ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ စွပ်စွဲခံရသူများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖိတ်ခေါ်သော်လည်း မလာရောက်၍ စစ်ဆေးမှုကိုပြီးဆုံးသည်ဟု သတ်မှတ်ရန်သာရှိတော့ကြောင်း စစ်ဆေးရေးအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ပြောကြား |
Thursday, 06 September 2012 00:25 |
ခန္တီးမဲဆန္ဒနယ်မှ ဦးလှထွန်းမေးမြန်းသည့် ''ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အမျိုးသားလွှတ်တော် က မဲဆန္ဒသုံးပုံနှစ်ပုံကျော်ဖြင့် ဆုံး ဖြတ်ပြီးဖြစ်၍ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် တစ်ဖွဲ့လုံးအား စုံစမ်းရေး အဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်း''ကို ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဦးဝင်းမြင့်က ''ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုယ်စား တွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြပါမယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော် ညွှန်ကြားချက်အမှတ် ၁/၂၀၁၂ဖြင့် ၂၉-၈-၂၀၁၂ ရက်နေ့က သတ်မှတ်ပေးခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့သည် စွပ်စွဲခံရသူများအား ၃-၉-၂၀၁၂ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ကြောင်း၊ နေရာနဲ့ အချိန်အတိအကျ အကြောင်းကြား ဖိတ်ခေါ်ခဲ့ပါတယ်။ သို့ရာတွင် ရုံးတက်ရုံးဆင်း အချိန်ပြည့်ရုံခန်းဖွင့် လှစ် စောင့်ဆိုင်းခဲ့ပါသော်လည်း စွပ်စွဲခံရသူတစ်ဦးတစ်ယောက်မှ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်းကောင်း လာရောက်စစ်ဆေးခံခြင်းမရှိခဲ့ပါ။ ယင်းနေ့တွင် စွပ်စွဲခံရသူများက စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်ပေးပို့ထားသဖြင့် စုံစမ်းစစ်ဆေးခြင်းကို ဆိုင်းငံ့ရန် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားခဲ့ပါတယ်။ သို့ရာတွင် ခုံရုံးအနေဖြင့် အဆိုပါကန့်ကွက်ချက်များနှင့် ဆိုင်းငံ့ရန် တင်ပြချက်များသည် အကျိုးအကြောင်းခိုင်လုံမှု မရှိခြင်းကြောင့် လက်မခံခဲ့ပါ။ သို့တည်းတိုင်အောင် စွပ်စွဲခံရသူများအပေါ် သဘောထားကြီးစွာ ငဲ့ညာသောအားဖြင့် ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအစား ဥက္ကဋ္ဌဦးသိန်းဆွေဖြင့် အစားထိုး ပြောင်းလဲခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၄-၉-၂၀၁၂ ရက်နေ့အထိ ရုံးချိန်ပြည့်စောင့်ဆိုင်းခဲ့သော်လည်း စွပ်စွဲခံရသူများသည် လူကိုယ်တိုင် လာရောက်ခြင်းလည်းကောင်း၊ စာဖြင့် ဖြေရှင်းတင်ပြခြင်းသော်လည်း ကောင်းမပြုလုပ်ခဲ့ကြပါ။ စွပ်စွဲခံရသူများ၏ ထိုကဲ့သို့ ပြုမူမှုများသည် ပြည်သူကိုလည်းကောင်း၊ ပြည်သူ့ကိုယ်စားလှယ်ကိုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်းကောင်း မခန့်လေးစားပြုမူခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။ ထို့ကြောင့် စွပ်စွဲခံရသူများက ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ၅-၉-၂၀၁၂ ရက်နေ့တွင် စစ်ဆေးခံရန် ပျက်ကွက်လျင် ညွန်ကြားချက် အမှတ် ၁/၂၀၁၂ နှင့်အညီ ညွန်ကြား ချက်ပါအဆင့်အချို့ကို လိုက်နာခြင်းမှ ချွင်းချက်ပြုကာ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည့်အနေဖြင့် သတ်မှတ်ရန်သာ ရှိပါသည်။ သို့ပါ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှု အစီအရင်ခံစာကို ပြည်သူ့လွှတ်တော်မှ အဆုံးအဖြတ်ခံယူရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုယ်စား တင်ပြပါတယ်''ဟု ဆိုသည်။ ''စစ်ဆေးရေးအဖွဲ့ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှုများအား ဒီနေ့ဒီအချိန်မှာ အရေးကြီးတဲ့ မေးခွန်းအရေးကြီးတဲ့ ဖြေကြားမှုမျိုး ဖြစ်ပါတယ်။ မေးမြန်းမှုနဲ့ဖြေကြားမှုများကို လွှတ်တော်ကိုယ်စားလှယ်များတင်မက နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ မိဘပြည်သူအားလုံး သိရှိနိုင်ရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကမေးတဲ့ မေးခွန်းများနဲ့ သက်ဆိုင်ရာကော်မရှင်၊ ကော်မတီအဖွဲ့တို့က ဖြေကြားမှုများကို ပြည့်စုံစွာ ဖော်ပြပေးဖို့ကို လွှတ်တော်ကတစ်ဆင့် တိုက်တွန်းပါတယ်။ ဆက်လက်ပြီး လွှတ်တော်ရဲ့ တိုက်တွန်းချက်ကို မျက်ကွယ်ပြုခြင်း၊ အလေးမမူပြုခြင်း မဖြစ်စေရေးကိုလည်း ထပ်လောင်းပြောဆိုပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ |
ကျုပ်တို့လူပြိန်းတောင် သိနေတယ်လေ
ဒီပြည်ထောင်စုအဆင့်ဆိုတဲ့ စကားကို သမတက စကတည်းက မကြိုက်ပဲဆို
အခြေခံဥပဒေ တစ်သိန်းပြင်ရေးလည်း အတည်ဖြစ်လာပါ့မလား
ကျူပ်တို့လုံးဝမကြိုက်တဲ့ ၂၀၀၈ ဥပဒေကမှ ဒီစကားနဲ့ပတ်သက်ပြီး အတိအကျဆန့်ကျင်ထားတာ မရှိဘူးဆို
အဲဒီတော့ သမ္မတမှကန့်ကွက်တော့ရင် ဒီအကြောင်းဆက်ငြင်းနေစရာမလိုဘူးဆို
ခုံရုံးကလည်း သမ္မတကြီးခိုင်းလို့လုပ်ရတာဆို
ကျုပ်နိုင်ငံရေးနားမလည်ပါဘူး
ဂျာနယ်ဖတ်ပြီး နားလည်အောင်ကြိုးစားနေတာပါ
အရင်ကလို ကျုပ်တို့ပြည်သူတွေ ခံဖက်ပဲမဖြစ်ချင်တော့ဘူးလေ
ဒါကြီးက အမြန်ရှင်းနိုင်ကြရဲ့သားနဲ့ မကြာသင့်ပဲ အရမ်းကြာနေလို့ စိတ်မောလာလို့ ဝင်ရေးတာ
ကဲ အဲဒီတော့ တိုင်းပြည်အတွက် တခြားအရာတွေ မြန်မြန်လုပ်ပေးနိုင်အောင် သမ္မတကြီးရေ……အမြန်ဆုံးလေး…………..
ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ 
တွေနဲ့ အစိုးရကြားငြိမ်းချမ်းရေးရဖို့ ဆွေးနွေးပေးသလိုမျိုး
အခုဖြစ်နေတဲ့ လွှတ်တော်နဲ့ ခုံရုံးကြားထဲက ပြဿနာ
(အမှန်ကတော့အစိုးရကစတာပါ..)ကိုကြားဝင်ဆွေးနွေးပေးဖို့ 
အကူအညီတောင်းရမလိုဖြစ်နေပြီ....