Sunday, November 11, 2012

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့




စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့ 

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၁
ယနေ့ နံနက် (၇) နာရီ (၄၂) မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် (၈၂)မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်) စကေး (၆ ဒဿမ ၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း၊ နံနက် (၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၉) မိုင်ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၃၆)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက် (၄)မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၅ ဒဿမ ၀) အဆင့်ရှိ ငလျင်တစ်ခုနှင့် နံနက်(၈)နာရီ (၂) မိနစ် (၂၈) စက္ကန့်တွင် မန္တလေးမြို့မှ မြောက်ဘက် (၅၃)မိုင်ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် (၁၆)မိုင် ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၄၁)မိုင် ခန့်နှင့် သပိတ်ကျင်းမှ အနောက် တောင်ဘက် (၁၂)မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၅ ဒဿမ ၀) အဆင့်ရှိ ငလျင်တစ်ခု၊ စုစုပေါင်း (၃) ကြိမ် လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ် တို့တွင် ပျက်စီးမှု အချို့နှင့် ထိခိုက်သေဆုံးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော် ဘုရား စိန်ဖူးတော်တိုင် အနည်းငယ် တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရား ထီးတော်ထိပ်မှ ဖန်သီးအချို့ ပြုတ်ကျခြင်း၊ မဟာစေတီ ဘုရားတွင် ဘုရား၏ လုံးပတ်နေရာ အချို့ အနည်းငယ် ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင် ချမ်းသာကြီးဘုရား စိန်ဖူးတော် ပြုတ်ကျခြင်း၊ ထူပါရုံဘုရား သပိတ်မှောက် အောက်ပတ်လည်တွင် အက်ကြောင်း အချို့ ဖြစ်ပေါ်ခြင်း၊ ရတနာပုံတံတား ထိပ်ရှိ မုခ်ဦး အနည်းငယ် ပျက်စီးခြင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဂိုဒေါင်အဆောက်အဦ၏ နံရံ (၁၀) ပေ ခန့်ပြိုကျခဲ့ခြင်း၊ မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ်နေရာရွေ့ခြင်း၊ ဝန်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ်နံရံပြိုကျပြီး ပေါ်ထပ်ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ကျောက်မြောင်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အိမ် (၁) အိမ်မှ အုတ်တံတိုင်း (၃) ခန်း ပြိုကျခဲ့ရာမှ အမျိုးသမီး တစ်ဦး အုတ်တံတိုင်း ပိသေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ဃ) ၏ RP-1 နှင့် RP-2 ကြားနှင့် RP-2 နှင့် RP-3  ကြား တံတား အခန်း(၂) ခန်းမှ တပ်ဆင်ဆဲ သံပေါင်များ၊ သံပေါင်ပေါ်ရှိ Ereation Tower နှင့် Ereation Crane တို့ ပြုတ်ကျသွားပြီး တံတားအောက် ဘက်ရှိ ရေယာဉ်များပေါ် ကျရောက်သဖြင့် Barge (၁) စီးနှင့် Z-craft  (၁) စီး နစ်မြုပ်ကာ (၁) ဦးသေဆုံး၊ (၄) ဦး ပျောက်ဆုံး၍ (၁၅) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျောက်မြောင်းရွာတွင် ကျေးရွာဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁) ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတနုးကျောင်း အဆောက်အဦ ၏ (၇၀) ရာနှုန်း ပြိုကျပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ် ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း။
ရွှေဘိုမြို့တွင် မြို့ထောင့်စေတီ ဘုရား၏ ထီးတော် ယိုင်လဲခြင်း၊ လမ်းလယ်ဘုရား ဓမ္မာရုံ၏ ကဆွန်ပြိုကျခြင်း၊ အရှေ့လောကမာရဇိန်ဘုရားမုခ်ဦးပြိုကျခြင်း၊ ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက် ကြာလန်အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထိလာ ဘုန်းကြီးကျောင်း နှင့် အရှေ့လောကမာရဇိန် ဘုန်ကြီးကျောင်းတို့၏ မုခ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်းအတွင်း ရှေးဟောင်းစေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁)ခု မြေခခြင်း၊ ဇောတိကရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း(၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း(၄)ခန်း တို့ပြိုကျခြင်း၊ အမှတ်(၉) ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း(၄) ခန်းပြိုကျခြင်း၊ မင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦး ပြိုကျခြင်း၊ အမှတ်(၁)ရပ်ကွက် ဆန်စက်(၁)ခု၏ ခေါင်းတိုင် ထိပ်ပိုင်း (၆)ပေခန့် ပြိုကျခြင်းနှင့် ဈေးဆိုင်ခန်းတစ်ခု၏ အပေါ်ထပ်အုတ်နံရံ ပြိုကျခြင်း၊ ညောင်ပင်သာ(၁၁) ကေဗွီ ဓာတ်အားလိုင်းမှ (၁၀)မီတာ ကွန်ကရစ်တိုင် (၁) တိုင် ကျိုးခြင်း၊ အမှတ်(၄) ရပ်ကွက် (၄၀၀) ဗို့ဓာတ်အားလိုင်းမှ (၉)မီတာ ကွန်ကရစ်တိုင်(၁) တိုင် ကျိုးပဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ခင်ဦးမြို့တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက် အုတ်တံတိုင်း(၁၀)ခန်း ပြိုကျခြင်း၊ တဘွတ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နှစ်ထပ် ဘုန်းတော်ကြီး စာသင်ကျောင်း ပြိုကျခဲ့ပြီး သံဃာ(၁)ပါး ဒဏ်ရာရရှိခြင်း၊ ကုက်တက်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်းနှင့် အညာသီဟတော ဘုရား ထီးတော်ယိုင်၍ အာရုံခံ တန်ဆောင်းပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ တိုက်နယ်ဆေးရုံမှ လူနာဆောင် (၁)လုံးပြိုကျပျက်စီးခြင်း၊ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းအုတ်နံရံများ ပြိုကျခြင်း၊ စေတီ(၁၀) ဆူပြိုကျခြင်း၊ မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း (၁၂)ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂)ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေအလုံး (၂၀) ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းမှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွှန့် ဆန်စက် ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ  ရွာလယ်စေတီ ထီးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော် ကျေးရွာဘုရား စိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီး ကျေးရွာဘုရား စိန်ဖူးတော် မြေခခြင်းနှင့် အင်းမဲကြီး ကျေးရွာဘုရား စိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
မန္တလေးမြို့တွင် လေးမျက်နှာဘုရား၊ အရိပ်မထွက် ဘုရားနှင့် စန္ဒာမုနိ ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ခြင်း၊ နန်းဦးစေတီ အရှေ့ဘက်မုခ် ပြသာဒ် အလျား (၈) ပေ ခန့် ပြိုကျခဲ့ခြင်း၊ အောင်မြေရွှေဘုံဘုရား စိန်ဖူးတော် မြေခခြင်း၊ ရွှေလင်းပင်ဘုရား သံထီးတော်ယိုင်ခြင်း၊ ကျောက်တော်ကြီးဘုရား အရှေ့မုခ်ဦး တိုင်ကျိုး၍ မျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ၏ ထီးတော် မြေခခြင်း၊ ရွှေဘုံသာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ငွေအိုးရဘုရား ပြသာဒ် ပြုတ်ကျခြင်း၊ သစ်မင်းရာဇာ ကုမ္ပဏီ (၅) ခန်းတွဲ (၂) ထပ်မှ (၂) ထပ် (၁) ခန်း ပြိုကျခြင်း၊ ကံလှဓမ္မာရုံ ပြသာဒ် ပျက်စီးခြင်း၊ ဦးရွှေရိုးဘုရားကြီး စောင်းတန်း အနောက်ဘက် အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ်မှ (၂) ထပ် တိုက်အိမ် (၁) လုံး အက်ကွဲခြင်း၊ အမှတ် (၇) ရဲစခန်း အနောက်ဘက် အုတ်တံတိုင်း ပေ (၇၀) ခန့် ပြိုကျ ပျက်စီးခြင်း၊ မကျည်းကိုင်း မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
အမရပူရ မြို့နယ်တွင် ပုထိုးတော်ကြီး စေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး စွယ်တော်မြတ် စေတီ (မန္တလေး) ၏ စိန်ဖူးတော် အလယ်ပစ္စယံသို့ ပြုတ်ကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
တံတားဦး မြို့နယ်တွင် မင်္ဂလာစေတီတော် ကောက်သွားခြင်း၊ ဆေးအိုးဘိုစေတီ ဖောင်းရစ်များ ကွာကျခြင်း၊ စန္ဒာမုနိဘုရား၊ လေးထပ်ကြီးဘုရားနှင့် လောကသရဖူ ဘုရားတို့တွင် ဖောင်းရစ်များ ကွာကျခြင်း၊ လက်ပံလှ ပင်မဓါတ်အားခွဲရုံရှိ စတိုး အဆောက်အဦ၏ မြင့်မိုရ်ပိတ် တစ်ခြမ်းနှင့် ယင်းနှင့် ကပ်လျက်ရှိသည့် အုတ်နံရံ (၄) ပေ ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ကျောက်ဆည်မြို့တွင် ဘနွဲ့ရွာ ဝေဇယန္တာ ကျောင်းတိုက်ရှိ အောင်တော်မူဘုရား စိန်ဖူးတော် မြေခခဲ့ကြောင်း။
