Thursday, August 9, 2012

ဒဂုံအရှေ့မြို့နယ်တွင် လယ်ဧက ထောင်ချီ ရေမြုပ်



ဒဂုံအရှေ့မြို့နယ်တွင် လယ်ဧက ထောင်ချီ ရေမြုပ်:
 ပင်လယ် ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု တို့ကြောင့် စီးပွားရေး မြို့တော်

ရန်ကုန်မြို့၏ ဆင်ခြေဖုံး ဒေသဖြစ်သော ဒဂုံမြို့သစ် (အရှေ့)မြို့နယ် အတွင်းရှိ ကျေးရွာများ လယ်ဧက ထောင်ချီနှစ် မြုပ်ခဲ့ကြောင်း ယင်းမြို့နယ် အတွင်းရှိ တောင်သူ
လယ်သမားများထံမှ သိရသည်။

ဒဂုံမြို့သစ်(အရှေ့)မြို့နယ် မလစ်ကျေးရွာအုပ်စုတွင် လယ်စိုက်ဧက ၃၃၀၀ ရှိပြီး ဧက၁၅၀၀ကျော်မှာ ရေနှစ်မြုပ်ခဲ့သည့်အတွက် စိုက်ပျိုးထားသည့်စပါးများမှာ ရသတ္တပတ် နှစ်ပတ်ကျော်နေပြီး ဖြစ်သောကြောင့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း မလစ်ကျေးရွာ၏ ဥက္ကဌဟောင်း ဦးအောင်ကျော်စိုးက The Voice Weekly သို့ ပြောကြားသည်။

 “ နောက်တစ်ပတ်ထိ ရေမကျနိုင်သေးဘူး။ဘာကြောင့်မို့လဲဆိုတော့ ရေစီးမယ့်လမ်းကြောင်း မရှိသေးလို့ပဲ” ဟု ၄င်းက ဆိုသည်။ ယင်းမြို့နယ်အတွင်းရှိ ရှမ်းတဲကြီးကျေးရွာတွင်လည်း စိုက်ပျိုးထားသည့် လယ်ဧက ၁၆၀၀ အနက် လယ်ဧက ၈၀၀ကျော်မှာ ရေနစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက တူညီစွာပြောဆိုကြသည်။

“ ကျွန်တော်တို့မှာ သက်ငယ်မျိုးစပါးတွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အစိုးရဆီမှာ ချေးငွေထုတ်တာပြီး စိုက်ထားတဲ့ စပါးတွေ ရှုံးပြီ။ နောက်ထပ်ချေးငွေထောက်ပံ့ပေးဖို့လည်း လိုအပ်နေပါတယ်” ဟု လယ်ဧက ၅၀ ပိုင်ဆိုင်သော ရှမ်းတဲကြီးကျေးရွာမှ ဦးမျိုးမြင့်က ဆိုသည်။ ယင်းကျေးရွာတွင် စပါးစိုက်ပျိုးထားသည့် လယ်ယာမြေများ နှစ်မြုပ်သည့်အပြင် ကျေးရွာအတွင်း ရေနှစ်မြုပ်သည့် လူနေအိမ် ၂၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရသည်။ အထက်ပါကဲ့သို့ ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့သည့်အတွက် ရှမ်းတဲ့ကြီးကျေးရွာ၏ တစ်ခုတည်းသော အခြေခံ အလယ်တန်းကျောင်းကို ပိတ်ထားရသည်မှာ ၁၄ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

 “ နှစ် ၅၀ အတွင်းမှာ ဒီနှစ် ရေကြီးတာ အဆိုးဆုံးပဲ” ဟု ဦးမျိုးမြင့် ၄င်းနေထိုင်ခဲ့သည့် သက်တမ်းနှင့် ယှဉ်၍ မှတ်ချက်ပေးသည်။ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်သည် နှစ်စဉ်ရေကြီးမှုဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၆နှစ်ခန့်မှ ရှမ်းတဲကြီးချောင်းအတွင်း မှော် ၊ ဒိုက်များ ပိတ်လာခြင်းနှင့် ငါးမွေးကန်များမှ ရေလွဲမြောင်များကို မြေဖို့ခြင်းများကြောင့် ငမိုးရိပ်ချောင်းအတွင်းသို့ ရေစီးဝင်နိုင်ခြင်းမရှိဘဲ ရေကြီးမှုများ ဆိုရွားလာခြင်းဖြစ်ကြောင်း ယင်းလယ်သမားတို့က တူညီစွာ ပြောဆိုကြသည်။

The Voice Weekly












 ဓါတ်ပုံ - The Voice Weekly

http://feeds.feedburner.com/thithtoolwin/yIWV

ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး


ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး:
 


လေယာဉ်မှူးကြီး ဦးသန်းထွေးကို နေအိမ်တွင်တွေ့ရစဉ်။

ဓာတ်ပုံ-သီဟတိုး




ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း
မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက်
နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား
ခဲ့ပါတယ်။


လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး
တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ်
မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ
သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ
တယ်။

အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ်
လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး
"ကျွန်တော့သားလေးရဲ့ အသက်ကို
ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး
ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ်
စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင်
လိုက်ရပါတယ်။

ဒါနဲ့ လေယာဉ်မှူးကြီးက ဘာဖြစ်တာ
ပါလဲဆိုပြီး စုံစမ်းမေးမြန်း လိုက်တဲ့အခါ
ဆိုင်ကယ်အက်ဆီးဒင့် ဒဏ်ရာများကြောင့် သတိမေ့ မြောနေတဲ့ အရေးပေါ်
လူနာတစ်ဦးဖြစ်ပြီး ထားဝယ်-ရန်ကုန်
ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လိုက်ချင်ပေမယ့် အရေးပေါ်ဖြစ်နေ တဲ့
အတွက် လက်မှတ်မ၀ယ်ရသေးလို့ အခက်အခဲဖြစ်နေတဲ့ လူနာရှင်မိသားစု
လို့ သိလိုက်ရပါတယ်။

ဂလူးကို့စ်ပိုက် တန်းလန်းသွယ်ထား
တဲ့ မေ့မြောနေတဲ့သားငယ်ကို ပိုက်ထား
တဲ့ အဖေဖြစ်သူက လေယာဉ်မှူးကြီးကို
"ကပ္ပတိန်ကြီး လေယာဉ်နဲ့ လိုက်ချင်လို့
ပါ"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ သားသမီး အပေါ် စိုးရိမ်ဝမ်းနည်းမှုငိုသံစွက်နေတဲ့
အသံနဲ့ သနားကရုဏာ သက်ဖွယ် အကူ အညီ တောင်းခံလာပါတယ်။

စေတနာကရုဏာရှင် ကိုယ်ချင်းစာ စိတ်ပြည့်ဝသူ လေယာဉ်မှူးကြီး ဦးသန်း
ထွေးက ရင်ထဲကဖြစ်လာတဲ့ ကူညီချင်စိတ်နဲ့ လူနာကောင် လေးမိသားစုကို မဆိုင်းမတွဘဲ အကူအညီပေးဖို့ စတင်
ဆောင်ရွက်ပါတော့တယ်။

လက်မှတ်
မ၀ယ်ရသေးလို့ စိတ်ပူပန်နေတဲ့ လူနာရှင်မိဘကိုလည်း လက်မှတ်ကိစ္စ စိတ်မပူပန်ဖို့ ပြောပါတယ်။
ဒီလက်မှတ်ကို ရန်ကုန် ရောက်မှ စီစဉ်
နိုင်ကြောင်းပြောပြီး လေယာဉ်မှူး ဦးသန်း
ထွေးနဲ့ တွဲဖက်လေယာဉ်မှူး ဦးမင်းလွင်
တို့ဟာ သတိမေ့မြောနေတဲ့ ကလေး ရဲ့ အသက်ကို အချိန်မီကယ်နိုင်ဖို့ ထားဝယ်
အထွေထွေရောဂါကု ဆေးရုံကြီးကနေ ခွဲစိတ်သမားတော် ဆရာဝန်ကြီးရဲ့ ဆေးထောက် ခံစာနဲ့ လူနာရှင်မိသားစု လေးဦး
ရယ်၊ ဆရာမ ဒေါ်စုစုထွေးတို့ရဲ့ နာမည်
စာရင်းတို့ကို မှတ်သားစေပြီး လေယာဉ်ပေါ် အမြန်တက်စေ ခဲ့ကာ ထားဝယ်-
ရန်ကုန် ခရီးစဉ်ကို အန္တရာယ်ကင်းကင်း
မြန်ဆန်စွာ ပျံသန်းမောင်းနှင်ခဲ့ပါ တယ်။

