘူး။ အဆိုးဆုံး ဗိုလ်သိန်းထွန်း ကိုင်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးဟာ ဗိုလ်ရွှေမန်းရဲ့ သူလျှိုတွေချည်းပဲ ပြည့်နှက်နေတာ ဖြစ်တယ်။ အလားတူ ပို့ဆောင်ရေး၊ သတုတွင်း၊ လယ်ဆည်၊ စီးပွား/ကူးသန်း၊ ဟိုတယ်/ခရီး ဒီဝန်ကြီးဌာနတွေဟာ အောင်သက်မန်းနဲ့ တိုးနိုင်မန်းတို့ရဲ့ လက်ခုပ်ထဲက ရေသာသာ အဆင့်တွေပဲ ဖြစ်တယ်။ ဒါကို ဗိုလ်သိန်းစိန် က ရှင်းပစ်တော့မှာ သိတော့ ဗိုလ်ရွှေမန်းဟာ တိုက်ကွက် တစ်ခုပြီး တစ်ခု ဖော်လာတာ ဖြစ်တယ်။
အမှန်တော့ လွှတ်တော်အမတ်တွေက ဘာမှ သိကြတာ မဟုတ်ဘူး။ တစ်လောက ဗိုလ်မြင့်လှိုင် ပြောတာ လွှတ်တော်ရဲ့ အနေအထားမှန်ပဲ။ ထိုင်ဆိုထိုင်- ထဆိုထ အများယောင်ရင် လိုက်ယောင်နေတာ။ တစ်ပါတ်က Hot News ဂျာနယ်မှာ အမတ်တွေ အိပ်မနေကြဖို့ ဗိုလ်ခင်အောင်မြင့်က သတိပေးလိုက်တယ် ဆိုတာ တွေ့ရတယ်။ သတင်းစာထဲမှာလည်း ဥပဒေ စည်းမျဉ်းတွေနဲ့ ပြည့်စုံအောင် အင်ဂါရပ်နဲ့ညီအောင် လုပ်သင့်တယ်လို့ ရှေ့နေချုပ်ရုံးက ပြောတော့ ဗိုလ်ရွှေမန်း အနာပေါ်ထုတ်ကျပြီး ပြန်ပြောလိုက်တာ တွေ့ရတယ်။ ပြောစရာ မလိုဘူး၊ လွှတ်တော်က ဘာလုပ်လုပ်ဆိုတဲ့ သဘောမျိုး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုပြီး လုပ်နေတာ ဖြစ်တယ်။
ဗကပဘက်က ကြားရတဲ့ သတင်းတွေအရ ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ရွှေမန်းကို ဖြုတ်ဖို့ ခွင့်တောင်းထား ပြီးပြီ လို့ သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ရုံအင်အားစုတွေ ရှိတဲ့ ဇေယျာသီရိမြို့နယ်က ဗိုလ်ရွှေမန်း ကို တင်မြှောက်ထားတာ ဖြစ်လို့ Right to recall အရ (၁%)လက်မှတ်ရေးထိုးရင် ဗိုလ်ရွှေမန်း ပြုတ်သွား ပြီ ဖြစ်တယ်။ ဗိုလ်မြင့်လှိုင်နဲ့ ပြဿနာမှာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေး၊ ဗိုလ်သန်းရွှေတို့က အတော်လေး မကျေမနပ် ဖြစ်တယ်လို့ ဆိုတယ်။ အခုလည်း တပ်ကို ဖြိုခွဲတဲ့ သဘောမျိုး လုပ်လာလို့ ဗိုလ်မင်းအောင် လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ လဲလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို နိုင်တာက ဗိုလ်မင်းအောင် လှိုင်ပဲ။ သူက အချိန်မရွေး ဗိုလ်ရွှေမန်းကို ဖြုတ်ပစ်နိုင်တဲ့ အာဏာ ရှိတယ်။ အခု ကြားရတာကတော့ ဗိုလ်သိန်းစိန်က စိတ်ရင်းကောင်းနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တားထားတယ်လို့ ဆိုတယ်။ ဗိုလ်မင်းအောင် လှိုင်ရဲ့ စစ်ရုံးဘက်က သတင်းတွေအရ စစ်ရုံးမှာ ကာကွယ်ရေးဘတ်ဂျက်ဖြတ်ဖို့ လူတွင်ကျယ်လုပ်ခဲ့တဲ့ တိုးနိုင်မန်းကို အတော်ကလေး မကျေမနပ် ဖြစ်နေတယ်လို့ ဆိုတယ်။
အခု နောက်ဆုံးခုံရုံးနဲ့ ဖြစ်တဲ့ ပြဿနာမှာ ဗိုလ်မင်းအောင်လှိုင်ဘက်က ကိုယ်စားလှယ်တွေက လုံးဝ မထောက်ခံဘူး လို့ သိရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကျားဖြူဦးရဲထွန်းဟာ တပ်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးဖို့ သွားစည်းရုံးတော့ ခပ်မာမာပဲ မထိုးနိုင်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ပြီးတော့ စနေနေ့ မြ၀တီသတင်းစာနဲ့ ရတနာပုံသတင်းစာတွေမှာ မောင်အေးချမ်း(ဟားဗတ်)ရဲ့ ဆောင်းပါးတွေ ထည့်သွင်း ဖော်ပြထားတာ တွေ့ရတယ်။ ဒီသတင်းစာတွေဟာ တပ်သတင်းစာတွေ ဖြစ်တဲ့အတွက် တပ်ရဲ့အာဘော်ကို ဖော်ပြလိုက်တာ ဖြစ်တယ်။ ဗိုလ်မင်းအောင်လှိုင် ဆိုလိုချင်တာက တပ်မတော်ကတော့ ဒီလို ဖြစ်စေချင်တယ်၊ ဒီလိုလုပ်ပါ။ မလုပ်ရင်တော့ ဖြုတ်ပစ်ရမယ် ဆိုပြီး ဗိုလ်ရွှေမန်းကို ပြောလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းအနေနဲ့လည်း နောက်ဆုတ်လို့မရအောင် ဘုရင့်နောင် ဖော်ဖျက်ပြီး လူသိထင်ရှားလုပ်ထားတာ ဖြစ်တဲ့အတွက် နောက်ဆုတ်ဖို့ ခက်နေပြီ။ မဆုတ်ရင်လည်း ဗိုလ်မင်းအောင်လှိုင်က ဖြုတ်ပစ်တော့မယ့် အနေအထားမှာ ရှိနေတယ်။ ဗိုလ်ရွှေမန်းကတော့ တိုးနိုင်မန်းရဲ့ နိုင်ငံရေးသီအိုရီ အရူးအနှမ်းတွေကို ဆက်ပြီး လက်ခံနေရင်တော့ ဒုက္ခ တွေ့တော့မယ်။ ပြီးရင် ကြံ့ဖွံ့ ပြိုကွဲမယ်။ တပ်နဲ့ ကျောခိုင်းလိုက်ပြီ ဆိုရင်တော့ ဒီတိုင်းပြီင်္ ဘယ်ကိန်းဆိုက်မလဲ မေးစရာ မလိုတော့ဘူး။

အပိုင်း(၂) ဆက်လက် ဖော်ပြပါမည်။

ခရီးသွားများ


ခရီးသွားများ:

Posted by on August 16, 2012 

မြန်မာပြည်က ရေးတဲ့စာ – ၇
ခရီးသွားများ
ထရှုးမင်းကပုတ်ရဲ့ ဇတ်ကောင်မင်းသမီး ဟိုလီဂိုလိုက်လီဆိုတဲ့ လောကီဆန်လှတဲ့ အခြေအနေမဲ့ကလေးက သူ့ပစ္စည်း တွေကို ခရီးဆောင် သေတ္တာတွေထဲထည့်ပြီး လိပ်စာတတ်ရမဲ့ နေရာမှာ ‘ခရီးသွား နေသည်’ ဆိုတဲ့ စာတကြောင်းတည်း ထင်းနေအောင် ရေးထားခဲ့ပါတယ်။ ဒီလိုမျိုး နေထိုင်ရာဌာနအပေါ် သစ်ဆန်းတဲ့ အမြင်မျိုးကို စသိခဲ့ရတုန်းက ကျမက ဆယ်ကျော်သက်အရွယ်ကနေ ကူးပြောင်းခါစ၊ အံသြသဘောကျဘွယ်ရာ စွန့်စားခန်းအဖြစ် မြင်ခဲ့ပါတယ်။ ရုပ်ခန္ဓာအရ ရွေ့လျားသွားခြင်းနဲ့ပဲ ဆက်စပ်ပုံဖော်မိခဲ့ပါတယ်။
ကျမ မိုက်ကယ်နဲ့ လက်ထပ်အပြီး သူ့ရဲ့ ဟိမ၀န္တာဒေသ လေ့လာရေးကို စူးစူးနစ်နစ် စိတ်ဝင်စားမှုကြောင့် ကမ္ဘာရဲ့ ခေါင် ပေ့ဆိုတဲ့ ဒေသတွေဆီ မကြာခဏရောက်လေ့ရှိကာ အမြဲလိုလိုပဲ လှည့်လည်သွားလာနေရခဲ့လို့ ဒီအမြင်က ပိုပြီးအား ကောင်းလာခဲ့ပါတယ်။ ကျမတို့ ခရီးရှည်တွေက ပြန်လာတဲ့အခါ ကျမတို့ရဲ့မိတ်ဆွေအတော်များများဟာ အရင်လိပ်စာ တွေမှာပဲ ရှိနေတာကို တအံတသြ ဖြစ်ရတတ်ပါသေးတယ်။ လှုပ်ရှားသွားလာနေရတာကတော့ ကျမတို့အတွက် သာမန် ဘ၀ဖြစ်စဉ်လိုပါပဲ။ ကျမသား ၂ ယောက် မွေးပြီး နောက်ပိုင်းမှာတောင် ခရီးသွားလာခြင်းဟာ ကျမတို့ဘ၀ ရပ်တည်မှုမှာ တွဲလျက်ပါနေတာ ဖြစ်ပါတယ်။ ကျမ ဗမာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ချိန် မတိုင်မီ သုံးနှစ်လောက်အတွင်း ကျမတို့ရဲ့ နေရာဌာနဟာ အင်္ဂလန်၊ ဂျပန် အိန္ဒိယတို့အကြား ရွှေ့ပြောင်းခဲ့ပါတယ်။
ခရီးရှည်ကြီးလို့ တင်စားပြောဆိုကြတဲ့ ဘ၀တွေဆိုတာ အကြမ်းအားဖြင့်တော့ ဖြစ်ရပ်အထွေထွေနဲ့ ပြည့်နှက်နေတတ် တာမျိုးပါပဲ။ သာမန်နေ့များကို ပုံမှန်အတိုင်းပဲ ကုန်ဆုံးသွားတာမျိုးကို ခရီးသွားခြင်းလို့ ခေါ်ထိုက်တယ်လို့ ယူဆလေ့မရှိပါ ဘူး။ ထပ်တလဲလဲဖြစ်နေတဲ့ ကိစ္စတွေဟာ ထူးခြားတဲ့ လက္ခဏာတွေပျောက်ပြီး လှုပ်ရှားမှုနှေးကွေးလွန်းလို့ လုံးဝရပ်ဆိုင်း နေပြီထင်ရတဲ့ ရေခဲမြစ်သဖွယ် ဖြစ်သွားပါတယ်။ ငြိမ်သက်ခြင်းသည်သာ ကျမတို့ရဲ့ အာရုံတွေကို ပတ်ဝန်းကျင်လောက ရဲ့ အနိမ့်အမြင့် အတက်အကျတွေအပေါ် ထိရှခံစားနိုင်အောင် ထက်မြက်လာစေပါတယ်။
ကျမ နေအိမ်အကျဉ်းကျခံနေရတဲ့ နှစ်များ အတွင်းမှာပဲ ခရီးကို ဘ၀လို့ထင်တဲ့အစား၊ ဘ၀ကို ခရီးတခုလို စသိလာခဲ့ပါ တယ်။ မခြားနားတဲ့ နိစ္စဓူဝလုပ်ငန်းတွေဟာ လျင်မြန်စွာ ကုန်ဆုံးနေတဲ့ တနေ့ချင်း တနေ့ချင်းကို ဖွဲ့စည်းထားတဲ့ မိနစ် တမိနစ်ချင်း ခြားနားပုံနဲ့ အချိန်ရဲ့အမြန်နှုန်းအပေါ် သိရှိခံစားနိုင်တဲ့ အာရုံကို မြင့်မားလာစေပါတယ်။ အနိစ္စတရားဆိုတာ ဟာ ဒဿန တစ်ရပ်သာ မဟုတ်တော့ပဲ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘ၀၊ ဖြစ်နေ ပျက်နေတဲ့ တဒင်္ဂတွေကနေ သီတင်းပတ် တွေ၊ လတွေ၊ နှစ်တွေ ဖြစ်လာခဲ့ပါတယ်။
ပုံမှန်တရားထိုင်တာက သတိရှိခြင်းကို ပိုထက်မြက်စေတယ်ဆိုတာ သံသယဖြစ်စရာ မဟုတ်ပါဘူး။ သိမှတ်စိတ် တခုက နေ နောက်တခုကို သတိကပ်ပြီး ဖြတ်နေတဲ့အခါ ကျမရဲ့ အမြဲတမ်းလိပ်စာဟာလည်း ‘ခရီးသွားနေသည်’ ဆိုတာပါပဲ လားလို့ ခံစားမိလာတယ်။ စွန့်ပစ်ဖို့ လိုတာတွေကို စွန့်ပစ်နိုင်ဖို့ ကျမရဲ့ ခရီးဆောင် အထုပ်အပိုးတွေကို အချိန်တိုင်း အမြဲ ပြန်သုံးသပ်လာတတ်ပါတယ်။ ကျမ အမြဲတန်းပဲ ခရီးသွားနေရမယ်ဆိုတာကို သိလာကတည်းက ကျမ ပေါ့ပေါ့ပါးပါးပဲ သွားလာချင်တော့တယ်။
စိတ်ကူးယဉ်ပုံပြင်ထဲက ဇတ်ကောင်တယောက်လို အချိန်နဲ့ သံသရာထဲ လည်ပြီးရင်း လည်ရဦးမယ်ဆိုတဲ့ ရှည်လျားတဲ့ ခရီးတခုပေါ် ရောက်နေတယ်ဆိုတာ သိရတဲ့အခါ ဂိတ်တံခါးအမြင့်တွေ၊ သံဆူးကြိုးတွေ၊ မဆုံးနိုင်တဲ့ ခရီးတာများစွာ ကာ ဆီးနေတာတွေကို ကျော်လွှားပြီး ကျမရဲ့ ခရီးဖော်တွေကို အမီလှမ်းနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ ဘယ်ကိုဦးတည်မှန်း၊ ဘယ်ရောက်မှန်း မသိပေမဲ့ ကိုယ်ကိုယ့်ကိုယ် ခရီးသွားဆိုတာကို သိနေတဲ့သူ အချင်းချင်းဟာ ဘာ သာစကားတွေ၊ ယဉ်ကျေးမှုနယ်ပယ်တွင်သာမက အချိန်နဲ့နေရာတွေကိုပါ ကျော်လွှားပြီး အမှန်တကယ်ပဲ ဆက်သွယ်နိုင် တယ်မဟုတ်ပါလား။ မြေပုံဆွဲထားခြင်း မရှိသေးတဲ့ ဒေသတွေမှာ ခရီးသွားနေရသူတွေဟာ မသိရာနေရာတွေကို ယုံ ကြည်ချက်နဲ့ ရဲစွမ်းမှုကိုသာ အကာအကွယ်ယူပြီး စွန့်စားဖြတ်သန်းရတဲ့ အန္တရာယ် အတွေ့အကြုံချင်း တူညီမှုတွေကြောင့် အချင်းချင်း မျှဝေခံစားမှုတွေ တိုးပွားလာရတယ်။
ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လုံးလုံး ခရီးကြမ်းကြီးကို လျှောက်လာခဲ့ကြတာဆို တော့ အခု ဂျပန်ပြည်သူတွေရဲ့ တောင်တက်ခရီးလမ်းလို့ပြောရမဲ့ ကမ္ဘာ့အကြီးဆုံး ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည် တည်ဆောင်ခြင်း အစီအစဉ် တခုအပေါ် ထွက်ခွာခဲ့တာ တွေ့ရတဲ့အခါ လေးလေးနက်နက် ထောက်ထားစာနာရုံသာမက အားလုံးအောင်မြင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်မိပါတယ်။ ကျမတို့ရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေအား လုံးကို ကျော်လွှားနိုင်စေဖို့ ကျမတို့ ဆုတောင်းကြသလို ဂျပန်ပြည်သူတွေလည်း မိမိတို့ရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေအား လုံးကို ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖိနှိပ်မှုလှိုင်းတံပိုးတွေ အများကြီးစီးခဲ့ရတာပါ။ အဆိုးဆုံး အချိန်တွေတုန်းက ကျမတို့ ဟာ နေ့တနေ့ကို စရင် မနေ့ညက ဘယ်သူတွေကို ဆွဲသွားသေးလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ စရပါတယ်။ တနင်္လာနေ့တွေက အထူးဆိုးပါတယ်။ လုံခြုံရေးတပ်တွေက သူတို့ရဲ့ မနှစ်လိုဖွယ် စိုးရွံ့စရာလုပ်ငန်းတွေကို သီတင်းပတ်ကုန်အားရက်တွေမှ ရွေးလုပ်သလိုပါပဲ။ ဒီလိုရက်တွေဆို ကျမတို့ ပါတီဝင်အချင်းချင်း ဆက်သွယ်ဖို့က ခက်ခဲပါတယ်။ ကျမတို့ ရုံးကဖုန်းနဲ့ ကျမအိမ်က ဖုန်းက သုံးမရတာ နှစ်နဲ့ချီနေတဲ့အပြင် အတက်ကြွဆုံး ပါတီဝင်အချို့အိမ်က ဖုန်းတွေကိုလည်း ဖြတ်ဖြတ် ထားတတ်ပါတယ်။ ဒီအချိန်တွေတုန်းက လက်ကိုင်ဖုန်း (ကောင်းချီးများစွာ ပေးရမဲ့ ပစ္စည်းပါ) ကလည်း မပေါ်သေးတော့ ကျမတို့ရဲ့ လူငယ်တွေကိုပဲ ဟိုပြေး ဒီပြေးခိုင်းပြီး တရားမျှတမှု ကျင့်ဝတ်စံ အားလုံးအရ ကိုယ့်အိပ်ရာမှာကိုယ် အေးအေး အိပ်နေရမယ့်သူတွေထဲက ဘယ်သူတွေများ ပါသွားသေးလဲဆိုတဲ့ သတင်းတွေ စုံစမ်းခိုင်းရပါတယ်။
ဒီလို မထောက်မညှာတဲ့ နှိပ်ကွပ်ခြင်းတွေခံနေရတဲ့ နေ့တွေကို ဖြတ်သန်းရာမှာ ကျမတို့ရဲ့ ဆင်ခြင်တုံတရားတွေတင်မက ကျမတို့ရဲ့ ဟာသဉာဏ်တွေတောင် မပြိုလဲခဲ့ရအောင် ဘာနဲ့ ကျားကန်ခဲ့ရပါသလဲ။ အဲဒါက ကျမတို့ရဲ့ အားကောင်းတဲ့ သွေးစည်းညီညွတ်မှုပါပဲ။ ဒါကပဲ ကျမတို့ရဲ့ ခါးတွေကို မတ်နေစေပြီး ဘယ်လိုဖိနှပ်မှုမျိုးကိုမဆို ရင်ဆိုင်ခရီးဆက်စေခဲ့ ပါတယ်။ ကျမတို့ရဲ့ သွေးစည်းညီညွတ်မှုကို ဂျပန်မှာ ဒုက္ခကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို ကမ်းလှမ်းချင်ပါတယ်။ ပြန်လည် ရှင်သန်ဖို့၊ ပြန်လည်စတင်ဖို့ လမ်းခရီးကို လျှောက်တဲ့အခါ ကျမတို့ဟာ အတူရှိနေမှာပါ။
ဒီလအတွက်စာမှာ ဘယ်လိုအကြောင်းအရာမျိုးရေးရမလဲလို့ ကျမကိုယ် ကျမ မေးမိတယ်။ ဒီလိုအချိန်မှာ ဂျပန်နိုင်ငံအ တွက် အဓိကဖြစ်တဲ့ ကိစ္စရပ်ကြီးနဲ့ မသက်ဆိုင်တဲ့ အကြောင်းတွေအတွက် နေရာရှိပါ့မလား။ ဆူနာမီ ဒါမှမဟုတ် သူ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ မဆိုင်တဲ့ ဆောင်းပါးမျိုးကပဲ ပူပန်သောကရောက်နေတဲ့ ပြည်သူတွေအတွက် သူတို့ လိုလားတဲ့ အပြောင်းအလဲမျိုးပိုဖြစ်စေမလား။ ပြီးခဲ့တဲ့လက တိရစ္ဆာန်လေးများအကြောင်း ၂ ကို ကျမဆက်မရေးပဲထားခဲ့ တယ်။ ဒီလိုအရေးကြီးတဲ့ အခါမျိုးမှာ တိရစ္ဆာန်လေးတွေအကြောင်း လျှောက်ရေးတာ သင့်တော်တယ်လို့ ကျမမထင်လို့ ပါ။ ‘နောက်လ’ မှ ရေးမယ်ပေါ့။ နောက်လဆိုတာ ဒီလဖြစ်လာပါပြီ။ ကျမရေးဖို့ တုံ့ဆိုင်းဆဲပါပဲ။ သင့်တော်ဦးပါ့မလား။ နောက်တော့ ဒီလိုအချိန်မျိုးမှာ ဂျပန်ပြည်သူတွေ ဘယ်လိုအကြောင်းအရာမျိုး ဖတ်ချင်ကြမလဲဆိုတာ ကျမသိရရင် ကောင်းမယ်လို့ ကျမ စဉ်းစားမိပါတယ်။ သူတို့အတွက် ကျမရဲ့စာတွေက ဘယ်လိုကူညီနိုင်မလဲဆိုတာ ကျမရဲ့စာဖတ် ပရိတ်သတ်တွေက ကျမကို ပြောပြကြပါလား။
အောင်ဆန်းစုကြည်
ပြည်သူ့ခေတ်ဂျာနယ်
(၂၃.၅.၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
(ဂျပန်နိုင်ငံ ဆူနာမီငလျင်နှင့် အဏုမြူဓါတ်ပေါင်းဖိုများ ဖိုစိမ့်မှုကြောင့် လူအများအား ပြန်လည် နေရာချထားသည့်အချိန် တွင် ရေးသားခဲ့ခြင်း ဖြစ်သည်) 

