Tuesday, August 14, 2012

"တိရစ္ဆာန်အသေကောင်များ တွေ့နေရသည့် စားအုန်းဆီသိုလှောင်မှု စီးပွားကူးသန်း အထူးကိုင်တွယ်မည်"


"တိရစ္ဆာန်အသေကောင်များ တွေ့နေရသည့် စားအုန်းဆီသိုလှောင်မှု စီးပွားကူးသန်း အထူးကိုင်တွယ်မည်" 

  သြဂုတ်   (၁၅)
 စားအုန်းဆီ သိုလှောင်ကန် များအတွင်း မြွေ၊ ကြွက်နှင့် ဖားအသေများ ကိုတွေ့ရှိနေရကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ထူး က ပြောသည်။
''ကျွန်တော်တို့ သွားစစ်ဆေးတော့ ဆီသိုလှောင်ကန်တွေအပြင် ဈေးကွက်ကို ဖြန့်ဖြူးတော့ ထည့်မယ့် ပီပါ ပုံးတွေကလည်း ဆေးကြောသန့်စင်ခြင်းမရှိဘဲ ထည့်သွင်း ဖြန့်ဖြူးနေ တာတွေ့ရှိခဲ့ရတယ်''ဟု ၄င်းက ပြောသည်။

ထိုအတွက်ကြောင့် နယ်စပ် ဂိတ်များနှင့် ပင်လယ်လမ်းများမှ ဝင်ရောက်လာသည့် စားအုန်းဆီများ တင်သွင်း ရောင်းချဖြန့်ဖြူးခြင်းကိစ္စအပေါ် စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ ကြပ်မတ်တော့မည်ဟု သိရသည်။

စားသုံးသူတို့အား ကာကွယ်ပေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စီးပွား/ ကူး သန်း ပြည်ထောင်စုဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က ပြောသည်။

စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယနေ့အချိန်တွင် နယ်စပ်ဂိတ်ပေါက်များမှ စားသုံးရန်မသင့်သော ဆီအတု များ ဝင်လာနေသည့်အပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆီများတွင်လည်း ရောနှောမှုအချို့ ပါဝင်နေခြင်းနှင့် သိုလှောင်မှုစနစ် အားနည်းမှု၊ ဖြန့်ဖြူးသည့်ပီပါအချို့သန့် ရှင်းမှု မရှိသည် တို့ကို ကြပ်မတ် သွားမည်ဟု ပြောသည်။

စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ယနေ့အချိန်တွင် နယ်စပ်ဂိတ်ပေါက်များမှ စားသုံးရန်မသင့်သော ဆီအတု များ ဝင်လာနေသည့်အပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလာသည့် ဆီများတွင်လည်း ရောနှောမှုအချို့ ပါဝင်နေခြင်းနှင့် သိုလှောင်မှုစနစ် အားနည်းမှု၊ ဖြန့်ဖြူးသည့် ပီပါအချို့သန့်ရှင်းမှု မရှိသည် တို့ကို ကြပ်မတ်သွား မည်ဟု ပြောသည်။

