Thursday, September 6, 2012

” ထိုတစ်နေ့ကို ကြိုဆိုမျှော်လင့်ပါသည် ”


” ထိုတစ်နေ့ကို ကြိုဆိုမျှော်လင့်ပါသည် ” 


Myitmakha Media Group, 6 September 2012  —-  ကျွန်မမှာ ယနေ့တိုင် မတင်မကျဖြစ်နေသေးသော ဒဿနတစ်ခုရှိခဲ့ပါသည်။
ဘဝဆိုသည်မှာ ပေးထားချက်သက်သက်တစ်ခုတည်းတော့ မဟုတ်လောက်ပါဟု  မြို့ကလူတွေ၏ဘဝ၊ ရွာကလူတွေ၏ဘဝ၊ မြို့ မကျတကျ ရွာမကျတကျလူတွေ၏ဘဝ၊ ထိုဘဝများစွာသည် အတိတ်ကံ၏ ပေးထားချက်အတိုင်း ဖြစ်တည်နေကြ သည်ကိုတော့ တွေ့နေရဆဲ။ မိုးရေ တစ်စက်က ပင်လယ်ထဲသို့ စီးဝင်ခွင့်ရှိသလို သစ်စေ့တစ်စေ့ကလည်း သစ်တောတစ်အုပ် ဖြစ်သွားနိုင်ခွင့် ရှိသည်ကတော့ မြင်နေရပြီ ဆိုရပါမည်။ ဤသည်မှာ ဒီမိုကရေစီဟုခေါ်မည်လား။
ဒီမိုကရေစီကျတယ်ဆိုတာ ဘာလဲ ။ ခုတလော ကျွန်မကြားကြားနေရသည့် ဒီမိုကရေစီမကျဘူး၊ ကျတယ်၊ ထိုထိုအပြောများကို ကျွန်မနားလည်ရခက်လာခဲ့၏။ လ္ဘက်ရည်ဆိုင်မှာလည်း ပြောသလို င်္ခေန သြသု ပေါ်တက်၍လည်း ပြောကြပါသည်။ ကြုံတိုင်းပြောကြသည်မှာ အရသာရှိပုံရပါ၏။ ဒီမိုကရေစီဆိုသည့် စကားလုံးကိုကျေကျေနပ်နပ် သုံးစွဲနေကြပေသိ လက်တွေ့မှာမူ ဒီမိုကရေစီနှင့် ဆန့်ကျင်၍ ပြောဆိုရေးသားဆောင်၇ွက်နေကြသည်ကိုတော့ နေရာတကာမှာ တွေ့နေရ၏။
နံနက်လင်းအားကြီးမှ ညအိပ်ချိန်ကျော်သည့်တိုင် ထင်ရာလုပ်ထင်ရာပြောနေကြတုန်း၊ ဖြစ်နေသည်မှာ အားလုံး အသိပင်။ ထို့ကြောင့် ဒီမိုကရေစီဆိုသည်မှာ အတွေးအခေါ်တစ်ခုသာ မဟုတ်ပါ လက်တွေ့ကျင့်ကြံအားထုတ်ရမည့် ကျင့်စဉ်တစ်ခုဟုလည်း ကျွန်မယုံကြည်သည်ကို တင်ပြလိုက် ပါသည်။ ကျွန်မတို့တစ်တွေက ယင်းဒီမိုကရေစီကို သေသေချာချာလည်း နားမလည်၊ ကျင့်စဉ်တစ်ခု ကဲ့သို့လည်း မကျင့်ကြံ၊ ယုံကြည်မှုလည်း မရှိနိုင်ပါက နှစ်ပေါင်း(၁ဝဝ)မကကြိုးစားသော်လည်း အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံက ပေါ်ထွန်းလာဖွယ်ရာ အကြောင်း မမြင်ပါ။
အခုတစ်လော Hot  ဖြစ်နေသည့်ကိစ္စတွေထဲမှာ ဒီမိုကရေစီနိုင်ငံကြီးတည်ထောင်နေဆဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးကို မထိန်းမကျောင်းနိုင်ပါက ခက်ခြေမည်။ နိုငငံတော်အကြီးအကဲမှာသာ တာဝန်ရှိသည်မဟုတ် ဒီမိုကရေစီဟု ဟစ်ကြွေးနေသော ကျွန်မတို့ အားလုံးမှာ တာဝန်ရှိသည်ဟုမြင်မိသည်။ ဝိုင်းဝန်းထိန်းကျောင်းပေးရမည်သာဖြစ်သည်။ မဟုတ်ပေ ဘူးလား။ အများပြည်သူတို့မှာ အုပ်စိုးသော စနစ်ကို ဒီမိုကရေစီဟုရွာထဲက လူ၊ ရွာပြင်ကလူ၊ မြို့ထဲကလူ၊ မြို့ပြင်ကလူတွေ အကုန်သိရှိနားလည်ပြီး ဖြစ်လောက်ပါသည်။
