Thursday, September 6, 2012

ယခုအခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း


ယခုအခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း  
Thursday, 06 September 2012 11:26
ယခုလို အခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က  စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်အနေဖြင့် ၂-၉-၂၀၁၂ မြန်မာ့အလင်း သတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရေးသားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖတ်ရှုပြီး ပါပြီလား။ ဖတ်ရှုပြီးပြီဆိုပါက ထိုဆောင်းပါးအပေါ် ဥပဒေရေးရာ ကော်မရှင်အနေနှင့် မည်ကဲ့သို့ ထင်မြင်ပါသလဲ။ မေးခွန်းနံပါတ်(၂) ဒေါက်တာမာလာအောင်သည် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ဟု ဖော်ပြထားပါတယ်။ ဤပုဂ္ဂိုလ်သည် တက္ကသိုလ်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေခြင်း ဟုတ်၊ မဟုတ်နှင့် ဟုတ်လျှင် ဒေါက်တာမာလာအောင်၏ ရေးသားဖော်ပြချက် အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ သဘောထားမှတ်ချက်ပြုသည်ကို သိရှိလိုကြောင်း ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က မေးမြန်းခဲ့သည်။

ထို့နောက် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က ''လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ပြည်သူ့ လွှတ်တော်ခန်းမတွင်းမှာ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်း ရောက်ရှိနေတဲ့အတွက် ပြန်ကြားရေး ဆိုင်ရာမေးခွန်းကို ဆက်လက် မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ ခွင့်တောင်းခံ အပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို အခြေအနေမျိုးမှာ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှု ကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်၊ မဟုတ် သိရှိလိုပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။'' ဟု  မေးမြန်းခဲ့သည်။
ထိုအခါ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က '' ၂.၉.၂၀၁၂ ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ၄.၉.၂၀၁၂ ထုတ် မြဝတီသတင်းစာတွင် ပါဝင်သည့် ဒေါက်တာဒေါ်မာလာအောင် အမည်ဖြင့် ရေးသားထားသော ဆောင်းပါးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သီးခြား အမိန့်ထုတ်ပြန်ထားခြင်း မရှိကြောင်း ဆောင်းပါးရှင် ဒေါ်မာလာအောင်မှ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ယခုကိစ္စသည် အရေးကြီး ကိစ္စဖြစ်သည့်အတွက် အသေးစိတ်ဖြေကြားမှု ပြုလုပ်နိုင်ရန် စနစ်တကျ ပြင်ဆင်ရန် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တနလာင်္နေ့ လွှတ်တော် အစည်းအဝေးတွင်မှ အသေးစိတ်ပြန်လည် ဖြေကြားခွင့် ပြုပါရန် လွှတ်တော်သို့ တင်ပြအပ်ပါသည်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Comments 

