ဒီပုံလေးကိုကြည့်ပြီးတော့ ဘယ်လို မှန်းပြောမရနိုင်တဲ့ ခံစားမှုတွေ ရင်ထဲ ပြည့်နေတာကြောင့် ဒီစာလေးကို ချရေးလိုက်မိတယ်...
၁၉ရက်၊ ဇူလိုင်လ၊ ၂၀၁၂ (၆၅)နှစ်မြောက် အာဇာနည်နေ့ကပေါ့...
နည်းပညာတက္ကသိုလ်(ရမည်းသင်း)က ကျောင်းသူကျောင်းသားတွေ... သူတို့ရင်ထဲက လာတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကိုဂုဏ်ပြုတဲ့အနေနဲ့...နံရံကပ်ပိုစတာလေးတစ်ခုကိုဖန်တီးကြတယ်...
ပြီးတော့ ကျောင်းဝင်းထဲမှာ ကပ်နိုင်ဖို့ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေဆီ ချဉ်းကပ်ခွင့်တောင်းခဲ့တယ်... တကယ်တော့ ခွင့်တောင်းတယ်ဆိုတာ ဒီကျောင်းမှာရှိတဲ့ အကြီးအကဲတွေကို လေးစားသမှုနဲ့ ခွင့်ပြုချက် တောင်းခဲ့တာပါ... အာဇာနည်နေ့ကို ဂုဏ်ပြုဖို့ ခွင့်ပြုချက်တောင်းရတယ်ဆိုတာ ကြားလို့မှ မကောင်းဗျာ... ဘယ်လောက်များ မျိုးချစ်စိတ် ခေါင်းပါးလှတဲ့ အာဏာပိုင်တွေလဲ မသိပါဘူး... အဲ့ဒါ အသာထားအုံးဗျ... ဆက်အုံးမယ်... ဒီလိုကျောင်းသူကျောင်းသားတွေက နားလည်မှုနဲ့ ခွင့်ပြုချက်တောင်းတာကို ခွင့်မပြုဘူးတဲ့ဗျ... ကဲ... ကြားကြလို့မှ ကောင်းရဲ့လားဗျာ... ဒါနဲ့ပဲ... ကျောင်းသူကျောင်းသားတွေက... ကဲ... ဒီလောက် အဆင့်မရှိတဲ့ ကျောင်းဝင်းထဲမှာ လုပ်ခွင့်မရတော့ကော ဘာဖြစ်သေးလဲ ... ကျောင်းသူကျောင်းသားတွေအပြင် အများပြည်ပါမြင်နိုင်တဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေး... ကျောင်းပေါက်နားမှာပိုစတာဘုတ်ကို
ထောင်လိုက်တယ်ဗျာ... အဲ...အဲ့ဒီမှာစတာပဲ... SB ဆိုလား... စရဖ ဆိုလား... စားရအောင်ဖားဆိုလား... အဲ့လူတွေရောက် လာပြီး...ဟိုလိုဒီလိုပေါ့ဗျာ... ကျောင်းကဆရာမတွေကိုဖုန်းနဲ့အကြောင်းကြားသလိုလို...တပ်လှန့်သလိုလို...
ခြိမ်းလား ခြောက်လားနဲ့ ပေါ့ဗျာ... ဟဲ...သူတို့က ပြောလိုက်သေးဗျ... ဒါကို ဘယ်သူ လာထောင်တာလဲ... ဗကသကလား... ကျော်ကိုကိုလာသွားလား...ဘာလား...ညာလားနဲ့ပေါ့ဗျာ... ဘာမှကို မဆိုင်တာ... နော်...။ သူတို့လည်း နောက်ဆုံး တတ်နိုင်ဘူးထင်ပါရဲ့... ကျောင်းသူကျောင်းသားတွေကလည်း စိတ်ဝင်စားလိုက်တာမှ... ပျားတွေ ပျားအုံးမှာ ၀င်ကပ်သလို... အစုလိုက်အစုလိုက် အုံးကြည့်ကြ... စိတ်ဝင်တစားဖတ်ကြတာဗျ... ခု အာဇာနည်နေ့က တစ်ပါတ်တောင်ကျော်သွားပေါ့...ပိုစတာဘုတ်ကြီးက ခုထိရှိတုန်းဗျ...
ဒါက တစ်ခုပေါ့ဗျာ... နောက် အာဇာနည်နေ့ မနက်ပိုင်း ၁၀း၃၀ လောက်မှာ... ကျုပ်တို့ ရမည်းသင်းခရိုင်ကျောင်းသားသမဂ္ဂက ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ မျိုးချစ်စိတ်ရှိကြတဲ့ ကျောင်းသားတွေ ပူပေါင်းပြီး... အာဇာနည်နေ့မှာ အထကကျောင်းဝင်းထဲက လွတ်လပ်ရေးကျောက်တိုင်ကို ချီတက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုမယ်ပေါ့ဗျာ...