ထားဝယ်မြို့ကနေ ရန်ကုန်ကို တစ်နာရီအတွင်းရောက်ရှိခဲ့ပြီး သတိ မေ့မြောနေတဲ့ လူနာကောင်လေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို အချိန်မီ
ပို့သဆေးကုသနိုင်ခဲ့ပါတယ်။

ထားဝယ်
မြို့ လေဆိပ်ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့
ဖြစ်စဉ်လေးကို မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ခရီးသည်တွေနဲ့ ထားဝယ်မြို့ခံတွေ၊
လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်မှူး ဦးသန်းထွေးရဲ့ လူသားအချင်းချင်း
စာနာထောက်ထားစိတ်နဲ့ အကူအညီ ပေးခဲ့တဲ့မြင်ကွင်း ကို အံ့ဩချီးမွမ်းမဆုံး
ထားဝယ်မြို့တစ်မြို့လုံး ပြောမဆုံးဖြစ်ခဲ့ ရပါတယ်။

ဒီသတင်းလေးက ထားဝယ်မြို့မှာတင် မဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်
မြန်မာ့အလင်း သတင်းစာမှာလည်း စာရေးဆရာ ထားဝယ်သွေးရဲ့ "ဘဝ
တစ်ကွေ့ အတွေ့အကြုံ" မှာ 'အံ့ဩ
ချီးမွမ်းဖွယ် လေယာဉ်မှူး' အဖြစ်လည်း ဂုဏ်ပြုချီးမွမ်း ရေးသားဖော်ပြခဲ့
တာမို့ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်က လည်း ဖတ်ခဲ့သိခဲ့ရတယ်လို့ လေယာဉ်မှူး
ကြီးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။

"ပိုက်တန်းလန်းနဲ့ကလေးကို သူ့အဖေ
က ပွေ့ပြီး လေယာဉ်ကွင်းထဲကို အူယား
ဖားယားနဲ့ ပြေးလာတာကို မြင်လိုက်ရ
တဲ့အချိန်မှာ ဦးကဘာများဖြစ်လို့ပါလဲ ဆိုပြီး စုံစမ်းလိုက်တော့ 'ကလေးက
ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ရောက်လာ
တာ၊ အဲဒါ လေယာဉ်လက်မှတ် တော့ မ၀ယ်ရသေးဘူး၊ လေယာဉ်နဲ့လိုက်ချင် လို့ပါ ရမလား' လို့ မေးတော့ ဦးက
'လိုက်လို့ရပါတယ်ပေါ့' အရေးပေါ်ကိစ္စ ဆိုတော့ ဒီလိုပဲ နားလည်ပေးရမှာပဲ လေ၊ လေယာဉ်လက်မှတ်က ဘယ်မှာ ၀ယ်ဝယ်ရတယ်။

"လက်မှတ်ကိစ္စကို နောက်မှပဲစီစဉ် တော့ ကလေးက အချိန်မီရောက်ဖို့
အရေးကြီးတယ်ဆိုပြီး သူတို့ကို လေ ယာဉ်ပေါ်ခေါ်နိုင်အောင် အရင်စီစဉ်ရ တယ်။ Rules & Regulations အရ
ဆိုရင်တော့ ဒါခေါ်လို့မရဘူးပေါ့။ ဒါပေ
မယ့်လည်း ဒါကအရေးပေါ်လူနာဖြစ်နေ တဲ့အတွက် သူ့အရေးပေါ်အခြေအနေ ကို
ဦးကူညီပေးနိုင်လို့ ကူညီပေးခဲ့တာပါ။ ပြီးတော့ ဒီလိုကူညီပေးလိုက်လို့လည်း
တခြားခရီး သည်တွေကို စိတ်အနှောင့်
အယှက်မဖြစ်စေဘူးဆိုတော့ သူ့အချိန် နဲ့သူ အချိန်မီရောက်သွားတော့ ဦး
ကုသိုလ်ရတာပေါ့" လို့ ဦးသန်းထွေးက ဆိုပါတယ်။