+17 #8 koswarkyal 2012-09-06 14:51
တခြားသတင်းမီဒီယာတွေမှာ ဒေါ်မာလာအောင် ဆောင်းပါးဖော်ပြရင် ဒါဟာ Freedom of Press သတင်းလွတ်လပ်ခွင့်ပဲ။ ဒါပေမဲ့ ဒေါ်မာလာအောင်က အစိုးရသတင်းစာမှာ အစိုးရသတင်းအာဘော် အဖြစ် ဖော်ပြခြင်းဖြစ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနဟာ အဂတိတရားနဲ့ရေးသားဖော်ပြသလို ဖြစ်စေ ပါတယ်။ တရားရုံးမထေမဲ့မြင်ပြုမှုဆိုတဲ့ ခြိမ်းခြောက်မှုကလည်း ဥပဒေပညာရှင်တစ်ဦး အနေနဲ့ ရေလာမြောင်းပေး   မလုပ်သင့်တာအမှန်ပါ။
ဒီပြဿနာမှာ ဦးသိန်းစိုး(ဗိုလ်ချုပ်သိန်းစိုး) ရဲ့နဂိုမူလဗီဇ တဇောက်ကန်း မထီမဲ့မြင်ပြုမှုကြောင့် ဖြစ်ပါ တယ်။ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၊ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၀၉ ယက်တောအမှုတွေ အားလုံးမှာ ဦးသန်းရွှေနဲ့ ဦးမောင်အေးကို တရားစီရင်ရေးအရ အကြံပေးခဲ့တာ၊ အပြစ်ပေးဖို့တင်ပြခဲ့တာ တဇောက်ကန်းသိန်းစိုးနဲ့ မောင်ဦး(ပြည်ထဲရေး) တို့ဖြစ်ပါတယ်။ တရားသူကြီးချုပ် ဦးအောင်တိုး အသိဆုံးဖြစ်ပါတယ်။ ဦးအောင်တိုးတောင် အကျဉ် ခံခဲ့ရပါတယ်။ ၈၈မျိုးဆက်တွေကို ၆၅နှစ် ချဖို့၊ ဒေါ်စုကိုဆိုင်းငံ့ပြစ်ဒဏ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ မပြိုင်ရအောင်လုပ်ဖို့... ဒါတွေရဲ့အကြံပေးဟာ ဒုတရားသူကြီးချုပ်ဟောင်း ဦးသိန်းစိုးနဲ့ အရင်ဥပဒေပါမောက္ခ ဦးတင်အောင်အေးတို့ရဲ့ လက်ချက်ဖြစ်သလို ဒေါ်မာလာအောင်ဟာလည်း ခုံရုံးအဖွဲ့ဝင်တချို့ရဲ့တပည့်ဖြစ်ပါတယ်။
အရူးသိန်းစိုးကို ကာကွယ်တာ သမ္မတမှားပါလိမ့်မယ်
 
+9 #7 Truth Seeker 2012-09-06 14:41
ဒါမဆန်းပါဘူး လူထုကို သတင်းစာကနေ တဖက်သတ်ဝါဒဖြန့်နေကြပဲလေ
ကိုယ့်ဟာကိုယ်ပြော ကိုယ့်ဟာ ကိုယ်ထောက်ခံနေခဲ့ကြတာ ၁၉၆၂ ကတည်းက ခုချိန်ထိပဲ
၂၀၁၀ ရွေးကောက်ပွဲမှာ မဲလိမ်ပြီး တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ အဲဒီလွှတ်တော်ကတင်မြှောက်ထားတဲ့ အခုအစိုးရအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အာဏာရှင် စစ်အစိုးရလက်ထက်မှာ အားလုံး သူ့အတိုင်းအတာနဲ့သူ ဆိုးခဲ့သူတွေချည်းပါပဲ
ပြည်သူတွေ က သမိုင်းကိုမမေ့ကြပါဘူး
တတ်မတော်သား ၂၅% နဲ့ ကြံ့ဖွံ့လွှတ်တော်ကော အခုအစိုးရကော ကျုပ်တို့နိုင်ငံကို တကယ့် ဒီမိုကရေစီ ဆောင်ကြဉ်းပေးမှာမဟုတ်ဘူးဆိုတာ ထင်ရှားသိသာလာပါပြီ
မတူတဲ့ အစိတ်အပိုင်းသေးသေးလေးမှာသာ သူတို့အချင်းချင်းငြင်းခုန်ကြတာ အကြာင်းအရာ ၉၉%ကျော်ကျော် တစိတ်တဝမ်းထဲပါပဲ တကယ်တန်းကျတော့ သူတို့ အကျိုးတစုံတရာ ထိပါးမယ်ထင်ရင် တိုင်းပြည်အတွက်ဘယ်လောက်ကောင်းကောင်း ကြံ့ဖွံ့ကော အစိုးရကော ငြင်းဆန်တာတွေ့ရတော့ ကျုပ်တို့ပြည်သူတွေပက်လက်လန်တာပေါ့နယ်စပ်ငြိမ်းချမ်းရေးကော၊ တိုင်းရင်းသား စည်းလုံးရေးကော၊ သဘာဝဘေးကောဆင်းရဲမှုပပျောက်ရေးကော ကလေးတွေပညာရေးကော အရေးကြီးပါတယ်
အဲဒါတွေ အောင်မြင်အောင်လုပ်နိုင်ဖို့ ထစ်ခနဲရှိ အာဏာသိမ်းချင်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီအစစ်ရဖို့က ပိုအရေးကြီးပါတယ်
အပေါ်ယံရွှေမှုန်ကြဲတဲ့ ဒီဖက်ခေတ် အုပ်ချုပ်ရေးစနစ်အောက်မှာ ဘယ်ဖက်ကပေးပေး ပေးသလောက် အကောင်းအနည်းအကျဉ်းတွေကိုပဲ ပြည်သူလူထုက ချီးမွမ်းသံညံအောင် ထောက်ခံပြီး အမိအရ ဖမ်းဆုပ်နေကြရတာမို့ ကျုပ်တို့ပြည်သူအားလုံး အပြည့်အဝပျော်နိုင်တဲ့ဘဝကို အမြန်ရောက်ပါရစေဗျား
 