သိသူကအော်သလို မသိသူတွေကလည်း အော်နေဆဲ။ ရွာကလူဖြစ်စေ မြို့ကလူဖြစ်စေ ဒီမိုကရေစီ၏ အခြေခံ သဘောတရားကို နားလည်သဘောပေါက်ကာမှ ဒီမိုကရေစီနိုင်ငံကို ထူးထောင်နိုင်မည် ဖြစ်ပါ၏။ ဒီမိုကရေစီနိုင်ငံကိုသာ သူပြောငါပြောနှင့် ထူထောင်ချင်သည်။ ဒီမိုကရေစီကျင့်စဉ်ကို စိတ်မဝင်စား အားသေး။ သည်လိုနေ၍တော့ မဖြစ်ပါ။ မြို့မှာရွာမှာ ကမ္ဘာမှာပင် မဖြစ်တော့ပါ။ ယနေ့ခေတ်မှာ မည်သည်ခေတ်ကနှင့် မတူအောင် ကျင့်ဝတ်ဆိုင်ရာစံနှုန်းတို့ မြင့်မားလာပြီ ဖြစ်၍ ကျွန်မတို့ပြည်သူများကတစ်ဦးချင်းစီ၏ ကျင့်ဝတ်စံနှုန်း၊ တန်ဖိုးများကို ဂရုမထားနိုင်ပါက နောက်ချန်နေခဲ့ရမည်ဖြစ်ပါသည်။
ပြည်သူ့လက်ထဲမှာ အာဏာရှိဖို့ရာ ပြည်သူမှာ ကျင့်ဝတ်စံနှုန်း မြင့်မားရန်တော့လိုပါ၏။ Emergency need ဟုဆိုရမည်။ ခေတ်ကောင်းနှင့် ကြုံနေရသော်လည်း ကိုယ်က ခေတ်နောက်ပြန်ဆွဲနေလျှင် သမ္မတကြီးပြောသလို   နောက်ကျန်ခဲ့မည်သာဖြစ်ပါသည်။ အားလုံးနောက်မှာနေချင်မှတော့ တိုင်းပြည်ကလည်းရှေ့သို့ မရောက်နိုင်တော့ပါဟု ထင်ပါသည်။ နောက်တစ်ချက်က မိုးသီးဇွန်တို့ကိစ္စ ကြိုဆိုသူနှင့် အမြင်မတူသူများကြား ပဋိပက္ခများစွာက Face Book  ပေါ်မှာတွေ့မြင်ရသည်။ တချို့က ကြိုဆိုသည်။ တချို့က မကြိုဆို။ မည်သို့ပင်ဖြစ်စေ မိခင်ရင်ခွင်မှ ခွဲခွာခဲ့ရသော သားများအတွက် ၄င်းတို့၏ ဆွေမျိုးသားချင်းများနှင့် မိဘပြည်သူတို့က ကြိုဆိုရမည် ဖြစ်ပါသည်။ တောင်းဆိုး ပလုံးဆိုးသာ ပြစ်ရိုးထုံးစံရှိပါသည်။ မိခင်ရင်ခွင်နှင့် ဝေးကွာခဲ့ရစဉ် ၄င်းတို့ဖြတ်သန်းခဲ့သည့် ဘဝခရီးမှာသည်ကွေ့ရောက်လျှင် သည်တက်နှင့်လှော်၍ ဟိုကွေ့ရောက်လျှင် ဟိုတက်နှင့်လှော်ခဲ့ကြရသည့် အစဉ်အလာများလည်းရှိခဲ့ရာ အဖြစ်အပျက် ဆိုးတို့ကို စာနာထောက်ထားခြင်းဖြင့် မေ့ပစ်ကြရန် လိုပါသည်။ အချင်းချင်း အာဃာတများမထားပဲ ညီညီညွတ်ညွတ်နှင့်တိုင်းပြည်အကျိုးဆောင်ရွက်ကြဖို့ဆိုလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ရမည် သာဖြစ်ပါ၏။
မြင်ရကြားရသမျှ ဆဲသံဆိုသံနှင့် အထုပ်ဖြေ အပုပ်ဖေါ်ကာ ရေးကြသားကြသည်မှာ ဒီမိုကရေစီ၏ ဖက်ရှင်သစ်ပင်   ဖြစ်နေပြီလား။ ပြည်တွင်းမှာနေနေ  ပြည်ပမှာနေနေ အားလုံးဗမာတွေပင် ဖြစ်ကြသည်ကို မေ့ပစ်၍တော့ မဖြစ်နိုင်ပါ။
ကျွန်မတို့ ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးတွင် ပါဝင်ပတ်သက်ရန်အတွက် အရည်အချင်း (၁၁)ချက်နှင့် ပြည့်စုံဖို့တော့ လိုနေပါသေးသည်။
၁။ ထိုက်သင့်သော အသိဥာဏ်ရှိရပါမည်။
