Sunday, July 29, 2012

အိမ်ငှား၊ မြေငှားဆိုင်ရာ ဥပဒေမူကြမ်း ထွက်ရှိလာတော့မည်ကို အိမ်ခြံမြေအကျိုးဆောင်များ ကြိုဆို

အိမ်ငှား၊ မြေငှားဆိုင်ရာ ဥပဒေမူကြမ်း ထွက်ရှိလာတော့မည်ကို အိမ်ခြံမြေအကျိုးဆောင်များ ကြိုဆို

ထားထားခင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

တာမွေမြို့နယ်ရှိစိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေအကြံပေး လုပ်ငန်းတွင် အရောင်းအ၀ယ်စာချုပ်ချုပ်ရန်အတွက် ကုမ္ပဏီမှ
တာဝန်ရှိသူများကစာချုပ်စာတမ်းခိုင်မာမှုရှိစေရန် အရောင်းအ၀ယ် ဆိုင်ရာ အထောက်အထား နှင့် အချက်အလက်များကို
အရောင်းအ၀ယ်မပြုလုပ်မီ ၀ယ်ယူသူများနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်ညှိနှိုင်းဆွေးနွေးနေစဉ်။
ဓာတ်ပုံ - Supplied
စာချုပ်စာတမ်း မခိုင်မာမှုကြောင့် အိမ်ခြံမြေလောကတွင် အိမ်ရှင်၊ အိမ်ငှားများအကြားဖြစ်ပွားလေ့ရှိသည့်ပြဿနာများ လျော့ပါးစေရန် ရည်ရွယ်သည့် အိမ်ငှား၊ မြေငှားဆိုင်ရာ ဥပဒေတစ်ခုကိုလာမည့် လများတွင် မူကြမ်းအဆင့်အတည်ပြု နိုင်တော့မည်ဖြစ်ရာ ထိုအချက် က အိမ်ရှင်၊ အိမ်ငှားများကြားဖြစ်ပွားလေ့ ရှိသည့် ပြဿနာများကို ပြေလည်စေမည် ဖြစ်သည့်အပြင် နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ မျှတမှု ရှိသော အခြေအနေ တစ်ရပ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်မျှော်လင့် ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက သုံးသပ်သည်။
တာမွေမြို့နယ်အခြေစိုက် စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေး လုပ်ငန်းမှအုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်က လတ်တလော အိမ်ခြံမြေ နှင့် အကျိုးဆောင်လောက၌ ဖြစ်ပွားသော ပြဿနာများတွင် စာချုပ်စာတမ်း၊ မြေဂရန်အတုဖြင့် ရောင်းဝယ်ခြင်းများသည် ဖြစ်ပွား မှုအများဆုံးသော ပြဿနာ များဖြစ်ကြောင်း ပြောသည်။
"စာချုပ်စာတမ်းအတု၊ မြေဂရန်အတု လုပ်ပြီး ရောင်းဝယ်တာတွေက အကျိုး ဆောင်လောကမှာအဖြစ်အများဆုံးကိစ္စတွေပါ၊ ဒါတွေက အကျိုးဆောင်လောက မှာဖြစ်ပွားလာခဲ့တာဆိုရင် ဆယ်စုနှစ် တစ်ခုလောက်ရှိခဲ့ပါပြီ၊ ကျွန်တော်တို့ အကျိုးဆောင်အနေနဲ့ ကတော့ အိမ်ခြံမြေ အရောင်းအ၀ယ်မပြုလုပ်ခင်မှာ ရှေ့နေနဲ့ တိုင်ပင်ပြီး စာရွက်စာတမ်း အထောက်အထားခိုင်မာမှုရှိမရှိသေချာ စစ်ဆေးခဲ့တဲ့ အတွက် ဒါမျိုးမကြုံခဲ့ရ ပေမယ့် ကြားသိနေရတဲ့ ထဲမှာ ဒါမျိုး ကိစ္စတွေအများဆုံးပါပဲ၊