+5 #6 ငရဲသား 2012-09-06 13:53
အမှန်တော့ နှစ်ဖက်စလုံးက မမှားဘူး..
သူ့အကိုးအကားနဲ့သူရှိနေကြတယ်..။
ခုံရုံးအဖွဲ့ဝင်တွေ နှုတ်ထွက်ပြီထားဦး အာဏာဆက်တည်နေတဲ့ ဒီဥပဒေကြီးကြောင့် အကျိုးသက်ရောက်မှုက ဘာမှထူးမလာဘူး.။
အဓိက က အဲဒီ အငြင်းပွားဖွယ် အခြေခံဥပဒေကြီးကိုက ပြဌာန်းချက်တွေ မတိကျတာပါ.။
မဏ္ဍိုင်သုံးခုစလုံးက တိုင်းပြည်အတွက် တကယ်လုပ်တယ်ပဲထားဦး ....
ဒါပေမယ့် သူတို့ရဲ့ လုပ်ကွက်တွေကို ဒီဥပဒေကြီးက ကန့်လန့်ခံနေလို့ နှောင့်နှေးနေတာကို ဘယ်ဖက်ကမှ ၀န်မခံကြဘူး..။
ဒီတော့ တစ်ဖက်နဲ့တစ်ဖက် အားပြိုင်မှုတွေပဲ ဖြစ်လာစေတယ်..။ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲပြစ်တင်မှုတွေများလာတယ်..။ ဒါကိုအကြောင်းပြပြီး အာဏာလွန်ဆွဲပွဲတွေ လုပ်လာတယ်..။
ဟိုတလောက ဦးရွှေမန်းပြောသွားတယ် လွှတ်တော်အထက်မှာ လူပုဂ္ဂိုလ် ဘယ်သူမှမရှိဘူးတဲ့...။ အဲဒီစကား လုံးဝ မှားတယ်..။ လွှတ်တော်အထက်မှာ .. ပြည်သူရှိတယ်.။
အဲဒီလောက်အထိ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အာသာငမ်းငမ်း ဖြစ်နေကြတယ်..
အခု ခုံရုံးကိစ္စ အငြင်းပွားလို့ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒအရ ပြင်မယ်ဆိုရင်ကော ဘယ်သူတွေ ကန့်လန့်ခံနေမလဲ..။ အားလုံးသိပါတယ်..။
ကိုယ်အချိန်ဆွဲပြီး စိုက်ထားတဲ့အပင်က ကိုယ့်ကို အဆိပ်သင့်စေတာပဲဆိုတာကို ယခင် စစ်အစိုးရလက်ထက်က အာဏာပိုင်တွေဖြစ်ခဲ့ပြီး အခုအစိုးရသစ်လက်ထက်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲကိုရောက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ အရေခွံလဲ ဘောင်းဘီကျွတ်တွေ သဘောပေါက်ဖို့လိုတယ်..။
ဦးမြင့်ဆွေ ဒုသမ္မတ မဖြစ်ခဲ့တာတွေ .. ။ လယ်မြေသိမ်းတဲ့ ကိစ္စတွေမှာ အခြေခံဥပဒေအရ နောက်ကြောင်းပြန်မလှည့်နိုင်တာတွေ၊ အစိုးရအရာရှိတွေ ပိုင်ဆိုင်မှုအဆို ရှုံးနိမ့်သွားတာတွေ၊ အခြေခံဥပဒေ ခုံရုံးနဲ့ ဖြစ်ပေါ်နေတဲ့ ယခုကိစ္စတွေက ဒီဥပဒေကြီးရဲ့ အားနည်းချက်တွေပဲ..။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ... ဒီအခြေခံဥပဒေရဲ့ အားနည်းချက်တွေကိုကို အရင်ပြင်ဖို့ ဆန္ဒရှိခဲ့တာ....။
အခုတော့ ပြည်သူ့ဆန္ဒအရ သူလည်း သူ့ဆန္ဒကို ဘေးဖယ်ပြီး လွှတ်တော်ထဲရောက်နေရရှာတယ်......။
ပညာရှိတွေများ... ကြိုတွေးကြည့်ရင်.....................

