ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲ |
|
|
Written by အောင်သူငြိမ်း(မကွေး) | |
Sunday, 05 August 2012 12:04 | |
ထိုနေ့တွင် မြစ်အရှေ့ဘက်ကမ်း မကွေး၊ နတ်မောက်၊ ရေနံချောင်းမြို့နယ်များနှင့် မြစ်အနောက်ဘက်ကမ်း မလွန်၊ မင်းလှ၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များမှ ကျေးရွာများကအထိ ဘုရားဖူးများလာ ရောက်လေ့ရှိကြသည်။ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီများ နှင့်လာရောက်ကြသလို ရေကြောင်းခရီးမှ စက်လှေ၊ သမ္ဗာန်များနှင့်လာ ရောက်ကြသူများလည်း ရှိကြသည်။ လာရောက်ကြသူအားလုံး၏ ရည်ရွယ်ချက်မှာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးအား ဖူးမြော်ရန်နှင့် ထိုစေတီတော်မြတ်ကြီး၏ အရှေ့ဘက်ဘူးသည် ကျေးရွာအနီးမုန်းချောင်းဝသို့ ၀ါတွင်းကာလတွင်သာ လာရောက်လေ့ရှိသော ဘုရားငါးကြီးများကို အစာကျွေးကြရန်ဖြစ်ပါသည်။ ထိုသို့ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှသာမက မြန်မာနိုင်ငံ အရပ်ရပ်မှပါ ဘုရားဖူးရင်း၊ ငါးစာကျွေးရင်းဟု အုံနှင့် ကျင်းနှင့် နှစ်စဉ်လာရောက်လေ့ရှိကြသော်လည်း ဘုရားငါးကြီးများ အလုံးအရင်းနှင့် မပေါ်ခဲ့သည် မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့လေပြီ။ ၀ါဆိုလပြည့်ရက်ဝန်းကျင်တွင် မုန်းချောင်းဝသို့ အရောက်လာ၍ သီတင်းကျွတ်ပြီးသည်နှင့် ဧရာဝတီမြစ်၏ ကျရေနှင့်အတူ ပြန်လည်ထွက်ခွာသွားလေ့ရှိသော ထိုငါးကြီးများ၏ ထူးခြားသည့်သဘာဝမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဘူးသည်ကျေးရွာ ငါးစာကျွေးဆိပ်အနီးရှိ ဘုရားငါးများနှင့် ပတ်သက်သည့် ဓာတ်ပုံပြခန်းထဲမှ ရှေးယခင် ငါးများလာရောက်စဉ် မှတ်တမ်းဓာတ်ပုံများနှင့် ငါးများအကြောင်း နံရံကပ်စာစောင်များကို လေ့လာကြည့်မိသည်။ ဒေသခံများနှင့် ဘုရားဖူးများက ဘုရားငါးဟုခေါ်သော ထိုငါးကြီးများမှာ ငါးထွေ (Rita rita) အမျိုးအစားများဖြစ်ကြောင်း၊ တစ်ကောင်လျှင် ပိဿာ ၄၀မှ ပိသာ ၈၀ အထိ အလေးချိန်ရှိကြောင်း၊ ပါးစပ်ဝအကျယ်မှာ ၈ လက်မမှ ၁၂ လက်မ အထိရှိကြောင်း သိရသည်။ ထိုငါးစာကျွေးဆိပ်တည်ရှိရာ မုန်းချောင်းမှာ ချင်းပြည်နယ်ဝိတို ရိယတောင်၏တောင်ဘက်မှ အဖျားခံ၍ စေတုတ္တရာမြို့နယ်မှတစ်ဆင့် ပွင့်ဖြူမြို့နယ် ရိုးကုန်းရွာအနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ မင်းဘူးခရိုင် အတွင်း ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၁၇၀၀ စင်တီမီတာရှိ၍ ဘုရားငါးများ ၀င်ထွက်နိုင်ရန် မြစ်ရေအခြေအနေမှာ ၁၅၅၀ စင်တီမီတာရှိကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ချိတ်ဆွဲထားခဲ့သော နံရံကပ် စာစောင်အရ မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးနည်းခြင်းကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းတို့တွင် ရေနည်း၍ သောင်ခုံအများအပြား ဖြစ်ထွန်းလာကြောင်း၊ မုန်းချောင်းအထက်ဘက်တွင် ဆည်များ တည်ဆောက်ထားခြင်းကြောင့် ဘုရားငါးများ ၀င်ရောက်ရန် ရေပမာဏ မလုံလောက်ကြောင်း သိရသည်။ ယခင်ဘုရားငါးများ အများအပြား လာရောက်လေ့ရှိစဉ်က ငါးစာကျွေးဆိပ်ကို တာဝန်ယူခဲ့ဖူးသော ဘူးသည်ကျေးရွာ ပိဋကတ်တိုက် ကျောင်းဆရာတော် ဘန္ဒန္တဥတ္တမ၀ံသအား ဘုရားငါးကြီးများအကြောင်း လျှောက်ထား မေးမြန်းကြည့်မိသည်။ဆရာတော်က ဘုရားငါးများအလာ နည်းရခြင်းမှာစားချင်သည်ကို မစားရ၊ နေချင်သည့်နေရာတွင် မနေရနှင့် လွတ်လပ်မှုမရှိ၍ ဖြစ်နိုင်ကြောင်း သုံးသပ်မိန့်ကြားသည်။ ''ဆရာတော်ငါးစာကျွေးဆိပ် တာဝန်ယူတုန်းက ငါးတွေလာတတ်တဲ့ ၀ါဆိုလပြည့်ရက်မတိုင်မီ နှစ်ရက်လောက်ကြိုပြီး မြစ်ဝနားမှာ ငါးတွေရဲ့ အခြေအနေကို လေ့လာခဲ့တယ်၊ ငါးတွေရောက်နေပြီ၊ ဘယ်နေရာမှာ အများဆုံး ရှိနေပြီဆိုတာ သေချာမှတ်ထားပြီး ၀ါဆိုလပြည့်နေ့ကျမှ အိုးစည်၊ ဒိုးပတ်ဝိုင်းတွေ၊ ငါးစာကျွေးဖို့ ထန်းသီးမုန့်တွေနဲ့ မြစ်ဝကို သွားကြိုခဲ့တာပေါ့''ဟု ဆရာတော်က မိန့်ကြားသည်။ ဆရာတော်မိန့်ကြားခဲ့သည့် စားချင်တာ မစားရလို့ဆိုသည်မှာ ဘုရားငါးများ အဓိကကြိုက်သည့် အစားအစာမှာ ထန်းသီးမုန့်ဖြစ်ကြောင်း၊ ယခင်က ထန်းသီးမုန့်ကို ရောင်းသည်ဟုမရှိဘဲ ဒေသခံများက ကိုယ်တတ်နိုင်သမျှ ပြုလုပ်၍ ငါးစာ ကျွေးလေ့ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ငါးစာကိုရောင်းချမှုများ ရှိလာခဲ့ပြီး၊ ကန်ထရိုက်ရယူသူက ဖွဲနုကို ရေနှင့် ဆုပ်လုံးထားသည့် ငါးစာလုံးများကိုသာ ရောင်းတော့ကြောင်း၊ ထန်းသီးမုန့်ကို ငါးစာအဖြစ် ကျွေးမှု မရှိသလောက်နီးပါး လျော့နည်းလာကြောင်း ရှင်းပြသည်။ နေချင်တဲ့နေရာမှာ မနေရလို့ ဆိုသည်မှာ ယခင်ဘုရားငါးများပေါ်ပြီဆိုပါက ထိုငါးများမည်သည့်နေရာတွင် နံနက်တိုင်း ပေါ်လေ့ရှိသည်ကို သုံးလေးရက်ခန့်စောင့်ကြည့်ပြီးမှ ထိုပုံမှန်ပေါ်သည့်နေရာကို ထိုနှစ်အတွက် ငါးစာကျွေးဆိပ်နေရာဟု သတ်မှတ်ပေးခဲ့ကြောင်း၊ ဘုရားငါးများမှာ ငါးထွေအမျိုးအစားဖြစ်၍ အကြေးခွံမပါရှိခြင်းကြောင့် နုန်းနှင့် ရွှံ့နွံပေါများသောနေရာတွင် နေထိုင်လေ့ရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ငါးစာကျွေးဆိပ် နေရာကို တစ်နေရာတည်းသတ်မှတ်၍ ထိုနေရာတွင် ရေအောက်ကြမ်းပြင်အထိ ကွန်ကရစ်ခင်းထားကြောင်း ရှင်းပြသည်။ လွတ်လပ်မှုမရှိလို့ဆိုသည်မှာ ယခင်က မုန်းချောင်းအထက်မှ မျောလာသော ၀ါးဖောင်များနှင့် လှေသမ္ဗာန်များမှာ ငါးစာကျွေးဆိပ်အနီးဝန်းကျင်တွင် ရပ်နားထားလေ့ရှိသောကြောင့် နေ့ခင်းဘက်နေပူချိန်တွင် ငါးများက ထိုဝါးဖောင်နှင့် လှေ များအောက် နေရောင်ကွယ်သောနေရာများတွင် နားခိုနေလေ့ရှိကြောင်း၊ ယခုနောက်ပိုင်းဘုရားပွဲတော်ချိန်တွင် ၀ါးဖောင်များ ဆိုက်ကပ်ခွင့်မပြုတော့သောကြောင့် ငါးများတွင် နေရိပ်ခို၍ လွတ်လပ်စွာ သွားလာစရာ နေရာမရှိတော့သလိုဖြစ်လာကြာင်း ရှင်းပြသည်။
''အဲဒီအချိန်က ကျွန်တော်တို့က ကလေးသာသာအရွယ်ပေါ့၊ ငါးကြီးတွေက တစ်ကောင်နဲ့တစ်ကောင် တိုးကြိတ်နေပြီး ရေကိုတောင်မမြင်ရသလို ဖြစ်နေလေ့ရှိတယ်၊ တစ်နေ့မှာ ငါးစာကျွေးနေရင်း လူငယ်တစ်ဦးရေထဲကို ချော်ကျသွားတော့ အားလုံးက အထိတ်တလန့် ဖြစ်ကုန်တာပေါ့၊ ဒါပေမယ့် ရေထဲကို ပြုတ်ကျတဲ့ လူငယ်က ရေမနစ်ဘဲ ငါးတွေပေါ်တင် ပေါလောပေါ်ပြီး ပြန်ထနိုင်ခဲ့တယ်လေ၊ အဲလိုဖြစ်ရပ်တွေက မကြာမကြာ ဖြစ်လေ့ရှိတော့ ဘုရားငါးကြီးတွေက ခေါင်းနဲ့ပင့်ပြီး ကယ်တယ်လို့ ဒေသခံတွေက ယုံကြည်မှုတွေ ရှိခဲ့ကြတယ်''ဟု ပြောပြသည်။ ထိုစဉ်က ဘုရားငါးကြီးများ၏ ဦးခေါင်းပိုင်းတွင် ရွှေဆိုင်းချပေးသည့် ဓလေ့လည်း ရှိခဲ့ကြောင်း၊ ထိုသို့ ဦးခေါင်းတွင် ရွှေဆိုင်းချထားသော ငါးများကို နောင်နှစ်တွင်လည်း ပြန်တွေ့ရလေ့ရှိခဲ့ကြောင်း ပြောပြသည်။ ဘုရားငါးများမှာ ၀ါတွင်းကာလတစ်လျှောက်လုံး နေထိုင်၍ သီတင်းကျွတ်သည်နှင့် ဧရာဝတီမြစ်၏ နောက်ဆုံးကျရေနှင့်အတူ မျောလိုက်သွားလေ့ရှိသောကြောင့် မြေနုကျွန်းများပေါ်တွင် သီးနှံစိုက်ပျိုးမည့် တောင်သူများမှာ ဘုရားငါးများ လုံးဝ မရှိတော့လျှင် မြစ်ရေထပ်မတက်တော့ဘူးဟု သင်္ကေတထားခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် ဘုရားငါးများ အလာကျဲသွားသောကြောင့် ထိုသင်္ကေတစနစ်လည်း မရှိတော့ဘဲ သီးနှံစိုက်ပျိုးပြီးမှ မြစ်ရေထပ်တက်သည့် အဖြစ်များ ကြုံတွေ့လာရကြောင်း သိရသည်။ ဘုရားငါးများ အများအပြား ပေါ်လေ့မရှိတော့သော်လည်း မြန်မာနိုင်ငံတစ်နံတစ်လျားမှ ဘုရားဖူးများကတော့ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်နှင့် ငါးစာကျွေးဆိပ်ဆီသို့ နှစ်စဉ်ဝါတွင်းကာလတိုင်း အများအပြား လာရောက်ကြဆဲဖြစ်ပါသည်။ ထိုသို့ လာရောက်ကြသူများ၏ စိတ်ဘ၀င်တွင် ဧရာဝတီနှင့် မုန်းချောင်းတို့၏ ရေအလျင်မှာ စီးဆင်းမြဲဖြစ်သောကြောင့် ဘုရားငါးကြီးများလည်း ပေါ်လိမ့်မည်ဟု မျှော်လင့်ထားကောင်း ထားနိုင်ကြပါလိမ့်မည်။ ထိုသူတို့မျှော်လင့်ချက်အတိုင်း ကျွန်တော်၏ စိတ်နှလုံးတွင်လည်း ဧရာဝတီမြစ်ကြီးကို စီးမြဲစီးရင်း ဘုရားငါးကြီးများကိုလည်း အများအပြား ပေါ်မြဲပေါ်လာစေချင်မိပါသည်။ ရေလွှာလည်း ခင်းပြန့်ကြည်လင်စေ ...၊ မိုးဦးလည်း လှပသာယာစေ ...၊ ဦးဆောင်သူစေရာ ....... ယုံကြည်ရာလိုက်ခဲ့မယ်တဲ့ ... မောင်မယ် အစုံဆန်ကာပြန်ခဲ့ပြီ ...၊ မိုးဦးရေဆန်-မိုးဦးရေဆန်-ဆယ်လမွန်ငါးတို့ အပြန်....''။ ကျောင်းတော်ရာစေတီတော်သို့ ၀ါတွင်းကာလတိုင်းလာရောက်လေ့ရှိသော ဘုရားငါးများကဲ့သို့ သေဆုံးကာနီးအချိန်တွင် မိမိမွေးဖွားသားပေါက်ခဲ့ရာအရပ်ဆီသို့ အရောက်ပြန်လာလေ့ရှိသော ဆယ်လမွန်ငါးတို့၏ သဘာဝကို ရေးဖွဲ့ထားခဲ့သော အဆိုတော်ဦးခင်ဝမ်း၏ သီချင်းတစ်ပုဒ်ကို ကျောင်းတော်ရာမှ မကွေးသို့ အပြန်ခရီးတွင် ဆိုင်ကယ်စီးရင်း ဆိုငြီးလာမိပါသည်။ |
ယခင်ကပြည့်စုံကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်နဲ့ဂေဟစံနစ်
ကိုလှစ်ပြလိုက်သလိုပါဘဲ။ဘာမှန်းမသိအဲဒီငါးကြီးတွေကို လွမ်းဆွတ်သလိုလိုလဲခံစားရပါတယ်၊တစ်ချိန်တည်းမှာဘဲ လူ့ပယောဂကြောင့်အဲဒီလိုချစ်စရာကောင်းတဲ့ပတ်ဝန်းကျင်၊ ဓလေ့တွေဘယ်လောက်များကျွန်တော်တို့တွေဆုံးရှုံးသွားပြီလဲ ဆိုတာဆင်ခြင်ရင်းစိတ်မကောင်းလဲဖြစ်မိပါတယ်။
အားလုံးအသိညဏ်နဲ့ယှဉ်ပြီး ကိုယ်ချင်းစာတရားထားလျက်
လောကကြီးကိုလှပအောင်လုပ်ဆောင်နိုင်ကြပါစေဗျာ...