မရှောင်နိုင်ကြတဲ့ အမှား ၉ ချက်


PDF Print E-mail
Written by ၀င်းငြိမ်း   
Monday, 06 August 2012 16:53


၂၀၁၂ ခုနှစ် ဧပြီလထုတ် The Writer မဂ္ဂဇင်းမှာ စာရေးဆရာမ ဆူဇန်ဘရင်းက စာရေးသားဖို့ ကြိုးစား နေကြသူများ မရှောင်နိုင်ကြတဲ့ အမှား ၉ ချက်ကို ထုတ်နုတ် တင်ပြထားပါတယ်။
ဆရာမ ဆူဇန်ရဲ့ The Fiction Class ၀တ္ထုကို Penguin စာအုပ်တိုက်ရဲ့ တိုက်ခွဲ တစ်ခုဖြစ်တဲ့ Plume စာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။ ဆရာမက မဂ္ဂဇင်းများမှာ ၀တ္ထုတိုပေါင်း များစွာ ရေးသားနေသူ ဖြစ်ပြီး Gotham Writers’ Workshop မှာ စာရေးသား နည်းများကို သင်ကြား ပို့ချနေသူ ဖြစ်ပါတယ်။
နယူးယောက်မြို့ မန်ဟက်တန်မှာ အခြေစိုက်တဲ့ စာရေးနည်း သင်တန်းများမှာ ကျွန်မ သင်ကြား ပို့ချခဲ့တာ ဆယ်စုနှစ် တစ်ခု မကတော့ပါဘူး။ ကျွန်မ စာသင်ခန်းထဲမှာ ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်က မင်းသား၊ မင်းသမီးများမှ အစ  အငြိမ်းစား အင်္ဂလိပ်စာ ကျောင်းဆရာများ အလယ် ဘယ်လို လူတန်းစားရယ်လို့ ခွဲခြား မရတဲ့သူတွေ အဆုံး လူတန်းစား ပေါင်းစုံကို တက်ရောက် ခဲ့ကြပါတယ်။ အဲဒီလို အလွှာစုံ တက်ရောက် ခဲ့ကြပေမဲ့ သူတို့အားလုံး အံ့သြစရာ ကောင်းလောက်အောင် တူညီတဲ့ အမှားတွေ ကျူးလွန်တတ်ကြတယ် ဆိုတာ ကျွန်မ အတွေ့အကြုံအရ သိခဲ့ရပါတယ်။  ဒီအမှားတွေကို ခွဲခြမ်း စိတ်ဖြာလိုက်ရင် အမှား ၉ ချက်ရှိတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် စာရေးဖို့ စိတ်ဝင်စား နေကြသူများ ရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
၁။ဇာတ်ကြောင်းကို စောစောစီးစီး ဖော်ပြလိုက်ခြင်း
စာရေးဆရာ တော်တော်များများက သူတို့ရေးတဲ့ ၀တ္ထုဇာတ်ကြောင်းကို စိတ်ဝင်စားစရာ နေရာ မရောက်ခင်မှာ ဖော်ပြ လိုက်ကြတာ တွေ့ရပါတယ်။ ၀တ္ထု တစ်ပုဒ်ကို ရေးတဲ့ နေရာမှာ အခင်းအခက်တွေ မပါသေးဘဲ ဇာတ်ကြောင်းကို ချရေး လိုက်မယ်ဆိုရင် စာဖတ်သူ အတွက် စိတ်ဝင်စားမှုအား နည်းပါး သွားစေပါတယ်။ ဒီလို ၀တ္ထုမျိုးကို ထုတ်ဝေသူထံပဲ ပို့ပို့၊ အယ်ဒီတာဆီပဲ ပို့ပို့ စိတ်ဝင်စားမှု ရှိစေတော့မှာ မဟုတ်ပါဘူး။
ဆိုကြပါစို့၊ အများသိတဲ့ စင်ဒရဲလား ပုံပြင်လေးနဲ့ပဲ ဥပမာ ပြချင်ပါတယ်။ ဒီပုံပြင်က မိထွေး ဖြစ်သူရဲ့ နှိပ်စက် ညှဉ်းပန်းမှုကို ခံနေရတဲ့ မိန်းကလေး တစ်ယောက် အကြောင်းပါ။ ဒီမိန်းကလေးက တစ်အိမ်လုံးရဲ့ မေတ္တာကို မရရှိခဲ့တာ ဖြစ်လို့ သူ့အနေနဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိမဲ့သူ တစ်ယောက်ကို တမ်းတ နေပါတယ်။ ဒီဇာတ်ကြောင်းကို ဘယ်လို စဖွင့်မလဲ။ ဘယ်လို စာပိုဒ်နဲ့ စပြီး ဆွဲဆောင်မလဲ။
စင်ဒရဲလားလေးကို ကယ်တင်မဲ့ နတ်သမီး ရောက်လာတဲ့ နေရာကနေ စရေးမလား။ “ဟယ်...ဘယ်သူလဲ မသိဘူး၊ လှလိုက်တာ” လို့ စင်ဒရဲလားက တအံ့တသြ ဆိုလိုက်တယ်။ သူ့ရှေ့မှာ ပေါ်လာတဲ့ နတ်သမီးကို အံ့သြတဲ့ မျက်လုံးများနဲ့ ငေးကြည့် နေမိပါတယ်။ ဒီလို စာပိုဒ်နဲ့ စလိုက်မယ်ဆိုရင် စာဖတ်သူ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို စပြီးသားဖြစ်သွားပါမယ်။ ဒီဇာတ်လမ်းရဲ့ နောက်ပိုင်းမှာ စာရေးသူက စင်ဒရဲလား ဆိုတာ ဘယ်သူလဲလို့ ဖော်ပြ သွားပါလိမ့်မယ်။  အခုစာကြောင်းက ပထမဆုံး စာဖတ်သူ ဖတ်လိုက်ရမဲ့ စာကြောင်း ဖြစ်တာကြောင့် စာဖတ်သူရဲ့အာရုံကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းနဲ့ မစဘဲ တခြား တစ်နည်းနဲ့လည်း စလို့ ရပြန်ပါတယ်။ အဲဒီနည်း ကတော့ နတ်သမီး ပေါ်မလာခင် စင်ဒရဲလားလေး ဒုက္ခဆင်းရဲ ခံရတာတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။ စင်ဒရဲလားက မျက်ရည် တွေတွေကျရင်း ကြမ်းပြင်ကို အကြိမ် ၅၀ မြောက် အဖြစ် တိုက်နေပါတယ်။ ဒီလိုစာပိုဒ်နဲ့ စလိုက်မယ် ဆိုရင် စာဖတ်သူက စင်ဒရဲလားရဲ့ဒုက္ခကို စပြီး စိတ်ဝင်စား သွားမယ်။ ဘာကြောင့် ဒီကလေးမက အလုပ်တွေ ဒီလောက် လုပ်ရတာလဲ။ ဒီလောက် အလုပ်လုပ် ရတာတောင် ပြန်မပြောနိုင်လောက် အောင် သူ့ကို ခိုင်းစေနေသူက ဘယ်သူဖြစ်လို့လဲ။ စာဖတ်သူက ဒီစာပိုဒ်မှာတင် ဆက်ပြီး တွေးစရာတွေ အများကြီး ရှိလာပါပြီ။
စာရေးဆရာ အများစု မှားတတ်ကြတဲ့ အမှားကတော့ စင်ဒရဲလား ပုံပြင်လိုဟာမျိုးကို အဲဒီလို စိတ်ဝင် စားစရာ ကောင်းတဲ့ နေရာမျိုးက မစဘဲ စင်ဒရဲလား အိပ်ရာက ထခါစ အချိန်မျိုးကနေ စရေးတတ်ကြပါတယ်။ စင်ဒရဲလားက မျက်လုံး နှစ်လုံးကို ဖွင့်လိုက်တယ်။ ကျေးငှက်ကလေးတွေ အော်မြည်သံကို နားစွင့်နေမိတယ်။ အိပ်ရာက ထလိုက်ပြီး မျက်နှာသစ် သွားတိုက် လိုက်ပါတယ်။ ဒီနေ့ တစ်နေ့လုံး အဆင်ပြေပြေ ကုန်ဆုံး ပါရစေလို့ မျှော်လင့်မိတယ်။ အဲဒီလို စရေးလိုက်မယ် ဆိုရင် ကျွန်မ အနေနဲ့တော့ လုံးဝ စိတ်မ၀င်စားပါဘူး။ သာမန်လူတစ်ယောက်လို အိပ်ရာက ထ၊ မျက်နှာသစ် သွားတိုက်တာမျိုးကတော့ လူတိုင်း လုပ်နေကျ အလုပ်ပဲ။ ဒါကြောင့် စင်ဒရဲလား အနေနဲ့လည်း ဘာထူးမှာလဲ။ အိပ်ရာထစ နံနက်ခင်း ပတ်ဝန်းကျင် အလှအပ ဖွဲ့နေခြင်း က ၀တ္ထုရဲ့ အဖွင့် အပိုဒ်အနေနဲ့ ဆိုရင် ဘယ်လိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကို ဖြုတ်ချလိုက်မယ်ဆိုရင်တော့ စင်ဒရဲလား အိမ်အလုပ်တွေ မရပ်မနား လုပ်ရတဲ့ အခန်းကို ရောက်သွားမယ်။ ဒါဆိုရင် စိတ်ဝင်စားစရာ ကောင်းသွားပါပြီ။ ၀တ္ထုတိုင်းမှာ ဒီလိုပါပဲ။ အစအပိုဒ်ကို စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးမယ်ဆိုရင် ဖတ်ရတဲ့ သူအတွက် ဆွဲဆောင်မှု ရှိပါလိမ့်မယ်။
၂။ဇာတ်ကွက်မှ ခွဲထွက်ခြင်း

