Sunday, August 12, 2012

မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍမှ ယခုဘဏ္ဍာရေးနှစ်၏ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၂၉၆၂၁ ကျော်ရရှိ၊ MIC ခွင့်ပြုချက်ဖြင့် BOT ကုမ္ပဏီများမှ စက်သုံးဆီအား အခွန်လွတ်နှင့် များစွာ တင်သွင်းနေ၍ ရရှိမည့် အခွန်များနစ်နာ


မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍမှ ယခုဘဏ္ဍာရေးနှစ်၏ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၂၉၆၂၁ ကျော်ရရှိ၊ MIC ခွင့်ပြုချက်ဖြင့် BOT ကုမ္ပဏီများမှ စက်သုံးဆီအား အခွန်လွတ်နှင့် များစွာ တင်သွင်းနေ၍ ရရှိမည့် အခွန်များနစ်နာ  

Sunday, 12 August 2012 10:54
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် က စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းမှ  အခွန်အရပ်ရပ် စုစုပေါင်း ကျပ်၈၄၀၃၃ သန်းကျော် ရရှိပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဇွန်လကုန်အထိ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်းကျပ်သန်း ၂၉၆၂၁ ကျော် ရရှိထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်က အမျိုးသားလွှတ်တော် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ဖြစ်သော သြဂုတ်လ ၉ ရက်နေ့ တွင် ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာတင်ရွှေ၏ “ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင်ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်း “မေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးဝင်းရှိန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တစ်ဦးချင်းပုဂ္ဂိုလ်များ အား ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင် ၃၉၁ ဆိုင်ဖွင့်လှစ်ခွင့်ပေးထား ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၌ ရောင်းချမှုအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ပြည်ပမှတင်သွင်းရာတွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် စက်သုံးဆီအရောင်းဆိုင်များ၏ ၀င်ငွေခွန်စသည်ဖြင့် အခွန်အရပ်ရပ်မှာ စုစုပေါင်းကျပ် ၄၁၂၁၆ ဒသမ ၆၂၈ သန်း ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

BOT နဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို လုပ်နေတဲ့ ကုမ္ပဏီအများစုက စက်သုံးဆီဆိုင်ဖွင့်ထားတဲ့ ကုမ္ပဏီတွေ ဆိုတော့ တကယ်လုပ်ငန်းသုံးတာလည်း ပါနိုင်ပေမယ့် တစ်ဖက်မှာ ပြန်ရောင်းတာမျိုး ရှိ၊ မရှိ မသိနိုင်ဘူး။ သတိပြုတာ နိုင်ငံပိုအကျိုးရှိပါတယ်  .  .  .
ယင်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ကလည်း စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းမှ အခွန်အရပ်ရပ် စုစုပေါင်းကျပ် ၈၄၀၃၃ ဒသမ ၂၁၆ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခု ၂၀၁၂-၂၀၁၃ဘဏ္ဍာရေး နှစ်တွင် ဧပြီလမှ ဇွန်လကုန်အထိ သုံးလအတွင်းစက်သုံးဆီရောင်းဝယ် ရေးလုပ်ငန်းမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ပြည်ပမှ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်ရပ်ပေါင်း မှာ ကျပ် ၂၉၆၂၁ ဒသမ ၃၆၈ သန်း ရရှိထားကြောင်း၊ ယခုဘဏ္ဍာရေးနှစ် အတွက် ၀င်ငွေခွန်မှာမူ ကြေညာလွှာ တင်သွင်းဆဲ ကာလဖြစ်သည့်အတွက် စည်းကြပ်ကောက်ခံနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်ပမှ စက်သုံးဆီတင်သွင်းမှုမှာ အမေရိ ကန်ဒေါ်လာ ၁၄၆၂ ဒသမ ၉၅၄ သန်း ပမာဏရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၅၀ သန်းဖိုး တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တင်သွင်းသည့် တန်ဖိုးမှာ နှစ် ဆကွာဟမှုမရှိသော်လည်း ကောက်ခံရရှိသည့် အခွန်ငွေမှာ နှစ်ဆအထိ ပင်မြင့်တက်လာကြောင်း၊ ထို့အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က စက်သုံးဆီလုပ်ငန်းမှ အခွန်ပေးဆောင်ကြမှု များစွာနည်းပါးခဲ့သည်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည်သာ ဖြစ်သည်ဟုလည်း သွင်းကုန်လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
ထိုသို့ ကွာဟရခြင်းမှာ နိုင်ငံပိုင်လုပ်ငန်းများအား BOT စနစ်ဖြင့် ကုမ္ပဏီကြီးများက လုပ်ကိုင်ရာတွင်  လုပ်ငန်း အကောင်အထည်ဖော်ရာတွင် အသုံးပြုမည့်ခေါင်းစဉ်ဖြင့် စက်သုံးဆီများအား အခွန်လွတ်ဖြင့် တင်သွင်းခဲ့ကြမှုမှာ အဓိကပါဝင်ကြောင်း၊ ထိုသို့ တင်သွင်းခွင့်ပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ခွင့်ပြုထားကြောင်း သိရသည်။
MIC အနေဖြင့် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလက ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအနေ ဖြင့် ဥပဒေပါ သက်သာခွင့်အရ စက်သုံးဆီအား အခွန်လွတ်ဖြင့် တင်သွင်း ခွင့်ပြုပေးခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလက ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေအခန်း (၇)၊ ပုဒ်မ ၁၃၊(ဇ)တွင်မူ စက်ကိရိယာပစ္စည်းများ တင်သွင်းအသုံးပြုခြင်းသာပါဝင်ပြီး စက်သုံးဆီ မပါဝင်ကြောင်း၊ အဆိုပါ ပုဒ်မ ၁၃(ဇ)တွင် “သတ်မှတ်ထားသည့် ကနဦးရင်းနှီးမြှုပ်နှံမှု ကာလအတွင်း ပြည်တွင်းမှ မရရှိနိုင်သည့် အမှန်တကယ် အသုံးပြုရန်လိုအပ်၍ ပြည်ပမှတင်သွင်းသော စက်ပစ္စည်း၊ စက်အရန်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာအစိတ်အပိုင်း၊ လုပ်ငန်းသုံးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေကင်းလွတ်ခွင့် သို့ မဟုတ်သက်သာခွင့်”ဟု သာ ဖော်ပြပါရှိကြောင်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရလည်း ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ အခန်းတွင်လည်း ပြည်ပမှတင်သွင်း အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ ကိုသာ အဓိကအခွန်က င်းလွတ်ခွင့်ပေးမှုကို ဖော်ပြထားသည်။
“BOT နဲ့နိုင်ငံပိုင် လုပ်ငန်းတွေ ကိုလုပ်နေတဲ့ ကုမ္ပဏီအများစုက စက်သုံးဆီဆိုင်ဖွင့်ထားတဲ့ ကုမ္ပဏီတွေ ဆိုတော့ တကယ်လုပ်ငန်းသုံးတာလည်း ပါနိုင်ပေမယ့် တစ်ဖက်မှာ ပြန်ရောင်းတာမျိုးရှိ မရှိမသိနိုင်ဘူး။ သတိပြုတာနိုင်ငံပိုအကျိုးရှိပါတယ်” ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ပြည်ပမှစက်သုံးဆီ တင်သွင်းမှုအပေါ် ဒီဇယ်နှင့် ဓာတ်ဆီ နှစ်မျိုးစလုံးအား ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသည်။     
Comments 
 +1 #4 For people 2012-08-13 09:18
Myanmar customs need to use independent third party survey companies like Intertek SGS & inspectorate. We required every import & export petroleum products to inspect for quality & quantity survey. Such surveys calculated for Quantity on ship, free water, bunker survey, Draft survey, seal check on ship tank, shore tank out-turn before/after receiving, line holding quantity, sealing all shore outlet valve before operations and so on. All shore tanks must be calibrated by one of world leading survey company, and also be verified with remote radar on top of tank measuring 24 hours logging, all calibration points must be documented. There is no way to lose any single tax money for people if all parties agree on such survey result. This is just a brief procedures of BP, caltex, Exxon, Chevron. same for Gas pipe line survey too...Hope this will send right message to Officials.
 
