Tuesday, August 21, 2012

မြန်မာနိုင်ငံ၏ စစ်ရေး ဒီပလိုမေစီ


မြန်မာနိုင်ငံ၏ စစ်ရေး ဒီပလိုမေစီ ( စိုးမြင့် )

မြန်မာစစ်ဘက် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏တစ်ပတ်ကြာ အိန္ဒိယ အလည်အပတ် ခရီးကို အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ကတည်းက ဤခရီးနှင့် အတူ ဒေသတွင်း အဓိကနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သော နိုင်ငံရပ်ခြား ခရီးများကို သူအောင်မြင်စွာ အချောသပ်ခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလည်အပတ် ခရီးမှာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး နှစ်လအကြာတွင် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ မန်မိုဟန်ဆင်း၏ ခရီးစဉ် အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် မျက်နှာစာပေါင်းစုံ ဆက်ဆံရေးများကို နှစ်နိုင်ငံ အတည်ပြု ခိုင်မာ စေခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယအလည် အပတ်ခရီးကို မြန်မာနိုင်ငံတွင်း ပေါ်ပေါက် လာသော အတွင်းပိုင်း နိုင်ငံရေး အပြောင်းအလဲများနှင့် ဆက်စပ်နေသည့် အရေးပါသော ထူးခြားချက် အဖြစ် လည်းကောင်း၊ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အစိုးရအနေဖြင့် တိုင်းပြည်၏ နိုင်ငံခြား ထိတွေ့ ဆက်ဆံမှုများကို ပဒေသာ စုံအောင် ကြိုးပမ်းမှု အဖြစ် လည်းကောင်း မှတ်ယူရမည် ဖြစ်သည်။ မကြာသေးမီ လများ အတွင်း မြန်မာ စစ်ဘက် ခေါင်းဆောင် များက နိုင်ငံရေးတွင် စစ်ဘက်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အရေးပါသော ထုတ်ပြန်ချက်များကို ပြုလုပ်ခဲ့ကြသည်။ မကြာမီက စင်္ကာပူတွင် ကျင်းပသော ရှန်ဂရီလာ ဆွေးနွေးပွဲ အတွင်းတွင် စစ်ဘက်မှ ဦးသိန်းစိန်အစိုးရကို ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းက ပြောကြားခဲ့သည်။ ယခုနှစ် စောစောပိုင်း ကလည်း ဒုတိယ အဆင့်အမြင့်ဆုံး အရာရှိဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းက တိုင်းပြည်၏ ပါလီမန် အတွင်း စစ်ဘက် ပါဝင်မှု ၂၅ ရာနှုန်း ကို အာမခံ ပေးထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မတူကွဲပြားမှုများ ရှိကြောင်း ဝန်ခံပြီး ပြင်ဆင်နိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား အဆင့်မြင့် စစ်ဖက်အရာရှိများ အပြန်အလှန် ဖလှယ်မှုများမှာ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် ပုံမှန်လုပ်ငန်းစဉ် ဖြစ်လာသည်။ ဇန်နဝါရီလတွင် ထိုစဉ်က အိန္ဒိယ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗွီကေဆင်း မြန်မာနိုင်ငံသို့ အလည်အပတ် သွားခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလည်အပတ် ခရီးကိုလည်း အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် ချဲ့ထွင်ရန် ပြုလုပ်သည့် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ကြည့်မြင်နိုင်ပါသည်။ နှစ်ဦးနှစ်ဖက် စစ်ရေး ဆက်ဆံမှုများ ပိုမိုခိုင်မာလာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်၏ ပထဝီ နိုင်ငံရေးဆိုင်ရာ အရေးပါမှုမှာ အထင်အရှား ဖြစ်ခဲ့သည်။ ပေကျင်းနှင့် ဝါရှင်တန်တို့က သူ၏ အိန္ဒိယ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ ကြပါလိမ့်မည်။ ပေကျင်းက နေပြည်တော်၏ မကြာမီ ကာလတွင် အမေရိကန် ပြည်ထောင်စုနှင့် နွေးထွေး
သက်သာရှိခြင်းကို သတိထား နေခဲ့သည်။ ဝါရှင်တန် ကလည်း အာရှသို့ သူ၏ဆုံချက် အစိတ်အပိုင်းအဖြစ် မိတ်ဆွေသစ်များ ရှာဖွေနေခဲ့သည်။ ထို့ပြင် မြန်မာနှင့် စစ်ရေးဆက်ဆံမှု တိုးတက် ကောင်းမွန်ရေးကို အချက်ပြခဲ့သည်။
ရှန်ဂရီလာ ဆွေးနွေးပွဲ၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပင်နက်တာက ထိတွေ့ဆက်ဆံမှု၏ သဘော သဘာဝနှင့် ပတ်သက်၍ အသေးစိတ် မပြောသော်လည်း အမေရိကန်အနေဖြင့် မြန်မာနှင့်စစ်ရေး ဆက်ဆံမှုများ တိုးတက်ရေးကို လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။ အမှန်စင်စစ်၊ ဝါရှင်တန် အနေဖြင့် စစ်ရေး ဆက်ဆံမှု အပါအဝင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် အသံများ အမေရိကန် ပြည်ထောင်စုတွင် တိုးပွားလာနေသည်။ ဩဇာတိက္ကမ ရှိသော ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနမှ အမေရိကန် ပညာရှင်တစ်ဦးက အာရှရှိ အရေးပါသော နိုင်ငံများနှင့် စစ်ရေး ဆက်ဆံမှုများ ဖြတ်တောက်ခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား လုံခြုံရေး အကျိုးစီးပွားကို တိုးတက် စေမည် မဟုတ်ကြောင်း၊ မကြာသေးမီက စာတမ်းတစ်ခုတွင် ငြင်းခုန် ဆွေးနွေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ဘက်နှင့် ဂရုတစိုက် တစ်ဆင့်ပြီးတစ်ဆင့် ထိတွေ့ဆက်ဆံသင့်ကြောင်း၊ သို့သော် မြန်မြန်ဆန်ဆန် လုပ်ဆောင်သင့်ကြောင်း၊ ထိုစာတမ်းက အပူတပြင်း တိုက်တွန်းထားသည်။
လွန်ခဲ့သည့် နိုဝင်ဘာလတွင် အဓိက အလည်အပတ် ခရီးများနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံခြား ခရီးစဉ်များ စတင်ခြင်းကို မြင်တွေ့ခဲ့ရသည်။ သူ့အရင် လူများနှင့်မတူဘဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ စစ်ဘက် အကြီးအကဲ ဖြစ်ပြီး နောက်ပိုင်း၊ ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ ဗီယက်နမ် ဖြစ်ခဲ့သည်။ ထိုနိုင်ငံမှာ တောင်တရုတ် ပင်လယ်တွင် တရုတ်နှင့် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုတွင် ပါဝင် ပတ်သက် နေခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြသည်။ နှစ်ပေါင်းများစွာ မြန်မာစစ်ဘက် အကြီးအကဲ သစ်တစ်ဦး ခန့်အပ်သည့် အခါတိုင်း ထိုသူ၏ ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ ပေကျင်းသာ ဖြစ်ခဲ့ပေလိမ့်မည်။ ဗီယက်နမ်သို့ ခရီးစဉ်အပြီး မကြာမီနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ မလာမီ နှစ်ရက်အလိုတွင် စစ်ရေးလေ့ကျင့်မှုနှင့် လက်နက်ခဲယမ်း အတွက် ကြာရှည် မှီခိုခဲ့ရသည့် မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက် လည်ပတ်ခဲ့သည်။ ဤခရီးစဉ်ကို အချို့သော တရုတ် ပညာရှင်တို့က ကလင်တန်၏ခရီးစဉ် မတိုင်မီ မြန်မာ၏ တရုတ်နှင့် အနီးကပ် ဆက်ဆံရေး အတွက် ပေကျင်းကို အာမခံချက်ပေးသည့် လက္ခဏာ တစ်ရပ်အဖြစ် ကြည့်မြင်ကြသည်။ တရုတ် ပြည်တွင် မြန်မာနိုင်ငံတွင်းသို့ ဝါရှင်တန်၏ ကျူးကျော် ထိုးဖောက်မှုများနှင့် ပတ်သက်၍ သတိထားမှု ရှိခဲ့သည်။ ကလင်တန် မြန်မာနိုင်ငံသို့ ခရီးသွားသောအခါ “မြန်မာနိုင်ငံ တံခါးဖွင့်ခြင်းကို တရုတ်က ကြိုဆိုသည်။ သို့သော် တရုတ်ပြည်၏ အကျိုးစီးပွားများအပေါ် တက်လှမ်းလာခြင်းကိုမူ အခိုင်အမာ ဆန့်ကျင်သည်”ဟု အမေရိကန် မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဂလိုဘယ်တိုင်း(မ)သတင်းစာ၏ အယ်ဒီတာ အာဘော်တွင် ရေးသား ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ်တွင် သမ္မတ ဖြစ်လာမည်ဟု မျှော်လင့်ရသည့် တရုတ်နိုင်ငံ ဒု-သမ္မတ ရှီကျင်ဖင်းနှင့် တွေ့ဆုံခဲ့သည်။ တရုတ်ဗဟို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ရှုကိုင်ဟုနှင့် ပြည်သူ့လွှတ်မြောက်ရေး တပ်မတော် (PLA) စစ်ဦးစီးချုပ် ချန်ပင်တေ တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ စစ်ရေး ဆက်ဆံမှု ခိုင်မာစေရန် နှစ်ဖက် သဘောတူ ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ချန်က စစ်တပ်နှစ်ခုကြား အပြန်အလှန် ယုံကြည်မှု ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး တို့ကို အဆိုပြုခဲ့သည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ တရုတ်မီဒီယာများက ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုဝင်ဘာ ခရီးစဉ်ကို သူ၏ ခြောက်ကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်ဘက် အကြီးအကဲမှာ တရုတ်အတွက် အသစ် မဟုတ်ကြောင်း သေချာ စေရန် ဖြစ်သည်။ စစ်တက္ကသိုလ် အချို့သို့ သူသွားရောက်ခဲ့ သည်။ ပေကျင်းအပြင် ရှန်ဟိုင်း၊ ဟန်ကျောက်နှင့် ချန်ဒူးတို့ကိုသွားခဲ့ သည်။ ယခုနှစ် အစောပိုင်းတွင် ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းသို့ သွားရောက် လည်ပတ်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေး၊ တည်ငြိမ်မှုနှင့် စီးပွားရေးရာ နှစ်ဖက် ဆက်ဆံမှုများ အားကောင်း ခိုင်မာစေရန် နယ်ပယ် ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
အိန္ဒိယ၌ရှိစဉ် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony၊ အိန္ဒိယ ရေတပ် အကြီးအကဲ Admiral Nirmal Uerma ၊ အိန္ဒိယ လေတပ် အကြီးအကဲ Marshal NAK Browne ၊ အိန္ဒိယ ကြည်းတပ် အကြီးအကဲ General Bikram Singh တို့ အပါအဝင် ထိပ်တန်း ကာကွယ်ရေး အရာရှိ အားလုံးနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယသမ္မတ Pranab Mukhajee နှင့်လည်း တွေ့ဆုံခဲ့သည်။ အိန္ဒိယက သူ့ကို မြန်မာ ကာကွယ်ရေး ဌာနမှ ပုဂ္ဂိုလ်များကို လေ့ကျင့်ပေးရန် အာမခံခဲ့သည်။ ဤသည်မှာ အိမ်နီးချင်း နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေးကို ချဲ့ထွင် ရင်း စစ်တပ်ချင်း ဆက်ဆံမှုများကို ခိုင်မြဲစေရန် ရေရှည်လက်တွဲသွားမည့် ဟန်ပန်ဖြစ်သည်။
