Monday, September 3, 2012

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်


ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်  
Tuesday, 04 September 2012 09:59
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်း လိုက်ပြီး အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ ဦးစိုးဝင်းတို့ ပါဝင်ကြသည်။
ထို့သို့ ဖွဲ့စည်းပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ နေရာတွင် ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေကို စက်တင်ဘာလ ၃ ရက်နေ့က လွှဲပြောင်း ခန့်အပ်ခဲ့ပြီးနောက် အဆိုပါ နေ့ရက်စွဲဖြင့်ပင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ထပ်မံကန့်ကွက် လာခဲ့ခြင်း ဖြစ်ပါသည်။
ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် စွပ်စွဲပစ်တင်ရန် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးတို့သည် စုံစမ်း စစ်ဆေးမှု နည်းလမ်းများနှင့် ကျင့်စဉ်တို့အရ ပြည်သူ့လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင် ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ယခုဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ထုတ်ပြန်ထားပါသည်။
Comments 
 
+4 #2 ကိုစိုပြေဦး 2012-09-04 10:54
ဦးနန္ဒကျော်စွာ ကိုဘာလို့ ကန့် ကွက်တာလဲ ... ကန့် ကွက်ရင်တဖွဲ့ လုံးကိုပါကန့် ကွက်ဗျာ.. အစစ်အမှန်နိုင်ပြီးတတ်လာတဲ့ သူတွေလည်းမဟုတ်ဘူး.. ပြည်သူတွေရဲ့ မဲမလိုတဲ့ ဖြစ်လာတဲ့ ခါတော်မှီအမတ်တွေရောပဲ..
 
+29 #1 soranotomo 2012-09-04 10:37

“ နေရာလိုချင်တယ်ဆိုတာ ကိုယ့်တစ်ယောက်တည်း အတွက်ပါ။ နေရာပေးချင်တယ် ဆိုတာ အများအကျိုးအတွက်ပါ။ အဲဒီတော့ နေရာမလိုချင်ကြပါနဲ့။ နေရာပေးချင်ကြပါ။ အရည်အချင်း ရှိပြီး အကျင့်စရိတ္တ ကောင်းတဲ့သူတွေကို နေရာပေးကြပါ။ ”


“ဒေါ်အောင်ဆန်းစုကြည်”