"ဦးတို့အလုပ်က ခရီးသည်တွေ လိုရာ အရပ်ကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ
ရောက်စေချင်တဲ့ ရည်ရွယ်ချက်။ ဒါ လေယာဉ်မှူး တိုင်းရဲ့တာဝန်။ အဲတော့
ဒီလူနာကလေးလည်း အချိန်မီရောက် သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရလို့
ဦးအနေနဲ့ ၀မ်းသာ မိပါတယ်။ အခုလို ဦးတတ်နိုင်သလောက် ကူညီခဲ့ရ
တဲ့အတွက်ကော၊ ပြီးတော့ ဦးကူညီခဲ့တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက် ကော
တကယ်ကို ရင်ထဲကနေ လှိုက်လှိုက်
လှဲလှဲ ပီတိဖြစ်ရပါတယ်" ဟု ဦးသန်းထွေး
က သူ့ခံစားချက်တွေကို ပြန်လည်ပြောပြခဲ့ပါ တယ်။

လေယာဉ်မှူးကြီး ဦးသန်းထွေးရဲ့ ပင်ကိုစိတ်ထားက လူတစ်ဖက်သားကို
ကူညီရိုင်းပင်းလိုစိတ်ရှိသူတစ်ဦးဖြစ်ပြီး အများက အားကျ ဖွယ် တစ်ဦးနဲ့တစ်ဦး
လေးစားချစ်ခင်စွာ နေထိုင်တတ်တဲ့ မိသားစုကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါ တယ်။


ဦးသန်းထွေးဟာ မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် တတိယမြောက်
သားဖြစ်ပြီး မိမိအထက် အစ်ကိုအစ်မ
များအပေါ် ရိုသေ လေးစားမှုရှိသကဲ့သို့ မိမိအောက် ညီ၊ ညီမများ အပေါ်လည်း သနားကြင်နာစွာ အလျှော့ပေး ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် ငါးဆယ် ကျော်ဆိုပေမယ့် အခုချိန်ထိ အလုပ်ကို
တက်တက်ကြွကြွနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လျက် ရှိပြီး ၁၉၇၉ ခုနှစ်က
စပြီး တပ်မတော်လေတပ်မှာ တပ်မတော် လေယာဉ်မောင်းခဲ့သူတစ်ဦး ဖြစ်ပါ
တယ်။

တပ်မတော်လေတပ်မှာ ခြောက်
နှစ်တာ လေယာဉ်မောင်းခဲ့ပြီး လေယာဉ်
နည်းပြဆရာသင်တန်းတက်ခဲ့ကာ လေယာဉ်နည်းပြအဖြစ် လေးနှစ် တာဝန်
ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက်
၁၉၈၉ ခုနှစ်မှာတော့ မင်္ဂလာဒုံလေတပ်
မှာ ဖော်ကာလေယာဉ် မောင်းခဲ့ပါသေး
တယ်။ အင်ဂျင်လေးလုံးတည်းနဲ့ မောင်းရ
တဲ့ ၀ိုင်အိက်စ်လေယာဉ်မျိုးတွေလည်း မောင်းခဲ့ဖူးသူပါ။

၁၉၉၈ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် မိတ္ထီလာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှူး၊ အုပ်မှူးများအဖြစ်လည်း တာဝန်
ယူခဲ့ရတယ်လို့ ဆိုပါ တယ်။

အဲနောက်မှာ လေယာဉ်မှူးသင်တန်း နည်းပြဆရာ အဖြစ်လည်း အက်ဒမင်လုပ်ခဲ့ရပါသေး
တယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြန်မာ့ လေ ကြောင်း ကိုပြောင်းကာ လေယာဉ်မှူး အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု
လက်ရှိ မြန်မာ့လေကြောင်းမှာ 'မြန်မာ့
လေကြောင်း လေ့ကျင့်ရေးနည်းပြချုပ်' အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ
ကြောင်း သိရပါတယ်။



ရေးသားသူ-သီဟတိုး


မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

http://feeds.feedburner.com/thithtoolwin/yIWV

နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သော ဘဏ်စနစ်များ တိုးချဲ့မည်


နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သော ဘဏ်စနစ်များ တိုးချဲ့မည်:



ရန်ကုန်မြို့ သမ၀ါယမဘဏ်ရုံးချုပ်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ၀န်ဆောင်မှုဌာနကို တွေ့ရစဉ်။

ဓာတ်ပုံ - ကိုတိတ်


ပြည်တွင်း ဘဏ်လုပ်ငန်းများအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
အတွက် ပြင်ဆင်မှုအဖြစ် ခေတ်မီစနစ်ကျနသော ဘဏ်စနစ်တစ်ခု မြန်မာပြည်၌
ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ အရှေ့တောင်အာရှအားကစား
ပြိုင်ပွဲမတိုင်မီ ဘဏ်စနစ်များအားပြီး
ပြည့်စုံအောင် အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ပြည်တွင်း
ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

