Thursday, September 6, 2012

ကေအိုင်အေ အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည်ဆိုသည့် အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား


ကေအိုင်အေ အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည်ဆိုသည့် အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား  
Thursday, 06 September 2012 23:52
KIAအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က ပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးခက်ထိန်နန်က တစ်နှစ်ကျော်ကြာလာပြီဖြစ်သော တပ်မတော်နှင့် KIAအကြား ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မရပ်စဲနိုင်ခြင်းသည် ဘယ်လိုအခက်အခဲကြောင့် ဆိုသည်ကို သိရှိလိုကြောင်း၊ တပ်မတော်မှ ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခတ်မှုများကို မည်သည့်အခြေအနေတွင်မှ ရပ်စဲနိုင်မည်ကို သိရှိလိုကြောင်း၊ နှစ်ဘက်တပ်များ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ကြားသိရသော်လည်း နှစ်ဘက်တပ်များ မပြောင်းရွှေ့နိုင်သေးခြင်းမှာ မည်သို့သော အခက်အခဲများကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း စသည်ဖြင့် ထည့်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
"ကေအိုင်အေအဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော် အနေဖြင့် ကေအိုင်အေ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အများပြည်သူ အသုံးပြုလျက်ရှိတဲ့ လမ်းကြောင်းနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုများအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ် အောင်သော်က မေးခွန်းဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းသူ ဦးခက်ထိန်နန်၏ သဘောထားကို မေးမြန်းခဲ့ရာ "ကျွန်တော်မေးတယ် ဆိုကတည်းက အောက်ခြေရဲ့ အဖြစ်အပျက်ဟာ ကွာဟနေတဲ့အတွက်ကြောင့် မေးတာပဲလေ။ ဖြေကြားသွားတာက အကုန်လုံးကို သူ့ဘက်ကပေါ့နော်။ ခြုံငုံပြီးတော့ ဖြေသွားတာပါပဲ။ ဒါပေမယ့် တကယ့် အောက်ခြေမှာတော့ အပေါ်က သိတာနဲ့ တော်တော်များများ ကွာခြားတာတွေ ရှိတယ်။ ကျွန်တော်ကတော့ တကယ့်ထဲထဲဝင်ဝင် ကျတော့ အသေးစိတ်တော့ မပြောနိုင်ဘူးပေါ့နော်။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက်က ပြောတာတွေက မတူတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဆိုတော့ အဓိကကတော့ အခုတပ်မတော်ဘက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူနဲ့ KIA ဘက်ကလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေ အချင်းချင်း တွေ့ဆုံဆွေးနွေးဖို့ကတော့ ဒီအချိန်မှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ အခုဖြစ်နေတာက တပ်အချင်းချင်း ထိပ်တိုက် ပဋိပက္ခ ဖြစ်တဲ့ကိစ္စမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အနေနဲ့က ဆုံးဖြတ်ဖို့ ခက်နေပြီးတော့ တပ်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အကြီးအကဲတွေ ကိုယ်တိုင် ဆွေးနွေးပြီးမှပဲ အဖြေရှာလို့ ရမယ်" ဟု ပြောကြားခဲ့သည်။
ဦးခက်ထိန်နန်က လွှတ်တော် အစည်းအဝေးပြီးတိုင်း ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး ပြန်ရောက်တိုင်း ဒုက္ခသည်တွေ များများလာကြောင်း၊ ယခုရက်ပိုင်း အတွင်းမှာပင် ဒုက္ခသည် သောင်းဂဏန်းဝန်းကျင် ပြန်တိုးလာသည်ကို ကြားသိရကြောင်း၊ အထူးသဖြင့် ဖားကန့်ဒေသဖြစ်ကာ ဒုက္ခသည်အားလုံး တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း၊ ကျွေးမွေးစောင့်ရှောက်သူ များမှာလည်း တစ်နှစ်ကျော် ကြာလာသည့်အတွက် ၎င်းတို့ပါ ဒုက္ခသည်တစ်ပိုင်းလို ဖြစ်လာနေကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ အနက် (၁၀) ဖွဲ့နှင့် ငြိမ်းချမ်းရေး ရယူထားနိုင်ပြီ ဖြစ်သော်လည်း KIO/KIA နှင့်ဖြစ်ပွားသော ပဋိပက္ခသည် တစ်နှစ်ကျော်ကြာလာပြီး သော်လည်း ယနေ့အထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေး၍ မေးခွန်းမေးရခြင်း ဖြစ်ကြောင်း မေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Comments 