၂။ ဗဟုသုတရှာဖွေစုဆောင်းသင့်ပါသည်။
၃။ အတွေ့အကြုံအထိုက်အလျှောက်ရှိရပါမည်။
၎။ မျှော်မြင်တတ်မှု ရှိဖို့လိုပါသည်။
၅။ စိတ်ကောင်းစေတနာရှိသင့်သည်။
၆။ ဆုံးဖြတ်နိုင်စွမ်းရှိရမည်။
၇။ နာခံတတ်မှုရှိရမည်။
၈။ ထကြွလုံ့လပြုတတ်ရမည်။
၉။ တာဝန်ယူမှုရှိရမည်။
၁ဝ။ ရိုးသားမှုရှိရမည်။
၁၁။ စွန့်လွှတ်အနစ်နာခံမှုရှိတတ်ရမည်။ ဖြစ်ပါသည်။
ကျွန်မတို့ပြည်သူတွေ တစ်ဦးချင်းစီမှ အထက်ဖေါ်ပြပါ အချက်(၁၁)ချက်နှင့် ညီညွှတ်မျှတပါလျှင် ကျွန်မတို့၏ ဒီမိုကရေစီနိုင်ငံကြီး လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်ရမည်ဟု ယုံကြည်ပါသည်။ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုသာ လိုချင်ကြ၏။ တာဝန်ကိုတော့ မယူချင်ကြပါ။
မိမိတို့၏ရပိုင်ခွင့်ကိုသာ မျှော်လင့်ကြသည်၊ မိမိတို့ပေးဆပ်ရမည်ကို မေ့ထားနေကြဆဲ ဖြစ်ပါ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးသိန်းစိန်(၂)ဦး ထဲက တာဝန်ယူထား၍ မရပါ အားလုံး ဝိုင်းကူကြဖို့လိုပါသည်။
မိမိတို့တစ်ဦးချင်းစီမှ ဒီမိုကရေစီအလေ့အကျင့်ကို ဆောင်ရွက်ကာကျင့်ကြံအားထုတ်ကြပါမှ ကျွန်မတို့ရသင့်ရထိုက်သည့် အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။
အများပြည်သူတို့၏ ယုံကြည်ချက်များဆန္ဒသဘောထားများကို အလေးထား၍ တိုင်းပြည်ရေးရာကို စီစဉ်အုပ်ချုပ်ရသော ဒီမိုကရေစီစနစ်ကို ရှင်သန်စေမည့် ပြည်သူများကိုလည်း ကြိုဆိုရမည်သာ ဖြစ်ပါ၏။
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ရပ်ကိုယ့်ရွာ၏ အကျိုးသယ်ပိုးလိုသော လူများကို နိုင်ငံရေးသမားများဟု ခေါ်ခဲ့ပါ၏။ နိုင်ငံရေးသမားများ၏ လက်ထဲမှ စစ်ပွဲများဖြစ်ပွားသွားကြသည်ကိုလည်း ကြုံခဲ့ရကြပြီ ဖြစ်၇ာဘေးဖြစ်စေသော  အာဏာကို လိုလားနေသူများထက်   ဆေးဖြစ်စေသော  အာဏာကို ရရှိစေရေးသာ ကျွန်မတို့ ကြိုးစားရဦးမည်ဖြစ်သည်။ ယုံကြည်စိတ်ချရသော နိုင်ငံရေးသမားကောင်း များကို  မွေးထုတ်ပေးနိုင်ရန်ဆက်၍ လှုပ်ရှားကြဖို့လိုပါသ်။ ကျွန်မတို့တစ်တွေ လိုလားသော ဒီမိုကရေစီနိုင်ငံတော်ကြီး   အေးချမ်းသာယာစွာရပ်တည်နိုင်စေရန်မှာ ကျွန်မတို့ပြည်သူတစ်ဦးချင်းစီမှာ လည်း တာဝန်ရှိပါကြောင်း တင်ပြအပ်လျှက် စက်တင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည် ဖြစ်သော ” အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ” ကို ကြိုဆိုဂုဏ်ပြုလိုက်မိပါတော့သည်။
ဒေါက်တာစိန်စိန်သိန်း

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။