အဲ... အဲ့ဒီမှာ စတော့တာပဲ... တက္ကသိုလ်အာဏာပိုင်တွေ...လူကြီးဆိုတဲ့သူတွေ...တော်တော်ခက်ပါလား... နားကိုမလည်တော့ဘူး... အာဇာနည်နေ့ကို အလေးမပြုရဘူးတဲ့ဗျာ... လာပြန်ချည်သေး... ဌာနမှူးတစ်ယောက်ပေါ့ဗျာ... ဘယ်ဌာနကလည်းပြောတော့ပါဘူး... ပုဂ္ဂိုလ်ရေးတွေပါကုန်မှာစိုးလို့... ကျုပ်ဌာနမှူးမဟုတ်တာသေချာတယ်...ဟုတ်ပြီ...သူက ဒီလို သြ၀ါဒတွေပေးသွားသေး... ဒီမိုကရေစီဟာ လွတ်လပ်တယ်ဆိုပေမယ့်... ကိုယ့်လွတ်လပ်မှုကြောင့် သူများကို ထိခိုက်မယ်ဆိုရင်... လွတ်လပ်မှုအစစ်လို့ မခေါ်နိုင်ဘူးတဲ့လေ... အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်တွေကိုအလေးပြုမယ့် ကျောင်းသားတွေကို ပေးလိုက်တဲ့ သြ၀ါဒစကား... ဟဲ..နေအုန်းပြီးသေးဘူး... ကျွန်တော်တို့လည်း စဉ်စားကြတာပေါ့... ကျုပ်တို့က ဘယ်သူ့ကို များထိခိုက်အောင်လုပ်နေလို့လဲလို့... အဲ့ဒီမှာ သူဆက်ပြောတာက.
မင်းတို့က အဲ့ဒီလိုအာဇာနည်တွေကိုလွတ်လွတ်လပ်လပ်အလေးပြုလိုက်ရင်...ငါတို့မှာအများကြီးထိခိုက်သွားမယ်တဲ့... ဘာလို့ ထိခိုက်မှာလည်းဆိုတာကိုတော့ နားမလည်တော့ပေမယ့်... သူများထိခိုက်မှာ ကို စိုးရိမ်တဲ့ ကျုပ်တို့တွေ လူစုခွဲ... သူတို့ရှေ့က ထွက်ပြီး တစ်နေရာသွား အလေးပြုလိုက်ရောဗျာ... ဘယ်နေရာမှာပဲ အလေးပြုရပြုရပေါ့နော့... တကယ်တော့ ကျုပ်တို့ရင်ထဲမှာ အာဇာနည်ခေါင်းဆောင်တွေကို အမြဲတမ်း အလေးထားဦးညွှတ်ပြီးသားပါ... ဒါကို အာဏာပိုင်တွေကို ပြလိုက်တာပါ... ဟဲ...ခင်ဗျားတို့လည်းသိတဲ့အတိုင်း... ကျောင်းသားဆိုတာ ဆုံးဖြတ်ချက်ကို မအောင်မြင်မချင်း ဘယ်တော့မှ နောက်မဆုတ်ဘူး.... ဆိုတာ... ရုတ်တရက်... ပန်းခွေကို တစ်ယောက်တည်းမသွားပြီး..... တံတိုင်းအပြင်ကချ.... အလေးပြုခဲ့တယ်ဗျာ... အာဏာပိုင်တွေ အငိုက်မိသွားတာပေါ့...ဟဲ..ဘယ်ရမလဲနော့... ကျုပ်က အလေးပြုပြီး ပြန်လာမှ နောက်ကနေ ကပြာကယာနဲ့ လိုက်လာကြသဗျ... ဟဲ...ကျုပ်လည်း မိန့်မိန့်ကြီး ပြုံးပြလိုက်တယ်... သူတို့လည်း ကျုပ်ကို ဓါတ်ပုံရိုက်ယူသွားပါလေရော...
ကဲ...စာဖတ်သူ မိတ်ဆွေလည်း ဒီအဖြစ်တွေနဲ့... အောက်က ပုံလေးကို နှိုင်းယှဉ်ကြည့်ပေးကြပါဗျာ... ကျုပ်ရင်ထဲ ဘယ်လိုခံစားရလဲ ဆိုတာ... ကျုပ်မပြောတတ်လို့... အောက်မှာက မူလတန်းကလေးလေးတွေရဲ့ မျိုးချစ်စိတ်... အထက်မှာက Ph.D ရပြီးသား... ကထိကတွေ... ကျုပ်တော့ ဦးနှောက်ရှုပ်သွားပြီဗျို့... ပြောတတ်တော့ဘူး... ကူစဉ်းစားပေးကြပါအုံးလို့ပဲ... တောင်းပန်ပါရစေ...။
သြော်.....ပြု...ပြင်...ပြောင်း...လဲ...ရေး....ပြုပြင်ပြောင်းလဲရေး... ဖောင်ဒေးရှင်းက စတိုက်ရမှာပါလား....။
အားလုံးကို လေးစားလျက်
အောင်ထက်နိုင်
No comments:
Post a Comment