"ဒါကြောင့် ပြောချင်တာကတော့ အိမ်ခြံမြေလောကထဲမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေဖြစ်တဲ့အိမ်ရှင်၊ အိမ်ငှားကိစ္စ တွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ဥပဒေတစ်ရပ်သာ အတည်ပြုပြဋ္ဌာန်း နိုင်ပြီဆိုရင် အိမ်ခြံမြေနဲ့အကျိုးဆောင် လောကမှာရှိတဲ့ ပြဿနာတွေကို အများကြီးလျော့ပါးသွားစေနိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးစိုင်းခွန်နောင်က ပြောသည်။
တိုက်ခန်းအရောင်းအ၀ယ်များတွင် အထောက်အထားခိုင်မာမှုရှိမရှိသေချာစွာ မစစ်ဆေးခဲ့ခြင်းများကြောင့် စာချုပ် စာတမ်းအတုများ ဖြင့် အရောင်း အ၀ယ်လုပ်ခြင်းမျိုးကြုံခဲ့ရပါက ၀ယ်သူ တွင် ကြီးမားသောထိခိုက်နစ်နာမှု များနှင့် ကြုံတွေ့ခဲ့ရသည့်အဖြစ်မျိုး အိမ်ခြံ မြေလောကတွင် ဖြစ်ပွားခဲ့ သကဲ့သို့ ခိုင်မာမှုမရှိသည့် မြေပါမစ်များကို အဆင့်ဆင့်လက် လွှဲရောင်းချမှုများကိုလည်း အထူးသတိထား ရန် လိုအပ်ကြောင်း ၎င်းကသတိပေးပြော ကြားခဲ့သည်။
အလုံမြို့နယ်အခြေစိုက် ကြယ်စင် လင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ကိုစိုးဝဏ္ဏက လည်း အစိုးရမှ အိမ်ငှား၊ မြေငှားနှင့် ဆိုင် သော ဥပဒေတစ်ရပ်အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် မူကြမ်းအဆင့်ပြုစု ဆောင်ရွက်နေသည်ကိုကြိုဆို ကြောင်း ၎င်းအမြင်ကို ပြောသည်။
"ဒီလို ဥပဒေပေါ်ထွက်လာမယ်လို့ သိရတာ ကောင်းတဲ့အချက်ပါ၊ အရင် အစိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေ ဟောင်းတစ်ခုကို ခေတ်ကာလနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရေးဆွဲ တာ၊ တစ်ဆက်တည်းမှာပဲ အိမ်ရှင်တွေ၊ အိမ်ငှားတွေ သိရှိလာအောင် လုပ်ပေးတာတွေကို ကြိုဆိုရမှာ ဖြစ်ပါတယ်၊
"သိသလောက်ပြောရမယ်ဆိုရင် အိမ် ရှင်၊ အိမ်ငှားနှစ်ဦးနှစ်ဖက်စလုံးအတွက် ယုံကြည်မှု၊ နားလည်မှု၊ ရင်းနှီးခင်မင်မှု တွေကို ထောက်ရှုပြီး စာချုပ်စာတမ်းခိုင် မာအောင် မချုပ်ဆိုတာတွေက လက်ရှိ အချိန်အိမ်ခြံမြေလောကမှာ ဖြစ်ပွားမှု နည်းနေပေမယ့် အခုလို ဥပဒေမျိုးသာ ထုတ်ပြန်လိုက်မယ်ဆိုရင် အိမ်ရှင်၊ အိမ် ငှားပြဿနာတွေ လက်ရှိအချိန်ထက်ပို လျော့နည်းသွားမယ်လို့ ခန့်မှန်းတယ်" ဟု ၎င်းကပြောသည်။
