ဂျာနယ်လစ်နဲ့ ကျင့်ဝတ် (၇)၊ စာနယ်ဇင်းကို စည်းကြပ်ခြင်း |
Written by ဇေ၀င်းနောင် | |
Sunday, 29 July 2012 13:52 | |
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ခွင့်ရှိသည်။
ယင်းအခွင့်အရေးတွင် စွက်ဖက်မှုမရှိဘဲ ထင်မြင်ယူဆချက်တို့ကို ကိုင်စွဲခွင့်၊
နယ်စည်းမခြားဘဲ မည်သည့်မီဒီယာမှမဆို သတင်းအချက်အလက်နှင့် အိုင်ဒီယာများ
ရှာဖွေ၊ ရယူ၊ ဖြန့်ဝေခွင့်လည်း ပါဝင်သည်။ Article 19,Universal Declaration of Human Rights. မီဒီယာလွတ်လပ်ခွင့်ရတော့မယ် ဆိုတော့ ကျွန်တော်တို့တစ်တွေလည်း မျှော်ရတာပေါ့။ လွတ်လပ်တယ်ဆိုတာနဲ့အတူ အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ကျင့်ဝတ်တွေ လိုက်နာရမယ်၊ နိုင်ငံသားတွေပဲဖြစ်လို့ နိုင်ငံသားတိုင်း လိုက်နာရတဲ့ ဥပဒေတွေကိုတော့ လိုက်နာရမယ်ဆိုတာတော့ ဂျာနယ်လစ်တွေ အားလုံးလဲ သိထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ နွားတွေမဟုတ်တာကြောင့် ထိန်းကြောင်းပေးမယ် ဆိုတာမျိုးတော့မဖြစ်သင့်ဘူး ဆိုတာတော့ ရှင်းအောင် ထပ်ပြောရပါဦးမယ်။ ဘာလို့လဲဆိုတော့ မီဒီယာဥပဒေကြမ်းဖြစ်လိုက်၊ စာနယ် ဇင်းဥပဒေကြမ်းဖြစ်လိုက်နဲ့ မပြီးမပြတ်သေးသလို စာပေစိစစ်ရေးကလည်း ရှိဆဲ၊ ပရက်ကောင်စီဆိုတာကြီးကိုလည်း ဟိုလူတွေနဲ့ဖွဲ့မယ်၊ ဒီလူတွေနဲ့ ဖွဲ့မယ်လုပ်နေတုန်းဆိုတော့ ကျားထက်ဆိုးတဲ့ ရှင်ကြီးနဲ့ တွေ့သွားမှာလည်း ကြောက်နေရလို့ပါ။ ဒါကြောင့် မီဒီယာကို ကျင့်ဝတ်စည်းကြပ်တာနဲ့ပတ်သက်လို့ နိုင်ငံတကာမှာဖြင့် ဘယ်လိုလုပ်ကြသလဲဆိုတာနဲ့ ပတ်သက်ပြီး ဖတ်မိသမျှ ဖောက်သည်ချချင်ပါတယ်။ စာနယ်ဇင်းလို့ မြန်မာပြည်မှာခေါ်ကြတဲ့ ပုံနှိပ်မီဒီယာ(press media) ကို စည်းကြပ်ရာမှာ နိုင်ငံတကာစံနှုန်းတွေအရ အဓိကကျတဲ့ နှစ်ချက်ရှိပါတယ်။ ပထမအချက် ကျင့်ဝတ်စည်းကမ်းအရ ကိုင်တွယ်မှုဟာ ဝေဖန်ရေးသားမှုတွေကို ပိတ်ပင်ကြပ်မတ်ဖို့ အာဏာပိုင်တွေက ရည်ရွယ်လုပ်ဆောင်တာမျိုး မဖြစ်သင့်သလို လက်သင့်ရာ စားတော်ခေါ်ပြီး ဦးစားပေးတဲ့မီဒီယာတွေကိုပဲ အကျိုးရှိစေတဲ့ မမျှတမှုမျိုး ဖန်တီးတာမျိုး မဖြစ်သင့်ပါဘူး။ ဒုတိယအချက် တခြားတရားဝင် အကျိုးစီးပွားတွေနဲ့ တိုးတိုက်မှု၊ ပဋိပက္ခဖြစ်မှုရှိလာရင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုတာကို အလွယ်တကူ ဘေးချိတ်ပစ်လို့ရတဲ့ စည်းကမ်းကြပ်မတ်မှုမျိုးလည်း မဖြစ်ရပါဘူး။ အစိုးရကကွပ်ကဲတဲ့ စည်းကမ်းကြပ်မတ်မှုမျိုး ဖြစ်သင့်သလား နိုင်ငံအမြောက်အများက အစိုးရတွေဟာ မီဒီယာတွေအပါအ၀င် လူ့အဖွဲ့အစည်းရဲ့ ဘ၀အသီးသီးနဲ့ပတ်သက်ပြီး ရှုပ်ထွေးသိမ်မွေ့တဲ့ စည်းကမ်းတွေ ဖန်တီးရတာတော့ ထုံးစံပါပဲ။ ဒါပေမဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် ကို စောင့်ရှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတဲ့တိုင်အောင် မီဒီယာအပေါ် သက်ရောက်တဲ့ ဥပဒေပြုမှုတွေဟာ တစ်ခါတစ်ရံမှာ ဗျူရိုကရေစီဆန်တဲ့ အတားအဆီးတွေကို ဖြစ်ပေါ်စေတတ်သလို ဒီစည်းမျဉ်း စည်းကမ်းတွေကို ချမှတ်တဲ့သူတွေက အလွဲသုံးနိုင်ဖို့ ယိုပေါက်တွေ ဖန်တီးပေးတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ အခြေခိုင်ပြီးတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ပုံနှိပ်မီဒီယာအပေါ်မှာ သီးခြား စည်းမျဉ်းစည်းကမ်းတွေချထားတဲ့ ဥပဒေမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မိတာမျိုးမဖြစ်စေဖို့နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ချုပ်ကိုင်ပြီး ဒီမိုကရေစီမစစ်သလိုမျိုး ဖြစ်သွားမှာ စိုးလို့ပါပဲ။ ပုံနှိပ်မီဒီယာဟာ ဥပဒေမဲ့ ထင်တိုင်းကြဲလို့မရဘူးဆိုတာတော့ ရှင်းပါတယ်။ သတင်းစာ တစ်စောင်မှာရှိတဲ့ အလုပ်သမားတွေဟာ(ဂျာနယ်လစ်ပဲဖြစ်ဖြစ်၊ ပုံနှိပ်စက်လုပ်သားပဲ ဖြစ်ဖြစ်)လက်ခံနိုင်လောက်တဲ့ အလုပ်ခွင် အခြေအနေမျိုးကို အလုပ်သမား အခွင့်အရေးအရ ရရမယ်၊ ထုတ်ဝေ သူအတွက်ဆိုရင်လည်း အခြားသူက ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို ခိုးယူတာ၊ ခိုးချတာမျိုး အလုပ်မခံရအောင် ကာကွယ်ပေးထားရမယ်၊ သတင်းကြောင့် မဟုတ်မမှန် အသရေဖျက်ခံရတယ်ဆိုရင်လည်း အဲဒီအသရေဖျက်ခံရသူက နစ်နာမှုအတွက် တရားစွဲဆိုခွင့် ရှိရမယ် စသဖြင့်ပေါ့။ပြည်သူလူထုထက်ပိုပြီး ဘယ်အရာမှ အခွင့်ထူးခံလို့တော့ မရပါဘူး။ ပုံနှိပ်မီဒီယာ ဥပဒေရယ်လို့ ထားပြီးလုပ်ကြတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ ပြဿနာက အခုဖော်ပြလို့ ရချင်ရမယ်၊ တော်ကြာနေကျ ရချင်မှရတော့မယ်ဆိုတဲ့ ရှုံ့ချည်နှပ်ချည် ကန့်သတ်ချက်မျိုးတွေ ဖြစ်လာတတ်တာနဲ့ လူတိုင်းလိုက်နာတဲ့ရှိပြီး ဥပဒေအရ ရင်ဆိုင်ရတာက တစ်ဖက်၊ မီဒီယာတွေအတွက်ဆိုပြီး ချထားတဲ့ ဥပဒေကတစ်ဖက်နဲ့ ''မိအေးနှစ်ခါနာ'' အဖြစ်မျိုး ကြုံရနိုင်တဲ့ကိစ္စပါ။ ထုတ်ဝေခွင့်နှင့် မှတ်ပုံတင်မှုဆိုင်ရာ လိုအပ်ချက်များ သတင်းစာထုတ်ချင်တယ်၊ ဂျာနယ်ထုတ်ချင်တယ်၊ မဂ္ဂဇင်းထုတ်ချင်တယ်ဆိုတာမျိုး လျှောက်ထားရာမှာ ခွင့်ပြုချက်မပေးဘဲ နေခွင့်ရှိတဲ့ အနေအထားမျိုး ရှိနေတယ်ဆိုတာကိုက လွတ်လပ်စွာရေးသားထုတ် ဖော်ခွင့်ဆိုင်ရာ အာမခံချက်ကို ချိုးဖောက်တာပဲလို့ နိုင်ငံတကာမှာ လက်ခံထားကြပါတယ်။ လိုင်စင်ယူရတာမှာ ရှိတတ်တဲ့ပြဿနာက ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းကြောင့် ကြုံရတဲ့ အခက်အခဲကနေ ဖြတ်ကျော်မရတဲ့ အတားအဆီး (မပေးချင်လို့ကို မပေးတာ)မျိုးအထိ ရှိတတ်ပါတယ်။ သတင်းစာထုတ်ဝေခွင့် လိုင်စင်ဆိုတာမျိုး လျှောက်တဲ့အခါမှာ ပုံနှိပ်မဲ့ဟာတွေက မခိုင်မလုံ ပုတ်ခတ်စော်ကားတာမျိုးတွေ ဖြစ်နိုင်တာတွေကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထားတဲ့ကန့်သတ်မှုမျိုးတော့ရှိချင် ရှိပါမယ်။ ရှိတယ်ဆိုရင်တောင် အဲဒီလိုကန့်သတ်မှုတွေ စာလွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ထိခိုက်မှုအနည်းဆုံးရှိစေမဲ့ အခြေအနေမျိုးသာ ကန့်သတ်သင့်တယ်လို့ ဆိုကြပါတယ်။ တကယ်တမ်းက မလျော်ကန်တဲ့ပုံနှိပ်မှုမျိုးလို့ သတ်မှတ်ဖို့ သင့်၊ မသင့်က အကြောင်းရာတစ်ခုချင်းဆီအပေါ်မှာသာ အခြေခံပြီး ကိုင်တွယ်လို့ရတဲ့ကိစ္စပါ။ နောက်တစ်ချက်က ဒီလိုလိုင်စင်ပေးတယ်ဆိုတဲ့ ကိစ္စကို ကွပ်ကဲတဲ့ အဖွဲ့အစည်းက လွတ်လပ်မှုမရှိရင်၊ ရှင်းလင်းတဲ့ criteria မရှိရင်လည်း ပြဿနာ ဖြစ်နိုင်ပါသေးတယ်။ တစ်ကယ်တမ်းကျ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ စာနယ်ဇင်းထုတ်ဝေမှုအတွက် မှတ်ပုံတင်တယ်ဆိုတာက အခြေခံသတင်းအချက်အလက်ဖြစ်တဲ့ ထုတ်ဝေသူက ဘယ်သူ၊ ပိုင်ရှင်ကဘယ်သူ၊ ရုံးက ဘယ်နားမှာရှိတယ် ဆိုတာထက် မပိုပါဘူး။ ဒါကလည်းဘာကြောင့် ဖော်ပြဖို့လိုသလဲဆိုတော့ တစ်ဦးတစ်ယောက်က ရေးသားမှုအပေါ် မကျေနပ်လာတဲ့ အခါမှာ ဘယ်သူနဲ့ ဖြေရှင်းရမယ်၊ ဘယ်သူ့ကိုစွဲဆိုရမယ်ဆိုတာ သိရ အောင်လုပ်ပေးထားတဲ့ သဘောပါပဲ။
မီဒီယာကိုဘယ်လို စည်းကြပ်မလဲ မီဒီယာကို အစိုးရက လုံးဝချုပ်ကိုင်တဲ့ သဘောမျိုးနဲ့သွားရင် လွတ်လပ်စွာ ဝေဖန်တဲ့အသံ၊ အတိုက်အခံ ပြုတဲ့အသံတွေကို တိတ်ဆိတ်စေနိုင်ပြီး ဒီမိုကရေစီ မဆန်ရာ ရောက်သွားမှာပါ။ ဒါဆိုရင် မီဒီယာကို ဘယ်လိုစည်းကြပ်မလဲ။ အချိန်ကြာလာတာနဲ့အမျှ ဘက်မမျှတာတို့၊ သေသေချာချာ မလေ့လာဘဲ ရေးတာတို့၊ အသရေဖျက်တဲ့ သဘောရေးတာတို့ဆိုတဲ့ ပြဿနာတွေကတော့ ကြုံရတာပါပဲ။ အများပြည်သူ အကျိုးစီးပွားအတွက် အခြေခံပြီး လုပ်ကြတယ်ဆိုပေမဲ့ ကျင့်ဝတ်ပိုင်းအရ မလျော်ညီတာမျိုးတွေ၊ ပရော်ဖက်ရှင်နယ် မဆန်မှုမျိုးတွေ ရှိတဲ့ဖြစ်စဉ်မျိုးတွေလည်း ကြုံရမှာပါပဲ။ အဲဒီအခြေအနေမျိုးတွေကို ဖြေရှင်းဖို့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ မီဒီယာတွေက သူတို့ကိုယ် ကိုယ်သူတို့ စည်းကြပ်ကြပါတယ်။ Press Council ၊ Press Complaint Commission ဆိုတဲ့ အဖွဲ့မျိုးကို လွတ်လပ်စွာ ဖွဲ့စည်းပြီး ဂျာနယ်လစ်စံနှုန်းတွေကို ထင်ရှားသိသာအောင် လုပ် ပေးတာ၊ ကျင့်ဝတ်နဲ့ မညီတဲ့ ပရောဖက်ရှင်နယ်မဆန်တဲ့ သတင်းတင်ဆက်မှုတွေကို သတိပေးတာတွေလုပ်ပြီး ပြေလည်အောင် ဖြေရှင်းကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာက ကျင့်ဝတ်တွေ ချမှတ်တာ၊ မီဒီယာသမားတွေနဲ့ အများပြည်သူအကြားမှာ ဒီကျင့်ဝတ် တွေက ဘယ်လိုတော့ဖြင့် ရှိတယ်ဆိုတာ သိရှိနားလည်အောင်လုပ်တာ၊ အများပြည်သူဆီကလာတဲ့ ကန့်ကွက်မှုတွေကို ဖြေရှင်းပေးတာပါ။ ဒါပေမဲ့ ဒီကောင်စီတွေ၊ ကော်မရှင်တွေရဲ့တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့ အရေးယူမှုက ဒီလိုဖော်ပြတဲ့ မီဒီယာကဖြင့် ကျင့်ဝတ်နဲ့မညီဘူးလို့ ဆုံးဖြတ်တာပါပဲ။ ပြစ်မှုကြောင်းအရ အပြစ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေလို အာဏာမရှိပါဘူး။ ဒါဆိုရင် ဒီလိုအဖွဲ့အစည်းကို ဘယ်သူက လေးစားမှာလည်းဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါမယ်။ ဒီမီဒီယာလောကတစ်ခုလုံးက လေးစားနိုင်လောက်တဲ့ ကိုယ်ကျင့်သီလနဲ့ ကျင့်ဝတ်ပိုင်းကောင်းမွန်တဲ့ သူတွေက ဦးဆောင်မှသာလျှင် သြဇာသက်ရောက်မှုဆိုတာ ရှိမှာပါ။ လေးစားလောက်တဲ့ အဖွဲ့အစည်းက ဒီမီဒီယာတစ်ခုရဲ့ လုပ်ရပ်ဟာဖြင့် ကျင့်ဝတ် နဲ့မညီဘူးလို့ ဆုံးဖြတ်ရင် အဲဒီမီဒီယာအတွက် အရှက်ရစရာဖြစ်မှာဖြစ် သလိုအများပြည်သူနဲ့ အခြားမီဒီယာ များကလည်း ဒါကိုသတိပြုမိခြင်း အားဖြင့် ပရော်ဖက်ရှင်နယ် ပိုပီသအောင်၊ ကျင့်ဝတ်နဲ့ ပိုညီအောင်နေဖို့၊ ရေးသားဖို့ဆိုတာ ဖြစ်လာမှာပါ။ မီဒီယာအားလုံး လိုက်နာနိုင်မဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲနိုင်မဲ့ အဖွဲ့အစည်းမျိုး ဖြစ်ဖို့ဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့လိုပါတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာကိုင် တွယ်ရာမှာလည်း