Thursday, September 6, 2012

လက်ပံတောင်းတောင် စီမံကိန်းတွင် ဆန္ဒပြမှုများ ရပ်နားနေပြီး လယ်အသိမ်းခံတောင်သူများ စုပေါင်း၍စာရင်းပြုစုကာ လွှတ်တော်သို့ တင်ပြရန်စီစဉ်၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဆန္ဒပြမှုတွင်ပါဝင်ကူညီခဲ့သူတစ်ဦး ထိန်းသိမ်းခံထားရ


လက်ပံတောင်းတောင် စီမံကိန်းတွင် ဆန္ဒပြမှုများ ရပ်နားနေပြီး လယ်အသိမ်းခံတောင်သူများ စုပေါင်း၍စာရင်းပြုစုကာ လွှတ်တော်သို့ တင်ပြရန်စီစဉ်၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဆန္ဒပြမှုတွင်ပါဝင်ကူညီခဲ့သူတစ်ဦး ထိန်းသိမ်းခံထားရ  
Wednesday, 05 September 2012 10:47
ယာသိမ်းခံတောင်သူများ လယ်စောင့်တဲဆောက်ရန်အတွက် သိမ်းဆည်းခံရသော ယာမြေများသို့ လာရောက်နေသည်ကို သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်၌ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံမှဝမ်ဘိုကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်လျက်ရှိ သောလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၈၀၀ ကျော်သိမ်းဆီးခံခဲ့ရသည့် ကျေးရွာ  ၂၆ ရွာမှ ရွာသူရွာသားများ၏ ဆန္ဒပြမှုများ စက်တင်ဘာ ၁ ရက်မှ စတင်ရပ်နားသွားခဲ့ပြီး ယာမြေအသိမ်းခံခဲ့ရသည့် လယ်သမားများစုပေါင်းကာ လွှတ်တော်သို့ တင်ပြရန် စာရင်းကောက်ခံနေကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိ ရပါသည်။
လက်ပံတောင်းတောင်စီမံကိန်းအတွက် ယာမြေသိမ်းဆည်းခြင်းခံခဲ့ရသည့် ကျေးရွာ ၂၆ ရွာမှ တောင်သူများသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစတင်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ယာမြေသိမ်းဆည်းခံရသည့်ကျေးရွာ ၂၆ ရွာ၌ ရွာလေးရွာမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရသည်။ ဆန္ဒပြသူများက ယာမြေများပေါ်တွင် စွန့်ပစ်မြေများ မပုံရန်၊ အဆောက်အဦများ ဆက်မဆောက်ရန်၊ ရွာများမပြောင်းရန်နှင့် ချိတ်ပိတ်ထားသော ဘုန်းတော်ကြီးကျောင်းများ ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ၂၀၁၀ ပြည့်နှစ်က စီမံကိန်းပြုလုပ်ရန်အတွက် တောင်သူများအား သုံးနှစ်စာ သီးနှံလျော်ကြေးပေးခဲ့ပြီးနောက် ယာမြေအားလုံးသည် နှစ် ၆၀ ဂရန်ဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခွင့်ပြုပေးခဲ့ခြင်းကြောင့် သြဂုတ်လ ၂၄ ရက်မှစတင်ပြီး ရွာသားအများအပြား ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။