+8 #3 Public Servant 2012-08-12 20:44
Quoting ကျောင်းသားကြီး:
BP တို့  Shell တို့  Calltex တို့ ကို ပေးဝင်လိုက်ပါ။ ပြီးအ ခွန်ပဲကောက်။
အဲဒါအကောင်းဆုံးပဲ။ အခွန်ကို ဖြတ်အုပ်နေတာ အခွန်ဦးစီးပဲဆိုတာ မသိလေရော့သလား... :-x
 
+19 #2 ကျောင်းသားကြီး 2012-08-12 15:49
BP တို့  Shell တို့  Calltex တို့ ကို ပေးဝင်လိုက်ပါ။ ပြီးအ ခွန်ပဲကောက်။ ဓါတ်ဆီ ဒီဇယ်ကိုအခွန်လျော့တာက နိုင်ငံတိုင်းလုပ်သင့်တယ်။ ဘာလို့ လဲဆို အဲဒါက မရှိမဖြစ် စားသုံးကုန်လိုပဲ။ အခွန်တိုးကောက်ရင် အဲဒီအခွန်ကို တကယ်ပေးရတာက စားသုံးသူ ၀ယ်ယူသူတွေပဲ အဲဒီဆီဈေးတက်ရင် သယ်ယူပို့ ဆောင်ခဈေးတက်မယ်။ အခြားကုန်ဈေးနှုန်းတွေလိုက်တက်မယ် ဒါဆက်စပ်နေတယ် ဒါကြောင့် ဓါတ်ဆီ ဒီဇယ်ဆီတွေကို နိုင်ငံတော်တော်များများက မရှိမဖြစ် ပစ္စည်းအဖြစ် အခွန်လျော့ကြတယ။် ဇိမ်ခံပစ္စည်းလိုဟာမျိုးကျတော့ အခွန်မတရားတင်ကြတယ်။ ဒါမှန်တယ်။
 
+28 #1 Zawtika 2012-08-12 12:14
...... တစ်ဖက်မှာ ပြန်ရောင်းတာမျိုး ရှိ မရှိ မသိနိုင်ဘူး။............ ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
အမယ် သိရက်သားနဲ့ ...ဖုံးဖုံး ဖိဖိ လုပ်နေတယ်...

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။