ကြုံဖူးကြပါလိမ့်မယ်။ သူငယ်ချင်း တစ်ယောက်ယောက်က “ငါ့မှာ သိပ်စိတ်ဝင် စားစရာကောင်းတဲ့ ဇာတ်လမ်း တစ်ခုရှိတယ်။ မင်းကို ပြောရဦးမယ်” လို့ ဆိုပေမဲ့ သူ ပြောတဲ့ဇာတ်လမ်းက ထူးထူးခြားခြား ဘာမှ ဖြစ်မသွားတာမျိုးပေါ့။ ဒါမျိုးတွေက လူတိုင်း ကြုံဖူးကြမှာပါ။ ၀တ္ထုရယ်လို့ ရေးဖွဲ့ ရလောက်အောင် ဘာမှမဖြစ်တဲ့ အဖြစ် အပျက်မျိုးက စာဖတ် ပရိသတ်ကို ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး။ မိခင်တစ်ယောက် က အိမ်မှာ ကလေးများနဲ့ အတူထိုင် နေရင်း သူမ ဘ၀ အခက်အခဲတွေကို တွေးနေတာမျိုး။ အမျိုးသားကြီး တစ်ယောက်က လုပ်ငန်းခွင်ကို သွားပြီး သူ့အလုပ်က ငြီးငွေ့စရာကောင်းလိုက် တာလို့ စဉ်းစားတာမျိုး။ ကလေး တစ်ယောက်က အိမ်စာတွေများ လိုက်တာလို့ စဉ်းစားတာမျိုး။ အဲဒီလို ဘာမှ မထူးခြားတဲ့ ကိစ္စမျိုးတွေကို ကျွန်မ အကြိမ်ပေါင်း မရေမတွက် နိုင်လောက်အောင် ဖတ်ခဲ့ဖူးပါတယ်။ သာမန် အကြောင်းအရာများသာ ဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေကို အဖြစ် အပျက်များနဲ့ ဖန်တီး လိုက်မယ်ဆိုရင် ၀တ္ထုကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဆိုကြပါစို့၊ ကလေးငယ်များနဲ့ ထိုင်ပြီး သူ့ဘ၀အခက်အခဲတွေ တွေးနေတဲ့ မိန်းမ တစ်ယောက်ရဲ့ နာမည်က ကာရီ ဆိုကြပါစို့။ ထိုင်တွေး နေတာကိုပဲ ရေးမယ်ဆိုရင် ဘယ်မှာ စိတ်ဝင်စားစရာ ရှိပါ့မလဲ။ ကာရီက သူမရဲ့ မိတ်ဆွေတစ် ယောက်ထံမှ လက်ဖက်ရည် သောက်လာဖို့ ဖိတ်တဲ့ E-mail တစ်စောင်ရတယ် ဆိုကြပါစို့။ တကယ်တော့ ကာရီက သူ့မိတ်ဆွေ ဖိတ်တဲ့ နေရာကို သွားပြီး အေး အေးဆေးဆေး လက်ဖက်ရည်သောက် ကြရင်း ထွေရာလေးပါးတွေ ပြောချင်ပါရဲ့။ ဒါပေမဲ့ ကလေးတွေချည်းပဲ အိမ်မှာ ထားခဲ့လို့ မဖြစ်ပြန်ဘူး။ ကလေးထိန်းတဲ့ အိမ်ဖော် မိန်းကလေးက အလုပ် ထွက်သွားတယ်။ အမေ့ကို အကူအညီ တောင်းမယ်လို့ စဉ်းစား ပြန်တော့လည်း အမေက ဒီနေ့ အရေးကြီးတဲ့ လုပ်ငန်း အစည်းအဝေး တစ်ခုတက်စရာ ရှိနေပြန်တယ်။ အဲဒီတော့ သူငယ်ချင်း ဖိတ်တဲ့ လက်ဖက်ရည် ပွဲကို ဘယ်သွားနိုင်ပါမလဲ။
ဒီလို ဖန်တီးလိုက်ရင် စောစောက ရေးထားသလို ဘ၀ အခက်အခဲတွေကို ထိုင်စဉ်းစားနေတဲ့ မိန်းမတစ်ယောက် ဆိုတာထက် စိတ်ဝင်စားစရာ ကောင်းလာတယ်။ ဇာတ်ကောင်က အိမ်ကနေ အပြင်ကို ထွက်ချင်တယ်။ ဒါပေမဲ့ သူ့ မှာ အခက်အခဲတွေ ရှိနေတယ်။ မိခင် ဘ၀ရောက်နေတဲ့ အတွက် ကလေးတွေ ကို ထားခဲ့လို့ မဖြစ်ဘူး။ ကလေးထိန်း တစ်ယောက် လိုအပ်နေတယ်။ ဒီတော့ ၀တ္ထုဆိုတာ အမြဲတမ်း ပျော်စရာတွေ ချည်း ဖြစ်မနေနိုင်ဘူး။ တစ်ခါတလေမှာ ၀မ်းနည်း ကြေကွဲစရာတွေ ရှိနေနိုင်ပြီး တစ်ခါတလေမှာတော့လည်း ပျော်ရွှင်မှုနဲ့ ကြေကွဲမှုကြားမှာ ရှိတတ်ပါတယ်။
သတိ ပြုသင့်တာက အခု ကျွန်မ ပေးလိုက်တဲ့ ဥပမာဟာ ကာရီဆိုတဲ့ မိန်းမတစ်ယောက် သူငယ်ချင်း ချိန်းတဲ့ လက်ဖက်ရည် ပွဲကို သွားဖို့ အခက်အခဲ ရှိတာလေးကိုသာ ရေးပြထားတာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးပါ။ ဒီထက် ကြီးကျယ်တာတွေကို ဖန်တီး နိုင်ပါတယ်။ တော်နေဒိုမုန်တိုင်း ကျတော့မယ်လို့ သတင်း ရထားပြီး အိမ်မှာ သူနဲ့ ကလေးတွေက လွဲရင် ဘယ်သူမှ မရှိတာမျိုးပေါ့။ ကျွန်မတို့ ကြုံနေရတဲ့ နေ့စဉ် ဘ၀တွေထဲမှာ ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ စာရေးသူက သူ့ဇာတ်ကောင်ကို ဘယ်လိုဇာတ်ကောင် မျိုးဖြစ်တယ်လို့ ဖန်တီးဖို့ အသေအချာ စဉ်းစားရပါမယ်။
၃။ဇာတ်ကောင်များကို အခက်အခဲများ မှ အလွယ်တကူ ကျော်လွှားစေခြင်း
ဇာတ်ကောင်ကို စာရေးဆရာက ဖိအားများစွာ ပေးထားပြီးမှ အဲဒီဖိအား တွေကနေ အလွယ်တကူ သူရဲကောင်း တစ်ယောက်လို လွတ်မြောက်သွားတယ် လို့ ဖန်တီးခြင်းဟာ မှားတယ်လို့ ဆိုရပါမယ်။ လွတ်မြောက်တယ် ဆိုတဲ့ နေရာမှာ ကျော်လွှားခြင်း အားဖြင့် လွတ်မြောက်ခြင်းနဲ့ ထွက်ပြေးခြင်း အားဖြင့် လွတ်မြောက်ခြင်း နှစ်မျိုး ရှိနေပြန်ပါတယ်။ စစ်နောက်ခံ ၀တ္ထုများမှာ စစ်သားများဟာ ရင်ဆိုင် တိုက်ခိုက်ရမဲ့ ရန်သူ ရှိနေခြင်းကြောင့် မုချ စိတ်ဖိစီးမှု ရှိနေကြပါတယ်။ သူတို့ဟာ ဒီအခက် အခဲကို မကျော်လွှားနိုင်ရင် သူတို့ အသက်တွေကို စွန့်ကြရမှာပါ။ ကိုယ့် ဇာတ်ကောင်က စစ်သားတစ်ယောက် ဖြစ်နေရင် အသက်မသေတောင်မှ စိတ်ဖိစီးမှု များစွာတော့ ရှိနေရမှာပါ။
ဥပမာ-ဘေလီ ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီး ကြည့်ရအောင်ပါ။ သူက ဂေါ့ဖ်ရိုက်တာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ ရိုက်တတ်သလား ဆိုတော့ ကောင်းကောင်း မရိုက်တတ်ပါဘူး။ သူက မိန်းမ တစ်ယောက်နဲ့ တွေ့တယ်။ အဲဒီမိန်းမက ဂေါ့ဖ်ကောင်းကောင်း ရိုက်တတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေတယ်။ ဒါကြောင့် ဘေလီက ဂေါ့ဖ်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်အောင် ကြိုးစားပါတယ်။ ဖြစ်ချင်တော့ အဲဒီ မိန်းကလေးရဲ့ ဖခင်ကလည်း ဂေါ့ဖ် ချန်ပီယံ တစ်ဦးဖြစ်ပြီး ဘေလီကို တခြား တစ်နေရာ သွားရောက် လည်ပတ်ရင်း ဂေါ့ဖ်ကစား ရအောင်လို့ ဖိတ်ခေါ်ထား ပါတယ်။ ဒီအခြေအနေမှာ ကျွန်မတို့ ဇာတ်လိုက်ကြီးက ဂေါ့ဖ် ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်မှ ဖြစ်မှာမို့ အကြီးအကျယ် ကြိုးစား ပါတော့တယ်။ ယောက္ခမလောင်းကြီးက ဘေလီ ဂေါ့ဖ် ကောင်းကောင်းမကစားတတ်တာကို သိ ထားတော့ သူ့သမီးကို သိပ်အရော မ၀င်ဖို့ သတိပေးထားတယ်။
ဒီတော့ ဘေလီက ခရီး မထွက်ခင်မှာ ကျွမ်းကျင်အောင် အသေအလဲ ကြိုးစား ရပြီပေါ့။ သူ့ကို အထင်သေးတဲ့ ယောက္ခမလောင်းကြီးကို အနိုင် ကစားပြဖို့ စိတ်ထက်သန်နေပြီ။ အားလပ်ရက်အပန်းဖြေ ခရီးထွက် ကြတော့ သူတို့ ဂေါ့ဖ်ကစားမဲ့ နေရာမှာ မိန်းကလေးရဲ့ ချစ်သူဟောင်းနဲ့ သွားဆုံမိကြတယ်။ ဖြစ်ချင်တော့ အဲဒီလူက မကြာသေးခင်ကမှ ဂေါ့ဖ်ပြိုင်ပွဲ တစ်ခုမှာ အနိုင် ရထားတဲ့ သူဖြစ်နေတယ်။
အခြေအနေတွေကို ဆိုးသထက် ဆိုးအောင် စာရေးဆရာက တစ်ဆင့်ပြီး တစ်ဆင့် ဖန်တီးသွားလို့ ရပါတယ်။ ဇာတ်ကောင် အပေါ်မှာ စိတ်ဖိစီးမှုတွေ တစ်ခုပြီး တစ်ခု ဆင့်သွားတာပေါ့။ ဒါတွေကို ဇာတ်ကောင်က ဘယ်လို ဖြေရှင်းသွား မလဲ။ ဒီလို ရေးလိုက်ရင် စာဖတ်သူက ဇာတ်ကောင်နဲ့ ထပ်တူထပ်မျှ စိတ်ဖိစီး မှုတွေ ရှိလာနေမှာ ဖြစ်သလို ဖြေရှင်း နိုင်တဲ့ အခါမှာလည်း ဇာတ်ကောင်နဲ့ အတူ စိတ်လက် ပေါ့ပါးသွားမှာပါ။ စာရေးဆရာ တစ်ယောက် အနေနဲ့ ကိုယ့် ဇာတ်ကောင်ရဲ့အပေါ်မှာ စိတ်ဖိစီးမှုတွေ များများပေးလေ ဇာတ်ရှိန်က မြင့်တက် လာလေ ဖြစ်ပါတယ်။ သူ အခက်အခဲတွေ ကျော်နိုင်ပါ့မလား ဆိုတာကို စာဖတ်သူ ကိုယ်တိုင်ကလည်း စိတ်မောစွာနဲ့ ဖတ်နေမှာပါ။
ကိုယ့်ဇာတ်ကောင်ကို စိတ်ဖိစီးမှုတွေ ဖန်တီးမယ် ဆိုရင် စာရေးသူ ကိုယ်တိုင်ကလည်း အခြေအနေ အရပ်ရပ်ကို နားလည် ရပါမယ်။ ဒါကြောင့် ဇာတ်ကောင်ပေါ်မှာ စိတ်ဖိစီးမှု ဖန်တီးမယ် ဆိုရင် အဲဒီဖိစီးမှု အကြောင်းကို စာရေး သူ ကိုယ်တိုင်က နားလည် တတ်ကျွမ်း ရပါမယ်။ ကျွန်မ ပြောခဲ့တဲ့ ဇာတ် ကောင်နဲ့ဆိုရင် စာဖတ်သူက ဘေလီဆိုတဲ့လူ ဂေါ့ဖ် ဘယ်ကနေ တတ်လာသလဲ။ ဒီမိန်းမကို ဘယ်လို စတွေ့တာလဲ။ သူတို့နှစ်ယောက် အခြေအနေက ဘယ်လိုလဲ။ ဘေလီက ဂေါ့ဖ်ကစားနည်းကို ဘယ်ကနေ စတတ် လာတာလဲ။ သူ ဘယ်မှာ အလုပ် လုပ်တာလဲ။ သူက ဘယ်လို လူစားမျိုးလဲ။ သူ့ကိုယ်သူ ယုံကြည်မှု ဘယ်လောက် ရှိသလဲ။ ဘယ် လိုဝတ်စား ဆင်ယင်တတ်သလဲ။ သူ့မိဘတွေက ဘာကြောင့် ဘေလီဆိုတဲ့ နာမည် ပေးခဲ့တာလဲ စသဖြင့် ဇာတ်ကောင်နဲ့ ပတ်သက်ပြီး သိချင်စရာတွေ အများကြီးပါပဲ။ ဇာတ်ကောင်အကြောင်း ပြည့်ပြည့် စုံစုံသိလေ စာဖတ်သူ အတွက် ဒီဇာတ်ကောင်ဟာ သက်ဝင် လှုပ်ရှားလေလေပါပဲ။
၎။ဇာတ်လမ်းထဲတွင် မထည့်ချင်သည့် ကိစ္စများ
ကျွန်မတို့ အားလုံး စာရေးခါစမှာ အများအားဖြင့် ဇာတ်ကောင် နေရာမှာ ကိုယ့်ကိုယ်ကို ထားပြီး ရေးတတ်ကြပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ် ဖြစ်ချင်တာတွေကို ထည့်ပြီး ဖန်တီးတတ်ကြတယ်။ ဒါပေမဲ့ ၀တ္ထု တစ်ပုဒ်ကို ဖန်တီးရာမှာ အဲဒီလို ရေးတတ်သူတွေက ပြဿနာ ကြုံတတ်ပါတယ်။ ပြဿနာ မပါပြန်ရင်လည်း ဒီစာမူက ၀တ္ထုမဟုတ်တော့ဘဲ ဂျာနယ်မှာ ထည့်ရတဲ့ စာမျိုး ဖြစ်သွားပြန်ရော။ တချို့ကတော့ ကိုယ့်အကြောင်း မဟုတ်ဘဲ နီးစပ်ရာ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို စံထား ပြီး ဇာတ်ကောင်အဖြစ် ရေးတတ်ကြပါ တယ်။ စံထားတဲ့ ပုဂိ္ဂုလ်ရဲ့ အကြောင်း အရာများကို ထည့်ရေးကြတယ်။ ဆို ကြပါစို့၊ အန်ကယ်လူးဝစ္စ ဆိုသူကို စံ ထားတယ် ဆိုကြပါစို့။ သူက ကုန်ပစ္စည်း တစ်ခု တီထွင်ပြီး မူပိုင်အဖြစ် မှတ်ပုံ တင်ခွင့်လည်း ရထားတယ်။
