Monday, September 3, 2012

ဂျစ်ကားဈေးကွက် ပျောက်လုနီးပါးဖြစ်လာ


ဂျစ်ကားဈေးကွက် ပျောက်လုနီးပါးဖြစ်လာ 

ရန်ကုန်မြို့ ဟံသာဝတီကားဝယ်ရောင်းဈေးကွက်၌ တွေ့ရသော ဂျစ်ကားများ။ တစ်ချိန်က လူကြိုက်များကာ အရောင်းအ၀ယ် လိုက် ခဲ့သော ဂျစ်ကားများမှာ ဈေးကွက် ပျောက်ဆုံးလုနီးပါး အခြေအနေ နှင့် ရင်ဆိုင်နေရပြီး ဈေးနှုန်းများမှာလည်း အနှေးယာဉ်ဖြစ်သော ဆိုက်ကား ဈေးနှုန်းများနှင့် အနည်းငယ်သာ ကွာဟမှုရှိကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။ စတင်ပေါ်ကာစ၌ သိန်း ၉၀ ၀န်းကျင်ရှိခဲ့သော ရှမ်းစတား ဂျစ်ကားများမှာ ယခုအခါ သိန်း ၂၅ ၀န်းကျင်ခန့်သာ ရှိတော့သည်။ ဓာတ်ပုံ-မြန်မာတိုင်း(မ်)
The Myanmar Times, 1September 2012  —-  ရန်ကုန် ကားဈေးကွက်အတွင်း တစ်ချိန် က လူကြိုက်များကာ အရောင်းအ၀ယ် လိုက်ခဲ့သော ဂျစ်ကားများမှာ ဈေးကွက် ပျောက်ဆုံး လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဈေးနှုန်းများမှာလည်း အနှေး ယာဉ်ဖြစ်သော ဆိုက်ကားဈေး နှုန်းများနှင့် အနည်းငယ်သာ ကွာဟမှုရှိ တော့ကြောင်း ကားဝယ်ရောင်းလုပ်ကိုင် သူများက ပြောသည်။
“အခုရန်ကုန်မှာ ဂျစ်ကားတွေ တွေ့ရတာ နည်းလာသလို အရောင်း အ၀ယ် လုပ်တာလည်း သိပ်ပြီးမတွေ့ရတော့ဘူး။ ဈေးကွက်ထဲမှာ ပျောက်သလောက် တောင်ဖြစ်နေပြီ။ ကျွန်တော်တို့ လောကမှာ နောက် နေတဲ့ စကားတစ်ခွန်းရှိပါ တယ်။ ‘ဂျစ်ကားနဲ့ ဆိုက်ကား ဘယ် ဟာစီး မှာလဲတဲ့’ ဆိုက်ကားက လိုင်စင်နဲ့ဘီး ကို ပြောတာ။ လိုင်စင်မဲ့ တွေကို မဆိုလို ပါဘူး။ လိုင်စင်ဘီးနဲ့ ဂျစ်ကားက မသကာ ကွာလှ ငါးသိန်း ကနေ ၁၀ သိန်းပေါ့” ဟု ကားပွဲစား ကိုဌေးဝင်းက ပြောသည်။
စစ်ကျန်ခေတ်မှ စတင်အသုံးပြုခဲ့ သည့် ဂျစ်ကားများမှာလည်း ယခု ကာလအထိ နံပါတ်ပုံပြောင်းနှင့် သုံးစွဲလာခဲ့ပြီး ခေတ်အဆက် ဆက် ပြုပြင်သုံး စွဲခဲ့ကာ အင်္ဂလန်နှင့်ဂျာမနီနိုင်ငံထုတ် ဂျစ်ကားများမှာ အင်ဂျင်နှင့် ကားဘော်ဒီ များ ကောင်းမွန်ခြင်းကြောင့် သုံးစွဲသူ များက ယခုအချိန်ထိ ပြုပြင်သုံးစွဲကာ နံပါတ်မြင့် သုံးစွဲကြကြောင်းလည်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။
“ဂျစ်ကားတွေကတော့ အရင်တုန်းက လူတော်တော်များများ သုံးကြတယ်။ နောက်ပိုင်း ဇိမ်ခံကားတွေဝင်လာတော့ ဂျစ်ကားတွေ နယ်တွေဘက်ရောက်ကုန် တယ်။ တချို့ဂျစ်ကားပိုင်ရှင်တွေကတော့ ရန်ကုန်နဲ့ နယ်တွေမှာပါ တယုတယနဲ့ သပြီး အလှစီးတာတွေ ရှိတယ်။ အရင် ခေတ်တွေတုန်းက ခရီးသွားဖို့နဲ့ သင်္ကြန် လည်တဲ့အခါမှာ ဂျစ်ကားကတော့ ခရေဇီ ပါပဲ” ဟု ဂျစ်ကားပိုင်ရှင် ကိုဇော်ဝင်း က ပြောပြသည်။
စစ်ကျန် ဂျစ်ကားများနောက်ပိုင်း တွင်အစိုးရဌာနသုံး မာဇဒါဂျစ်၊ စက်မှု ဇုန်ထုတ် ရှမ်းစတားဂျစ်၊ ထီလာဂျစ်၊ ရာဇာဂျစ်၊ ဂျစ်ပု အစရှိ သည့် အခေါ် အဝေါ်များဖြင့် ဂျစ်ကားပုံဆန်းများ ပြည်တွင်း၌ များစွာပေါ်ပေါက်ခဲ့သော် လည်း အရည်အသွေး နိမ့်ပါးမှုကြောင့် အချိန် မတိုင်မီ ပျက်စီးမှုများရှိခဲ့ပြီး အင်ဂျင်ကောင်းမွန်သော်လည်း ကားဘော်ဒီနှင့် အပြင်အဆင်ကွာဟခြင်း တို့ကြောင့် ပျက်စီးမှုများဖြစ်ပေါ် ရခြင်း ဖြစ်ကြောင်းလည်း ကားပွဲစားများက ပြောသည်။