အိမ်ခြံမြေအရောင်းအ၀ယ်၊ အငှား ဆိုင် ရာစာချုပ်များ ချုပ်ဆိုရာတွင် အိမ်ရှင်များနှင့် အိမ်ငှားများဘက်မှ လိုက်နာရမည့်အချက်များကို သေချာ စွာ ခိုင်ခိုင်မာမာထည့်သွင်းချုပ်ဆိုထား ရန်လိုအပ်ပြီး သို့မှသာ ပြဿနာ ဖြစ်ပွား ခဲ့သည်ရှိသော် နှစ်ဦးနှစ်ဖက်နစ်နာမှု မရှိဘဲ မှန်ကန်စွာဖြေရှင်းနိုင်မည်ဖြစ် ကြောင်းလည်းကိုစိုးဝဏ္ဏကပြောသည်။
သို့ရာတွင် စာချုပ်စာတမ်းဆိုင်ရာ ဥပဒေ များကို အပြည့်အ၀နားမလည်သည့် အချို့သော အိမ်ရှင်၊ အိမ်ငှားများက အိမ ခြံမြေဆိုင်ရာ စာချုပ်များကိုသေချာတိကျ စွာ ချုပ်ဆိုခြင်းမရှိဘဲ ပေါ့ပေါ့တန်တန် လုပ်ဆောင်လာကြခြင်းများက ဆိုးကျိုး များနှင့်အတူ ပြဿနာ များပေါ်ပေါက် လာခြင်း၏အဓိကအကြောင်းရင်းဖြစ်ပြီး ထိုသို့သော ကိစ္စများသည်အရောင်း အ၀ယ်ထက် အငှားဆိုင်ရာကိစ္စများတွင် ပိုမိုဖြစ်လေ့ရှိသည်ဟု ၎င်းက ပြောသည်။
"အိမ်ခြံမြေငှားတဲ့၊ရောင်းတဲ့ကိစ္စတွေ မှာ စာချုပ်စာတမ်းမခိုင်မာမှုကြောင့် ပြဿနာဖြစ်မှုတွေမှာ အရောင်းအ၀ယ်ထက် ငှားရမ်းမှု တွေမှာ ပိုမိုဖြစ်တာ တွေ့ရတယ်၊ တွေ့ရှိရသလောက် အငှား ဈေးကွက်မှာ စာချုပ်စာတမ်းခိုင်မာမှု မရှိတာကြောင့် ပြဿနာဖြစ်မှုက ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး အရောင်းအ၀ယ် မှာတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲ တွေ့ရ တယ်"ဟု ကိုစိုးဝဏ္ဏက ပြောသည်။
"ဒါပေမယ့် အခုနှစ်ပိုင်းတွေမှာ အိမ် ရှင်၊ အိမ်ငှားပြဿနာတွေ သိပ်အများကြီး ပေါ်ပေါက်လာတာမတွေ့ရတော့ပါဘူး၊ အရင်ကာလ တွေမှာ ပြဿနာဖြစ်ပွား ရတာရဲ့အဓိကအကြောင်းရင်းကို ကြည့် မယ်ဆိုရင် စာချုပ်တွေကို အသစ်ထပ် မချုပ်တာ၊ ဥပမာ-ငါးနှစ်၊ ဆယ်နှစ်ငှား တဲ့ အငှားစာချုပ်တွေမှာ တစ်နှစ်တစ်ခါ ပြန်ပြီးတော့ စာချုပ်သစ်ချုပ်ဆိုသင့် တယ်၊ နှစ်ချုပ်နဲ့ အပျောက်ငှားတဲ့ ကိစ္စ တွေမှာလည်း တစ်နှစ်ပြည့်တဲ့အခါ စာချုပ်ထပ်မချုပ်ဘဲ သတ်မှတ်အငှား သက်တမ်းပြည့်တဲ့အထိ ဆက်လက်ငှား ထားတာက ငှားသူကို မိမိရဲ့အိမ်၊ သို့မဟုတ် တိုက်ခန်းကိုငှားထားပါ တယ်ဆိုတဲ့ စာချုပ်က အပြည့်အ၀ ထိရောက်ခိုင်မာမှုမရှိဘူးဖြစ်နေတယ်"ဟု ၎င်းကသုံးသပ်ပြောဆိုသည်။
အိမ်ငှားကိစ္စတွေမှာ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ တရားဝင် အခွန်ဆောင်ထားတဲ့ တံဆိပ်ခေါင်း တန်ဖိုးထက် လျှော့၍ ချုပ်ဆိုကြ လေ့ရှိပြီး အရပ်စာချုပ်ဖြင့် နှစ်ဦး သဘောတူချုပ်ဆိုကြခြင်းကြောင့် အချက်အလက်ပြည့်စုံမှု မရှိခြင်းက အဓိက အားနည်းချက်ဖြစ်ကြောင်း ၎င်းကပြောသည်။