"FDA က ဒီအပိုင်းမှာ တော်တော်လေး အားနည်းနေပါတယ်။ ဒါက ကျွန်တော် ဝန်ကြီးဌာကို တိုက်ခိုက်ပြီး ပြောတာမဟုတ်ပါဘူး၊ စစ်ဆေး တာတွေ ကြန့်ကြာနေပါ တယ်။ နောက်ပြီး ဆီဆိုင်တွေ စစ်ဆေးဖို့ ပြည် ထဲရေးကိုလည်း အကြောင်းကြားပါတယ်။ 
ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး က ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ က မန္တလေး ကုန်သွယ်လယ်ယာ ရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူ တို့က နယ်စပ်မှ တစ်ဆင့်တရားမဝင် ဝင်ရောက်လာသော ဆီကိစ္စနှင့် ပတ် သက်ကာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည့်အပြင် ဇွန်လ ၂၁ ရက်နေ့က ကျန်းမာရေးဝန်ကြီး ဌာနကပါ ထိုဆီများကို မည်သည့် စားအုန်းဆီမျိုးနှင့်မျှ ကိုက်ညီခြင်း မရှိ ကြောင်းနှင့် အသုံးပြုပြီး ဆီရောများ ကို ပြန်လည်ပြုပြင်ထားသည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။
နယ်စပ်မှ တရားမဝင် ဆီများ ကြောင့် ပြည်တွင်းဆီ ထုတ်လုပ်သည့် လုပ်ငန်းများ အပေါ် ဈေးကွက် ပျက်လုနီးပါးရိုက်ခတ်မှုရှိပြီး အာဏာ ပိုင်အဆင့်ဆင့်တို့က ထိရောက်စွာ အရေးယူအပြစ်ပေးရန် အားနည်း နေသည်ဟု ဆီထုတ်လုပ်သူ လုပ် ငန်းရှင်များကို ထောက်ပြကြသည်။ မန္တလေးမှ ဆီလုပ်ငန်းရှင်တစ်ဦးက '' အရေးယူမယ် အရေးယူ မယ်နဲ့ ဘာမှဖြစ်မလာတော့ လုပ်တဲ့ သူကလုပ်နေ တာပေါ့''ဟုပြောသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအား ၄င်း အနေဖြင့် စီးပွား/ ကူးသန်းဝန်ကြီး ဌာနအောက်တွင် ဖြစ်နိုင်ပါက ထားရှိလိုပြီး အချိန်နှင့် တစ်ပြေးညီ စစ် ဆေးကြပ်မတ်နိုင်ရန်အတွက် ဖြစ်သည်ဟု ပြောသည်။
''အရင်တုန်းက ဆီကို ကိုယ် စားလှယ်အနေနဲ့ ပေးတုန်းက ၃၃၆ဝ ဦးရှိ တယ်။ အဲဒီထဲက မရောမနှော နဲ့ မှန်မှန်ကန်ကန်လုပ်တာ ၃ဝ တောင် မရှိဘူး။ နောက်ပြီး ပင်လယ် ရေကြောင်းက ဝင်လာတယ်။
ပင်လယ်ရေ တွေ ရောကြတယ်။ ပြီးတော့ ဆီထည့်တဲ့ ပီပါခွံ အဟောင်းတွေ၊ ဒါတွေကိုလည်း မယုံဘူး၊ အားလုံးစနစ်တကျနဲ့ပဲ လုပ်စေချင်တယ်'' ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးသန်းမြင့်က တရုတ်နယ်စပ်မှ မန္တလေး သို့ဝင် လာသည့် ဆီများ စီးပွားရေးမြို့တော် ရန်ကုန်သို့ ဝင်မလာစေရန် ကြိုတင် အသိပေးနှိုးဆော်ထားခြင်းဖြင့် ဟန့် တားထားပြီး ဝင်ရောက်လာ ပါက ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူသွား မည်ဟု ပြောသည်။ 
ကျန်းမာရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက နယ်စပ်စခန်းများ တွင် စစ်ဆေးကြပ်မတ်မှုများ ပြုလုပ် နိုင်ရန် FDA စခန်းဖွင့်လှစ်သွားရန် စီစဉ်နေ ပါကြောင်း ပြောသည်။ 
ယခင်က စားအုန်းဆီတင်သွင်းမှုကို တစ်ဦး တစ် ယောက်ကပင် ချုပ် ကိုင်ခွင့်ရသော်လည်း အစိုးရသစ် တက်ပြီးမှ စတင်ကာ တန်ချိန် ၃ဝဝဝ ထက်မနည်းတင်သွင်းနိုင်သူ မည်သူ့ကိုမဆို တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိတွင် တစ်လလျှင် မလေးရှား မှ ဆီတန်ချိန် ၃ဝဝဝဝ ကျော်တင် သွင်းနေပြီး ပြည်တွင်းတွင်မူ ဆီခတ်ရုံများ၏ အခြေ အနေမှာ ဆိုး ရွားစွာ ကျဆင်းနေကြောင်း စုံစမ်း သိရှိရသည်။
 သြဂုတ် လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်း ပခဲ့သော ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် မြန်မာ့ဆန်စက် လုပ်ငန်းပြပွဲ ၂ဝ၁၂ ကျင်းပရေး ညှိနှိုင်းအစည်း အဝေးတွင် စားသုံးဆီများရေးရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြခြင်း ဖြစ် သည်။

ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြု


ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြု 

Wednesday, 15 August 2012 10:49
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း ခွင့်ပြုမည့် အချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အတွက် မြေနေရာ ချထားပေးမှု ဆိုင်ရာအချက်များ၊ အသေးစား အလတ်စား လုပ်ငန်းများ ထိခိုက်မှု မရှိစေနိုင်မည့် လုပ်ငန်းများသာ ခွင့်ပြုရေး စသည့်အချက်များ အပါအ၀င် ပြင်ဆင်ချက် ၉၄ ချက်ကို ဆွေးနွေးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်သူ့လွှတ်တော်မှ အတည်ပြုကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းသည် အမျိုးသား လွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပေးပို့ပြီး ပြည်သူ့လွှတ်တော်မှ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့တဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ထို့နောက် ဇူလိုင်လ ၃၀ ရက်နေ့၊ ရန်ကုန် MICT မှာ ပြုလုပ်တဲ့ ပြည်သူများရဲ့ အသံကို လွှတ်တော်ကိုယ်စားလှယ်များ နာခံခဲ့ပြီး ပြန်လည်သုံးသပ် လိုတဲ့အတွက် အမျိုးသားလွှတ်တော်က ပြန်လည် တောင်းခံခဲ့ပါတယ်။ ထို့နောက် ဥပဒေကြမ်းကို ပြန်လည်တောင်းခံတဲ့ အခါမှာ အမှတ်စဉ် ၉၄ အထိ ပြင်ဆင် အဆိုပြုနိုင်ခဲ့ပါတယ်။ တချို့ဆို မပါတဲ့ အပိုဒ်တွေကိုပါ ထည့်သွင်းဆွေးနွေး နိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင် ဆွေးနွေးရာတွင် ‘နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသော ယင်းနှင့်ညီမျှသည့် နိုင်ငံခြားသုံးငွေ ပါဝင်ရမည်’ အချက်၊ ‘နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့် မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြားမတည် ရင်းနှီးငွေသည် စုစုပေါင်း မတည်ရင်းနှီးငွေ၏ အများဆုံး ၄၉ ရာခိုင်နှုန်း ဖြစ်ရမည်’ အချက်၊ ‘နိုင်ငံခြား ကုမ္ပဏီဖြစ်ပါက မိမိ၏ အစုရှယ်ယာအားလုံး (သို့မဟုတ်) အချို့ကို နိုင်ငံခြားသား တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသားတစ်ဦးဦးသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချလျှင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုချက် ရယူ၍ ခွင့်ပြုမိန့်ကို ပြန်လည် အပ်နှံပြီးမှသာ တည်ဆဲဥပဒေများ နှင့်အညီ အစုရှယ်ယာ လွှဲပြောင်းခြင်းကို မှတ်ပုံတင်ခြင်း’ အချက်၊ ‘ရင်းနှီးမြှုပ်နှံသူသည် မိမိဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်မှု နည်းပညာရပ်များကို သက်ဆိုင်သည့် လုပ်ငန်းဌာန (သို့မဟုတ်) အဖွဲ့အစည်းများသို့ စာချုပ်ပါအတိုင်း စနစ်တကျ လွှဲပြောင်းပေးအပ်ရေး’ အချက်၊ ‘ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နေ့မှ ပထမနှစ်နှစ်အတွင်း နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားပြီး ဖြစ်ရမည်’ အချက်၊ ‘ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း နိုင်ငံတော် အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ဘဏ်မှတစ်ဆင့် နိုင်ငံခြားသို့ လွှဲပြောင်း နိုင်ခွင့်ရှိသည်’ အချက်များကို အတည်ပြု ပြင်ဆင်ကာ ဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက “လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ နှစ်တိုနှစ်ရှည် စိုက်ပျိုးရေး၊ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို နိုင်ငံသား ၇၀ ရာခိုင်နှုန်း အကျိုးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဥပဒေကြမ်း အပိုဒ် (၄) မှာ တားမြစ်ခဲ့တယ်။ သို့သော်လည်း အပိုဒ် (၅) နဲ့ (၆) မှာ တကယ်လို့ မဖြစ်မနေ နိုင်ငံသားများကလည်း နိုင်ငံခြားသားနဲ့ ပူးပေါင်းလုပ်ချင်ပါတယ်။ နည်းပညာသစ်တွေ လိုချင်ပါတယ်လို့ တင်ပြလျှောက်ထားလာရင် စိစစ်ပြီးခွင့်ပြုပေးဖို့ ပြန်ခွင့်ပြုထားပါတယ်။ ပြန်ဖွင့်ပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်သို့ ပြန်လည် ပေးပို့သွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မှ ပြန်လည်ပြင်ဆင်ရန် မရှိပါက နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး အတည်ပြု ထုတ်ပြန်ရမည် ဖြစ်သည်။ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ရန်ရှိပါက ပြည်ထောင်စု လွှတ်တော်တွင်သာ ပြင်ဆင်နိုင်တော့မည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရမည် ဖြစ်သည်။