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်


အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည် 

From : ခေတ်လူငယ်ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင်စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကောက်ခြင်း၊ ပစ္စည်းများ ငှားရမ်းခရသည့်အပေါ်တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့်အပေါ်တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် လစာဝင်ငွေအပေါ် ကောက်မည့်အခွန်နှုန်းမှာ ငါးသိန်းအထိကို ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ သိန်း ၂၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း သမဝါယမလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ကောက်မည့်အခွန်နှုန်းထားမှာ ယခုငါးသိန်းအထိကို နှစ်ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထိကို ၂၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။ “အခွန်ကင်းလွတ်ခွင့် ရတဲ့ဟာတွေလဲ ရှိပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ရှိတယ်။ ဒေသဆိုင်ရာအဖွဲ့ရဲ့ ဝင်ငွေမှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ ငွေစုဘဏ်တွေမှာ စုဆောင်းငွေပေါ်မှာ ရတဲ့အပေါ် အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ဒါပေမယ့် နည်းဥပဒေနဲ့ ပြဋ္ဌာန်းရတဲ့ ငွေတစ်ရပ်ရပ်စုတာ ဖြစ်တဲ့အတွက် အစိုးရငွေစုဘဏ်မှာ ရတဲ့အတိုးကိုပဲ ပြောတာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်ကရတဲ့ အတိုးအပေါ်မှာ အခွန်ကင်းလွတ်ခွင့် မရှိပါဘူး။ ပင်စင်၊ သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိတဲ့ လျော်ကြေး၊ အာမခံလျော်ကြေး၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံရရှိတဲ့ ငွေတွေက အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ ယခင် အမြတ်ခွန်ဥပဒေကို ၁၉၇၆ ခုနှစ်မှစပြီး ပြဋ္ဌာန်းခဲ့ကာ အခွန်ကင်းလွတ်ခွင့် တစ်နှစ်လုံးကို ကျပ် ၈၀၀၀ ပေးထားခြင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နှစ်လုံးကို ကျပ် ၁၀၀၀၀ အထိ ကင်းလွတ်ခွင့်ပေးပြီး ၁၀၀၀၁ ကျပ်မှ စည်းကြပ်ခဲ့ကြောင်း သိရသည်။ “အဲဒီ ၁၉၈၉ တုန်းက ပြင်ခဲ့တဲ့ဟာတွေက မနှစ်ကအထိ ဒီအတိုင်းပဲ ဖြစ်တယ်။ မနှစ်ကအထိ ဒီနှုန်းအတိုင်းပဲ စည်းကြပ်ခဲ့တာ ဖြစ်တဲ့အတွက် သုံးသိန်းကျော်တာနဲ့ ၅၀ ရာခိုင်နှုန်းဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်း အနေနဲ့က မလျော်ညီတော့ဘူး၊ ဘယ်သူမှ ပေးဆောင်ချင်တဲ့ အခွန်နှုန်းတွေ မဟုတ်တော့ဘူး။ ပွင့်လင်းလာတဲ့ခေတ်မှာ အားလုံးလိုက်နာနိုင်အောင် ဆောင်ရွက်နိုင်အောင် အခွန်နှုန်းထားတွေ ပြောင်းလဲခဲ့တာ ဖြစ်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ တစ်နှစ်လုံးတွင် လုပ်ခဲ့သည့် အကျိုးအမြတ်ကို နှစ်ကုန်မှသာ သိရှိမည် ဖြစ်သည့်အတွက် ယင်းတစ်နှစ်လုံးသုံးသည့် လုပ်ငန်းအပေါ်တွင် စည်းကြပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် စည်းကြပ်မည့်နှုန်းမှာ နှုန်းဟောင်းနှင့်ဖြစ်ပြီး ယခုနှစ်တွင် လုပ်မည့်ကိစ္စကို လာမည့်နှစ်တွင် နှုန်းအသစ်ဖြင့် စည်းကြပ်မည် ဖြစ်သည့်အတွက် ဝင်ငွေကြော်ငြာစာ တင်ရမည့်အချိန်နှင့် စည်းကြပ်ရမည့် အချိန်များဖြစ်ကြောင်း သိရသည်။ ယခု အခွန်ထမ်း လုပ်ငန်းရှင်များသည် မိမိလုပ်ငန်း၏ ဝန်ထမ်းများအပေါ်တွင် ဖြတ်တောက်ပေးသွင်းရမည့် တာဝန်ရှိသည့်အတွက် လစဉ်ဖြတ်တောက် ပေးသွင်းပြီး ဘဏ္ဍာနှစ်မကုန်မီမှာ အပိုအလို ပြန်ညှိနှိုင်းပြီး အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ Myanmar Express

နိုင်အောင်အဖွဲ့မှာသာ တာဝန်ရှိကြောင်းအချက်အလက်များ


နိုင်အောင်အဖွဲ့မှာသာ တာဝန်ရှိကြောင်းအချက်အလက်များ 

မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
(မတ်လ ၂၈ ရက်၊ ၂၀၁၂)
ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား
မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။
မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ် ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ တယ်။
လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင် ဖို့အတွက် တင်ပြလိုက်ပါတယ်။
၁- ကျနော်တို့ကျောင်းသား နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည် ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ ထားပါတယ်။
ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှာ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက်ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့ကတောင်းဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူလက်ခံခဲ့ကြရပါတယ်။
၂- ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်းနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူကြောင်း ၁၉၉၂ မေလ ၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။
၃- ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိ ကြောင်း ထောက်ခံဖေါ်ပြထားတယ်။ ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ တွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟိုအလုပ်မှု ဆောင် ကော်မတီဝင်တဦးလည်းဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ တာဝန်ယူဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့ တာက အလွန်ရုပ်ဆိုးတဲ့ဖြစ်ရပ် ဖြစ်တယ်။
Link၄- ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေမှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ ဆန် ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ကြေညာချက်မူရင်း ကို အောက်မှာဖေါ်ပြထားပါတယ်။
၅- မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေး တယ်) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင်ဆွေးနွေး ခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။ ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
၆- ပြန်လည်ပေါင်းစည်းရေးလုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှာ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘော မျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျောက်လုံး ဆွေးနွေးပြောဆိုခဲ့ကြပါ တယ်။
၇- ရော်နယ် အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီသတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာ သာတာဝန်ရှိကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။
၈- အေဘီအက်စ်ဒီအက်ဖ် မကွဲခင်အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ကတဆင့် ကျနော်ပေးပို့ခဲ့တဲ့ ကြေးနန်မှာ
(က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှာ တာဝန်ရှိသူများ ပူးတွဲစစ်ဆေးပါ။ ရိုက်နှက်ညဉ်းပန်းမှုများ မပြုလုပ်ရန်။
(ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူညီတောင်းပြီး လွှတ်ပေးလိုက်ရန်။
ဒီလို မသတ်ဖို့လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ် အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့ ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။
(ဂ) သူတို့မှာ တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကိုဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလို လို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။
မိုးသီးဇွန်
မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။
moetheezun@hotmail.com
08 9542 7837