"ဘဏ်စနစ်က သိပ်အများကြီးမရှိပါ
ဘူး။ ဒါပေမယ့် အဆင့်ဆင့် ပြုလုပ် သွားဖို့ပဲ လိုတယ်။ ကနဦးအနေနဲ့ နိုင်ငံခြားက
အလုပ်သမားတွေ ပြည်တွင်းကို ငွေလွှဲနိုင်အောင် စီစဉ်တယ်။ ပြည်တွင်းမှာလည်း နိုင်ငံခြားငွေစာရင်းတွေဖွင့်ပေးပြီး
အချင်းချင်း ငွေရွှေ့ပြောင်းနိုင်တယ်။

အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ဗီဇာကတ်နဲ့
မာစတာကတ်၊ China Union Pay (CUP)နဲ့ Japan Credit Bureau (JCB) ကတ်တွေကို သုံးနိုင်အောင် လုပ်ပေးပြီးရင် ဘဏ်လုပ်ငန်းရဲ့ တစ်ဝက်ကျော်
လောက် အောင်မြင်ပြီ လို့ ပြောလို့ရတယ်" ဟု သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့် က ဩဂုတ်လ ၆
ရက်နေ့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောသည်။

ပြည်တွင်းဘဏ်လုပ်ငန်း ငါးခုဖြစ်
သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များသည် ဩဂုတ်လဒုတိယပတ်မှ စတင်ခါ Giro Billing payment System(GBPS) နှင့် Point of sale (debit) စနစ်တို့ကို စတင်ဆောင်ရွက် သွားမည်ဟု အဆိုပါသတင်းစာရှင်းလင်း
ပွဲတွင် ဦးဖေမြင့် က ပြောသည်။

" GBPS စနစ်က Online ကနေ ဖုန်း အသုံးပြုခငွေပေးချေတာကို ၀န်ဆောင် မှု ပေးတဲ့စနစ်ပါ။ GBPS အကောင့် တစ်ခုကနေ ဖုန်းလိုင်း ၁၀ လိုင်းအတွက် ငွေပေးသွင်းနိုင်ပါတယ်။ ဖုန်းရုံးမှာ သွားတန်းစီဖို့ မလိုပါဘူး။ ဒီအတွက် ၀န်ဆောင်ခ
အနေနဲ့ ဖုန်းတစ်လုံး ကို ကျပ် ၅၀၀ ဘဏ်
ကိုပေးသွင်းရပါမယ်။ ဩဂုတ်လ ဒုတိယ
ပတ်လောက်မှာ ဖုန်းလိုင်းငွေပေးချေတဲ့စနစ် စတင်ပါမယ်။ ဒီ GBPS ကတ်နဲ့ပဲ
နောက်ပိုင်းမှာ မီတာခပေးဆောင်တဲ့ ၀န်ဆောင်မှုတွေကိုပါ တိုးချဲ့ပြီး
လုပ်ကိုင်သွားမှာပါ" ဟု သမ၀ါယမဘဏ်
လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။

Point of sale (debit) ကတ်စနစ် သည် ဘဏ်တွင်
ငွေစာရင်းဖွင့်ကာ
ကြိုတင်ငွေဖြည့်ရသောစနစ်ဖြစ်ပြီး အဆိုပါကတ်ကို အသုံးပြု၍ စားသောက်
ဆိုင်၊ ဈေးဝယ်စင်တာများ၌ အသုံးပြုပါက စာရင်းတစ်ခုမှ နောက်တစ်ခုသို့
ငွေလွှဲ ပြောင်းပေးသည့်ဝန်ဆောင်မှုအား ဘဏ်မှ ပြုလုပ်ပေးသည့် စနစ်ဖြစ်သည်။