မြ၀တီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီးနှောဖလှယ်


မြ၀တီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီးနှောဖလှယ်

သြဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
 
လူမှုအသိုင်းအ၀ိုင်းနှင့် အမျိုးသားရေးတွင် ကရင်လူငယ်များ ပါဝင်ပူးပေါင်းဆောင်ရွက် တတ်လာစေရန် ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး-KYO က မြ၀တီမြို့နယ်ရှိ နို့ဖိုးရွာ၌ ကရင်လူငယ် ၁၀၀ကျော်နှင့် သြဂုတ်လ ၁၁ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ဆွေးနွေးပွဲကို ဦးဆောင်သည့် KYO ဒုဥက္ကဌ စောအဲ့ကလူစေးက “အရင်ကဆို ဒီလိုနေရာတွေမှာ လူငယ်နဲ့တွေ့ဆုံဖို့ ခက်တယ်။ ဒါပေမယ့် အခုလို အပစ်ရပ်စဲရေးကာလမှာ ဒီလူငယ်မောင်မယ်တွေနဲ့ တွေ့ဆုံခွင့်ရတာ ၀မ်းသာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
နို့ဖိုးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခမ်းမ၌ ပြုလုပ်ခဲ့သည့် ၎င်းနှီးနှောဖလှယ်ပွဲတွင် နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲကျေးရွာများမှ လူငယ် များ တက်ရောက်ခဲ့ကြပြီး “ကရင်လူငယ်နှင့် အမျိုးသားရေး” ခေါင်းစဉ်ဖြင့် ညဘက်တွင် အချိန်တစ်နာရီနီးပါး ဆွေးနွေးဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်သူ လူငယ်တဦးက “ဒီလို နှီးနှောဖလှယ်ပွဲတွေ လာလုပ်ပေးတာ ကောင်းတယ်။ ဖြစ်နိုင်ရင် ထပ်ပြီး လာလုပ် ပေးဖို့ မျှော်လင့်တယ်။ ဘာဖြစ်လဲဆိုတော့ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်မှုရဖို့ဆိုရင် ကျနော်တို့လူငယ်တွေဟာ အမျိုးသားရေး စိတ်ဓါတ်ကို သိရှိဖို့လိုအပ်တယ်”ဟု ပြောသည်။
သို့သော် ယင်းဒေသရှိ လူငယ်များသည် ဖိနှိပ်မှုနှင့် အကြောက်တရားများအောက်တွင် ကြီးပြင်းလာခဲ့ရပြီး အများအားဖြင့် ပညာရေးအ ဆင့်အတန်း နိမ့်ကျနေသေးခြင်းတို့ကြောင့် အပြန်အလှန် ဆွေးနွေးမှု၌ အားနည်းနေသေးသည်ကို တွေ့ရကြောင်း KYO တာဝန်ခံများက သုံးသပ်ပြောဆိုသည်။
“နောက်ဆက်တွဲအနေနဲ့ အခုလို ဆွေးနွေးပွဲမျိုးကို ထပ်လုပ်ဖို့ ရှိတယ်။ ဒါ့အပြင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ခုအတွင်းမှာ အလားတူ လူငယ်နှီးနှောဖလှယ်ပွဲမျိုးကို ဆက်လုပ်သွားဖို့ ကေ၀ိုင်အိုထဲက အဖွဲ့ဝင်တွေနဲ့ ဆက်ပြီး တိုင်ပင်သွားမယ်”ဟု စောအဲ့ကလူစေး က ပြောသည်။
၎င်းနှီးနှောဖလှယ်ပွဲတွင် ကေ၀ိုင်အို တွဲဖက်အတွင်းရေးမှူး စောဂျစ်ပစီ၊ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)မှ ခေါင်းဆောင် အချို့နှင့် တပ်မဟာ(၃)မှ ညောင်လေးပင်ခရိုင် စည်းရုံးရေးဌာန တာဝန်ခံ စောပိုပိုထူးအောင်တို့က လူငယ်များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့ ကြသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။