အဲဒီလို ရေးပြီး ကျွန်မကို ဖတ်ကြည့်ဖို့ ပေးတဲ့ အခါမှာ ကျွန်မက “အန်ကယ်လူးဝစ္စက ပစ္စည်းတစ်ခု တီထွင်ပြီး မှတ်ပုံတင်ခွင့် ရသွားတာ ကောင်းပါတယ်။ ဒါပေမဲ့ ၀တ္ထုဆိုတာက အခက်အခဲ၊ ဖိစီးမှုတွေ ရှိမှသာ ဖတ်လို့ ကောင်းတာ။ အဲဒီတော့ မှတ်ပုံတင်ခွင့် ရမယ့်အစား မရဘူး ဆိုရင် ပိုပြီး ဖတ်လို့ ကောင်းလိမ့်မယ်”ဆို တော့ စာရေးသူက “မဟုတ်ဘူးလေ၊ အန်ကယ်လူးဝစ္စက မှတ်ပုံတင်ခွင့်ရခဲ့ တာပဲ”လို့ ဆိုတယ်။ “ဟုတ်ပါတယ်... ဒါပေမဲ့ ၀တ္ထုဆိုတော့ မရတာက ပိုပြီး ဖတ်လို့ကောင်းမယ်”ဆိုပြန်တော့ သူက “မဟုတ်ဘူးဗျ၊ မှတ်ပုံတင်ခွင့် ရခဲ့တယ်။ နံပါတ် ၃၃၃၃ နဲ့ကို ရခဲ့တာ”လို့ ငြင်း ပြန်တယ်။ ဒါနဲ့ ကျွန်မက “ဟုတ်ပါပြီ၊ ရှင့်အန်ကယ်လူးဝစ္စက မှတ်ပုံတင် ရခဲ့ တာ မှန်ပါတယ်။ မှတ်ပုံတင် မရဘူးလို့ မရေးချင်ရင် နောက်တစ်နည်း စဉ်းစား ရအောင်၊ အမျိုးသမီး တစ်ယောက်က သူ့ကုန်စည် မှတ်ပုံတင်ကို ဦးသွားတယ် ဆိုပါတော့”လို့ ဆက်ငြင်းကြည့်ပါ တယ်။ “ဟုတ်ဘူးလေဗျာ...တခြား အမျိုးသမီး တစ်ယောက် ယူလို့ ဘယ်ရ မလဲ။ အန်ကယ်လူးဝစ္စက အန်တီ အိုင်ရင်းနဲ့ လက်ထပ်ထားတာ နှစ်ပေါင်း ၅၀ ရှိပြီလေ”လို့ ဆက်ငြင်း နေလေရဲ့။
ဒီနေရာမှာ ကျွန်မ ပြောချင်တာကို သဘော ပေါက်သလား မသိဘူး။ ဒီလူက အန်ကယ်လူးဝစ္စကို စံထားပြီး ရေးလိုက်တဲ့ အတွက် သူ စံထားတဲ့ သူရဲ့ဘ၀မှာ မဖြစ်ခဲ့တာတွေကို မရေးချင်တော့ဘူး။ စာရေးသူရဲ့ဉာဏ်ကွန့်မြူးပြီး ဇာတ်လမ်း ဇာတ်ကွက် မဖန်တီး ချင်တော့ဘူး။ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရေးနေသလိုမျိုး ဖြစ်နေတာကြောင့် ဘာမှ ဉာဏ်ကွန့်မြူးမှု မရှိတော့ဘဲ လမ်းကြောင်း ပိတ်ဆို့သွားတယ်။ စိတ် ကူးယဉ်နိုင်စွမ်း ရှိတဲ့ စာရေးဆရာရဲ့ အားထုတ်မှု မပါတော့ဘူး။
ဒီလိုဆို ဘာဆက်လုပ်ကြမလဲ။ စာရေးသူက ဘာကြောင့် အန်ကယ်လူး ၀စ္စကို သူ့ဇာတ်ကောင်အဖြစ် ထားချင် ရတာလဲ။ သူ့အကြောင်းကို ဘာကြောင့် ရေးချင်တာလဲ။ ဘ၀မှာ ရဲရဲရင့်ရင့် ရင်ဆိုင် ဖြတ်သန်းတဲ့ သူ့သတ္တိကို သဘော ကျလို့လား။ ဒါဆိုရင် အဲဒီ သတ္တိမျိုး ရှိတဲ့ စိတ်ကူးယဉ် ဇာတ်ကောင်ကို ဖန်တီး လို့ မရနိုင်ဘူးလား။ အန်ကယ်လူးဝစ္စလို သက်ကြီးရွယ်အို ဇာတ်ကောင် မဟုတ်ဘဲ ဆံပင်နီနီနဲ့ လူငယ်ဇာတ် ကောင် ဖန်တီးလိုက်ပြီး အဲဒီဇာတ်ကောင်မှာ အန်ကယ်လူး ၀စ္စရဲ့သတ္တိမျိုး ထည့်ပေးလိုက်လို့ မရဘူးလား။ ဒါမှ မဟုတ် စိတ်ကူးယဉ် အမျိုးသမီး ဇာတ်ကောင် ဖန်တီးလိုက်ပြီး အဲဒီ အမျိုးသမီး ဇာတ်ကောင်မှာ စိတ်ဓာတ် ထည့်ပေး လိုက်ရင်ရော မရနိုင်ဘူးလား။ အဲဒီလို ဖန်တီး လိုက်မယ်ဆိုရင် အန်ကယ် လူးဝစ္စ ဆိုတဲ့ သက်ရှိထင်ရှား လူတစ်ယောက် မဟုတ်တော့ဘဲ အဲဒီ စရိုက်မျိုး ရှိတဲ့ ဇာတ်ကောင်ဖြစ်သွားစေ နိုင်ပါတယ်။
၅။မည်သည့်ရှုထောင့်က ရေးမည်နည်း
စာတစ်ပုဒ်ကို ချမရေးခင်မှာ စဉ်းစားရမှာက ဘယ်ရှုထောင့်ကနေ ရေးမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ် ရွေးချယ်ပြီးတဲ့ ရှုထောင့်ကနေ ၀တ္ထုတစ်ဝက်တစ်ပျက်မှာ တခြားရှု ထောင့်ကို ပြောင်းသွားလို့ မရပါဘူး။ ပြောင်းတော့ ဘာဖြစ်မလဲလို့ မေးချင် လိမ့်မယ်။ ဘာမှတော့ မဖြစ်ပါဘူး။ စာဖတ်သူကို နားလည်မှု ရှုပ်ထွေး သွားစေတာပဲ ဖြစ်ပါတယ်။ ကျွန်မ စာပိုဒ်နှစ်ပိုဒ် ရေးပြပါမယ်။ ဒီနှစ်ပိုဒ်ရဲ့ ခြားနား ချက်ကို လေ့လာကြည့်ပါ။
စင်ဒရဲလားက နန်းတွင်းမှာ ကျင်းပမယ့် ကပွဲသဘင်ကို သွားရောက်ချင် ပါတယ်။ သူ့ကို ဘယ်သူကမှ မေတ္တာ သက်ဝင်ချစ်ခင်ခြင်း မရှိတာကြောင့် ဒီပွဲမှာတော့ ချစ်သူခင်သူ တစ်ယောက် ယောက်နဲ့ တွေ့ခွင့်ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အိမ်ရှေ့မှာရှိတဲ့ နှင်းဆီရုံကို ကြည့်ပြီး စိတ်ထဲမှာ နှင်း ဆီလက်ကိုင် ပန်းစည်းကလေး အဖြစ် မြင်ယောင်မိတယ်။ တစ်နေ့နေ့မှာတော့ သူမ လက်ထပ်ပွဲ ကျင်းပရင် နှင်းဆီ ပန်းစည်းကလေး ကိုင်ခွင့် ရကောင်းရဲ့ လို့လည်း မျှော်လင့်မိပါတယ်။
စင်ဒရဲလားက နန်းတွင်းမှာ ကျင်းပမဲ့ ကပွဲသဘင်ကို တက်ရောက် ချင်ပါတယ်။ ရွှေမင်းသားလေးကလည်း သူမကို ဒီပွဲမှာ တွေ့ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူမက ၀တ်စုံများ လဲလှယ် လိုက်ပါတယ်။ မင်းသားက ဖိနပ် ပိုင်ရှင်ကို ရှာတွေ့ချင်ပါတယ်။
ပထမ ဥပမာက ပိုကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ စာဖတ်သူများလည်း ဒီလိုပဲ ထင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပမာမှာ စာဖတ်သူက စင်ဒရဲလားရဲ့ မျက်ဝန်းများက တစ်ဆင့် ကမ္ဘာကြီးကို မြင်နေရတယ်။ သူ ခံစားသလို လိုက်ပြီး ခံစားလို့ ရတယ်။ ဒုတိယ ဥပမာကတော့ စင်ဒရဲလားနေရာက  ရေးလိုက်၊ မင်းသား နေရာက ရေးလိုက် ဖြစ်နေတာကြောင့် ရှုပ်ထွေးစေပါတယ်။
၆။အလောတကြီး ရေးခြင်း
ကျွန်မတို့ အားလုံး စာတစ်ပုဒ်ကို စရေးပြီဆိုရင် မြန်မြန် ပြီးချင်ဇောနဲ့ အလောတကြီး ရေးတတ်ကြပါတယ်။ ကိုယ့်ဝတ္ထုကလေးကို ပုံနှိပ်စာလုံး အဖြစ် မြင်ချင်ကြတာကြောင့် မဂ္ဂဇင်းတိုက်ကို မြန်မြန် ပို့ကြတယ်။ ဒီထက် တစ်ဆင့် မြင့်ပြောရရင် ကိုယ့်ဝတ္ထုကလေးကို ရုပ်ရှင်အဖြစ် ပိတ်ကားပေါ်မှာ မြင်ချင်ကြ တယ်။ အဲနောက်ဆုံးမှာတော့ စာမူခလည်း မြိုးမြိုးမြက်မြက် ရချင်ကြတယ် ပေါ့။
ကျွန်မ စာရေးခါစက ဆိုရင် စာပိုဒ် သုံးပိုဒ်လောက် ရေးပြီးတာနဲ့ ကျွန်မ ဇာတ်ကောင်တွေ ချထားမဲ့ နေရာဒေသအကြောင်း မသိတာကြောင့် အဲဒီ နေရာတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ရှာပြီး ဖတ်ရပါတယ်။ နေရာ ဒေသအကြောင်း ရေးတဲ့စာက ကျွန်မရေး ပြီးတဲ့စာထက် သုံးဆလောက် ပိုသွား ရော။ ပထမ စာမူကြမ်း ရေးပြီးတာနဲ့ ဘာမှ လုပ်မနေတော့ဘဲ နေရာ ၂၀ လောက်ကို ပို့ဖြစ်လိုက်တယ်။ အားလုံး က ပယ်ပါတယ်။
စာရေးတယ် ဆိုတဲ့ နေရာမှာ အလောသုံးဆယ် ရေးရင် အမှားတွေ အများကြီး ကြုံရမှာပါ။ အနည်းဆုံး နှစ်ခေါက်လောက်တော့ ပြန်ရေးသင့်ပါတယ်။ ပြန်ရေးရင်းနဲ့ ဇာတ်ကောင်စရိုက် တွေကို ပြင်သင့်တဲ့နေရာမှာ ပြင်ရပါမယ်။ ဇာတ်ကွက်ကိုလည်း ပြင်ရမှာ ဖြစ်သလို စကားပြောများကလည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြင်သွားရမှာပါ။ စာရေးသူတိုင်းက စာမူကြမ်းကို ပြန်ဖတ်တိုင်း ပြင်ရမှာ ဖြစ်လို့ အလောသုံးဆယ် လုပ်စရာမလိုဘဲ အချိန် ယူရပါမယ်။
စာရေးဆရာ တော်တော် များများက သူတို့ စိတ်ကူးကောင်းလေးတွေကို စာမျက်နှာပေါ် ချရေးပြီးရင် လိုအပ်တာ တွေကို အယ်ဒီတာတွေက ပြင်လိမ့်မယ်လို့ တွေးကြပါတယ်။ ကျွန်မ အတွေ့ အကြုံအရ ပြောရမယ်ဆိုရင် အယ်ဒီတာ များဟာ စာမူများစွာကို ဖတ်ရသူတွေ ဖြစ်တာကြောင့် ကိုယ့်စာမူ တစ်ပုဒ်ချင်း ကို ပြင်ပေးနိုင်ဖို့ အချိန် မရကြပါဘူး။ စာရေးသူက အယ်ဒီတာတွေကို အလုပ် ပိုဖြစ်အောင် မလုပ်သင့်ပါဘူး။ ကိုယ့် အလုပ်ကို ကိုယ်ပြီးအောင် လုပ်ဆောင် ပြီးမှသာ မဂ္ဂဇင်း တိုက်များကို ပို့ရမှာ ဖြစ်ပါတယ်။
လုပ်နိုင်တာတစ်ခုကတော့ ကိုယ့် အတ္တမာနကို ချိုးနှိမ်ပြီး စာမူကို ဝေဖန် ပေးနိုင်တဲ့ စာဖတ်သူများကို ဖတ်ခိုင်း ပြီး ဝေဖန်စေခြင်းပါပဲ။ ဝေဖန်ရေး ကောင်းကောင်း ခံရတဲ့ စာမူများဟာ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အဲဒါအပြင် စာပေနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ ဂျာနယ်များကိုလည်း ဖတ်ရှုသင့်ပါတယ်။
၇။မှန်ကန်သည့် ပုံစံကို အသုံးပြုခြင်း
ပြောရမယ် ဆိုရင် ဒီကိစ္စက ဘာမှ အရေးမထားလောက်ဘဲ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ကိစ္စလို့ မှတ်ယူကြပါလိမ့်မယ်။ ဒါပေမဲ့ စာရေးဖို့ ကြိုးစားနေတဲ့ သူတော်တော်များများ မှားတတ်ကြတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဥပမာ စာတစ် ပိုဒ်ကို စရေးတော့မယ်ဆိုရင် ဘေးမျဉ်းနဲ့ နှစ်လက်မ အကွာကနေ စရေးရပါ မယ်။ ကွန်ပျူတာနဲ့ စာစီသူများ အတွက် ၁၂ ပွိုင့်ကိုသာ သုံးရပါမယ်။ စာတစ် ကြောင်းနဲ့တစ်ကြောင်း Double Space ခြားရပါမယ်။