………………………………………………………
ကြေညာချက်မူရင်းများ
ဦးအောင်ထူး လက်မှတ်နဲ့ ထုတ်ခဲ့တဲ့ ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့ ကြေညာချက်
………………………………………………………….
ကိုမိုးသီးဇွန် ဗဟိုမှ ၁၉၉၂ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်
(ဘာသာပြန်)
၈ရက်၊ မတ်လ၊ ၁၉၉၂
မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက် (ABSDF led by Moe Thee Zune)
ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကို အလေးထားသောအားဖြင့် ဦး စွာ (ကျနော်တို့သည်) ကျောင်းသားတပ်မတော် နှစ်စုကွဲသွားပြီဖြစ်ကြောင်းကို ၀မ်းနည်းစွာအသိပေးပြီး ယခု ကြေညာ ချက်ကို ထုတ်ပြန်ရပါသည်။
သို့သော် မြန်မာပြည်ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာနားလည်ပေးသော ပြည်တွင်းပြည်ပအင် အားစုများ၏ အ ရည်အသွေးကို နိမ့်ကျတန်ဖိုးမဲ့စေသောအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒထားပြီး ဒီမို ကရေစီတော်လှန်ရေး ရေရှည် အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့သည်) ABSDF ကျောင်းသားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သော လက်အောက်ခံစခန်းများ၊ တပ်ရင်းများတွင် လူသတ်အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြသုံးသပ်ရမည် ဖြစ်သည်။
မြန်မာပြည်သားတို့၏ လူ့ဂုဏ်သိက္ခာ၊ လူသားဘ၀၊လူ့တန်ဖိုးနှင့် လူ့အခွင့်အရေးများကို (ကျနော်တို့သည်) တန်ဖိုးထား သောကြောင့် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ်သိက္ခာမဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများကို ဆန့်ကျင်ရမည် ဖြစ်သည်။
လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာနှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာမဲ့စေသောဆက်ဆံခြင်း၊ အပြစ် ပေးခြင်းများ ကို ဆန့်ကျင်ပြီး ထိုသို့ဆက်ဆံခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးသော ကုလသမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက် အမှတ် -၃၄၅၂(၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော် အဖွဲ့ဝင်အားလုံး သဘောတူညီမှု၊ နားလည်မှုမပါဘဲ သူလျှိုဟု စွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊ အရေးယူခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ တခြား အောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော်တို့ အထူးစိုးရိမ်ကြောင်း ပြောကြားလိုသည်။
ဘန်ကောက် နေးရှင်းသတင်းစာ (မတ်လ ၁၊ ၁၉၉၂) အရ သူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အ မျိုးသမီးရဲမေတဦး ပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး – ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်) တွင် အတည်ပြုခဲ့ပါသည်။
ကျနော်တို့သည် လက်ရှိကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထားသော လူ ၆၅ ဦးကို ညှဉ်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ချင်းရပ်တန့်ရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။
အလားတူပင် DAB အဖွဲ့ဝင်များကလည်း အားလုံးအတည်ပြုထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍ (ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည်သုံးသပ်ပေးပါရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။)
လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့တွန်းလှန်တိုက်ပွဲဝင်ရာတွင် လူ့အ ခွင့်အရေးဆို သော စကားလုံးသည် စကားလုံးသက်သက်မျှမဟုတ်ဘဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့ကျင့်သုံးရမည်ဟု ကျနော်တို့ မှယုံကြည်ပါသည်။
သို့ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမိုမြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည် မှုမပါဘဲ တပ်ဖွဲ့ ၀င် အမြောက်အများကို သူလျှိုဟုစွပ်စွဲပြီး အလျင်စလို သတ်ဖြတ်အရေးယူခြင်းအပေါ် ကျနော်တို့ (မိုးသီးဇွန်) ဦးဆောင် သော ကျောင်းသားတပ်မတော်အဖွဲ့မှ အထူးသံသယ ဖြစ်မိပါသည်။
ထို့ကြောင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ်ဟု ကျနော်တို့မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံ ကြည်အားထားလောက်သည့် ခိုင်မာသောအထောက်အထားမရှိဘဲ သူလျှိုဟု စွပ်စွဲခံရသော ရဲဘော်များအား ကွပ်မျက် သည်အထိ လုပ်ဆောင်မှုများအားလုံးတွင် အမှားပေါင်းများစွာပါဝင်နေသည်။
အထက်မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန်ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အား စွပ်စွဲခံရသော သူများ၏ သူလျှိုခေါင်းဆောင်ဟု သတ်မှတ်ခဲ့ခြင်းသည် ကြီးမားသောအမှားတခု ဖြစ်သည်။
စစ်အာဏာရှင်အကြိုက်ဖြစ်မည့် မိမိကျောင်းသားတပ်မတော်အဖွဲ့ဝင်အချင်းချင်း မညီညွတ်ရာမှ တဦးနှင့်တဦး သား ကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီလိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော်အဖွဲ့ဝင်အားလုံး သတိကြီး စွာထားရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။
နောက်ဆုံးအနေဖြင့် မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့်အတူတကွ ကျောင်းသားတပ် မတော်အဖွဲ့ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့်အမဲစက် ဖြစ်စေခဲ့သည် ကိစ္စအပေါ်တွင် ကျနော်တို့ဖက်မှ အထူးစိုးရိမ်မိကြောင်း ပြောကြားရင်း ယခုသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။
မိုးသီးဇွန်
ဥက္ကဋ္ဌ
မာနယ်ပလောရုံးချုပ်
Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand

……………………………………………………
ဒေါက်တာနိုင်အောင် ဗဟိုမှ ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ ထုပ်ပြန်ခဲ့တဲ့ ကြေညာချက်


(ဘာသာပြန်)
(၁၉၉၂ မေလ ၃၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဋ္ဌ (ဒေါက်တာနိုင်အောင်) ၏ ၁၉၉၂ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီး မုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များ သက်သေခံပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။
အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သော အမျိုးသားထောက်လှမ်းရေးဗျူရိုတွင် အဓိက တာဝန်ရှိပါ သည်။ အတိုက်အခံအဖွဲ့များအကြား သပ်လျှိုရန်၊ အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသော အစီအမံများ စီမံထားပြီး ဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးချခဲ့သည်။
ကျောင်းသားတပ်မတော်သည် အဓိကပစ်မှတ်တခု ဖြစ်လာခဲ့သည်။ သူလျှိုများကို ရေလှိုင်း (water wave) စီမံကိန်းဟု အမည်ရသော စစ်ဆင်ရေး ဖြင့်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ
- အဖွဲ့အတွင်း တည်ငြိမ်မှုပျက်ပြားစေရန်
- ထောက်ပံ့သည့်အုပ်စုနှင့် မဟာမိတ်အဖွဲ့များအကြား နားလည်မှုလွဲမှားစေရန်
-စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန်
-အတိုက်အခံခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။

အပြီးသတ် ဆောင်ရွက်ရမည့်နေ့မှာ အမျိုးသားညီလာခံကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင်ဖြစ်သည်။ တချို့အဖွဲ့များ က အမျိုးသားညီလာခံမတိုင်မီ လက်နက်ချရန်နှင့် ကျန်ရှိသောအဖွဲ့များက အမျိုးသားညီလာခံအပြီး အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင် လက်နက်ချရန် ဖြစ်သည်။
(သူလျှိုအုပ်စု၏ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီး ဖြစ် သည်) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြီးနောက် ကျန်ရှိသောအဖွဲ့မှာ စစ်တပ်၏ချေမှုန်းခြင်းကို ခံကြရမည် ဖြစ်သည်။
သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ထပ်မံအငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့်ဖြစ် စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်။ ကျနော် တို့အနေဖြင့် ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး ဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်း လိုပါသည်။
လက်တလော ABSDF (Nothern)၊ (KIO) တို့နှင့် ကျနော်ဆွေးနွေးခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချခဲ့ပါသည်။
၁။ အေဘီအက်စ်ဒီအက်ဖ်သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။
၂။ သဘောထားပြောင်းလဲ၍ ကျနော်တို့၏ လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ဝင်အဖြစ်လက်ခံမည်။
၃။ အဖွဲ့ဝင်အဖြစ် ကျနော်တို့မှ လက်မခံသောသူများကို ၎င်းတို့၏လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့အစည်း များသို့ လွှဲပြောင်းပေးသွားမည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။
အကယ်၍ မြန်မာပြည်ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထားမရှိပါက တနှစ်ထိန်းသိမ်းပြီးနောက် ၎င်းတို့၏ မိဘ(သို့မဟုတ်) ဆွေမျိုးသားချင်းတို့၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်သည်။
သူလျှိုများကို ရန်သူအဖြစ် သတ်မှတ်ဆက်ဆံရန် သဘောထားရှိသော်လည်း၊ ၎င်းတို့သည် စစ်အာဏာရှင်စနစ်၏ သား ကောင်များဖြစ်သည်ဟု ကျွန်ုပ်တို့လက်ခံသည်။ ထို့ကြောင့် ကျနော်တို့သည် ရေရှည်အကျိုးစီးပွားနှင့် လူသားချင်းစာနာ ထောက်ထားမှုကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏ အနာဂတ် အခြေချနေထိုင်ရေးအ တွက် နည်းလမ်း ၀ိုင်းဝန်းရှာဖွေပေးကြရန် ကျနော်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။
လေးစားစွာဖြင့်
ဒေါက်တာနိုင်အောင်
ဥက္ကဋ္ဌ
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

၃၁ မေလ ၁၉၉၂
Myanmar Express

တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည်


တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည် 


The Voice Weekly , 3 September 2012  —–
တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရ
ုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် SEA Games နှင့် ၂၀၁၄ ခုနှစ်တွင် စတင် တာဝန်ယူမည့် အာဆီယံ ဥက္ကဋ္ဌ အတွက် သီးခြားဖွံ့ဖြိုး တိုးတက်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်လာခြင်း၊ တာဝန် ထမ်းဆောင်စ ပြည်ထောင်စု ဝန်ကြီးများကို ချိတ်ဆက် ကူညီပေးရန် လိုအပ်ခြင်း တို့ကြောင့်လည်း သမ္မတရုံး ဝန်ကြီးဌာနများကို တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းရှင်းလင်း တင်ပြချက်အရ သိရသည်။
လက်ရှိ သမ္မတရုံးဝန်ကြီးဌာန အနေဖြင့် သမ္မတရုံးနှင့် အိမ်တော်ဆိုင်ရာ ကိစ္စများ ၊ Good Government and Clean Government ကိစ္စရပ်များ စိစစ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ယင်းတင်ပြချက်တွင် ပါရှိသည်။ ယခုအခါ သမ္မတရုံးဝန်ကြီးဌာနတွင် ထပ်မံ ခန့်အပ်လိုက်သော ဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း ၊ ဦးလှထွန်း ၊ ဦးတင်နိုင်သိန်းတို့ အပါအဝင် ဝန်ကြီးခြောက်ဦး ရှိနေပြီဖြစ်သည်။
ထို့ပြင် မြန်မာ့ စက်မှု့လက်မှု့ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနကို အချိန်ယူ ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖျက်သိမ်းလိုက်ကြောင်း ယင်းရှင်းလင်းချက်မှ သိရသည်။

“ကေအိုင်အေ/ကေအိုင်အို နှင့် တပ်မတော် ကြား ပဋိပက္ခကြောင့် ကချင်ပြည်နယ်အတွင်း ရိက္ခာပြတ်လပ်နေကြောင်း ပြည်သူ့လွှတ်တော်သို့အရေးကြီးအဆို တင်သွင်း”


“ကေအိုင်အေ/ကေအိုင်အို နှင့် တပ်မတော် ကြား ပဋိပက္ခကြောင့် ကချင်ပြည်နယ်အတွင်း ရိက္ခာပြတ်လပ်နေကြောင်း ပြည်သူ့လွှတ်တော်သို့အရေးကြီးအဆို တင်သွင်း” 