ဒေါက်တာ ဒေါ်မာလာအောင်ရဲ့ဆောင်းပါးကို ဒီမှာလေ့လာနိုင်ပါတယ်..။
https://www.facebook.com/notes/federalaung-aung/union-level-%E1%80%92%E1%80%BC
 
+8 #5 Mandalaythar 2012-09-06 13:30
ဒေါက်တာဒေါ်မာလာအောင်ရဲ့ဆောင်းပါးအရ လွှတ်တော်ဥပဒေတွေမှားနေပြီဆိုရင် ပြည်သူတွေအားကိုးရမယ်လို့ထင်တဲ့လွှတ်တော်ကိုပြည်သူတွေ
အယုံအကြည်ကင်းမဲ့သွားနိုင်ပါတယ်။ အဲဒီအတွက်ဘယ်လိုပြင်ဆင်ကုစားမှာလဲ။
ဒါမှမဟုတ်ဒီဆောင်းပါးနဲ့ဆန့်ကျင်ဘက်ခုံရုံးကမှားတယ်ဆိုရင်ကော????
ဖြစ်သင့်တာက နိုင်ငံနဲ့လူမျိုးအတွက် လွှတ်တော်နဲ့ခုံရုံးအကျေအလည်ဒူးတိုက်ဆွေးနွေးပြီး၊ပူးပေါင်းအ ဖြေရှာဖြေရှင်းသင့်ပါတယ်။
+16 #4 nayeyint 2012-09-06 12:59
ဆောင်းပါးရှင်ဟာ ပညာရှင်တစ်ဦးဖြစ်တဲ့အပြင် သူ့အတွက်မဟုတ်ဘဲနဲ့ ပြည်သူတွေကို အမှားအမှန်မြင်ရုံ ရေးသားတယ်လို့ပဲ ထင်မြင်မိပါတယ်။ ဒီအချိန်ကလဲ လွှတ်တော်မှန်တယ် ခုံရုံးမှန်တယ် ငြင်းနေရမယ့်အချိန်မဟုတ်ပါ။ ဒီအစိုးရသက်တမ်းတစ်လျောက်မှာ ဒီမိုကရေစီအစ ပျိုးခြင်းလည်းဖြစ်တဲ့အတွက် အစကောင်းမှအနှောင်းသေချာဆိုသလို တိုင်းပြည်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး ဒါတွေကိုပဲ အလေးထားလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ အခုမအေးချမ်းတဲ့နေရာတွေအများအပြားရှိနေပါတယ်။ အဲ့ဒါတွေကိုပဲ ဖြေရှင်းဆောင်ရွက်ကြဖို့ လိုတာဖြစ်ပါတယ်။ အခုကိစ္စက ခုံရုံးကိုအမျက်ထွက်တဲ့အချိန် ခုံရုံးဘက်ကို ဘက်လိုက်ပြောတယ် ထင်လို့ ဆောင်းပါးရှင်ကိုပါ သက်သက်အမျက်ထွက်တဲ့ပုံစံ ဖြစ်နေပါတယ်။ အစကတည်းက မီဒီယာသမားတွေပြောကြတယ်မို့လား မီဒီယာလွတ်လပ်ခွင့်ဆိုတာ။ အဲ့တော့မီဒီယာ လွတ်လပ်ခွင့်နဲ့တင် ဆောင်းပါးရှင်မှာ အပြစ်မရှိကြောင်းပါဗျား။ အဲ့တော့ အာဏာလွန်ဆွဲပွဲတွေ ရပ်ပြီး ပြည်သူ့အတွက် အလုပ်လုပ်ဖို့လိုကြောင်းပါဗျား။။။
 