''သီးနှံလျော်ကြေးဆိုတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး နှစ် ၆၀ လို့ လက်မှတ်ထိုးတုန်းက လုံးဝမပြောခဲ့ဘူး။ ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်နေ့က ၀က်မှေး-ကံတော အ. မ. က ကျောင်းထဲမှာ သီးနှံလျော်ကြေး သုံးနှစ်စာဆိုပြီး လူကြီးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်စန်း ကိုယ်တိုင်ပြောခဲ့တာ။ သူက စွန့်ပစ်မြေလည်း မပုံဘူး။ အဆောက်အဦလည်း မဆောက်ဘူး။ စက်ယန္တရားတွေဖြတ်သွားရင် သီးနှံတွေပျက်မှာ စိုးလို့ သုံးနှစ်စာ သီးနှံလျော်ကြေးလို့ ကိုယ်တိုင်ပြောခဲ့တယ်။ အခုလုပ်ငန်းပြန်စမယ်ဆိုတဲ့စာမှာ လက်ပံတောင်း တောင်သတ္တုတွင်း ဧရိယာ ၇၈၆၇ ဒသမ ၇၈ ဧကအတွက် ၂၀၀၁ မှာ လန-၃၉ရခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အမည်ပေါက်နှစ် ၆၀ မြေငှား ဂရန်ထုတ်ပေးခဲ့တယ်လို့ ဖတ်လိုက်ရတယ်။ ရွာလေး ရွာကိုတော့ တရားဝင် မကြေညာဘူး။ လုံးဝလက်မခံဘဲ တောင်သူတွေအနေနဲ့ ဆက်လက် တောင်းဆိုသွားမှာပါ''ဟု ၀က်မှေး ကျေးရွာမှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။
မူလက သီးနှံလျော်ကြေးဟု ပေးအပ်ခဲ့သော လျော်ကြေးသည် ယာမြေများ အပြီးသိမ်းဆည်းရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများက ပြောဆိုခဲ့ပြီးနောက်တွင် ရွာသားများ၏ ဆန္ဒပြမှု ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ နေ့စဉ်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ထိုကဲ့သို့ ဆန္ဒပြမှုများတွင် ရွာသားများအတွက် ကူညီဆောင်ရွက်ခဲ့သည့် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠုအား သြဂုတ်လ ၃၁ ရက်နေ့ညက  မြင်းမူမြို့တွင် မုံရွာမှ ရန်ကုန်သွား ရွှေစင်စင်္ကြာမော်တော်ယာဉ်ပေါ်မှ စစ်ဆေးရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။
ကိုဝေဠုအား ဖမ်းဆီးစဉ်က မည်သည့်ပြစ်မှုကြောင့် ဖမ်းဆီးထားသည်ဆိုသည်ကို သိရှိရခြင်းမရှိဘဲ စက်တင်ဘာလ ၃ ရက်နေ့မှသာ ဆားလင်းကြီးမြို့နယ်ရဲစခန်းက ပြစ်မှုအမှတ် ၂၀၆/၂၀၁၂၊ ဥပဒေပုဒ်မ ၂၉၅/ ၂၉၅(က)/၁၁၇ ဖြင့် အရေးယူထား ကြောင်း သိရှိခဲ့ရသည်။ ကိုဝေဠုသည် ရန်ကုန်မြို့တွင် ကျင်းပမည့် UN နှင့် တွေ့ဆုံဆွေးနွေပွဲတစ်ခုသို့ ယာမြေအသိမ်းခံတောင်သူများအား တက်ရောက်ရန် ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ မ၀ါဝါက''ကိုဝေဠုနဲ့ တောင်သူတွေ ရန်ကုန်ကိုအလာ မြင်းမူအရောက်မှာ မြင်းမူမြို့နယ်မှူးနဲ့ ရဲအင်အား ၂၀ လောက်က ရွှေစင်စင်္ကြာကားကိုတားပြီး ရဲစခန်းကို မောင်းခိုင်းတယ်။ ရဲစခန်းမှာ ကိုဝေဠုပါရှစ်ဦးဆိုပြီး နာမည်ခေါ်တယ်။ ကိုဝေဠုတစ်ဦးတည်းကို ရဲစခန်းမှာခေါ်ထားလိုက်ပြီး ကားကို ပြန်လွှတ်လိုက်တယ်။ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က စုံစမ်းတော့ မြင်းမူရဲစခန်းက ငြင်းပါတယ်။ မြို့နယ်မှူးကလည်း ငြင်းပါတယ်။ ကားပေါ်မှာပါတဲ့သူတွေရော ကိုဝေဠုနဲ့ပါတဲ့တောင်သူတွေရော ရဲစခန်းမှာ ကားရပ်ရတာရော ကိုဝေဠုကို ခေါ်ထားတာရော သက်သေရှိပါတယ်''ဟု  ပြောပြခဲ့သည်။
ကျေးရွာ ၂၆ ရွာမှာ လူဦးရေ ဘယ်လောက်ရှိပြီး ယာဘယ်လောက် ပိုင်တယ်၊ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ပျက်စီးနေပြီဆိုတဲ့ အချက်အလက်တွေ လိုက်ကောက်နေပါတယ်။ ဘယ်လွှတ်တော်မှာတင်မယ်ဆိုတာတော့ပြီးမှ ဆုံးဖြတ်ကြမှာဖြစ် ပါတယ်''ဟု ကျေးရွာ ၂၆ ရွာသို့ စာရင်းကောက်ရာတွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။
''ရွာမှာ လာပြီး စာရင်းတွေ ကောက်တယ်။ သုံးနှစ်စာသီးနှံ လျော်ကြေးလို့ဆိုပြီးမှ အနှစ် ၆၀ လိုလို ဘာလိုလိုဖြစ်နေတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့တောင်သူတွေက ရှုတ်ချပါတယ်။ ယာမြေမကျူးကျော်ရ ဆိုင်းဘုတ်ထောင်တော့ ညမှာ ဖြုတ်တယ်။ ပုဒ်မ ၁၄၄ ဆိုင်းဘုတ်ထောင်တယ်။ တဲဆောက်တော့ ဖျက်ဆီးပြန်တယ်။ အကူအညီပေးသူတွေကို ဆားလင်းကြီးနယ်ထဲမှာ မဖမ်းဘဲ ရန်ကုန်အပြန်မှာမြင်းမူက စောင့်ဖမ်းတယ်။ မြင်းမူ ရဲစခန်းက မသိဘူးပြောပြန်တယ်။ ဥပဒေဆိုတာ ထုတ်ပြန်သူရော ထုတ်ပြန်ခံရသူတွေပါ လေးစားရမှာမဟုတ်လား။ တောင်သူတွေက ဥပဒေထဲက ဆန္ဒဖော်ထုတ်တယ်။ သြဂုတ် ၂၂ ရက် နေ့က ဆွေးနွေးမယ်ပြောပြီးလာရောက်တဲ့ မီဒီယာတချို့ကို လက်မှတ်ထိုးခိုင်းပြီး တောင်သူတွေမပါဘဲ ဆွေးနွေးသလိုလုပ်တယ်။ သတင်းစာရှင်း လင်းပွဲလုပ်တယ်လို့ ဆိုပြန်တယ်။ တကယ်ခံစားနေရတဲ့ တောင်သူတွေ မပါဘဲဘယ်သူတွေနဲ့မှ ညှိနှိုင်းတာကို တောင်သူအများစုက လက်မခံဘူး''ဟု တောင်သူတစ်ဦးက ပြောပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြန်မာနိုင်ငံဘက်မှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်  မြန်မာဝမ်ဘိုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကျေး ရွာ ၂၆ ရွာအား သုံးနှစ်စာ သီးနှံလျော်ကြေးအဖြစ် လျော်ကြေးငွေများပေးအပ်ခဲ့ကာ ၂၀၁၂ ဇန်န၀ါရီလတွင် ဆည်တည်းကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ရန်အတွက် မဲနှိုက်ရွေးချယ်ရာ ရွာသားများက လက်မခံသဖြင့် မအောင်မြင်ခဲ့ကြောင်း သိရ သည်။
၂၀၁၂ ဖေဖော်ဝါရီလတွင် ရွာသားများပိုင် အဆောက်အဦများ ဆောက်လုပ်နေသည့်အတွက် ကန့်ကွက်ခဲ့သည်။ မတ်လတွင် ယာခင်းအတွင်း မြေပြုပြင်ခြင်းနှင့် ပြုလုပ်နေခြင်းကြောင့် ရွာသားများက ကန့်ကွက်ခဲ့သည်။ ဇွန်လသို့ရောက်သည့်အခါ ယာမြေများပေါ်၌ စွန့်ပစ်မြေစာများ မစုပုံရန်၊ အဆောက်အဦဆက် မဆောက်ရန်၊ ရွာများ မရွေ့ပြောင်းရန်၊ ချိပ်ပိတ်ထားသော ဘုန်းတော်ကြီးကျောင်း ပြန်ဖွင့်ပေးရန် ရွာသားများက တောင်းဆိုခဲ့ကြသည်။
ယာမြေအသိမ်းခံထားရသည့် ကျေးရွာသူကျေးရွာသားများအနေဖြင့် စက်တင်ဘာလ ၂ ရက်နေ့မှစတင်ပြီး ကျေးရွာ ၂၆ ရွာမှ မြေသိမ်းခံတောင် သူများ၏ မိသားစုပိုင်ဆိုင်မှုအခြေအနေ နှင့်သိမ်းဆည်းခံရသည့် ယာမြေပမာဏကို စာရင်းကို အဖွဲ့ဖွဲ့စည်းပြီး ကောက်ခံနေကြောင်းသိရပြီး အဆိုပါစာရင်းအား လွှတ်တော်သို့ တင်ပြသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Comments 

