ရွှေတံဆိပ် ၁၈ ခု ပိုင်ရှင် Michael Phelps အိုလံပစ်ပွဲတွေကနေ အနားယူပြီ
04.08.2012
သြဂုတ်လ (၄) ရက်နေ့က အကြိမ်(၃၀)မြောက် ၂၀၁၂ လန်ဒန် နွေရာသီ ကမ္ဘာ့အိုလံပစ်
အားကစားပြိုင်ပွဲရဲ့ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်း အလွတ်ကူး
ပြိုင်ပွဲမှာ ကမ္ဘာကျော် ရေကူးချန်ပီယံ မိုက်ကယ်လ်ဖဲ့လ်စ် (Michael Phelps)
ပါဝင်တဲ့ အမေရိကန်အသင်းက ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာကြောင့်၊ မိုက်ကယ်လ်
ဖဲ့လ်စ်ဟာ အိုလံပစ်သမိုင်းမှာ တစ်ဦးတည်း ရွှေတံဆိပ် (၁၈) ခု အပါအ၀င်
ဆုတံဆိပ်ပေါင်း (၂၂) ခု ရရှိထားသူအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
အသက်(၂၇) နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်လ်ဖဲ့လ်စ်ဟာ အခုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့
အိုလံပစ်ပွဲက အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်း အလွတ်ကူး ပြိုင်ပွဲဟာ သူ့ရဲ့
နောက်ဆုံးရေကူးပြိုင်ပွဲ ဖြစ်ပြီး၊ နောက်ထပ် ရေကူး အားကစားပြိုင်ပွဲတွေ
မ၀င်တော့ဘဲ အနားယူတော့မယ်လို့ ကြေညာထားပါတယ်။
အသက် ၁၅ နှစ်အရွယ်က သြစတြေးလျမှာကျင်းပတဲ့ ၂၀၀၀ ခုနှစ် Sydney နွေရာသီ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲမှာ စတင်ပါဝင်ခဲ့တဲ့ မိုက်ကယ်လ်ဖဲ့လ်စ်ဟာ ၂၀၀၄ Athens အိုလံပစ်မှာ ရွှေတံ ဆိပ် (၆) ခု၊ ကြေး တံဆိပ်(၂) ခု၊ ၂၀၀၈ Bejing အိုလံပစ်မှာ သမိုင်းဝင်မှတ်တမ်းတင် အဖြစ် ရွှေတံဆိပ်(၈)ခု ရရှိခဲ့ပြီးတော့ အခု London အိုလံပစ်မှာ၊ ရွှေတံ ဆိပ်(၄)ခုနဲ့ ငွေတံဆိပ်(၂)ခု ရရှိခဲ့ပါတယ်။
အမျိုးသားမီတာ၁,၅၀၀ ရေကူးပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ဆန်ယန်း(Sun Yang)က (၁၄) မိနစ် (၃၁.၀၂) စက္ကန့်နဲ့ ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်။ ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာတော့ အိုလံပစ်သမိုင်း (၁၀၄) နှစ်အတွင်း ဗြိတိန်နိုင်ငံ အနေနဲ့ အကြီးအကျယ်ဆုံး အောင်ပွဲခံမှု အဖြစ် ရွှေတံဆိပ် (၂) ခု အပါအ၀င် ဆုပေါင်း (၆)ခု ဆွတ်ခူးသွားခဲ့ပါတယ်။
အမျိုးသားမီတာ ၁၀,၀၀၀ ပြိုင်ပွဲမှာ မိုးဖာရာ (Mo Farah) က၊ အမျိုးသမီး (၇) မျိုးစုံ (Heptathlon) ပြိုင်ပွဲမှာ ဂျက်ဆီကာ အဲနစ်(စ်) (Jessica Ennis) တို့က ရွှေတံဆိပ်တွေ ရရှိခဲ့ကြပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာတော့ အမေရိကန်တွေ အောင်ပွဲခံခဲ့ကြပါတယ်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ Serena Williams က ရုရှားက Maria Sharapova ကိုနိုင်ပြီး ရွှေတံဆိပ်ရရှိသလို၊ အမွှာညီအစ်ကိုဖြစ်ကြတဲ့ Bob နဲ့ Mike Bryan တို့က အမျိုးသားနှစ်ယောက်တွဲ ပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီး ရွှေတံဆိပ် ရယူသွားခဲ့ပါတယ်။ ဒါဟာ သူတို့အမွှာညီအစ်ကိုရဲ့ (၁၁)ခု မြောက် Grand Slam ဆုလည်း ဖြစ်ပါတယ်။
အမျိုးသားမီတာ ၄၀၀ ပြေးပွဲ လူရွေးပွဲရဲ့ အံ့မခန်းဖြစ်ရပ်ကတော့ ကွေးထားတဲ့ သံပြားပါးပါး ခြေတုနှစ်ချောင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံက Oscar Pistorius က၊ ပြိုင် ဘက်(၈)ဦးထဲမှာ ဒုတိယနဲ့ ပန်းဝင်ခဲ့တာကြောင့်၊ ဒုတိယအဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။

No comments:
Post a Comment