Popular News Journal,4 September 2012  —–
နေပြည်တော်၊ စက်တင်ဘာ-၎
ကချင်ပြည်နယ်အတွင်း ကေအိုင်အေ/ကေအိုင်အို အဖွဲ့နှင့် တပ်မတော် အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆန်စပါး များပြတ်လပ်ပြီး အတိဒုက္ခများရောက်ရှိနေသောကြောင့် ကူညီစောင့်ရှောက်ပေးရန် အရေးကြီးအဆိုကို ကချင်ပြည်နယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးယောဒီဒွေ့က ပြည်သူ့လွှတ်တော်သို့ စက်တင်ဘာလ ၃ ရက်နေ့တွင် အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်ကြောင်းသိသည်။
” ကချင်ပြည်နယ်မှာ ကေအိုင်အေ/ကေအိုင်အို နဲ့ မြန်မာ့တပ် မတော်ကြားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပါတယ်၊
အချိန်ကြာလာသည်နှင့်အမျှ ပြည်နယ်အတွင်းမှာနယ်မြေတည်ငြိမ်အေးချမ်းရေးမှု၊ဥပဒေစိုးမိုးရေးများယုတ်လျော့ကာ ဒေသခံပြည်သူများနဲ့ နိုင်ငံ ၀န်ထမ်းများအတွက်စိုးရိမ်ပူပန်မှုတွေ ၊သောကတွေ နဲ့ အတူ ဘေးဒုက္ခတွေ ကြုံတွေ့နေရပါတယ်။ပူတာအို တစ်ခရိုင်လုံးနဲ့ ချီဖွေဒေသတွေမှာ ဆန်၊ရေ၊စပါး ပြတ်လပ်နေပါတယ်။အတိဒုက္ခရောက်နေကြရပါတယ်၊” ဟု ၄င်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားလိုက်သည်။
ထိုပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများသည် တဖက်နိုင်ငံတွင် သွားရောက်ခိုလုံ နေရသူများတဖြည်းဖြည်းများပြားလာပြီး ၊ပြည်နယ် အတွင်းယာယီစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံနေကြရသူ-များမှာ တစ်ရက်ထက် တစ်ရက် နေ့စဉ်ကြုံတွေ့နေရကြောင်း။နိုင်ငံတော်တာဝန်ထမ်းဆောင်ရမည့် ၀န်ထမ်းများသည်လည်း တာဝန်ကြ ဒေသများသို့သွားရောက်ရန် အခက် အခဲများကြုံတွေ့နေရပြီးဆက်သွယ်ထားသော လမ်းများသည်လည်း ပျက်စည်းနေပြီ ဖြစ်ကြောင်းအထက်ပါ ကိုယ်စားလှယ်က ထည့်သွင်းပြောကြားသည်။
” မိမိတို့ ဒေသခံပြည်သူတွေဟာ တည်ငြိမ်အေးချမ်းတိုးတတ်ရေးကို လိုလား အားခဲနေပြီဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ယမ်းငွေ့တွေ လွှမ်းခြုံနေမဲ့အစား မေတ္တာကို အခြေခံပြီး နှစ်ဦးနှစ်ဘက်နားလည် ယုံကြည်မှု ရှိရှိ နဲ့ ထိန်းညှိကာဖြေရှင်းသင့်ပါတယ်၊ယခုကဲ့သို့နိုင်ငံရေး ၊စီးပွားရေး စနစ်ပြောင်း ခေတ်ပြောင်းကာလမှာ တည်ငြိမ်အေးချမ်းမှု ။လုံခြုံ စိတ်ချမှုတွေနဲ့အတူ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်းလျင်မြန်စွာ ရောက်ရှိလာရန် ပူးပေါင်း ကြိုးပမ်းရမဲ့ အချိန်လည်းဖြစ်ပါတယ် ” ဟု ၄င်းကဆိုသည်။
လက်ရှိ တွင် ပဋိပက္ခ ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများနှင့် ဒေသခံတိုင်းရင်းသားများအတွက် ကျန်းမာရေး၊ပညာရေးနှင့် စားသောက်နေထိုင်ရေးကိစ္စများ ကို အဓိက စိုးရိမ်နေ၇သည့် ပြသာနာ များအဖြစ် ကြုံတွေ့နေရကြောင်း၊ထို့ပြင် ဒေသခံ စီးပွားရေး လုပ်ငန်းများနှင့် အတူ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့် သူ များအတွက် စီမံခန့်ခွဲရေး နည်းလမ်းများ အရ အဘက်ဘက်မှ ကူညီပေးနိုင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းလိုက်ကြောင်းသိရသည်။
ယင်းအရေးကြီးအဆို အား ကချင်ပြည်နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ပြည်သူ့လွှတ်တော် မှ ဆွေးနွေးရန် သဘောတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြေညာလိုက်သည်။
အောင်ထက် (NYK)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။