Tuesday, August 21, 2012

လစာမတိုးပေးပါက ဆန္ဒပြမှုဆက်လက်ပြုလုပ်မည်ဟု တောင်အာဖရိကသတ္တုတွင်းမှ လုပ်သားများကြေညာ


လစာမတိုးပေးပါက ဆန္ဒပြမှုဆက်လက်ပြုလုပ်မည်ဟု တောင်အာဖရိကသတ္တုတွင်းမှ လုပ်သားများကြေညာ 
Monday, 20 August 2012 00:30
တောင်အာဖရိက အမျိုးသားကွန်ဂရက်ပါတီမှ လူငယ်ခေါင်းဆောင်ဟောင်း မိန့်ခွန်းပြောနေမှုကို သတ္တုတွင်းလုပ်သားများ သြဂုတ်လ ၁၈ ရက်က နားထောင်နေစဉ်
လစာတိုးပေးရေး ဆန္ဒပြတောင်းဆိုရာမှ ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပစ်ခတ်နှိမ်နင်းခြင်းခံရသော တောင်အာဖရိက ပလက်တီနမ်သတ္တုတွင်းမှ လုပ်သားများက သူတို့၏ တောင်းဆိုချက်ဖြစ်သော လစာတိုးပေးရေးကို ကုမ္ပဏီပိုင်ရှင်များက လိုက်လျောခြင်းမရှိပါက အလုပ်ခွင်မ၀င်ဘဲ ဆန္ဒပြမှု ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။
ပလက်တီနမ် သတ္တုတွင်းကုမ္ပဏီ Lonmin ကအလုပ်သမားများ အလုပ်ခွင်ပြန်ဝင်ရန်နှင့် မဟုတ်ပါက အလုပ်ထုတ်ပစ်ခံရမည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်တွင် ညွှန်ကြားခဲ့သည်။ 

အလုပ်ခွင်မ၀င်ဘဲ သုံးရက်ကြာ ဆန္ဒပြနေမှုကို ရပ်ဆိုင်းရန် ကုမ္ပဏီက နောက်ဆုံး ရာဇသံပေးခဲ့ခြင်းဖြစ်သော်လည်း အလုပ်သမားများက ဆန္ဒပြမှု ဆက်လက်ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့သည်။  တောင်အာဖရိကတွင် လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ခေတ်အလွန် အဆိုးရွားဆုံးဖြစ်စဉ်အဖြစ် မာရီကာနာသတ္တုတွင်းလုပ်သားများ ဆန္ဒပြမှုအတွင်း လူ ၃၄ ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်သည်။ 
North West ပြည်နယ်ရှိ သတ္တုတွင်းလုပ်သားများက လစာတိုးပေးရေးကိစ္စကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အလုပ်ခွင်ပြန်ဝင်ရေး ရာဇသံမှာ ရဲများလက်ချက်ဖြင့် သေဆုံးခဲ့သော လုပ်ဖော်ကိုင်ဖက်များကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။''အလုပ်ပြန်ဝင်ဖို့ပြောတာ စော်ကားမှု လုပ်လိုက်တာပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သေကုန်ပြီ။ အဲဒါကို ကျွန်တော်တို့ကို အလုပ်ဆင်းစေချင်နေတယ်။ လုံးဝပဲ''ဟု အလုပ်သမားတစ်ဦးဖြစ် သူ Zachariah Mbewu က ပြောကြားခဲ့သည်။ 
''တစ်ချို့ဆိုရင် ထောင်ထဲမှာ၊ တစ်ချို့က ဆေးရုံရောက်နေတယ်။ မနက်ဖြန် (သြဂုတ်လ ၂၀) ရောက်ရင် တောင်ထိပ် (ဆန္ဒပြသောနေရာ) ကို ပြန်သွားမယ်။ ကျွန်တော်တို့ တောင်းဆိုတာမရရင်တော့ အလုပ်ခွင် ပြန်မ၀င်ဘူး''ဟု သူကဆိုသည်။ အာဏာရအာဖရိကအမျိုးသား ကွန်ဂရက်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသော လူငယ်ခေါင်းဆောင်ဟောင်း ဂျူးလီယပ်စ်မာလီမာကလည်း သြဂုတ်လ ၁၈ ရက်တွင် သမ္မတဂျက် ကော့ဇူးမားကို ဝေဖန်ခဲ့ခြင်းဖြင့် အ လုပ်သမားများဘက်မှရပ်တည်ခဲ့သည်။ ''သမ္မတဇူးမားအနေနဲ့ ရာထူးနုတ်ထွက်သင့်တယ်။ တစ်နေ့တည်းနဲ့ လူအစုလိုက်အသတ်ခံရတာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အခုဆိုရင် ပုံမှန်လိုဖြစ် လာနေပြီ''ဟု သူက လူအုပ်ကြီးသို့ ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသော လုပ်သားများ၏ မိသားစုဝင်၊ ဆွေမျိုးများက သတ္တုတွင်း ဆေးရုံအပြင်ဘက်တွင် စောင့်ဆိုင်းနေရပြီး ဆေးရုံတင်ထားရသူများစာရင်း၌ သူတို့၏ မိသားစုဝင်၊ ဆွေမျိုးများပါဝင်မှု ရှိ၊ မရှိ၊ အဖမ်းခံရခြင်း၊ သေဆုံးခြင်း ဟုတ်၊ မဟုတ် စောင့်ဆိုင်းနေရသည်။ 
သြဂုတ်လ ၁၆ ရက်က ရဲများနှင့် ပဋိပက္ခဖြစ်မှုအတွင်း သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၇၈ ဦး၊ ထိန်းသိမ်းခံရသူ ၂၅၉ ဦးရှိကြောင်း သိရသည်။ ဇူးမားက ယင်းဖြစ်စဉ်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြင့် စစ်ဆေးမည်ဟု ကြေ ညာခဲ့သည်။       
Ref:AFP
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။