စာရေးတဲ့ပုံစံနဲ့ ပတ်သက်ပြီး စည်းမျဉ်း ချမှတ်ထားတာ များများစားစား မရှိပေမဲ့ အရေးကြီးတဲ့ ကိစ္စများ ဖြစ် ပါတယ်။ ကျွန်မအနေနဲ့ ပြောရရင် စာမူ တစ်ပုဒ်ကို ကောက်ကိုင်လိုက်လို့ စာရေးတဲ့ ပုံစံ စနစ်တကျ မရှိဘူးဆိုရင် စာတောင်မှ စည်းကမ်းတကျ မရေးတတ်ဘူး ဆိုရင် သူ့စာမူကလည်း ကောင်းစရာအကြောင်း မရှိဘူးလို့ အလိုလို အတွေး ၀င်လာပါတယ်။ အဲဒီ လို တွေးတာဟာ မတရားဘူးလို့ ထင် ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီလိုပဲ တွေးပါတယ်။ ကျွန်မနည်းတူ အယ်ဒီတာများလည်း တွေးကြမှာ အမှန်ပါပဲ။
၈။စည်းကမ်း လိုက်နာခြင်း
တစ်ခါတလေမှာ စာရေးချင်သူ တစ်ယောက်ရေးထားတဲ့ စာမူတစ်ပုဒ်ကို ဖတ်ကြည့်ရင် စည်းကမ်းနည်းလမ်း တွေ တိတိကျကျ လိုက်နာထားပေမဲ့ စိတ်ဝင်စားစရာ မရှိဘဲ ဖြစ်နေတတ်ပါ တယ်။ ဘာကြောင့်မကောင်းတာလဲလို့ တွေးကြည့်မယ်ဆိုရင် သူ့စာမူမှာ စာ ဖတ်သူတစ်ဦး ရင်ခုန်စိတ်လှုပ်ရှားစေ မဲ့အကြောင်းအရာမျိုး မပါဝင်လို့ပါပဲ။ ကျွန်မ စာသင်ခန်းမှာ ပြောသမျှကို လိုက်လံမှတ်သားပြီး ကြိုးလည်း အင် မတန်ကြိုးစားတဲ့ စာသင်သားတစ် ယောက် တွေ့ဖူးပါတယ်။ အဲဒီအမျိုး သမီးကလေးက စာရေးခြင်းနဲ့ ပတ် သက်ပြီး စည်းကမ်း ဖောက်ဖျက်မှု လုံးဝ မရှိဘဲ ရေးထားပါတယ်။ ဒါပေမဲ့ သူ့ စာမူမှာ စွန့်စားမှု၊ ရင်ခုန်စိတ် လှုပ်ရှားမှု လုံးဝ မရှိတဲ့ အတွက် စည်းကမ်းနဲ့ ညီညွတ်တိုင်း စာမူကောင်း တစ်ပုဒ် မဖြစ်လာနိုင်ပြန်ပါဘူး။ စာရေးတယ် ဆိုတာ ကိုယ့်စိတ်ကိုယ့် အသည်း နှလုံးထဲမှာ ရှိသမျှကို သွန်ချပြီး ပြတဲ့အလုပ် ဖြစ်ပါတယ်။
စာရေးဆရာများရဲ့ အလုပ်က ကိုယ့်အတွေးများကို စာမျက်နှာပေါ်မှ ချပြခြင်း ဖြစ်ပါတယ်။ တစ်ခါတလေမှာ စာရေး ၀ါသနာပါသူများဟာ မိသားစုနဲ့တောင် ကင်းကွာပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရှိနေတတ်ပါတယ်။ ဥပမာ ကျွန်မ ကိုယ်တိုင်သည်ပင်လျှင် ကျေးဇူးတော် နေ့ မိသားစုနဲ့ အတူ ညစာစားရင်း ကိုယ့် အတွေးနဲ့ကိုယ် နစ်မျောနေတတ်တာကို ကြုံဖူးပါတယ်။ အဘွား အသုဘကို ရောက်နေပေမဲ့ ကိုယ့်အတွေးက တခြားနေရာ ရောက်တတ်တာမျိုး၊ ပထမဆုံး ရည်းစားက ဘယ်သူပါလိမ့်လို့ တွေးနေတတ်တာမျိုး ရှိပါတယ်။ ဒါတွေက အဆန်းတော့ မဟုတ်ပါဘူး။ စာရေးသူ တစ်ယောက်ဟာ စာဖတ်ပရိ သတ်အပေါ်မှာ ရိုးသား ပွင့်လင်းမှု ရှိလေလေ အောင်မြင်မှု ရလေလေ ဖြစ်ပါတယ်။ စာရေးနည်း မမှန်ကန်သော် လည်း စိတ်ထဲမှာရှိတဲ့ အမှန်တရား အတိုင်း ချရေးခြင်းက အလှအပ တစ်ခု ဖြစ်လာပြီး ပရိသတ်လက်ခံမှု ရနိုင်ပါ တယ်။
ကျွန်မ သင်တန်းသားများထဲက ထူးခြားတဲ့ အမြင်ရှိသူ သင်တန်းသား တစ်ဦး ကြုံဖူးပါတယ်။ သူက လိင်ခွဲ ခြားမှုနဲ့ ပတ်သက်ပြီး အတွေးအခေါ် ဆန်းပြားပါတယ်။ သူ့အတွေးအခေါ်နဲ့ ပတ်သက်ပြီး အသေးစိတ် မပြောလို တော့ပါဘူး။ တစ်နေ့မှာတော့ သူ ၀တ္ထု တစ်ပုဒ် ရေးလာပါတယ်။ သူ့ဝတ္ထုကို ကျွန်မ ဖတ်လိုက်တဲ့အခါ ရှက်သွေးဖြာ သွားတဲ့ အထိ ခံစား လိုက်ရပါတယ်။ အဲဒီဝတ္ထုကြောင့် သင်တန်းသားတချို့က သူ့အနားမှာ ထိုင်ဖို့တောင် ၀န်လေး သွားကြပါတယ်။ တစ်နေ့မှာတော့ သူ ၀တ္ထု တစ်ပုဒ် ရေးလာပြန်ပါတယ်။ ဒီဝတ္ထု က သူ ကလေးဘ၀မှာ ဖြစ်ပျက်ခဲ့တာကို အမှန်အတိုင်း ချရေးလာခြင်းပါ။
သူ့ဝတ္ထုဟာ ကျွန်မ ဖတ်ဖူးသမျှ ၀တ္ထု တွေထဲမှာ အကောင်းဆုံးလို့ မပြောနိုင် ပေမဲ့ ရိုးသားမှုအရှိဆုံး၊ အမှန်ကန်ဆုံး ၀တ္ထုတစ်ပုဒ်ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ၀န်ခံရပါမယ်။ ဒီဝတ္ထုနဲ့ ပတ် သက်ပြီး တခြား သင်တန်းသားတွေက ဘယ်လိုများ တုံ့ပြန်ကြမလဲလို့ ကျွန်မ စိတ်ပူခဲ့ပေမဲ့ တစ်တန်းလုံးက လက်ခံ ကြပြီး သြဘာပေးတာကို ကြုံရပါ တယ်။ သူ စွန့်စားပြီး ရေးလာတဲ့ အမှန် တရားကြောင့် သူ့ဝတ္ထုဟာ အများလက် ခံတဲ့ ၀တ္ထုတစ်ပုဒ် ဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်မ ပြောချင်တာက စာရေးဆရာ တစ်ယောက်ဟာ အမှန်တရား ကို ရေးလေလေ စာဖတ်ပရိသတ်က လက်ခံလေလေ ဖြစ်တယ်ဆိုတာကို သတိ ထားစေချင်ပါတယ်။
၉။အပျော်တွေကို စွန့်ပြီး... စာရေးခြင်းဆိုတာ အစဉ်အမြဲ ပျော်စရာ ကောင်းတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အနိဋ္ဌာရုံတွေနဲ့လည်း ကြုံတတ်ပါတယ်။ ကိုယ့်ဝတ္ထုကို ပစ်ပစ်ခါခါ ဝေဖန်ခံရတဲ့ အခါမှာ စာမျက်နှာများပေါ်သို့ သွေးပေါက် ပေါက်ကျသလို ခံစားရတတ်ပါတယ်။  ဒါကြောင့် စာရေးဆရာများက ခက်ခဲ နက်နဲတဲ့ အကြောင်းအရာများထက် အပျော်များမှာ နစ်ဝင်ရေးသားနေကြတာ များပါတယ်။ တချို့စာရေးဆရာများက ဇာတ် ကောင်များကို မွေးထားကြပြီး ဆယ်စု နှစ်တစ်ခုလောက် ဒီဇာတ်ကောင်နဲ့ပဲ ဇာတ်လမ်းများ ဖန်တီး ပျော်မွေ့နေတတ် ကြပါတယ်။ ဒီဇာတ်ကောင်ကို မသုံး ချင်တော့တဲ့ အခါမျိုးမှာ ဇာတ်ကောင်ကို သတ်လိုက်မှသာ ဇာတ်လမ်းက ဆုံး သွားပါတော့တယ်။ ကျွန်မအမြင်ပြော ရရင် အဲဒီလို ဇာတ်ကောင်အသေ မွေးပြီး ဇာတ်လမ်းပြောင်း ရေးနေတဲ့ စာရေး ဆရာများအနေနဲ့ တကယ်တော့ ရေးချင် ကြတာ မဟုတ်ပါဘူး။ ဇာတ်ကောင် ပြောင်းချင်ပေမဲ့ ပြောင်းခွင့်မရနိုင် တော့တဲ့ အခြေအနေမျိုးကြောင့်သာ ရေးနေတော့ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးက ၀တ္ထုတိုရေးတဲ့ စာရေးဆရာများမှာ ကြုံရခဲပြီး လုံးချင်း ၀တ္ထုရေးတဲ့သူများမှာသာ ကြုံရတတ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း Courting Disaster ၀တ္ထုမှာ ကြုံဖူးပါ တယ်။ ဒီဝတ္ထုမှာ စေ့စပ်ကြောင်း လမ်း ခြင်း ၁၇ ကြိမ် ပျက်ခဲ့ဖူးတဲ့ အမျိုးသမီး တစ်ယောက်က Chuck Jones ဆိုတဲ့ အမျိုးသား တစ်ယောက်နဲ့ မေတ္တာသက် ၀င်ခဲ့ပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ The Fiction Class ၀တ္ထုကို ရေးတဲ့အခါမှာ ကျွန်မက စာရေးဆရာသင်တန်း ဖွင့်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရေး ပါတယ်။ ဒီသင်တန်းကို လာတက်တဲ့ သူတစ်ယောက်နဲ့ ငြိမှာဖြစ်ပြီး ဘယ်လို လူမျိုးနဲ့ ငြိရမလဲလို့ စဉ်းစားတော့ ကျွန်မ ဇာတ်ကောင်ဟောင်းဖြစ်တဲ့ Chuck Jones ကိုပဲ သတိရတာကြောင့် သူ့ကို ပြန်သုံးခဲ့ပါတယ်။ တကယ်တော့ ၀တ္ထုသစ် တစ်ပုဒ်စ ပြီဆိုရင် ဇာတ်ကောင်တွေကလည်း  အသစ်တွေနဲ့သာ စသင့်ပါတယ်။ ကိုယ် ဖတ်မှတ် လေ့လာခဲ့တာတွေကို ချရေးတဲ့ အခါမှာ လက်တွေ့အသုံးချပါ။ ဒါပေမဲ့ စာရေးတယ်ဆိုတာ အရူးတွေရဲ့ အလုပ်လို့ ဆိုကြတာကြောင့် ဒီအလုပ်လုပ်ရတဲ့ အတွက် မပျော်ပိုက်ဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ဆရာမ ဆူဇန်ဘရင်းက သူ့အတွေ့ အကြုံအရ စာရေးသူများ ကြုံလေ့ကြုံထ ရှိတဲ့ အမှားများကို စုစည်းပြီး ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ အချက် ၉ ချက်နဲ့ စုစည်းထားတာတွေက ကျွန်တော်တို့ မြန်မာစာရေးဆရာများနဲ့လည်း တော်  တော်များများ တူနေပါတယ်။ အထူး သဖြင့် စာရေးဖို့ကြိုးစားနေသူ အများစု နဲ့ တူနေတာကြောင့် သူ ပြောသလို လေ့ကျင့်ကြည့်ရင် အောင်မြင်တဲ့စာရေး သူများ ဖြစ်လာကြလိမ့်မယ်လို့ မျှော် လင့်ကြောင်းပါ။              
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

