ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၈)၊ ဂျာနယ်လစ်တို့ရဲ့ အခွင့်အရေး |
Written by ဇေ၀င်းနောင် | |
Sunday, 05 August 2012 11:57 | |
အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ ပထမဖြည့်စွက်ချက်မှ ကောက်နှုတ်ချက် (ပထမဖြည့်စွက်ချက်ပါ ကျန်အချက်များမှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်၊ ကန့်ကွက်တောင်းဆိုခွင့်တို့နှင့်ဆိုင်သည်) အခြေခံဥပဒေတွေထဲမှာ ဒီမိုကရေစီနိုင်ငံတွေ စံနမူနာယူကြရတဲ့ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေရဲ့ပထမဆုံးဖြည့်စွက်ချက်က ကောက်နှုတ်ထားတာပါ။ ၁၇၈၉ မှာ လွှတ်တော်နှစ်ရပ်က အတည်ပြုပြီး ၁၇၉၂ မှာ ပြည်နယ် လေးပုံသုံးပုံက အတည်ပြုခဲ့လို့ အသက်ဝင်လာတဲ့ အခြေခံဥပဒေဖြည့်စွက်ချက် ၁၀ ချက်ထဲက ပထမဆုံးအချက်ပါ။ အဲဒီမှာ စာနယ်ဇင်းတို့ရဲ့ လွတ်လပ်ခွင့်ကို အထင်အရှား အာမခံပေးထားတာပါ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှိသင့်တဲ့ အာမခံချက်မျိုးပေါ့။ အခုတလော ဂျာနယ်လစ်တွေကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြိုးစားလာတယ်လို့ ယူဆရတဲ့အခြေအနေမျိုးမှာ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်နဲ့ တာဝန်ယူမှုတွေအပြင် ဂျာနယ်လစ် အခွင့်အရေးအကြောင်းပါ ပြောဖို့လို လာပါပြီ။ ဂျာနယ်လစ်တွေဟာ နိုင်ငံသားတွေပဲမို့ ဒီမိုကရေစီ နိုင်ငံသားတစ်ယောက်ရသင့်တဲ့ အခွင့်အရေးအရေး တွေရရမှာကတော့ ရှင်းပါတယ်။ အခွင့်ထူးခံစရာတော့ မရှိပါဘူး။ ဂျာနယ်လစ်ဟာ အခွင့်ထူးခံလူတန်းစား လုံးဝမဟုတ်ပါဘူး။ မီးသတ်ကားတွေ၊ လူနာတင်ကားတွေ အရေးပေါ်အခြေအနေမှာ မီးနီဖြတ်မောင်းခွင့်ရှိသလိုမျိုး အများပြည်သူအကျိုးစီးပွားနဲ့ ပြည်သူတွေနိုင်ငံသားတွေရဲ့ သိပိုင်ခွင့်ကို စောင့်ရှောက်ရမဲ့ ကိစ္စမျိုးရှိလာတဲ့ အချိန်မှာ သတင်းအချက်အလက်ကို ဖုံးကွယ်ထားသည့်တိုင် ရယူပိုင်ခွင့်၊ ဖွင့်ချဖော်ထုတ်ခွင့်ရှိတာမျိုးကလွဲလို့ပေါ့။ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်ဟာ လူသားအားလုံးရဲ့ အခြေခံလွတ်လပ်ခွင့်တွေထဲက တစ်ချက်ပါ။ ဂျာနယ်လစ်တစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ အခွင့်အရေးဆိုတာကလည်း ပြည်သူလူထုရဲ့ အချက်အလက်နဲ့ ထင်မြင်ယူဆချက်များကို သိရှိပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအပေါ် အခြေခံပြီးမှ ဆင့်ပွားရှိလာတာပါ။ နိုင်ငံခြောက်နိုင်ငံက ဂျာနယ်လစ်သမဂ္ဂတွေ ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ အတည်ပြုခဲ့ကြတဲ့ 'ဂျာနယ်လစ်များ၏ အခွင့်အရေးနှင့်တာဝန် ၀တ္တရားများ'ဆိုတဲ့ ကြေညာချက်မှာ ဂျာနယ်လစ်ဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပထမဆုံး ဖော်ပြထား တဲ့အချက်ရှိပါတယ်။ ''ဂျာနယ်လစ်များသည် သတင်းအချက်အလက် ရင်းမြစ်အားလုံးကို လွတ်လပ်စွာ ရယူပိုင်ခွင့်ရှိရမည်။ အများပြည်သူ၏ လူမှုဘ၀အပေါ် သက်ရောက်သော ဖြစ်စဉ်အားလုံးနှင့် ပတ်သက်ပြီး လွတ်လပ်စွာမေးမြန်းခွင့် ရှိရမည်''ဆိုတာကို ဖော်ပြထား ပါတယ်။ အဲဒါဟာဂျာနယ်လစ်ရဲ့ အခွင့်အရေးပါပဲ။ အခြားထင်ရှားတဲ့ အခွင့်အရေးကတော့ သတင်းရင်းမြစ်ကို မထုတ်ဖော်ဘဲ ကာကွယ်ခွင့်ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကတည်းက အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းက Hell-Hound At Large ဆိုတဲ့ပေးစာရဲ့ ရေးသူကို မထုတ်ဖော်နိုင်ဘူးလို့ ဂျာနယ်လစ် အခွင့်အရေးအတိုင်း ရပ်တည်ခဲ့ပါတယ်။ နောက်ထပ် ဂျာနယ်လစ် အခွင့်အရေးကတော့ သူ့ရဲ့မျက်မြင်တွေ့မှု၊ မေးမြန်းမှု၊ ထင်မြင်ယူဆမှုအရ ရေးတဲ့စာတွေကို ဘယ်လိုရေးရမယ်၊ ဘယ်လိုတော့ မရေးရဘူးဆို ပြီးစွက်ဖက်တာကို ငြင်းဆိုပိုင်ခွင့်ပါ။ ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Declaration of Human Rights အပိုဒ်ခွဲ ၁၉ မှာလည်း ''လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖော်ခွင့်ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်မှုမရှိဘဲ ထင်မြင်ယူဆချက်တို့ကို ကိုင်စွဲခွင့်၊ နယ်စည်းမခြားဘဲ မည်သည့်မီဒီယာမှမဆို သတင်းအချက်အလက်နှင့် အိုင်ဒီယာများ ရှာဖွေ၊ ရယူ၊ ဖြန့်ဝေခွင့်လည်း ပါဝင်သည်''လို့ ပါပါတယ်။ ဂျာနယ်လစ် အခွင့်အရေးအကြောင်း ပြောလာတဲ့အခါမှာ လက်ရှိ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေလည်း ထည့်ပြောဖို့ လိုမယ်ထင်ပါတယ်။ ပထမဆုံးပြောချင်တဲ့ ကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေပါ။ လွတ်လွတ်လပ်လပ် ပြောဆိုလာ နိုင်တာနဲ့အမျှ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ကိစ္စကို တရားဝင် ဆွေးနွေးစရာ ဖြစ်လာပါပြီ။ အာဏာပိုင် အဖွဲ့အစည်းတွေကတောင် ဒီကိစ္စကို ထည့်ပြောလာကြပါပြီ။ ဒါဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ နောက်တစ်ခုက စာပေစိစစ်ရေးက စာနယ်ဇင်းတွေကို ဆင်ဆာ ဖြတ်တောက်မှု၊ ထိန်းချုပ်မှု မလုပ်တော့တဲ့အခါကျရင် မီဒီယာဥပဒေတစ်ရပ်နဲ့ ထိန်းချုပ်မယ်ဆိုတဲ့ကိစ္စကလည်း ဆွေးနွေးစရာ၊ အငြင်းပွားစရာ ဖြစ်လာတာပါ။ ဒါကလည်း ဂျာနယ် လစ်တွေနဲ့ပဲ ဆိုင်တယ်ထင်ရပေမဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တို့၊ အများပြည်သူတို့ရဲ့ သိပိုင်ခွင့်တို့နဲ့ပါ ဆိုင်တာမို့ အရေးကြီးတဲ့ ကိစ္စပါ။ စာနယ်ဇင်းနဲ့ဆိုင်တဲ့ကိစ္စမှာ ပြောရမှာ နှစ်ချက်ရှိပါတယ်။ ပထမ အချက်က ဒီမိုကရေစစ်မှန်တယ်ဆို တဲ့တဲ့နိုင်ငံတိုင်းမှာ မီဒီယာဥပဒေဆိုတာမျိုးမရှိဘဲ ဘယ်သူဘယ်ဝါဘယ်က ထုတ်တယ်ဆိုတာလောက်ပါတဲ့ ပုံနှိပ်ဥပဒေမျိုးပဲ ရှိတယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုတာ ဒီမိုကရေစီ စစ်၊ မစစ်ဆိုတာကို တိုင်းတာနိုင်တဲ့ စံတွေထဲက တစ်ခု ဆိုတာပါပဲ။
ခက်တာက ကိုယ့်လည်ပင်းစွပ်မဲ့ကြိုးကို ၀င်ကျစ်တဲ့သူတွေလည်း ရှိနေတဲ့ပြဿနာပါ။ ဖြတ်ညှပ်ကပ်ထားတဲ့ ဥပဒေမျိုးနဲ့ လက်ဝေခံအဖွဲ့တွေနဲ့ ထိန်းချုပ်မှာကတော့ ဂျာနယ်လစ် အခွင့်အရေးကို ထိပါးတဲ့သဘော သက်ရောက်နေတာတော့ အမှန်ပါ။ လမ်းကြားတွေထဲမှာ မကြာ မကြာတွေ့မိတဲ့ မြင်ကွင်းတစ်ခုက ခေါင်းထဲပေါ်လာတယ်။ အိမ်ထဲမှာ အနေကြာတဲ့ အလှမွေး ခွေးတစ်ကောင် လည်ပတ်ကြိုးတန်းလန်းနဲ့ လမ်းထွက်လာတာကိုလေ။ သခင်က ကြိုးကိုဆွဲလို့ သူသွားစေချင်တဲ့လမ်းအတိုင်း ခွေးကို အတင်းဆွဲလို့။ သနားစရာကောင်းတဲ့ အကောင်တွေပါ။ ကိုယ့်လည်ပင်းက ကြိုးကွင်း ကိုယ်မမြင်ဘဲနဲ့ အမြီးလေး တနံ့နံ့နဲ့ ဟန်ကျလှပြီ ထင်နေ၊ လွတ်လပ်လှပြီ ထင်နေတာများ။ လူဆိုတာက ဆင်ခြင်တုံတရားရှိတဲ့ သတ္တ၀ါပဲဟာ။ ဒီကြိုးကွင်းစွပ်ထားတဲ့ လွတ်လပ်မှုမျိုး ဘယ်အားကျနိုင်ပါ့မလား။ လူပဲဟာ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ရော ဒီကြိုးကွင်းစွပ် လွတ်လပ်မှုမျိုးကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ သဘောရိုးနဲ့ အသက်မွေးနေကြတဲ့ ဘယ်ဂျာနယ်လစ်မှလဲ ဒီလို လည်ပင်းကြိုးကွင်းစွပ် လွတ်လပ်မှုမျိုးကို နှစ်သက်မယ် မထင်ဘူး။ ကျွန်တော်တို့ကို ထိန်းကျောင်းရအောင် ကျွန်တော်တို့က နွားတွေမဟုတ်ဘူးလို့ ပြောခဲ့ပြီးပါပြီ။ အခုထပ်ပြောရမှာက လည်ပင်းကြိုးကွင်းစွပ်ထားတဲ့ လွတ်လပ်ခွင့်မျိုးကို လိုလားရအောင် ကျွန်တော်တို့ဟာ အဟိတ် တိရစ္ဆာန်တွေမှ မဟုတ်တာဆိုတဲ့ အချက်ပါ။ |
No comments:
Post a Comment