+36 #3 ငရဲသား 2012-09-06 12:09
ဒေါက်တာ ဒေါ်မာလာအောင် ကရေးတဲ့ ဆောင်းပါးက ရှင်းပါတယ်... ။ Diagram တောင် ချပြထားပါတယ်..။ ဒါပေမယ့် သူက အခြေခံဥပဒေရဲ့ ဘောင်ထဲက ချပြတာပါ..။ အဲဒါကြောင့် တကယ်ဆိုရင် ပြည်ထောင်စုအဆင့်ဟာ အခြေခံဥပဒေဆိုတဲ့ ပေတံနဲ့တိုင်းရင် အကြုံးမ၀င်ဘူး ဆိုတဲ့သဘောပါ..။
အဲဒီတော့ လွှတ်တော်က အခြေခံဥပဒေကို ပြင်ဖို့ လိုအပ်ပေမယ့် NLD ကလွဲလို့ ကျန်လူတွေ က ပြင်ရဲပုံမပေါ်ဘူး.။
အဲဒီတော့ နှစ်ဖက်စလုံးက အခြေခံဥပဒေကို ပြင်ဖို့ မစဉ်းစားကြတာတော
့ သေချာတယ်..။ လွှတ်တော်ရဲ့ဆောင်ရွက်ချက်ကို အခြေခံဥပဒေက ထိန်းထားသလို သမ္မတ အပါအ၀င် ၀န်ကြီးတွေ အဂတိလိုက်စားတာက အစရှိတဲ့ ကိစ္စတွေကို အခြေခံဥပဒေက လွှတ်တော်နဲ့ ပြန်ထိန်းထားတယ်..။ ထူခြားတာကတပ်မတော်ရဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေအရ အစိုးရနဲ့ လွှတ်တော် အစရှိတဲ့ မဏ္ဍိုင်သုံးရပ်ရဲ့ ထိန်းချုပ်မှုအောက်မှ မထားရှိဘူး.။ တပ်မတော်က လွတ်နေတယ်..။
ဒါပေမယ့် တပ်မတော်က နိုင်ငံရေးတည်ဆောက်မှုအားလုံးမှာ ပါဝင်နိုင်ဖို့ ပုဒ်မ (၆-စ) နဲ့ ကျန်တဲ့ မဏ္ဍိုင်အားလုံးကို ထိန်းထားတယ်..။
အဲဒီတော့ အစိုးရက လွှတ်တော်နဲ့ အားညီအောင် သမ္မတရုံးဝန်ကြီးတွေ အများကြီးခန့်တယ်.။ လွှတ်တော်ကလည်း အစိုးရနဲ့ အားညီအောင် ရေးရာကော်မတီ၊ ကော်မရှင်တွေ အများကြီးဖွဲ့တယ်..
အစိုးရက နိုင်ငံရေး Figure တက်အောင် ရှိသမျှ လွှတ်တော်ပြင်ပနိုင်ငံရေးသမားတွေ၊ ပြည်ပ ဒီမိုလှုပ်ရှား၊လုပ်စားမှန်သမျှရဲ့ အားကိုယူတယ်.။ လွှတ်တော်ကလည်း NLD အပါအ၀င် ဒီမိုအမတ်အများစုရဲ့ အားကိုယူနေတယ်..။
သေချာတာက အဲဒီလိုလုပ်နေတာတွေက ရခိုင်အတွက် ဘာမှ အကျိုးမရှိသလို တပ်မတော်ကိုလည်း လုံးဝ မထိန်းချုပ်နိုင်ဘူး...။။ အချင်းချင်း အာဏာလွန်ဆွဲပွဲအဆင့်ပဲရှိနေတယ်။
လွှတ်တော်မှာ ဒီရက်ပိုင်းတကယ်လုပ်သင့်တာက တရုတ်နဲ့ ဦးပိုင်က ပုဒ်မ (၁၄၄) ထုတ်ပြီး တားမြစ်သိမ်းဆည်းထားတဲ့ လက်ပံတောင်းတောင်က လယ်ယာမြေကိစ္စနဲ့ ကချင်က ကြီးထွားလာတဲ့ တပ်မတော်နဲ့ ကေအိုင်အေတိုက်ပွဲတွေ၊ ကချင်ဒုက္ခသည်တွေ ကိစ္စကို အရေးပေါ်အဆိုတင်ပြီးအသည်းအသန် အဖြေရှာဆွေးနွေးရမယ့် အချိန်ပဲ..။
ဘယ်မှာလဲ. .. ပြည်သူ့အသံ ....လွှတ်တော်အသံ ...
အခု ခုံရုံးကိစ္စ အငြင်းပွားတော့ တပ်မတော်သား ကိုယ်စားလှယ် အစိတ်သား ဘယ်ဖက်ကမှ မပါ တစ်ယောက်မှ တုတ်တုတ် မလှုပ်ကြတာ သတိထားမိကြမှာပါ..
သူတို့ရဲ့ အဓိကတာဝန်က သူတို့ အတွက် နေရာမပျောက်အောင်ဆွဲထားတဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့ သက်သက်ပဲ.
 