သာဓု ခေါ်နိုင်ကြပါစေသတည်း



သာဓု ခေါ်နိုင်ကြပါစေသတည်း:

PDF Print E-mail
Written by ယုယ   
Monday, 06 August 2012 17:15

 













 “သားရယ်၊ အဘမှာ ပိုက်ဆံ တစ်ရာပဲပါလို့ ကားခကို ဒါလေးပဲ ယူပါနော်”

“ဟာ ရတယ် ဘကြီး။ တစ်ရာလည်း မပေးနဲ့တော့”

နွမ်းပါးဟန် ရှိသော အဘိုးအိုနှင့် စိတ်သဘော ထားကောင်းသော အထူးကား 
 စပယ်ယာလေးတို့ ကြားမှာ အလှူလေး တစ်ခု ဖြစ်သွားသည်။ ကြီးကျယ် မြင့်မြတ်သော
 အလှူကြီးတော့ မဟုတ်။ လက်ကောက်သံ တချွင်ချွင် မကြားရ။ ဟန်းဖုန်းသံ တညံညံ မမြည်။ 
သတင်းစာထဲ ကျေးဇူးတင်လွှာ မပါဘဲနှင့် လှူဖြစ်သွားသည်။ ဘေးနားရှိ ခရီးသည်
 အားလုံးလိုလိုမှာ စပယ်ယာလေးအား ချစ်ခင်စွာ ကြည့်နေကြသည်။ အဘိုးအိုကမူ 
တတွတ်တွတ်နှင့် ဆုပေးနေရှာ၏။

“အစ်မ၊ ဒီနားမှာ ငါးဆယ်တန်လေး တစ်ရွက် ပြုတ်ကျတာ တွေ့မိလား ဟင်”


“မတွေ့မိပါဘူး ကလေးရယ်။ ဘာဖြစ်လို့လဲ”

“အဲဒီ ငါးဆယ်က သား မုန့်ဖိုးလေ”

“ဒါဆို ဒီနေ့အတွက် သားမှာ စားစရာ မုန့်ဖိုး မရှိတော့ဘူးပေါ့။ ဟုတ်လား”

“ဟုတ်ကဲ့”
“ကဲ ဒါဆို အစ်မက  သားစားချင်တဲ့ ငါးဆယ်တန် မုန့်တစ်ခု ကျွေးလိုက်မယ်။ ဒါပေမဲ့
 နောက်တစ်ခါဆိုရင် တော့ ကိုယ့်မုန့်ဖိုးကို မပျောက်အောင် သိမ်းရမယ် ကြားလား”

“ဟုတ်ကဲ့၊ ကျေးဇူး တင်ပါတယ် အစ်မ”

သူတို့ရပ်ကွက်က လက်လုပ် လက်စားများသည်။ အဲသည်လို ကလေးတွေ ဆိုမှတော့ မုန့်ဖိုးရသည့် နေ့ဆိုသည်မှာ မဟာ ကံထူးရှင် ဖြစ်သည့်နေ့ပင်။ အခုလို ငါးဆယ်တန် မုန့်ကြီး အလကား စားရသည့်နေ့ဆို ဘာပြော ကောင်းမလဲ။ အင်တာနေ ရှင်နယ်ကျောင်း တက်ခွင့်ရ သည့် ကလေးတစ်ယောက် ကဲ့သို့ ပျော်ရွှင်ရတော့သည်။ မုန့်ကလေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားကာ ၀မ်းသာအားရ ပြေးထွက် သွားသော ကလေးငယ်အား ကြည့်ရင်း လမ်းဘေးမုန့်ဆိုင် အသေးစား ပိုင်ရှင် ကလေးမ ခမျာ အလှူကြီး ပေးလိုက်ရ သကဲ့သို့ ခံစားနေရ၏။

“အဘွား ခရေပန်း တစ်ကုံးကို ဘယ်လောက်လဲ”

“တစ်ကုံးကို တစ်ရာပါ သမီးရယ်။ အဘွား ဒီနေ့ ရောင်းမကောင်းလို့ သုံးကုံး နှစ်ရာသာ ယူသွားပါတော့”

လှည်းတန်းပလက် ဖောင်းပေါ်မှာ ခရေပန်းကလေးတွေ သီရောင်းနေသော အဘွားအိုထံမှ ပိုက်ဆံငါးရာ ဖြင့် ပန်းတစ်ကုံးသာ ယူသွားသော ကျောင်းသူကောင် မလေးအား အဘွားအိုက မေတ္တာ ပို့ပေးနေသည်။ ကျောင်းသားလေး တစ်ယောက်ကလည်း ပန်းကုံးပေးစရာ ချစ်သူ ကောင်မလေး မရှိပါ ဘဲနှင့် ပိုက်ဆံ ငါးရာပေးကာ အဘွားအိုထံမှ ပန်းကုံးတစ်ကုံး အားပေးသွားသည်။

“ပန်းတစ်ကုံး ဘယ်လို ရောင်းလဲ”

“သုံးကုံးနှစ်ရာပဲ ယူပါ တော့ သမီးရယ်”

“များလိုက်တာ။ အရင်ကဆို တစ်ကုံးငါးဆယ် တည်းပါ။ ဈေးတွေကလည်း ကြီးလိုက်တာနော်။ အလကား ရတဲ့ ပန်းတွေသွားကောက် ပြီးတော့။ အိမ်ကလူအတွက် ယတြာေ ချစရာရှိလို့သာ ၀ယ်ရတာ”

အ၀တ်အစား ပြောင် ပြောင်လက်လက်နှင့် မိန်းမက စကားကို တရစပ်ပြော နေသည်။ အဘွားအိုကလည်း ဘုရားတရားနှင့် နေသူပီပီ မုသားစကားကို မဆို။
“မနက် အစောကြီး ကလေးတွေနဲ့ လုမကောက် နိုင်လို့ သူတို့ဆီက တစ်ဆင့် ပြန်ဝယ်
 ထားရတာပါ သမီးရယ်။ ကဲ ကဲ၊ အရင်းအတိုင်းပဲ ယူသွားပါကွယ်”

လက်ကောက်များ၏ ထိရိုက်သံနှင့် အတူ ဆူမိုနပန်း သမားကြီးကဲ့သို့ ပြည့်ဖောင်း ကားနေသော ပိုက်ဆံအိတ် အတွင်းမှ နှစ်ရာတန် အစုတ် ကလေးဖြင့် ခရေပန်း လေးကုံးကြီးများပင် အားပေး သွားသည်။ ထို့နောက် ကားမည်းမည်းကြီးပေါ်သို့ တက်ကာ အရှိန်ပြင်းပြင်း မောင်းထွက်သွား၏။ အဘွား အိုကမူ စောစောကကဲ့သို့ မလျော့သော မေတ္တာများ ပို့ သနေလေ၏။

“လက်ဖက်ရည်တစ် ခွက်ပေး။ ဘယ်လောက် ကျလဲ”

“ငါးထောင်ကျတယ်”

“ဟယ် နင်တို့ကလည်း ဈေးတက်တာ မြန်လိုက်တာ။ မနေ့ကပဲ တစ်ထောင်ဆို”

“ကုန်ဈေးနှုန်း အတက် ကြမ်းတာ သိသားနဲ့”

“ကဲ ကဲ၊ ဒါဆိုလည်း ငါ့ချက်ယူမလား”

“ဟာ အဒေါ့်ချက်တော့ မယူချင်ပါဘူး”

“ချက်လက်မှတ်ကို ပြောတာပါ ကောင်လေးရဲ့။ ငါ ရေးပေးလိုက်မယ်။ မနက် ဖြန်ကျတော့ 
ဘဏ်မှာ သွား ထုတ်ပေါ့။ စမူဆာလေးပါ ထည့်ပေးလိုက်ဦးနော်”

“ကရင်လေးရေ၊ ဒေါ်ဝိုင်းစိန်ကို သုံးထောင်တန် စမူဆာ ထည့်ပေးလိုက် ဟေ့”
အနာဂတ် ကာလ ရောက်သွားခြင်း မဟုတ်ပါ။ စိတ်မနှံ့ ဖြစ်နေရှာသော ဒေါ်ဝိုင်းစိန်ကို
 လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးပေါက်က နေ့စဉ် လက်ဖက်ရည်နှင့် စမူဆာ အလကား ကျွေးသည်။ 
သို့ သော် ဒေါ်ဝိုင်းစိန်က အလ ကားဆို လက်မခံ။ တကယ် ပေးဖို့လည်း သူ့မှာ
 မရှိ။ ပါးစပ်နှင့်ရောင်း၊ ပါးစပ်နှင့် ပေး။ ရောင်းသူဝယ်သူ သဘော တူကြသည်။ 
ထိုသို့ ဒေါ်ဝိုင်းစိန် လာစားတိုင်း ယခုကဲ့သို့ပင် နောက်နေကျ။ ငါးထောင်တန် 
အထပ်လိုက် ကြဲနိုင်သော အလှူမျိုးမဟုတ်။လှူချင်စိတ်ကလည်း ရိုးရိုးရှင်း ရှင်း။ ပါမစ်တွေ ကျပါစေ။
 ဟမ်းဖုန်းကို တစ်ယောက် တစ်လုံး တစ်အိမ်လုံးကို သုံး နိုင်ပါစေ။ ဆိုက်ကနက်ကား ကြီး 
စီးရပါစေဆိုသည့် ဆု တောင်းသံကိုမူ မကြားရ။ ပုံမှန်လေး ရောင်းရတော်ပြီဟူ
 ၍သာ ဦးပေါက်တို့ရင်ထဲမှာ ရှိသည်။ ဒေါ်ဝိုင်းစိန်ကမူ သူ့ဗိုက်ကလေးကို ပွတ်ရင်း-
“မြန်မြန်လုပ်ပါဟဲ့။ ဒီမှာ ဗိုက်ဆာလှပြီ။ ရန်ကုန်မှာ ရှိတဲ့ ဟိုတယ်တွေထက် နင်တို့ ဆိုင်က
 ကောင်းလို့ လာအားပေး နေတာ သိရဲ့လား”

သူ့ဝမ်းစာလေး သူယူ ရင်း ထွက်သွားခါနီးမှ
“ဟဲ့ ဘဏ်မှာ ပိုက်ဆံ  သွားထုတ်ရင် ၀ိုင်းစိန် ကုမ္ပဏီလို့ ပြောပြီး ထုတ်လိုက်၊ လူ တိုင်းသိတယ်။ 
ဟုတ်ပြီ လား”

သည်ကိစ္စက အတော့်ကို ခွကျသည့်ကိစ္စ။ အပတ် စဉ် တစ်ပတ်ကို နှစ်ရက် လောက် 
အဲဒီအသံကို ကြား ကြရသည်။ ဓားသွေး ကျောက်တုံးထမ်း၍ အော်နေသည့် ဘကြီးတစ်ဦး 
အသံက မျှော်လင့်ချက်တွေ အပြည့် နှင့်။ အသက်ထက် ခန္ဓာ ကိုယ်က ပိုပြီး ရင့်ရော်နေသည့် 
ဘကြီးအား  သူတို့ မိသားစု ကူညီချင်ကြသည်။ သို့သော် ဓားသွေးသည့်ကိစ်္စဆိုသည် မှာ 
ခဏ ခဏလုပ်ရန် မဖြစ် နိုင်။ အဘ အသံက မကြား မချင်းအော်နေမည့်အသံမျိုး။ တစ်စတစ်စ
 ပိုကျယ်လာသည်။

“အဘ ဓားတွေ သွေး ပါတယ်။ အဘကို ကူညီပါ”

သူတို့ မိသားစုကလည်းသည် အသံကြားရပြီ ဆိုလျှင် နေမထိထိုင်မသာ။ တိုက်ပုံအင်္ကျီတစ်ပတ်နွမ်း 
ကလေးနှင့် အဘ ပုံစံက တစ်ချိန်က အရာရှိ၊ ယခုမူ ပင်စင်စားအဘိုးကြီးတစ်ဦး လည်း
 ဖြစ်နိုင်သည်။ ယခင် က သူ့နားမှာ ခြွေရံသင်း ပင်းများ တစ်ပုံကြီး ရှိကောင်း ရှိခဲ့လိမ့်မည်။
 ဆရာ၊ ဆရာ နှင့် တစ်ရာတည်းရာနေမည်။ ယခုမူ ပါဝါလည်း မရှိ။ ဆရာလည်း နတ္ထိဖြစ်သွား လေမလား
 မသိ။
သို့တည်းမဟုတ် လုပ်ငန်းရှင်ကြီး တစ်ယောက်လည်း ဖြစ်နိုင်သည်။ စီးပွားရေး သမားဆိုသည်မှာ
 တစ်ချက် မှားသည်နှင့် တစ်သက် ရှာ မျှ ကုန်ရော မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာရှိရှိ 
လုပ်ကိုင် စားသောက်နေသော ဘကြီး၏ စိတ်ကို လေးစားရ မည်။ ဟိုလူ့လိမ် 
သည်လူ့ ကောက်နှင့်ရသော ငါး ထောင်တန်တစ်ထပ်ထက် အဘ လက်ထဲက ချွေးစို့နေ
 သော နှစ်ရာတန်၊ တစ်ရာတန် အနွမ်းကလေးတွေက ပိုသန့်ရှင်းသည်။ အသက်ကြီး  
လာသည်နှင အမျှ ရိုးသားမှု ပို၍ကြီး လာသင့်သည်ဟု အဘ တွေးမှတ် ထားပုံရသည်။

ဘကြီး အသံကြား တိုင်း ဓားသွေးရလွန်းသဖြင့် သူတို့အိမ်က ဓားတွေလည်း လုံးပါးပါးကုန်ပြီ။ 
ထို့ကြောင့် သူတို့အိမ်က လူတွေကို မှာထားရသည်။ ဓားကိုင်လျှင် သေချာ သတိထားကိုင်။ 
အဘ လာနေသရွေ့ သူတို့အိမ်က ဓားတွေ ထက်နေမှာပင်။

“အဘ ဓားတွေ သွေး ပါတယ်။ အဘကို ကူညီပါ”

သူတို့ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေ ရေတစ်လီတာကို လေးရာနှင့် 
ဝယ်သောက် ကြရသည်။ ထို ရေကို ထည့်ထားသည့် ဘူးခွံ ကိုမူ ကလေးတွေက
 တောင်းသည်။ နောက်ပြီး တစ်ဆင့် ပြန်ရောင်းသည်။ ထိုသည်ပင် ကျောင်းနားမှာရှိသည့် 
ကလေးများ၏ စီးပွားရေး။ သူတို့လေးတွေ ကျောင်းဆင်း သည့်အချိန်ဆို အပြေးအလွှား
 ရောက်လာကြ၏။ သို့မှသာ တက္ကသိုလ်ကျောင်းသူကျောင်း သားတွေ မပြန်မီ တွေ့မှာ။
 နွေရာသီဆို တစ်ညနေတည်း မှာပင် သူတို့အတွက် မြွေရေခွံ အိတ်တစ်လုံးစာခန့်
 အသာ လေး ရ၏။ မိုးတွင်းဆိုလျှင် တော့ လေးငါးဘူးလောက် ပင် မရချင်။
 ဈေးကွက်ကို သိလာသဖြင့် အပြိုင်အဆိုင် တွေကလည်း များလာ သည်။ လူကြီးတွေကပင် 
အလုအယက် ဈေးကွက်လု ချင်လာသည်။ သည်ကြား ထဲ ကျောင်းအပေါက်ဝမှ ကျောင်းစောင့်တွေကို 
 ဆေး လိပ်၊ ကွမ်းယာနှင့် ဖားရ သေးသည်။ မဟုတ်လျှင် ကျောင်းနားကပ်ခွင့် မပေး။ 
 ခပ်ဝေးဝေးက လှမ်းမျှော် ရသည်။ ရေဘူးကောက်ပြီး သည်နှင့် မမြင်သာသည့် 
 နေရာပြန်ပြေးရသည်။ အထုပ် ကြီးတွေ ထမ်းလိုက်ပြေး လိုက်က မသက်သာ။
 ကလေးတော်တော်များများ လည်း လာဘ်ပေးလာဘ်ယူ လုပ်ကြရသည်။ မလုပ်လျှင် 
 ရေဘူးမရနိုင်သောကြောင့်ပင်။

