Saturday, September 1, 2012

မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ခရိုနီများ အတွက်သာ အကျိုးထွန်းစေဟု ဆို


မြန်မာ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ခရိုနီများ အတွက်သာ အကျိုးထွန်းစေဟု ဆို


The Voice Weekly , 31August 2012   —–   မြန်မာနိုင်ငံတွင် ပြဌာန်းရန် ရှိသည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေသစ်တွင် လစ်ဘရယ် စီးပွားရေး ပတ်ဝန်းကျင် အခြေအနေကို ဦးတည်ခြင်း မရှိဘဲ ယခင် တပ်မတော် အစိုးရ လက်ထက်က လွှမ်းမိုးထားသော ပြည်တွင်းစီးပွားရေး လုပ်ငန်းများ(Crony)ကိုသာ အကျိုး ဖြစ်စေမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ၊ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ပညာရှင် ရှောင်တားနားက သုံးသပ်ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ပိုပြီး လစ်ဘရယ် ကျတဲ့ စီးပွားရေး ပတ်ဝန်းကျင်အခြေအနေကို ဖြစ်စေမယ့် အစား ပြည်တွင်းမှာ ရှိတဲ့ တချို့သော သူတွေက မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်နိုင်ဖို့ တွန်းအားပေးနေပုံပေါ်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဥပဒေသစ်သည် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး သဘောတရားများ ပိုမို ပါဝင် နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများကို အားလျော့သွားစေပြီး၊ ယခင်အစိုးရ လက်ထက်ကတည်းက လွှမ်းမိုး ထားသော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ(Crony) အတွက်သာ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ရိုက်တာ သတင်းတွင်လည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု များအတွက် အရေးကြီးသော ဥပဒေဖြစ်သည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေကို ယခုအခါ မြန်မာနိုင်ငံ လွှတ်တော်တွင် ၅ လကြာ ဆွေးနွေး အတည်ပြုမှုများ ပြုလုပ်လျက် ရှိသည်။
လွှတ်တော်သို့ တင်ပြထားသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းမှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် လက်ရှိ အချိန်ထိ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားကြောင်း ယင်းဥပဒေ ပြုရာတွင် ပါဝင် ပတ်သက်နေသော သတင်းရင်းမြစ်များက ပြောကြားသည်။

လွှတ်တော်တွင် ပြင်ဆင် ထားသော ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများ အနေနှင့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီးမြုပ်နှံခွင့်ကို တားမြစ် ထားသည်။အဆိုပါ တားမြစ် ထားသော ကဏ္ဍ များမှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍ၊လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းတို့ ပါဝင်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများသည် မတည် အရင်းအနှီး အဖြစ် အမေရိကန် ဒေါ်လာ ၅ သန်းမှ ၈သန်းကြား ရှိရမည် ဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတစ်ခုခုနှင့် ဖက်စပ် ပြုလုပ်ရမည် ဖြစ်သည်။
ယင်းသို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းနှင့် ဖက်စပ် လုပ်ငန်း ပြုလုပ်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူများက စုစုပေါင်း အရင်းအနှီး၏ ၃၉ ရာခိုင်နှုန်းမှာ ၄၉ ရာခိုင်နှုန်း ထိသာ ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒ ရှိနေပြီး၊ ဥပဒေပြု အမတ်များ အနေဖြင့် တားဆီး ပိတ်ပင်မှုများကို ဖြေလျော့ ပေးစေရန် သမ္မတ ဦးသိန်းစိန် အနေဖြင့် ကြိုးပမ်းလျက် ရှိကြောင်း အဆိုပါ ဥပဒေနှင့် ပတ်သက်နေသည့် သတင်း ရင်းမြစ်များက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် မတည် အရင်းအနှီး အမေရိကန် ဒေါ်လာ ၈ သန်း လိုအပ်ခြင်း၊ ကဏ္ဍ ၁၃ ခုတွင် နိုင်ငံခြား ကုမ္ပဏီများ ရင်းနှီးမြုပ်နှံခြင်းမှ ကန့်သတ်ခြင်း များသည် နိုင်ငံခြား ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် ပြန်လည် စဉ်းစားမှုများ ပြုလုပ်ရန် တွန်းအားပေး လိုက်သကဲ့သို့ ဖြစ်သွားစေကြောင်း သမ္မတ ဦးသိန်းစိန်နှင့် အဆက်အဆံရှိသော အစိုးရ တာဝန် ရှိသူများက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ဆိုင်းငံ့ ပေးခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွား ကဏ္ဍမှသည် သစ်တော ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍများတွင် အလားအလာကောင်းများ ရှိသော်လည်း နိုင်ငံခြား ရင်းနှီး မြုပ်နှံ သူများမှာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြုပ်နှံရန် တုံ့ဆိုင်း လျက်ရှိသည်။
ကိုလာကိုလာ ကုမ္ပဏီ၊ ဟိုတယ် လုပ်ငန်းဖြစ်သော Marrott International Inc ၊ မော်တော်ကား ကုမ္ပဏီများ ဖြစ်သော ဆူဇူကီး ကုမ္ပဏီနှင့် ဖို့ဒ် (Ford) ကား ကုမ္ပဏီ၊ နည်းပညာ ကုမ္ပဏီများ ဖြစ်သော Panasonaic နှင့် Toshiba ကော်ပိုရေးရှင်း များမှာ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြားထားသည်။
Written by 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။