နိုင်ငံတကာမှာ လိုက်နာတဲ့ စံနှုန်းတွေကိုပဲ အခြေခံ သင့်ပါတယ်။ အကျဉ်းချုပ်ပြောရရင် - အများပြည်သူရဲ့ သိပိုင်ခွင့်ကို လေးစားရမယ် - သတင်း၊ ဓာတ်ပုံ၊ အထောက်အထားရယူမှုမှာ တရားမျတမှုရှိရမယ် - သတင်းတင်ဆက်ရာမှာ တိကျ မှန်ကန်မှုရှိရမယ် - ကလေးငယ်တွေ၊ ပြစ်မှုကျူးလွန်ခံရသူတွေနဲ့ ပတ်သက်လို့ ဖော်ပြရာမှာ စာနာထောက်ထားမှုနဲ့ ထိန်းထိန်းသိမ်းသိမ်းဖော်ပြရမယ် - လူမျိုး၊ ဘာသာ၊ ကျားမနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတဲ့ သဘောမျိုး မရှိရဘူး - သတင်းရင်းမြစ်ကို ကာကွယ်ပေး ရမယ် - မှုခင်းဖြစ်စဉ်တွေမှာ အပြစ်ရှိ ကြောင်းမထင်မရှားမခြင်း စွပ်စွဲခံရ သူရဲ့ အပြစ်ကင်းစင်မှုကို လေးစား ရမယ် - မှားယွင်းဖော်ပြမိရင် ပြင်ဆင်ချက် ထည့်သွင်းပေးရမယ် ဆိုတဲ့အချက်တွေပါ။ အဓိကအားဖြင့်တော့ ပြဿနာဖြစ်လာတဲ့ အခါမှာကိုင်တွယ် ဖြေရှင်းပေးရတဲ့အဖွဲ့ကို မျှတမှုရှိ အောင်ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများလက်ခံနိုင်လောက်အောင် ဖွဲ့စည်းဖို့ပါပဲ။ မြန်ဆန်ပြီး ပွင့်လင်းမြင်သာတဲ့ ကိုင်တွယ်မှုမျိုးလည်း ဖြစ်ရပါမယ်။ ကိုယ့်ကိုယ့်ကိုယ် စည်းကြပ်မှု စစ်မှန်ဖို့အတွက် ဒီအဖွဲ့အစည်းဟာ ရသုံးငွေစာရင်းဆိုရင် ဘယ်ကရတယ်၊ ဘယ်လောက်သုံးတယ် ဆိုတာကအစ လုပ်ဆောင်ချက်အားလုံးကို အများသိရှိအောင် ပွင့်လင်းမြင်သာမှုရှိအောင် အချိန်မရွေး ရှင်းလင်းထုတ်ပြန်ပေးနိုင်ဖို့လည်း လိုပါလိမ့်မယ်။ Ref: International Standards: Regulation of the print media by Article19.com, Ethics for Journalists by Richard Keeble |
Comments
အကြံပြုတာပါ.....
...... Press Council, Press Complaint Commission တွေရဲ့တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့ အရေးယူမှုက ဒီလိုဖော်ပြတဲ့ မီဒီယာကဖြင့် ကျင့်ဝတ်နဲ့မညီဘူးလို့ ဆုံးဖြတ်တာပါပဲ။
ပြစ်မှုကြောင်းအရ အပြစ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေလို အာဏာမရှိပါဘူး။.....
အဲဒီ့ အဖွဲ့အစည်းက
မီဒီယာတစ်ခုရဲ့ လုပ်ရပ်ဟာဖြင့်
ကျင့်ဝတ် နဲ့မညီဘူးလို့ ဆုံးဖြတ်ရင် ............
အဲဒီ ဆုံးဖြတ်ချက်ကို အများပြည်သူသိအောင် အခြားသော မီဒီယာမျိုးစုံကနေ အစောဆုံး ထုတ်ပြန်ပေးကြရမည်ဆိုတဲ့ ပဍိဉာဉ်လေးသာ ထည့်ပေးလိုက်ပါ။
ပြည်သူတွေသာ ကျယ်ကျယ်ပြန့်ပြန့် သိသွားရင် အလိုလို ကျဉ်သွားမှာပါ။