စဥ့်ကူးမြို့တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျခြင်း၊ ရွှေယက်တောင် ဘုရား၏ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျခြင်း၊ တောရကျောင်းတိုက် အုတ်တံတိုင်း (၅) ခန်း ပြိုကျခြင်း၊ ပရိယတ္တိ သတ္တမဝံ သနန္ဒာ ကျောင်းတိုက် အုတ်တံတိုင်း ပေ (၆၀၀) ခန့် ပြိုကျခြင်း၊ ရွှေစည်းခုံဘုရား စေတီတစ်ဆူ ထီးတော် မြေခခြင်း၊ ရွှေဂူကြီး မူလတန်းကျောင်းရှိ ကျောင်းဆောင် တစ်ဆောင်နှင့် အုတ်တံတိုင်း ပေ (၃၀၀) ခန့် ပြိုကျခြင်း၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပြီး ၎င်းအိမ်နေ လူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ နွယ်ရုံ ရဲကင်း၏ မျက်နှာကျက် ပြိုကျခြင်း၊ နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင်၏ အုတ်နံရံ ပြိုကျရာမှ အမျိုးသား (၁) ဦး သေဆုံးခဲ့ခြင်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ အနောက်ဘက် အုတ်တံတိုင်း ပေ (၉၀) ခန့် ပြိုကျခဲ့ပြီး ရုံးဝင်းအတွင်းရှိ ဓါတ်အားခွဲရုံ၏  (၃၃) ကေဗွီ LA (၂) ခု ကျိုးပဲ့ ပျက်စီးခြင်း၊ ကျည်တောက်ပေါက် ခွဲရုံမှ (၃၃) ကေဗွီ ထရန်စဖော်မာ၏ Bushing (၁) လုံး ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ အဆောက်အဦး တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲစခန်း ရိပ်သာနှင့် စခန်းရုံး နံရံ ပြိုကျခဲ့ခြင်းနှင့် ဝန်ထမ်း နေအိမ် (၁) လုံး၏ နံရံ ပြိုကျခဲ့ခြင်း၊ အိမ်ခြေ (၁၀၀) ခန့် ထိခိုက်ပျက်စီးခြင်း၊ အိမ် (၁) လုံး ပြိုကျပြီး လူ (၁) ဦး သေဆုံးကာ (၂၄) ဦး ဒဏ်ရာရရှိခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး အပေါ်ထပ် အနည်းငယ် ပျက်စီးခြင်း၊ မျက်နှာကျက် ပျက်စီးခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း (၂) ခန်း ပြိုကျခြင်း၊ ဆေးရုံ ရှေ့အုတ်တံတိုင်း ပြိုကျခြင်း၊ ဘဏ်အဆောက်အဦ ရှေ့အဆောင် ပြိုကျခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အပေါ်ထပ်နှင့် ဘုရားစင် ပြိုကျခြင်း၊ ဆိပ်ကမ်း မူလတန်းကျောင်း အဆောက်အဦ နံရံများ ပြိုကျခြင်းနှင့် ထပ်ဆင့်လွှင့် စက်ရုံတာဝါတိုင် ယိုင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
မိုးညှင်းမြို့ ရွှေသာလျောင်း ဘုရားကြီး ဝန်းအတွင်းရှိ ဂန္ဓကုဋီတိုက် မျက်နှာစာ အခန်း (၃) ခန်း ရှိ နံရံနှင့် အုတ်တိုင် အချို့ အက်ကွဲခဲ့ကြောင်း။
မိုးကုတ်မြို့နယ်တွင် စေတီ (၃) ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ငလျင် ဘေးဒဏ်သင့် ဒေသများတွင် အပျက်အစီးနှင့် ဆုံးရှုံးမှု အခြေအနေကို ဒေသ အာဏာပိုင်များက စာရင်းကောက်ယူလျက် ရှိကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်ချိန် သတင်းများအရ သေဆုံးသူ (၆) ဦး၊ ဒဏ်ရာရ (၅၀)၊ ပျောက်ဆုံး (၄) ဦး ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင် ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များမှ လိုအပ်သည်များ ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက လှုရှားခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အချို့ ရှိခဲ့သော်လည်း ထိုဒေသရှိ ဆည်တာတမံများနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ဝင်း အတွင်းရှိ ဥာဏ်တော်အမြင့် (၄၂၄) ပေ ရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီးမှာ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်းများအရ မြန်မာစံတော်ချိန် ယနေ့ ညနေ (၅) နာရီ (၂၆) မိနစ် စက္ကန့် (၂၀) တွင် ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် (၁၅) မိုင်ခန့်အကွာ နေရာကို ဗဟိုပြုလျက် အင်အား ရစ်ခ်တာစကေး (၅.၈) အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော ငလျင် တစ်ခု ထပ်မံ လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ရာ အဆိုပါ ငလျင်နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများအား ထပ်မံ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။