"Point of sale (debit)ကတ် စနစ်ကို အရင်စတင်ဆောင်ရွက်မှာပါ။ ကိုယ့်ငွေစာရင်းထဲက ရှိသလောက် ငွေပမာဏအတိုင်း သုံးခွင့် ရှိမယ်။ အကြွေးဝယ်တဲ့
ကတ် Credit) ကတ်ကိုတော့ ဗဟိုဘဏ် က
ခွင့်မပြုသေးဘူး။ ခွင့်ပြုတာနဲ့ စမှာပါ။ အကြွေးဝယ်ကတ်ကျတော့ စာရင်းထဲမှာ
ရှိတဲ့ငွေထက် ပိုသုံးနိုင်တယ်။ လစဉ် ၂၁ ရက်နေ့အထိ အကြွေးဝယ်ကတ်နဲ့
သုံးထားပြီး ၂၁ ရက် နေ့ နောက်ဆုံးထားငွေ ဖြည့်ပေးရင် အတိုးတစ်ပြားမှ ဘဏ်ကို
ပေးစရာမလိုဘဲနဲ့ သုံးလို့ရတယ်။ ၂၁ ရက်
နေ့မှာ ကိုယ်ပိုသုံးလိုက်တဲ့ငွေကို မဖြည့်
ပေးနိုင်ရင် တော့ အတိုးပေးရမယ်" ဟု ဦးဖေမြင့်က ပြောသည်။

အဆိုပါ Point of sale (debit) ကတ် စနစ်သည် Myanmar Payment Union (MPU)နှင့်
အတူတကွပူးပေါင်း ဆောင်ရွက်ကာ သုံးစွဲရ မည့်စနစ်ဖြစ်ပြီး ငွေစာရင်းတစ်ခုမှ
ဘဏ်အားလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်လည်း ဖြစ်သည်ဟု
သမ၀ါယမဘဏ်အဖွဲ့မှ ပြောသည်။

နိုင်ငံခြားမှ လာရောက်ကြသူများ
အနေဖြင့် ပိုက်ဆံများထည့်လာစရာမလို ဘဲ ဗီဇာကတ်တစ်ခုတည်းကို ယူဆောင်လာပြီး ပြည်တွင်း အေတီအမ်စက်မှ
မြန်မာငွေကိုထုတ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအားပြီး
မြောက်အောင် လုပ်ဆောင်နိုင်ရန် အနည်းဆုံး အချိန်ကိုးလကြာမြင့်မည်
ဖြစ်သည်ဟု ဦးဖေမြင့်က ပြောသည်။

"ဂျပန်ကတ်(JCB) နဲ့ တရုတ်ကတ် CUP
ကို အရင်သုံးနိုင်အောင်လုပ်မယ်။ဗီဇာကတ်တို့၊ မာစတာကတ်တို့ကတော့
နိုင်ငံတကာ သုံးနေတဲ့ ကတ်တွေဆိုတော့
ဒါတွေကို လုပ်နိုင်ပြီဆို မြန်မာနိုင်ငံသားတွေ ဘယ်သွားသွား
ပိုက်ဆံထည့်သွားစရာ မလိုတော့ဘူး။ ကတ်ယူပြီး သွားရုံပဲ။ ထိုင်းရောက်ရင်
အဲ့ဒီကတ်နဲ့ ဘဏ်ကနေ ထိုင်းဘတ်ငွေ ထုတ်နိုင်မယ်။ တရုတ်ရောက်ရင် တရုတ်ငွေကြေး
ဖြစ်တဲ့
ယွမ်ငွေထုတ်နိုင်မယ်" ဟု ဦးဖေမြင့်က ပြောသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်
သမားများငွေလွှဲရာတွင် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက
ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊
ကမ္ဘောဇဘဏ်နှင့် သမ၀ါယမဘဏ်
များမှ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်
ပြီးငွေလွှဲများကိုစတင်ကာ လုပ်ကိုင်နေ
ပြီဖြစ်သော်လည်း ပြည်တွင်းမှ နိုင်ငံခြား
သို့ ငွေလွှဲပြောင်းရာတွင် ကန့်သတ်ချက်
များရှိနေသည်ဟု သမ၀ါယမဘဏ်
အုပ်စုမှ ရှင်းလင်း ပြောကြားခဲ့သည်။