+7 #3 LwinAungSoe 2012-09-05 22:57
ပုဒ်မ ၁၄၄ ကို ထုတ်ပိုင်ခွင့်အပေါ် သံသယဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းက အစဉ်အဆက် လယ်ယာစိုက်ပျိုးနေခဲ့တဲ့ မြေနေရာမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရာမှာ တရားဥပဒေ နည်းလမ်းတကျ လုပ်ဆောင်တာကို မတွေရလို့ပါပဲ။

ဒီကိစ္စကို လွှတ်တော်မှ ဝင်ရောက် ထိန်းကျောင်းသင့်ပါတယ်။ Checks and balances အရ လွှတ်တော်မှာ လုပ်ပိုင်ခွင့် ရှိနေရုံမက တရားလွှတ်တော်ချုပ်ဘက်ကလည်း ဒီဒေသမှာ ပုဒ် ၁၄၄ ထုတ်ပြန်တာဟာ တရားဥပဒေ လမ်းကြောင်းအတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့တာ ရှိမရှိ ပြန်လည်စိစစ်ဖို့ လိုအပ်ပါတယ်။
 
+19 #2 ငရဲသား 2012-09-05 19:57
မဏ္ဍိုင်ကြီးသုံးရပ်က မထိရဲတဲ့ အဖွဲ့အစည်းတွေ၊ အုပ်စုတွေ ဆက်လက်ရှိနေသရွေ့
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သုံးဖို့ မပြောနဲ့...
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အလုပ်သမား လယ်သမားအခွင့်အရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုတဲ့ စကားလုံးတွေကတောင် ...
အိပ်ယာဝင်ပုံပြင်လို ဖြစ်နေဦးမှာပဲ...
 
+27 #1 Iron Door 2012-09-05 14:26
ဒီဒုက္ခတွေကို ဒီတောင်သူလယ်သမားတွေကျော်လွှားနိုင်ပါစေဗျာ၊ တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်လာပါစေနဲ့လို့။။။။။။။။
ိခုကဟိုနားလည်း အသိမ်းခံရ၊ ဒီနားလည်းအသိမ်းခံရ၊ မတရားအသိမ်းခံနေရတယ်၊ ဘယ်အစိုးရအဖွဲ့က ဒီပြည်သူတွေဘက်ကရှိနေမှာလဲ၊ ကျုပ်တို့နိုင်ငံသားတွေကို ဘယ်သူကအကာအကွယ်ပေးမှာလဲ ၊ ဘယ်ဥပဒေက အကာအကွယ်ပေးမှာလဲ၊

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။