"အငှားမှာအိမ်ရှင်၊ အိမ်ငှားနှစ်ဦးနှစ် ဖက်နားလည်မှုနဲ့ သဘောတူစာချုပ် တွေချုပ်ကြတဲ့အခါမှာ အချက်အလက် ပြည့်စုံဖို့ လိုတယ်၊ ပြည့်ပြည့်စုံစုံထည့် သွင်းချုပ်ဆိုတာကို သဘောတူလက်ခံ မှသာ ခိုင်မာတဲ့ စာချုပ်ဖြစ်မှာဖြစ်ပြီး ပြဿနာဖြစ်ခဲ့ရင်လည်း အိမ်ရှင်ဘက် က နစ်နာစရာမရှိဘဲ မျှတတဲ့အခြေအနေ ဖြစ်လာမယ်"ဟု ၎င်းကပြောသည်။
"အိမ်ငှားတွေမှာ စာချုပ်စာတမ်းခိုင် မာမှုမရှိရင် အိမ်ရှင်အိမ်ငှားပြဿနာ တွေ ပိုဖြစ်လာပြီး အိမ်ရှင်တွေဘက် ကလည်း နစ်နာမှု တွေရှိလာတာတွေ့ရ တယ်၊ အတွေ့အကြုံအရပြောရမယ် ဆိုရင် တချို့ကျတော့ စာချုပ်ချုပ် အိမ်ငှားပြီးလို့ အငှားကာလစတင်ပြီး သိပ်မကြာခင်မှာပဲ တိုက်ခန်းဝယ်ထား တဲ့ အိမ်ပိုင်ရှင်လို ဟန်ဆောင်ပြီး တိုက်ခန်းကို တခြားလူဆီမှာ အပေါင်ခံတာ၊ ဒီအတွက် ပိုက်ဆံရပြီးတာနဲ့ ထွက် ပြေးတိမ်းရှောင်သွားတာမျိုးတွေရှိတယ်၊ အိမ်ရှင်ကသိတော့မှ လိုက်လံစစ်ဆေး တော့ စာချုပ်စာတမ်း အတု တွေနဲ့ ရောင်းဝယ်မိတာမျိုးတွေဖြစ်နေတယ်၊ သိရသလောက် ဒါမျိုးတွေက တာမွေ၊ လှိုင်၊ ဒဂုံမြို့နယ်တွေမှာ ဖြစ်ပွားတာများ တယ်၊ စာချုပ်စာတမ်းသာ ခိုင်မာ မှန်ကန်မှုမရှိခဲ့ဖူးဆိုရင် အိမ်ရှင်တွေ ဘက်က ငွေရော အချိန်ရောနစ်နာ တယ်"ဟုလည်း ရန်ကင်းမြို့နယ် အခြေစိုက်အလွတ်အကျိုးဆောင်တစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။
"တရားဝင်စာချုပ်စာတမ်းတွေခိုင် မာမှုမရှိတာ၊ အသိသက်သေတွေနဲ့ ခိုင် မာအောင် မချုပ်ဆိုတာတွေက အရမ်း အန္တရာယ်များတယ်၊ အိမ်ရှင်တွေကို အယုံသွင်းပြီး ငှားရမ်းတာတွေက ဆိုးကျိုးတွေဖြစ်လာနိုင်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့်ပင် အိမ်ခြံမြေနှင့်အကျိုး ဆောင်လောကအတွက်အကျိုးဖြစ်ထွန်း စေမည့် အိမ်ငှား၊ မြေငှားဥပဒေတစ်ရပ် အနာဂတ်ကာလ တွင် ပေါ်ထွန်းလာမည် ဆိုသော အချက်က အကျိုးဆောင် လောကနှင့် ဆက်နွှယ်သည့်ပြဿနာနှင့် အခက်အခဲများကို များစွာ နည်းပါး သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကထင်မြင်ချက် ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
"အိမ်ရှင်၊ အိမ်ငှားဆိုင်ရာ ပြဿနာ တွေကို ရည်ရွယ်ဖြေရှင်းပေးမယ့် ဥပဒေ တစ်ရပ်ပေါ်ထွက်လာမယ်ဆိုတာကို ကြိုဆိုပါတယ်၊ အိမ်ခြံမြေလောက အတွက် အများကြီးကောင်းသွားမယ့် အပြင် အိမ်ငှားဈေးကွက်ကို ပိုမိုခိုင်မာ ပီပြင်လာစေမယ်လို့လည်း အပြည့်အ၀ ယုံကြည်ပါတယ်"ဟု အဆိုပါ အကျိုး ဆောင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။