0 #6 Iron Door 2012-09-07 09:48
KIA/KIO တို့က ဘာလဲ ဘာတွေလုပ်မှာလဲ၊ ဘာဖြစ်ချင်တာလဲ၊
လက်နက်ကိုင်အဖွဲ့၁၁ ဖွဲ့မှာ ၁၀ ဖွဲ့က ငြိမ်းချမ်းရေးယူထားနိုင်ပြီ၊ ကေကိုင်အေ/အို အဖွဲ့က ဘာလို့ မယူနိုင်သေးတာလဲ၊ ဘာကြောင့်လဲ။
 
+7 #5 jungleman 2012-09-07 08:54
နိုင်ငံတနိုင်ငံမှာ ၄င်းနိုင်ငံတော်၏ အလံအောက်တွင် တပ်မတော်သည်တခုတည်းသာရှိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို
မောင်နှမများအားလုံးဖြင့် ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်ကို
မြင်တွေ့ချင်ပါသည်။
 
+3 #4 Homeboy 2012-09-07 08:39
China Behind KIA and Majority mindset with Myanmar Army, how can they get peace.
 
 
+20 #3 naung252 2012-09-07 07:11
ဖြစ်သင့်တာတော့ သူတို့ဘက်ကတောင်းဆိုတာတွေကို ပြည်သူတွေသိအောင်တိတိကျကျချပြလိုက်ပါဗျာ.. ဒါမှဘယ်သူကမှန် တယ်ဆိုတာပြည်သူတွေဆုံးဖြတ်နိုင်မှာ ပါမဟုတ်ရင်စစ်တပ်ကိုပဲအထင်လွှဲနိုင်စရာရှိပါတယ်.. ကေအိုင်အေကရော တစ်လျောက်လုံးငြိမ်လာပြီးမှ ခုမှဘာကိစ္စထဖြစ်ပြန်ရတာလဲ တစ်လျောက်လုံးတိုက်လာတဲ့ ကေအင်ယူတောင် ငြိမ်သွားပြီ.. တရုတ်ရဲ့အထောက်အပံ့နဲ့အားပေးအား မြှောက်လုပ်မှုကြောင့်ဆိုရင်တော့ ခင်ဗျားတို့ဒီနိုင်ငံမှာ နေစရာရှိမှာမဟုတ်ဘူးနော်..
 
 
-6 #2 Zawtika 2012-09-07 05:40
- ကိုယ် ဖိထောင်းနေတဲ့ ညီကလေး ကို ဖက်နမ်း ဘို့ မခိုင်းပါနဲ့။
- ကိုယ်က အကြီး ပီးတော့ ကိုယ့်လက်သီးဆုပ်ကို ကိုယ် ဆုပ် ထားတာကိုလဲ မမေ့ ပါနဲ့။
 
 
0 #1 ရန်ကုန်အောင် 2012-09-07 00:15
အင်း....
အတိအကျကြီးကို ငြင်းဆန်နေရင်တော့ မဟုတ်ဘူးဆိုတာတွေက ဟုတ်နေတတ်တာ ဆယ်စုနှစ် နှစ်စုကျော်ခဲ့ပါပြီဗျာ။
ဘယ်လိုပြောပြော ပြည်သူက ယုံမယ်တဲ့လား..........

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။