“ရှမ်းစတားဂျစ်က စက်မှုဇုန်ဂျစ်ထဲမှာ အရင်ပေါ်တာ၊ ပေါ်ခါစက ၀န်ထမ်း တွေကို အဓိကထားပြီး ရောင်းပေးတယ်။ အဲဒီတုန်းက ရောင်းဈေးက ကျပ်သိန်း ၉၀ လောက် ရှိတယ်။ အဲဒီနောက်ပိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ စက်မှုဇုန်တွေက ဂျစ်ကားတွေ ပုံစံမျိုးစုံထုတ် လာကြ တယ်။ အင်ဂျင်ကတော့ ဂျပန်အင်ဂျင် ပေါ့။ အတွင်းပိုင်း အပြင်အဆင်တွေက တော့ ဂျပန်ကား အကျပစ္စည်း တော်တော် များတယ်။ ကားရဲ့ဘော်ဒီက ဒီမှာရိုက် တာ။ တချို့ဂျစ်ကားတွေဆိုရင် ဖိုက်ဘာ အမိုးတွေ အကာတွေနဲ့ပေါ့။ အခုတော့ ရန်ကုန်တစ်မြို့ လုံးကြည့်ရင်တောင် အရင်လိုဂျစ်ကားတွေ သိပ်မတွေ့ရဘူး။ မော်ဒယ်မြင့်ကားသစ်တွေပဲ တွေ့ရတော့တယ်”ဟု ကားပွဲစားဦးမင်းညွန့် က ပြောသည်။
သက်ဆိုင်ရာမှ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု စတင်ချိန်၌ ဈေးကွက်အတွင်း လူကြိုက်များသည့် စစ်ကျန်ဂျစ်ကားများ အများစုပါဝင် ခဲ့ကြောင်း နောက်ပိုင်း စက်မှုဇုန်များမှ ထုတ်လုပ်သည့် ဂျစ်ကား မျိုးစုံ အနည်းစုမှာ အက္ခရာပေါ်မူတည်၍ ဈေးကွက်အတွင်း ကျန်ရစ်ခဲ့ ကြောင်း လုပ်ငန်းရှင်များကပြောသည်။
သို့သော် စစ်ကျန်ကားအများစုတွင် အက္ခရာနံပါတ်ပြောင်းလဲထားသည့် (လေလံကား)များမှာလည်း ယခုအချိန်ထိ ဈေးကွက်အတွင်းရှိ သေးကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။ ပြည်ပနိုင်ငံများမှ အဆင့်မြင့်အမျိုး အစား ကောင်းမွန်သည့် ကားများ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလနောက်ပိုင်းမှ စတင်ခါ ပြည်တွင်းဈေးကွက်သို့ တဖြည်းဖြည်းဝင်ရောက်ခဲ့သော်လည်း ဂျစ်ကားကြိုက် သူအများစုမှာ မိမိတို့ရှိရင်းစွဲ ဂျစ်ကားများကို ယခုအချိန်ထိ မွမ်းမံပြင်ဆင်ကာ အသုံးပြုလျက်ရှိကြသော်လည်း နောက်ပိုင်းတွင်ဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာ ခြင်းနှင့် ရင်ဆိုင်နေရသည်။
“အခု ဈေးကွက်ထဲမှာ ဂျစ်ကားဈေး နှုန်းကအနိမ့်ဆုံးဖြစ်နေပြီး သိန်း ၁၀၀ နဲ့ သုံးစီးဝယ်လို့ရတယ်။ ရှမ်းစတားတွေ ပေါ်ခါစက သိန်း ၉၀ ကနေ ၁၀၀ လောက် ရှိပေမယ့် အခုဆိုရင် ၂၅ သိန်းဝန်းကျင် လောက်ပဲ ရှိတော့တယ်။ ရန်ကုန်မြို့ထဲ လိုင်စင်ရှိတဲ့ ဆိုက်ကားဈေး နှုန်းက ၀ယ်မယ်ဆိုရင် ၂၅ သိန်းဝန်းကျင် လောက် ရှိတယ်။ နယ်မြေဘီးတွေက လိုင်စင်နဲ့ဆိုရင် ငါးသိန်းကနေ ခုနစ်သိန်း လောက်အ ထိ ရှိတယ်။ လိုင်စင်မဲ့ဘီး ဆိုရင် တစ်သိန်းခွဲလောက်နဲ့ ရတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှ ဆိုက်ကား ၁၅ စီးပိုင်ဆိုင်သူ ကိုစိုးဝင်းက ပြော သည်။
ယခုတစ်ပတ် ကားဈေးကွက်တွင် Mark II ကျပ်သိန်း ၁၈၀၊ Mark X သိန်း ၃၀၀၊ Caldina ကြက်တူရွေး သိန်း ၁၈၀၊ Land Cruiser သိန်း ၅၉၀ ၊ Prado TX သိန်း ၃၀၀၊ RAV4 သိန်း ၂၄၀၊ Kluger သိန်း ၂၆၀၊ Pajero ဖားပြုပ် သိန်း ၃၂၀၊ SURF သိန်း ၃၀၀၊ Honda CRV သိန်း ၂၁၀၊ Belta ၁၅၅ သိန်း၊ Swift၁၄၅ သိန်း၊ Super Saloon ၆၅ သိန်း၊Toyota Limited ၈၅ သိန်း၊ စလစ်ဈေးသိန်း ၈၀ ၀န်းကျင်ခန့် ပေါက်ဈေးရှိသည်
တိုးဝေအောင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။