ပေါက်မြို့ ကျောချောင်း၏ ကမ်းမဖြူဆိပ်အနီးတွင် ကူးတို့လှေမှောက်၍ ကျောင်းဆရာမ ၄ ဦးအပါအ၀င် လူ ၁၀ ဦးထက်မနည်း သေဆုံး |
|
|
Thursday, 06 September 2012 00:12 |
ချင်းပြည်နယ် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆော၊ ကျော၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါမြို့များသို့ ပခုက္ကူမြို့မှ သွားရောက်ရာတွင် ရေပြာလမ်းခွဲမှ အသစ်ဖောက်လုပ်ထားသော လမ်းတွင် တံတားနှစ်စင်း ပြုပြင်နေဆဲဖြစ်သောကြောင့် ယခင်လမ်းဟောင်းမှသာ သွားလာကြရကြောင်း ထိုသို့ သွားလာရာတွင် ကျောချောင်းရေစီးချိန်ဖြစ်ပါက ကူးတို့လှေများဖြင့် ကူးဖြတ်ရလေ့ရှိကြောင်း စက်တင်ဘာလ ၃ ရက်နေ့က ရွာသွန်းခဲ့သော မိုးရေများကြောင့် ချောင်းရေကျနေစဉ်ဖြတ်ကူးရာမှ ရေအားများ၍ နစ်မြုပ်ခဲ့ကြောင်း သိရသည်။ ''လှေနဲ့ ကူးတယ်ဆိုပေမယ့် လူတွေက ရေထဲကနေ ကိုယ်ဖော့ပြီး လှေကိုရေစီးနဲ့ အလိုက်သင့်မျောပြီး တွန်းပေးရတဲ့လှေပါ။ တက်နဲ့ လှော်လို့မရပါဘူး။ မှောက်တဲ့လှေပေါ်မှာ ဆိုင်ကယ်ငါးစီးပါပြီး တစ်စီးထဲဆယ်လို့ရပါတယ်။ ခရီးသည် ဘယ်နှစ်ဦး တင်လာမလဲမသိတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။ လှေတွန်းတဲ့ လုပ်သားတွေထဲက ကိုးဦးက အသက်ရှင်ပေမယ့် ခြောက်ဦးက ရှာမတွေ့သေးပါဘူး။ ကျောချောင်းက သဲချောင်းဆိုတော့ ကားတွေနစ်တဲ့ အခါမျိုးမှာဆိုရင် သဲဖို့ သွားလေ့ရှိပါတယ်။ ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ရေနည်းနည်းကျသွားတဲ့အထိ ဘာမှတွေ့တာ မရှိသေးပါဘူး''ဟု ပေါက်မြို့မှ သေဆုံးခဲ့သော ကျောင်းဆရာမတစ်ဦး၏ သူငယ်ချင်းက ပြောကြားသည်။ အဆိုပါလှေပေါ်တွင် ပေါက်မြို့တစ်ဖက်ကမ်း ညောင်ဝန်းပေါက်ကျေးရွာမှ ဆရာမ ၄ ဦးနှင့် နံ့သာရွာမှ ဆရာမတစ်ဦး စီးနင်းလိုက်ပါခဲ့ပြီး လှေသမားမှ ကယ်တင်နိုင်သောကြောင့် တစ်ဦးသာ အသက်ရှင်ကျန်ခဲ့ကြောင်း၊ နစ်မြုပ်သေဆုံးခဲ့သော ဆရာမ ၄ ဦးအနက် ပေါက်မြို့၊ အောင်တံချွန်တိုးချဲ့ရပ်ကွက်နေ ဒေါ်နှင်းနှင်းဝေ အသက် ၄၅ နှစ်တစ်ဦးသာ အလောင်းရရှိခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့က သဂြိုဟ်ခဲ့ကြောင်း သိရသည်။ ရှာဖွေမတွေ့သေးသော ဆရာမ ၃ ဦး အနက် ၂ ဦးမှာ ဒေါ်လှသိန်းနှင့် ဒေါ်ခင်မြတ်နွယ်တို့ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော် အဓိကပြောချင်တာကတော့ ရေပြာလမ်းခွဲအသစ်ပေါ်က တံတားနှစ်စင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ပါ။ တံတားတွေက အရင်နှစ် O2B မုန်တိုင်းကျပြီးကတည်းက ကျိုးပျက်နေခဲ့တာပါ။ အခုလိုမိုးတွင်းကာလမှာ ခေတ်မမီတော့တဲ့ လှေနဲ့ ဖြတ်ကူးရတဲ့ ဆက်သွယ်ရေးကြောင့် အခုဆိုရင် ကျွန်တော့်ညီမအပါအ၀င် တန်ဖိုးရှိတဲ့ ကျောင်းဆရာမတွေ အသက်ဆုံးရှုံးခဲ့ရပါပြီ။ ဒီလမ်းဆိုတာလည်း ပခုက္ကူကနေ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ဖို့ အဓိကအရေးကြီး တဲ့ လမ်းပိုင်းတစ်ခုပါပဲ''ဟု အသက်ဆုံးရှုံးခဲ့ရသော ဒေါ်နှင်းနှင်းဝေ၏ အစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦးက ပြောကြားသည်။ ပခုက္ကူမြို့မှ ပေါက်မြို့သို့ ဆက်သွယ်သည့် ထိုလမ်းကြောင်းမှာ စက်တင်ဘာလ ၃ ရက်နေ့က မိုးရွာသွန်းပြီးနောက်ပိုင်း စက်တင်ဘာလ ၅ ရက်နေ့အထိ ကားများသွားလာ၍ မရသေးကြောင်း သိရသည်။ အဆိုပါ လှေမှောက်မှုကိစ္စနှင့် ပတ်သက်၍ ပေါက်မြို့ရဲစခန်းသို့ စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီမိနစ် ၃၀ ခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်စုံစမ်းကြည့်ပါရန် ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမျမသိရသေးကြောင်းသာ ဖြေဆိုခဲ့ပါသည်။ |
+6
#2
Ye Naing Oo
2012-09-06 12:21
ဒီလိုပါပဲ
တကယ်ဖြစ်လာရင် ဘယ်သူမှတာဝန်မယူတော့ဘူး။ ဟိုလူ လွှဲချ ဒီလူလွှဲချနဲ့ ။
ပြီးရင်လည်းဘာမှမသိဘူးပြောကြတယ်။ ဒီလိုလူမျိုးတွေကိုတော့ ခေတ်ဟောင်းနဲ
့အတူချန်ထားခဲ့ဖို့ ကောင်းနေပြီ။
+23
#1
KZMO
2012-09-06 03:16
တံတားတွေက အရင်နှစ် O2B မုန်တိုင်းကျပြီးကတည်းက ကျိုးပျက်နေခဲ့ဒါကြောင့်
အစိုးရလုပ်တဲ့သူက အစိုးရလုပ်ရမယ့် တာဝန်ကိုကျေရမယ်လို့ပြောတာပါ။
တံတားကအခုမှပျက်တာမဟုတ်ပါဘူး။ ပြင်ရမယ့်ဒေသကလည်းစစ်ဖြစ်နေတာမဟုတ်ပါဘူး။
အခုတော့တန်ဖိုးရှိတဲ့ကျောင်းဆရာမတွေဆုံးရှုံးရပြီဖြစ်ပါတယ်။
ဆုံးပါးသွားတဲ့ဆရာမများအားလုံး ကောင်းရာသုဂတိရောက်ပါစေလို့ဆုတောင်းပါတယ်။