အိန္ဒိယနှင့် မြန်မာတို့သည် နှစ်နိုင်ငံနယ်စပ် နှစ်ဖက်လုံးရှိ လူမျိုးစု သောင်းကျန်းမှုမှ ပေါ်ထွက်လာသော လုံခြုံရေး ပြဿနာများ ပူးပေါင်း ဖြေရှင်း ခဲ့ကြသည်။ ဤပြဿနာ ကိုလည်း အိန္ဒိယ အရာရှိများနှင့် တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။ ကို(လ)ကတ္တားရှိ အိန္ဒိယ တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ Visakhapatnam ရှိ အရှေ့ပိုင်း ရေတပ်ဌာနချုပ် အခြေစိုက်စခန်း Bamgalore ရှိ အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးမှုအဖွဲ့၏ ဌာနအချို့သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။
ဆယ်စုပေါင်းများစွာ စစ်ဖက် အုပ်စိုးခဲ့သော တိုင်းပြည်တစ်ခု အနေဖြင့် အခြားနိုင်ငံများနှင့် စစ်ဘက်ချင်း အပြန်အလှန် ဆက်ဆံမှုများမှာ အရေးကြီးပါသည်။ တိုင်းပြည်က ပို၍ အရပ်ဘက် အုပ်ချုပ်မှုစနစ်ဆီသို့ ရွှေ့လာသည်နှင့်အမျှ အရပ်ဘက် ထိန်းချုပ်မှု အောက်တွင်ပို၍ ပညာသည် ပီသသော အင်အားစုအဖြစ်သို့ ဖြစ်ပေါ် ပြောင်းလဲလိုစိတ်ကို လက်ရှိ စစ်ဘက် ခေါင်းဆောင်မှုက ပြသရပေမည်။ အိန္ဒိယစစ်ဘက်မှာ ဒီမိုကရက် တစ် အစိုးရအောက်တွင် လုပ်ကိုင်ခဲ့သော ရှည်ကြာသည့် အတွေ့အကြုံ ရှိပြီး မြန်မာ စစ်ဘက်၏ အခန်းကဏ္ဍ တဖြည်းဖြည်း ပြောင်းလဲ လာသည် နှင့်အမျှ မြန်မာစစ်ဘက် အတွက် ကြီးမားသော သင်ခန်းစာများ ပေးစွမ်း နိုင်သည်။ ဒေသ ဆိုင်ရာ ပထဝီ မဟာ ဗျူဟာ ရှုထောင့်မှ ပြောရလျှင် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခ ရီးစဉ်သည် မြန်မာနိုင်ငံ၏ စစ်ရေးဒီပလိုမေစီတွင် အခြားအရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်နေပါသည်။ အဓိက အင်အားကြီး နိုင်ငံများ အားလုံးနှင့် ချိန်ခွင်လျှာ ညီမျှသည့် စစ်ရေး ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်း ထားနိုင်မှုတွင် သူ၏ အကျိုးစီးပွား တည်ရှိနေကြောင်း မြန်မာက သိပါသည်။ ထို့ပြင် သူ့တိုင်းပြည်တွင်း၌ အင်အားကြီး နိုင်ငံများက မဟာဗျူဟာ ဘက်ပြိုင်မှုတစ်ခု ဆင်နွှဲရန် မျက်စေ့ကျမည့် နောက်ဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း နားလည်ပါလိမ့်မည်။
(၁၁.၈.၁၂ Eurasia review.com ပါ Observer Research Foundation, New Delhi)မှ သုတေသနမှူး K.Yhome ၏ စိစစ် အကဲဖြတ်ချက်ကို ပြန်ဆို ဖော်ပြသည်။)
မူရင်း ; http://newindianexpress.com/opinion/article585698.ece
စိုးမြင့်
http://www.myanmarij.com/?p=4860

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။