+21 #2 pa yit 2012-09-06 12:07
ပြန်မဖြေရဲသေးတာ ၀န်ကြီးဟောင်း ဦးကျော်ဆန်း လုပ်ချင်ရာတွေ လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်သလိုဖြစ်မှာ စိုးလို့လား....ပြန်ဖြေရ မယ့်အချက်ကို အစိုးရအဖွဲ့အကြီးအကဲတွေဆီက ပြန်မကျသေးလို့လား....ဘာပြန်ဖြေရမှန်းမသိတဲ့ ငတုံးမို့လို့ ပြန်မဖြေတာလား.....
 
+33 #1 NyanHtet 2012-09-06 11:48
ဝန်ထမ်းကတော့ အပေါ်က ရေးခိုင်းယင် ရေးလိုက်ရတာပါဘဲ....
မြန်မာပြည်မှာ ပြောတာနော်...
အပေါ်က မရေး ခိုင်းဘဲ ရေး ကြည့်လိုက်ပါလား...
တစ်ဆွေ မျိုးလုံး ထောင် ချ လိုက် လိမ့်မယ်။
ရေးချင်ရာ ရေးလို့ ရပါသည် ခင်ဗျာ လို့ ပညာရေးဝန်ကြီးဌာန....
ပြန်ကြားရေး ၀န်ကြီးဌာန တို့က အောက်က ၀န်ထမ်းတွေကို
လွှတ် မပေးရဲပါဘူး

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။