“အစ်မကြီး အဲဒီရေဘူးလေး သားကို ပေးပါလား”

ရေသန့်ဘူးကိုင်ထားသော ကောင်မလေးက ဘာကြောင့် တောင်းမှန်းမသိ။ ပြီးတော့ 
သူ့ရေဘူးထဲမှာ ရေတွေ ကျန်သေးသည်။
“ဟဲ့ ဘာလုပ်ဖို့လဲ”

“သား ရောင်းစားမလို့ ပါ”

“တစ်ဘူး ဘယ် လောက်ရလဲ”

“သုံးဆယ်”
“ကဲ အစ်မကို ဒီရေဘူး ပြန်ရောင်းလိုက်တယ်လို့ သဘောထား ရော့ ငါးဆယ် ယူ”

“သားမှာ ပြန်အမ်းစရာ နှစ်ဆယ် မရှိဘူး အစ်မရဲ့”
“ကဲပါ ပြန်မအမ်းနဲ့ ဈေးကောင်းပေးဝယ်တယ်လို့ မှတ်လိုက်”

“ဟာပွတာပဲ နေ့တိုင်း အဲဒီလို ဈေးကောင်းပေးဝယ် တဲ့သူ ရှိရင်ကောင်းမှာပဲ။ သွားမယ်နော် အစ်မ”
ကျောင်းသူလေးက သူ့ မုန့်ဖိုး အနည်းငယ်ကို လှူလိုက်သည်။ သို့သော် သူ့ကိုယ်သူလည်း 
လှူသည် ဟု မတွေးမိ။ ကလေးတစ် ယောက်၏ရယ်သံ၊ ပျော်ရွှင်သံကို ခပ်တိုးတိုး နားစွင့် လိုက်ရုံသာ။

သီလရှင်လေး သုံးပါးနှင့် သီလရှင်ဆရာကြီးတစ် ပါး ဆန်လှူခံကြွလာသည်။ ဟိုအရင်ကမူ 
အိမ်တော် တော်များများက ဆန်လှူလေ့ ရှိသည်။ ဆန်ကလည်း လှူ နိုင်သည့်အခြေအနေ
 မဟုတ် လား။ ယခုမူ ပိုက်ဆံသာ လှူနိုင်ကြတော့သည်။ ပိုက် ဆံဆိုရာတွင် များများစားစား 
 လည်း မလှူနိုင်။ တစ်နေ့ တစ်နေ့ လာလိုက်သည့် ဆရာလေးတွေ။ သီလရှင်ဆို သည်မှာ
 ဆွမ်းခံစားလို့ရသည် မဟုတ်။ ဆန်အလှူခံပြီး ကိုယ့်ဟာကိုယ် ချက်စားကြ ရသည်။ ဟိုအရင်ကမူ 
လူများက ပိုက်ဆံလှူလေ့ မရှိ။ တချို့ဆရာလေးတွေက မူ စားရန် လိုသလောက် 
ဆန်ကိုယူထားပြီး ဈေးသည် တစ်ဦးတလေထံမှာ ဟင်း ချက်စရာလေးဖြင့် လဲယူ တတ်သည်ဟု
 ကြားဖူးသည်။ ယခုမူ လူတော်တော်များများ က ပိုက်ဆံလှူသဖြင့် ထိုသို့ 
လုပ်စရာမလိုတော့ပေ။ (ပိုက် ဆံဆိုလို့ အထင်မကြီးလေ နှင့်။ ဆရာလေးတို့၏ နှီးဗန်း 
ကလေးထဲတွင် ငါးကျပ်တန်၊ တစ်ဆယ်တန်ကလေးများ သာ မျက်နှာရကြသည်။
 နှစ်ရာတန်ဆိုသည်မှာ မပေါ် တစ်ခါ ပျောက်တစ်လှည့်။)

“ဒါနရှင်များရှင်”
ဆရာလေးတို့ အလှူခံ နေကျအိမ်တစ်အိမ်ရှေ့သို့ ရောက်လာကြသည်။ အိမ်ရှင် က 
 ထွက်မလာသေး။ တချို့ အိမ်တွေက ဆရာလေးများကို ရေအေးအေး ဒါမှမဟုတ် အအေးကပ်လေ့
 ရှိသည်။ အအေးကပ်လေ့ ရှိသော ဒကာမကြီးကို စောင့်ရင်း အုတ်ခုံတွင် ထိုင်ကာ သီလ
 ရှင်အငယ်ဆုံးလေးက သူ အလှူခံရသော ပိုက်ဆံလေး များကို ရေတွက်နေသည်။

“လေးရာ၊ လေးရာ လေးဆယ့်ငါး၊ လေးရာ့ငါး ဆယ်”

ပိုက်ဆံလေးများကို နောက်တစ်ခေါက်ထပ်ရေပြန် သည်။
“လေးရာလေးဆယ့် ငါး၊ လေးရာ့ငါးဆယ်”

အိမ်ရှင်အစ်မကြီးက ဆရာလေးလုပ်နေပုံကို သေ ချာကြည့်ရင်း ပြုံးနေသည်။ ရေနေပုံက 
ထပ်ရေလေ ပိုက် ဆံတွေက ပိုလာလေမလား ဟု အထင်နှင့်။
“ဆရာလေး လေးရာ့ ငါးဆယ်အကြွေလဲမလား”

“မလဲပါဘူး ဒကာ မကြီး”

“ငါးရာပေးမယ်လေ”

သီလရှင်လေးမျက်နှာ ၀င်းခနဲဖြစ်သွားပြီး
“လဲမယ်”

အိမ်ရှင်အစ်မကြီးက ခြံထဲကနေ ပိုက်ဆံကို လှမ်း ယူရင်း “အခုနေ ပိုက်ဆံယူ 
 ထားလိုက်ရင် ဆရာလေး ဘာမှလုပ် မရတော့ဘူးနော်” ဟု နောက်နေသည်။ 
သီလ ရှင်လေးခမျာ တကယ်ယူ လိုက်လေမလားဟန်ဖြင့် သူ့ပိုက်ဆံလေးကိုလက်ဖြင့် 
 ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ထားသေးသည်။ အိမ်ရှင် က ငါးရာတန်လေးပေးမှ 
 သူ့အလှူခံ ပိုက်ဆံလေးများ ကို လွှတ်တော့သည်။

အိမ်ရှင်အစ်မကြီးအိမ် ထဲအ၀င် သီလရှင်ခပ်ငယ် ငယ်တစ်ပါးက လှမ်းပြော လိုက်သေးသည်။ 
သို့သော် ကြားစေချင်သူမှာ မကြား တော့။
“ဒီမှာတော့ သုံးရာ့ငါး ဆယ်နော်”

သူတို့တွေ ဘွဲ့နှစ်ခု သုံးခုရပြီးသားပင်။ သို့သော် အရေးကြုံသောအခါ အင်္ဂလိပ်စာကို Latter 
တစ် စောင်ပင် ခပ်သွက်သွက် မရေးနိုင်ကြ။ ကိစ္စမရှိ။ ပိုက်ဆံ။ လောကကြီးမှာ ပိုက်ဆံရှိလျှင်
 အလုပ်တော် တော်များများ လုပ်လို့ရသည်။ အလုပ်တစ်ခုအတွက် ဘာသာ ပြန်ရန် သူတို့ပန်းဆိုးတန်းကို 
ချီတက်ခဲ့ကြ၏။

ပန်းဆိုးတန်းအောက် လမ်းတွင် ဘာသာစုံပြန်ပေး နိုင်သော ဘာသာပြန်ဆိုင်တွေ ရှိသည်။ 
ထိုနေရာသို့ သွား လိုက်ရုံနှင့် ကိစ္စပြတ်သည်။ သူတို့ ရောက်သွားသော အချိန်တွင် 
ဘာသာပြန်ပေး သည့် ဘကြီးက အခန်း၏ ထောင့်တစ်ခုမှာ ထိုင်နေ၏။ သူ့အနောက်တွင်
 လက်နှိပ် စက်ရိုက်သည့် ဘကြီး။ ထို နောက်မှာ အိမ်သာ။ ၁၂ ပေ အကျယ်ခန့်ရှိသော 
အခန်း ထဲတွင် အလုပ်ပေါင်းစုံ အပ် နိုင်အောင် လူတွေက စုပြုံနေ 
ရ၏။ နောက် အပေါ်ထပ်သို့ တက်ရသော လှေကား၏ အောက်တွင် ဘကြီးတစ် ယောက်။ 
 လက်နှိပ်စက်တစ် လုံးနှင့်။ (ထိုင်နေသောအခါ ခေါင်းကို မထိရုံတမည်လေး။ မတ်တတ်ရပ်လျှင်
 ခေါင်းငုံ့ ရပ်ရသောအမြင့်) အပေါ်ကို တက်သွားသည့်အခါတိုင်း သူ့ခေါင်းကို
 နင်းသွားသလို ခံစားရရှာမည်။ သို့ပေမဲ့ ခေါင်းနာသည်ထက် ဗိုက်ဆာ သည်က ပိုအရေးကြီးသည်။

ဘွဲ့တွေ ဤမျှရပြီးမှ သူ့ဆီဘာသာလာပြန်သည်ကို ဘကြီးက ကရုဏာ ဒေါသောနှင့် မေးခွန်းတွေ
 မေးနေ၏။ ကိုယ့်ဆီ ပိုက်ဆံလာပေးသည့် သူကို မကြိုဆိုဘဲ ဆုံးမနေသော ဘကြီး၏ စေတနာကို 
သူတို့နားလည်လိုက်သည်။ ဘကြီးကမူ(ဟိုခေတ်က) ဘွဲ့တစ်ခုသာ ရထားသည့်သူ။ 
သူတို့ ဘကြီးဆီတွင် ဘာသာပြန်ပြီးသည့်အချိန် နောက်က အဘက လှမ်းမေး သည်။ 
(မျှော်လင့်ချက်မျက် လုံးတွေနှင့်။)

“သမီးလေး၊ လက်နှိပ် စက် ရိုက်မလား”
ဤကဲ့သို့ Latter တစ် စောင်ခန့်ဆိုလျှင် ကွန်ပျူတာ မမတွေက ကီးဘုတ်ပေါ် လက်ကလေးခပ်
သွက်သွက် မြှောက်လိုက်ရုံနှင့် ငါးမိနစ် လောက်ဆို ပြီးနိုင်သည်။ သို့ ပေမဲ့လည်း ဘကြီး၏ 
မျက် လုံးတွေကတစ်ဆင့် သား သမီးတွေကို ဆန်ဖိုးလေး ပေးချင်သည့်၊ မြေးအတွက်
 ကျောင်းအင်္ကျီလေးတွေ ၀ယ်ပေးချင်သည့် ဆန္ဒတွေကို မြင်နေရ၏။ သူတို့လည်း 
ငါးမိနစ်လောက်နှင့် ပြီးမည့် ကိစ္စကို မိနစ်နှစ်ဆယ်မက အချိန် ပေးလိုက်ကြသည်။ 
စာလုံးလေးတစ်လုံး မှားလျှင်  ပြန်ပြင်ရန် မလွယ်သည့် လက်နှိပ်စက်ကိုပင်
 ယုံယုံ ကြည်ကြည် အပ်နှံလိုက်သည်။ နောက်တစ်ယောက်ကမူ အချိန်
 မရှိသဖြင့် အပေါ်ထပ်က ကွန်ပျူတာ၏ ခေတ်မီ ခြင်းကိုပဲ အားကိုးလိုက်၏။

နေရာထားပုံကိုက ကွန် ပျူတာမမတွေက အပေါ်မှာ အဲကွန်းနှင့်။ ဘကြီးတို့ကမူ သူတို့၏ လက်နှိပ်စက်ကြီး တွေနှင့် အောက်ထပ်တွင် ကြပ်ကြပ်ညပ်ညပ်။ (လက် နှိပ်စက်ဆိုသည်မှာ  အဲကွန်း နှင့် ထားစရာ မလိုဘဲကိုး။ လူတွေကမူ ပူတတ်တာချင်း အတူတူပင်။) စာရွက်တွေ ဘာသာပြန်ပြီး အသီးသီး ထွက်လာသည်။ လက်နှိပ် စက်ဘကြီး၏စာရွက်က ကြာ သော်လည်းမှန်၏။ ကွန်ပျူ တာမမတွေကတော့ အမှားက သောက်သောက်လဲ။ မှား လည်း လက်ကလေး တစ် ချက်နှိပ်ရုံဖြင့် ပြန်ပြင်၍ ရသည်ဆိုသည့် စိတ်ကြီးက သူတို့ရင်ထဲမှာ ကိန်းအောင်း ပြီးသား။ ဘကြီးကမူ မှား၍ မဖြစ်ဘူးဆိုသည့် အသိရယ်၊ ရိုက်လာသည့် သက်တမ်း ရယ်၊ ကျွမ်းကျင်မှုရယ်၊ အငြိုငြင်ခံလို့ မဖြစ်ဘူးဆို သည့်ခံစားမှုရယ်ကြောင့် အမှားမပါ။

လက်နှိပ်စက် ဘကြီး ကို တစ်ရွက်ငါးရာနှင့် အား ပေးလိုက်ကြသည်။ ကွန်ပျူ တာစာစီက လေးရာ။ ငါးမိနစ်လောက်အာရုံစိုက်ရုံနဲ့ ရသည့်လေးရာနှင့် မိနစ်နှစ် ဆယ်ကြာအောင် ချွေးတစ် လုံးလုံး လုပ်ခဲ့ရသည့်ငါးရာ က ပိုတန်သည်။ သို့သော် ချွေးစက်တွေက တစ်ရာသာ တန်သတဲ့လား။ ထိုအချိန် မှာပဲ လှေကားအောက်တွင် ထိုင်နေသည့် ဘကြီးက စာလာရိုက်သူကို မျှော်နေ သည်။ သူ့မျက်နှာက ခပ်ညှိုး ညှိုး။

ဟိုဘကြီးတွေ အလုပ် ဖြစ်နေပုံကို အားကျသော မျက်လုံးတွေနှင့်။ သူ့စိတ် တွေကသာ လက်နှိပ်စက် ပေါ်အခါခါ ရွေ့လျားနေ သည်။ လက်ကတော့ တစ် နေ့လုံး နားနေရ၏။ လက်နှိပ် စက်ဆီက အသံတဂျောက် ဂျောက်ကို ကြားချင်နေမိ သည်။ စက်ကလည်း ပိုင်ရှင် နှင့်အတူ အနားရနေသည်ကို ပျော်မည်မထင်။ တစ်သက် လုံးလက်တွဲလာသည့် သူ့ သခင်၏စိတ်ထဲ ဘယ်လို ခံစားနေရမည်ဆိုသည်ကို စက်ကလေးကလည်း နား လည်နေသည်။ သူ့ပိုင်ရှင် စိတ်ထဲ အိမ်ကမိန်းမ လက် ဖြန့်တာကို မြင်နေပုံ၊ မီတာခ၊ ဆီ၊ ဆန်၊ ဆေး။ (အင်္ဂါနံတွေ က ဆက်တိုက်ဆိုသလို ရုပ်ရှင်ပြကွက်တွေအတိုင်း ကျလာသည်။) သတိ ကုန် ဈေးနှုန်း  ဆိုသည့် သူ့အိမ် နံရံက စာတန်းလေးကလည်း အတွေးမှာ ဟိုပျံဒီပျံ။ သူ လိုက်မမီသည်မှာ ကြာခဲ့ပါ ပြီ။ မီလိုမီငြားလိုက်လေ ငှက်မွေးလေးလို လေထဲပေါ့ ပါးစွာ ပျံဝဲလေပင်။