"သွင်းတာတော့ ဘယ်လောက်သွင်း သွင်းရတယ်။ ပို့မယ်ဆိုရင်သာ ကန့်သတ်ချက်ရှိတယ်။ အခုထိတော့ပို့တာ မရှိသေးဘူး။ သွင်းတာ တွေပဲ ရှိသေးတယ်"
ဟု သမ၀ါယမဘဏ် နိုင်ငံတကာဘဏ်
လုပ်ငန်းဝန်ဆောင်မှုဌာနမှ အထွေထွေ
အုပ်ချုပ်ရေးမှူး ဒေါ်သိင်္ဂီနွယ်က မြန်မာတိုင်း(မ်) ကိုပြောသည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွင် အစိုးရဘဏ်သုံးခုနှင့် ပုဂ္ဂလိကဘဏ် ၁၉ ခု
လုပ်ကိုင် လျက်ရှိပြီး ပုဂ္ဂလိကဘဏ် ၁၁ ခု
မှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းများသို့
တိုးမြှင့်ကာ အဆင့်ဆင့်ပြောင်းလဲလုပ်
ဆောင်နေပြီဖြစ်သည်။



မြတ်မေဇင်

မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

http://feeds.feedburner.com/thithtoolwin/yIWV

လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် ပူးတွဲ သရေများ သော်လည်း ပရိသတ်များ စိတ်ကျေနပ်ခဲ့ကြ


လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် ပူးတွဲ သရေများ သော်လည်း ပရိသတ်များ စိတ်ကျေနပ်ခဲ့ကြ:



စောရန်ပိုင်နှင့် ၀င်းထွန်း(နီ)တို့ ထိုးသတ်နေသည်ကို ဩဂုတ်လ ၅ ရက်နေ့ညက တွေ့ရစဉ်။

ဓာတ်ပုံ - ဖြိုးဝေကျော်


ရွှေခါးပတ် ချန်ပီယံ ၀င်းထွန်း(လယ်/ ဆည်)နှင့် စောရန်ပိုင်၊ သားသား နှင့်
သပြေညိုတို့၏ လက်ဝှေ့အထူးစိန်ခေါ် ပွဲများအပါအ၀င် ပွဲစဉ် ၁၀ ပွဲ ပါဝင်သည့်
မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွင် ပူးတွဲသရေပွဲ များခဲ့သော်လည်း
လက်ဝှေ့ဝါသနာရှင် များ စိတ်ကြိုက်တွေ့ခဲ့သည့် ပွဲကောင်းများ ဖြစ် ကြောင်း
သိရသည်။


ယခုလ ၅ ရက်နေ့ညက အောင်မြေ မန္တလာ အားကစားကွင်း၌ ကျင်းပ ခဲ့သော
အဆိုပါပွဲစဉ်များတွင် နောက်ဆုံးပွဲစဉ် နှစ်ပွဲအဖြစ် ၀င်းထွန်းနှင့်
စောရန်ပိုင်၊ သားသားနှင့် သပြေညိုတို့မှာ အထူး ငါးချီပွဲအဖြစ် မညှာ တမ်း
ထိုးသတ်ခဲ့ကြသော်
လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ
ဖြင့် ကျေနပ်ခဲ့ကြရသည်။

"ဒီနေ့ အထူးပွဲတွေကတော့ တကယ့်ကို မလျှော့တမ်းထိုးကြလို့ ပိုက်ဆံ ပေး
ကြည့်ရကျိုးနပ်ပါတယ်။ မန္တလေးမှာ ဒီလိုလက်ဝှေ့ပွဲကောင်းကောင်း
မကြည့်ရတာကြာပြီ။ ၀င်းထွန်းနဲ့ စောရန်ပိုင် ပွဲက
လည်း ကောင်းတယ်။ သားသားနဲ့ သပြေညိုကလည်း သူသေကိုယ်သေ ထိုးကြ တာ
ကြောက်ခမန်းလိလိပါပဲ"ဟု မြို့ခံ
လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြော သည်။

၎င်းပွဲစဉ် နှစ်ပွဲစလုံးတွင် လက်ဝှေ့ သမားများမှာ မရှောင်စတမ်း၊ ပြိုင်ထိုး
ဆိုင်ထိုးကြရာ ပွဲချီငါးချီပြည့် စိတ်လှုပ်ရှား စရာဖြစ်ခဲ့ပြီး ပရိ
သတ်အားပေးသံများ သောသောညံခဲ့ရသည်။ နှစ်ပွဲစလုံးတွင် အလဲအကွဲ
သွေးသံရဲရဲဖြင့် အရှုံးအနိုင် မပေါ်ခဲ့သော်လည်း ပရိသတ် များ စိတ်ကျေနပ်မှု
ရခဲ့သည်။