ဘကြီး စဉ်းစားခန်း ၀င်နေချိန် ကောင်လေးတစ် ယောက်ရောက်လာသည်။
“ကွန်ပျူတာ စာစီချင် လို့”

ဘကြီးမျက်နှာ ၀င်းခ နဲဖြစ်ပြီးမှ မိုးအုံ့သွားသည်။ ခေတ်မီခြင်းဆိုသည်မှာ သူတို့ လို အဘိုးကြီးတွေနှင့် ဘာမျှ မဆိုင်တော့ပေ။ ကားအိုကား ဟောင်းတွေကဲ့သို့ သူတို့တွေ ကိုလည်း နှစ်ခြောက်ဆယ် ကျော်သွားသဖြင့် နုပျိုခြင်း တွေ လဲပေးလျှင် ကောင်း မည်။

ကောင်လေးကလည်း ထူးထူးခြားခြား ဘကြီး မျက်နှာကို သတိထားမိ သွားသည်။
“အဲ...အဲ ကျွန်တော် လက်နှိပ်စက် ရိုက်ချင်လို့”

အသံကြားသည်နှင့် တစ်ပြိုင်နက် ဘကြီးလက် တွေက ရွှေလက်အိတ်ပိုင်ရှင် ဂိုးသမားတွေလို အသင့်အနေ အထားနှင့်။ ကောင်လေးက ဘကြီးဆီမှာပဲ အားပေးလိုက် သည်။ ကောင်လေး စိတ်ထဲ တွေးနေသည်ကို ဘကြီး သိပုံမရ။ ရုံးရောက်လျှင် ရိုက်ခ သုံးရွက်အတွက် တစ်ထောင့်နှစ်ရာသာရမည်။ ကောင်လေးက သူ့အိတ်ထဲ က စိုက်ရမည့် သုံးရာကို စိတ် တွက် တွက်နေမိသည်။ သည်နေ့လက်ဖက်ရည် မသောက်နိုင်တော့။ ရေနွေး ကြမ်းလေးလည်း ကောင်းပါ ၏။ ကင်ဆာတို့၊ နှလုံးရောဂါ တို့ကိုပင် ကာကွယ်နိုင်သည် ဆို၏။ ကျန်းမာရေးနှင့် ညီညွတ်သည် မဟုတ်လား။

“ကန်စွန်းရွက်”
တိုက်ခန်းတွဲပေါင်း များစွာ ရှိသည့်နေရာတစ်ခုသို့ ကန်စွန်းရွက်သည်လေး၏အသံ က ပျံ့လွင့်နေသည်။ 
အသံ ကလည်း နှစ်သံ။ တစ်ယောက်က ခပ်ငယ်ငယ်။ တစ်ယောက်က ခပ်ရွယ်ရွယ်။ 
ဗန်းလေးတွေထဲမှာ ကန်စွန်း ရွက်အစည်းလေးတွေ အစီအရီ နေရာချလို့။

“၀ယ်မလား”
“မင်းစားချင်ဝယ် လေ။ တစ်ခါတလေ အပေါ်ကို ခေါ်ပြီးမှ တစ်စီးသုံးရာတွေ ဘာတွေ လုပ်နေမှဖြင့်”
“အိုတော်၊ မလုပ် လောက်ပါဘူး။ ကလေးတွေ ပဲဟာ”

လေးထပ်ဝရန်တာမှ လင်မယား နှစ်ယောက်က လှမ်းခေါ်၏။
“တက်လာလို့ရလား”

ကောင်မလေးနှစ် ယောက်က ခေါင်းညိတ်ပြ သည့်။ ခြေသံခပ်သွက်သွက် 
ကိုကြားရ၏။ ငယ်ရွယ်သူမို့ သွက်လက်နေခြင်းဖြစ်သလို၊ ဈေးရောင်းရတော့မည် ဖြစ် သောကြောင့်လည်း ခြေ ထောက်များက
 ပျော်ရွှင် နေခြင်းဖြစ်နိုင်သည်။

“တစ်စည်း ဘယ်လောက်လဲ”

“ငါးဆယ်ပါအစ်မ။ ဘယ်သူ့ဆီက အားပေးမှာလဲ ဟင်”

မိန်းကလေးငယ်နှစ် ယောက်၏ မျှော်လင့်ချက် မျက်လုံးတွေက တလက် လက်တောက်ပလို့။
“အစည်းကြီးတဲ့ သူဆီ က ၀ယ်မှာပေါ့အေ”

“တူတူပါပဲ၊ အစ်မရဲ့”

“ကဲ ကဲ နောက်တာပါ ကွယ်။ ရော့ တစ်ယောက်ကို တစ်ရာဖိုးစီ ယူမယ်”

ကောင်မလေး နှစ်ယောက်လုံး ခပ်မြန်မြန်ပင် ကန်စွန်းရွက်နှစ်စည်း ထိုး ပေး၏။
သူတို့ ၀တ်ထားသော ကျောင်းစိမ်းလေးတွေက လင်မယား နှစ်ယောက်ကို စပ်စုချင်စရာ ဖြစ်နေသည်။
“ကလေးတို့ ကျောင်း တက်လား”

“တက်တာပေါ့ အစ်မ ရဲ့။ သူက သုံးတန်း၊ သမီး က ငါးတန်းလေ”
“ငါးတန်းလည်းဆိုသေး၊ စကတ်နဲ့ပါလားအေ့”

“ဟုတ်တယ် အစ်မရေ၊ ဆရာမကို မနည်းပြောထား ရတယ်။ လကုန်မှပဲ ထဘီ ချုပ်တော့မယ်လေ”

ကောင်မလေးတွေက သူတို့နှစ်ယောက် ကန်စွန်း ရွက်များ ရောင်းရသော ပိုက်ဆံဖြင့် 
 ကျောင်းမုန့်ဖိုး လုပ်ရကြောင်း၊ တစ်ခါတစ်ရံ အမေ့ကိုပင် ဟင်းချက်စရာ
 အတွက် ပြန်ပေးရကြောင်း၊ တစ်စီးရောင်းလျှင် နှစ်ဆယ် ခန့်မြတ်ကြောင်း၊ 
တစ်နေ့ အစီးနှစ်ဆယ်ခန့်တော့ ရောင်း ရကြောင်း၊ ထိုသို့ရောင်းရရန် အတွက် ညနေစောင်းသည်
 အထိ လျှောက်ရကြောင်း စုံနေအောင်ပြောသွားသည်။

“ရော့၊ ဒါက တိုက်ခန်းပေါ် တက်လာရလို့ တစ်ယောက်တစ်ရာစီ ပိုယူ”

“သွားမယ်နော် အစ်မ။ နောက်လည်း အားပေး။ နောက်တစ်ခါကျရင် အပေါ် ကို 
တက်ရတာဖိုး မယူပါဘူး အစ်မရ။ မောမှ မမောဘဲ”

ကောင်မလေးတွေ မျက်နှာမှာ အပျော်တွေ အစုလိုက် အပြုံလိုက်။ လှေကား ပေါ်မှ 
 ဆင်းသွားသော ခြေသံများနှင့် အတူ သူတို့မျှော်လင့် ချက်တွေကပါ ဆူညံနေ၏။
“ပျော်စရာကြီးဟေ့၊ မုန့်ဝယ်စားမယ်”

“ငါကတော့ ဘောပင် မင်ကုန်နေပြီဟ၊ တစ်ရာတန် တစ်ချောင်းဝယ်ဦးမယ်”

လူတိုင်းတွင် မျှော်လင့် ချက်ရှိသည် ဆိုလျှင် ထိုမိန်း 
ကလေးငယ် နှစ်ယောက်တွင် လည်း မျှော်လင့်ချက် သေး သေးကလေးတွေရှိသည်။
 မည်သူတစ်ဦးတစ်ယောက် ကိုမျှ မထိခိုက်နိုင်သော သူတို့ ၏ မျှော်လင့်ချက်သည်
 အဖြူထည်သက်သက်မျှသာ။ သိန်းလေးရာတန် မဟုတ်။ တရားမျှတစွာ 
စဉ်းစားလျှင် တစ်နေ့ လေးရာတန် သူတို့၏ မျှော်လင့်ချက်ကလေးများ ပြည့်ဝသင့်ပါသည်။


ဒီနေ့ သူ့မွေးနေ့။ ခပ်စောစော ဘုရားရှိခိုး။ ဆီမီး ပူဇော်။ မိဘကို မေတ္တာပို့။ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်း ကို မေတ္တာပို့။ စိတ်ချမ်းသာ စရာ နံနက်ခင်းပါပဲ။
“အမှိုက်ပစ်မလား”

ကလေးတစ်ယောက၏ အော်သံ ခပ်စူးစူးထွက်လာသည်။ သူ့အမေက
“အမှိုက်ပစ်မယ်ဟေ့”

သူတို့ဟာသူတို့တော့ ဟုတ်နေသည်ပင်။ ရောင်းသူ ၀ယ်သူအသံကို တူလို့။ အမှိုက်လှည်းကလေးက အိမ် ရှေ့မှာရပ်။ နောက် ကလေး တစ်ယောက်က အိမ်ထဲကို ၀င်လာပြီး အမေ့ဆီက အမှိုက် ထုပ်တွေ ၀ိုင်းသယ်ပေးသည်။ အမေက နှစ်ရာတန်လေး တစ်ရွက်ကို ကလေး အဖေ လက်ထဲထည့်ပေး၏။ သူ့စီးပွားရေးနှင့် သူ  ဟန်ကျ လို့။

သူ့မှာသာ အတွေးတွေ တစီတတန်းနှင့်။ ကလေးက မသကာ ရှစ်နှစ်ကိုးနှစ်။ အမှိုက်နံ့ကို ရှူရင်းကြီးပြင်း ရသူမို့ သေးကွေးနေသလား။ သို့တည်းမဟုတ် ရောဂါပိုး တွေပှဲုာာကညန (ပိုးမွှားယဉ် ပါးသည်) ဖြစ်နေသလား။ တော်ရုံတန်ရုံ ပိုးလောက်က တော့ သူက ခံနိုင်ရည်ရှိသွား မလား။ စဉ်းစားရင်း သတိရ လာသည်။ အမှိုက်က အရေး မကြီး။ သူတို့အတွက် ဗိုက်က အရေးကြီးသည်။

သူ့မွေးနေ့အတွက် အလှူလေးတစ်ခုကို ပြုလုပ် လိုက်၏။ သူ့လက်ထဲမှာ အထုပ်လေးတစ်ထုပ်။
 ကလေးကို လှမ်းပေးလိုက် သည်။ ကလေးနှင့် ကလေး အဖေ မျက်နှာက မြန်မာမီနီ 
ဝက်ဂွန် ၀ယ်ခွင့်ရသည့်လူလို အပြုံးမျိုးနှင့်။ မွေးနေ့ရှင်က လည်း သူများအတွက် 
လို အပ်သည်ကို လှူလိုက်ရလို့ ပျော်ရွှင်မှုက အပြည့်။

ကလေးကမူ အိတ် ထဲပါသည့် မုန့်အစုံကို ကြည့် ရင်းပျော်နေသည်။ စကား တစ်ခွန်းပင် 
ခပ်ကျယ်ကျယ် အော်လိုက်သေး။
“ကော်ဖီမစ် နှစ်ထုပ်ပါတယ် အဖေရ။ အဖေနဲ့ အမေ တစ်ထုပ်စီပေါ့။ မုန့်တွေက
 လည်း အများကြီးပဲ။ ညီလေးဖို့လည်း ချန်ထားရဦး မယ်”

“မုန့်ဗျို့ မုန့်၊ အဲ... အမှိုက်ဗျို့ အမှိုက်”

လူနာတင်ကား တစ်စီး၏ အသံက အဆက်မပြတ် အော်မြည်နေသည်။ မည် သည့်ကားကမှ 
လမ်းဖယ် မပေးကြ။ နောက်ဆုံးပေါ် ကားတွေကလည်း မှန်ကို အလုံပိတ်ပြီး အဲကွန်းတွေနှင့် ဇိမ်ကျနေ၏။ 
 သူတို့၏စီး ပွားရေး၊ ကြီးပွားရေးတွေကို စဉ်းစားရင်း ဘေးပတ်ဝန်း ကျင်ကိုလည်း အာရုံမစိုက် နိုင်။

နောက်ဆုံး ခပ်ဖြည်း ဖြည်း၊ ခပ်နှေးနှေး သွားနေ သော ဆိုက်ကားဆရာကြီးက သူ့ဆိုက်ကားကို
 လမ်းဘေး ချရပ်ပေးလိုက်သည်။ ထို အခါမှ အောက်ဆီဂျင် အပြည့် ရသွားသည့် အဆုတ်ရောဂါ
 သမားတစ်ယောက်လို လူနာ တင်ကားခမျာ လျင်မြန်စွာ
 မောင်းထွက်သွားလေသည်။ လူနာတင်ကားကို နေရာဖယ် ပေးလိုက်ရသဖြင့်
 သူ့ဆိုက် ကားက မီးပွိုင့်ထပ်မိ သွား ပြန်သည်။

ထို့နောက် သူ့အတိတ်ကို သူ့စိတ်က ပြန်ရောက်သွား ၏။ အကယ်၍ ယခုခေတ် 
ကဲ့သို့ သူတို့ရွာမှာ ဆေးရုံ၊ ဆေးခန်းတွေ၊ လူနာတင် ယာဉ်တွေ ပေါပေါများများ
 ပေါ်ပေါက်ခဲ့လျှင် သူ့မိန်းမနှင့် ဗိုက်ထဲက သူ့ကလေး အသက်ဆုံးရှုံးရမည်မဟုတ်။ 
ရွာမှာရှိသည့်လှည်းက ဘီးနှစ် ဘီးတည်းရယ်။ လမ်းက လည်း ချိုင့်ပေါင်းများစွာ၊ 
ခဲပေါင်းများစွာ၊ ကတ္တရာ  လမ်း၊ ကွန်ကရစ်လမ်းများ ကဲ့သို့ မကောင်းသည်က အမှန်ပင်။ 
မရမက ရုန်းပေး ခဲ့သော ချစ်သားကြီးများကို ကျေးဇူးတင်လှပါသည်။ သို့သော် ကံကြမ္မာ
 မျက်နှာ သာ မပေးခဲ့ပေ။ အတွေးက နယ်ချဲ့နေစဉ်...။ ဆိုက်ကား ပေါ်မှ ကိုယ်ဝန်ဆောင်ခရီး သည်က-
“ဦးလေးကြီး ဆေးရုံကို မြန်မြန်နင်းပါ။ ဒီမှာ ဗိုက်နာ လှပြီ။ မွေးတော့မလား မသိ ဘူး”

“သြော်၊ အေးပါ ကလေးမရယ်၊ ရောက်တော့ မှာပါ။ ဦးလေးမြန်မြန်နင်း
 ပေးပါ့မယ်။ ကွန်ကရစ်လမ်း ဆိုတာ လှည်းလမ်းထက် တော့ နင်းရတာ မြန်ပါ တယ်”             

ယုယ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။