"၀င်းထွန်းတို့ပွဲကတော့ အခုမှ သူတို့ နှစ်ယောက် စတွေ့ကြတာပေါ့။
ဝင်းထွန်းက အသက်ပိုကြီးပြီး သမ္ဘာပိုရင့်ပါတယ်။ သူတို့ပွဲလည်း ကောင်းတယ်။
သားသား
နဲ့ သပြေညိုတို့ကလည်း မြန်မာ့လက်ဝှေ့
ပွဲဆိုတာ ဘယ်လိုဆိုတာကို ပြသွားသူတွေပါ။ ဒီလိုလူငယ်တွေ များများပေါ်
ထွက်လာစေချင်တယ်။ သူတို့နှစ် ယောက် တွေ့တာ ဒီတစ်ကြိမ်နဲ့ဆို ငါးခါ
ရှိပြီ။ သားသားက တစ်ပွဲ ရှုံးဖူးတယ်"ဟု
ကြိုးဝိုင်းဒိုင်လူကြီးအဖြစ် ဆောင်ရွက်
ခဲ့သူ ဦးချစ်ကိုကိုက ပြောသည်။

အထူးလေးချီစိန်ခေါ်ပွဲ သုံးပွဲနှင့် ငါး ချီပွဲ ခုနစ်ပွဲပါဝင်ခဲ့ပြီး ရုံဝင်ကြေးကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ သတ်မှတ်ရောင်း ချခဲ့သည်။



ဖြိုးဝေကျော်


မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

http://feeds.feedburner.com/thithtoolwin/yIWV

စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်



စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 8 Aug, 2012
  ကမ္ဘာလှည့်ခရီးသည်များ တည်းခိုမှုအခက်အခဲအဆင်ပြေစေရန် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံးချုပ်အား  အဆင့်မြင့်ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မ
ရှင်က သိရှိရသည်။
ရန်ကုန်မြို့ကမ်းနားလမ်းရှိ ရှေးဟောင်းအဆောက်အဦးဖြစ်သော ရန်ကုန်တိုင်းစုပေါင်းရုံး နှင့် ကုန်သည်လမ်းရှိ   မြန်မာ့မီးရထားရုံးချုပ်အားခေတ်မီဟိုတယ်များပြုလုပ်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။  
 ရှေးဟောင်းအဆောက်အဦးဖြစ်တဲ့ ရန်ကုန်တိုင်းစုပေါင်းရုံးရဲ့ မျက်နှာစာ အလှအပတွေကိုတော့ ရှေးမူမပျက်ထားရှိပြီးတော့ အတွင်းခန်းဒီဇိုင်းတွေကိုတော့ စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးထားပါတယ်။ BOT စနစ်နဲ့နှစ်(၄ဝ)လုပ်ကိုင်ခွင့်ပေးထားပါတယ် ’’ဟု မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောသည်။  
ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းအဆောက်အဦးများမှာကျောက်တံတားမြို့နယ်ကမ်နားလမ်း ရှိ ရန်ကုန်တိုင်းစုပေါင်းရုံး၊ မဟာ ဗန္ဓုလလမ်းရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင် စာရင်းရုံးချုပ်၊ ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ဗဟိုတရားရုံးချုပ်၊ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဝန်ကြီးများရုံး၊ ဒဂုံမြို့နယ်ပြည် လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတို့ပါဝင်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ   ပြန်ကြားရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
ရန်ကုန်မြို့၌ ရှေးဟောင်းအဆောက်အဦးပေါင်း (၁၈၉)လုံးရှိပြီး ဝန်ကြီးဌာနအသီးသီးမှ လွှဲပြောင်းအပ်နှံထားသော အဆောက်အဦးများအား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းရှင်များသို့ BOT စနစ်ဖြင့်နှစ်(၄ဝ)လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 
လက်ရှိတွင် ရှေးဟောင်းအဆောက်အဦးများထဲမှ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဗဟိုတရားရုံး နှင့် ဗိုလ်အောင်ကျော်လမ်းရှိဝန်ကြီးများရုံး တို့အား ရှေးမူလက်ရာမပျက်စေပဲ ရှေးဟောင်းပြတိုက် အသွင်ဆောင်နိုင်ရန်အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းရှင်များအား  BOT  စနစ်ဖြင့် တင်ဒါ ခေါ်ယူထားကြောင်းကိုလည်း သိရှိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။