တစ်သိန်းခွဲအောက် GSM မိုဘိုင်းဖုန်း ချထားမည်ဖြစ်၍ လက်ကျန်ကဒ်များ ပြန်သိမ်းနေ
Myitmakha Media Group, 17 December 2012 —- လာမည့်နှစ်ဆန်းပိုင်းမှစ၍ ကျပ်တစ်သိန်းခွဲအောက်တန်ဖိုးရှိ 3G စနစ်ပါဝင်သော GSM မိုဘိုင်းဖုန်း ဆင်းကဒ်များအား အကန့်အသတ်မရှိ မြန်မာတစ်နိုင်ငံလုံးတွင် ရောင်းချသွားမည်ဖြစ်သဖြင့် ဈေးကွက်အတွင်းရောင်းချရန် ကျန်ရှိနေသော နှစ်သိန်းတန်ဖုန်းများအား ပြန်လည်သိမ်းဆည်း နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ရန်ကုန်၊ နေပြည်တော်နှင့့်  မန္တလေးအစရှိ သော မြို့ကြီးများ၌ တပြိုင်နက်ချထားပေးမည်ဖြစ်သော ကြောင့် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် လက်ကျန်နှစ်သိန်းတန် မိုဘိုင်းဖုန်းကဒ်များအား ပြန်လည်သိမ်းဆည်းနေခြင်း ဖြစ်သည်။
“ အခုလို ချပေးသွားမယ့် တန်ဖိုးနည်းဖုန်းတွေအတွက် ဈေးနှုန်းကိုတော့ ယခုလက်ရှိမှာ အတိအကျမသတ်မှတ်ရသေးဘဲ ငွေကျပ် တစ်သိန်း ငါးသောင်းဝန်းကျင်လောက် ဈေးနှုန်းခန့်မှန်းထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေကို ပေးထားတဲ့ဟာတွေကို နောက်လဆိုရင် ဈေးလျှော့ရောင်းမှာဆိုတော့ ဈေးကွက်ထဲက သူတို့ မရောင်းရသေးတဲ့ ဟာတွေကို ပြန်သိမ်းတာပါ။ ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
လက်ရှိမိုဘိုင်းဖုန်းဈေးကွက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခင်ချထားပေးခဲ့သည့် နှစ်သိန်းတန် ဖုန်းများအား ပြန်လည်သိမ်းဆည်းနေသည့်အတွက် ဈေးကွက်အတွင်း ၀ယ်ယူ၍ မရရှိတော့ပေ။
“အခု ၂ သိန်းတန်ဖုန်းတွေမရှိတော့ပါဘူး။ တန်ဖိုးနည်းဖုန်းတွေထွက်မှာမို့လို့ ပြန်သိမ်းသွားတာပါ။ အခုဝယ်လို့ မရတော့ပါဘူး ။ အပြင်ဆိုင်တွေမှာတော့ မသိဘူး။ ကျွန်တော်တို့ Elite မှာ ရုံးချုပ်က ပြန်သိမ်းခိုင်းလို့ ကဒ်တွေပေးလိုက်ပြီ။ ၀ယ်လို့ မရတော့ဘူး။”ဟု Elite Sell Center မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထပ်မံချထားပေးမည့် မိုဘိုင်းဖုန်း GSM ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် အလုံးရေ(၁) သန်းနီးပါး ချထားပေးရန်စီစဉ်ထားရှိကြောင်းနှင့် အခြားမြို့များသို့လည်း သတ်မှတ်အလုံးရေနှုန်းထားအလိုက် ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးမည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ အရောင်းစင်တာ(၁၈)ခု ဖွင့်လှစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန)မှ မိုဘိုင်းအင်ဂျင်နီယာချုပ်၏ ထံမှ သိရသည်။
ရောင်းချပေးမည့် နေရာများမှာ – လမ်း ၄ဝ အော်တိုအင်ဂျင်နီယာချုပ်ရုံး၊ အမှတ် ၁၂၅ ပန်းဆိုး တန်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊ ရွှေဂုံတိုင်ဗဟန်း မိုဘိုင်းအင်ဂျင်နီယာ ချုပ်ရုံး၊ အလုံမိုဘိုင်းဌာနရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာကြီးရုံး၊ အင်းစိန် စာ တိုက်၊ တက္ကသိုလ်စာတိုက် (ကမာရွတ်)၊ ဗိုလ်တထောင်စာတိုက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း စာတိုက်၊ ရန်ကင်းစာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊ သန်လျင် အိတ်ချိန်း၊ သုံးခွအိတ်ချိန်း၊ တွံတေးအိတ်ချိန်း၊ ထန်းတပင်အိတ်ချိန်း၊ မှော်ဘီအိတ်ချိန်း၊ တိုက်ကြီး အိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်းစသည့် နေရာမျာတွင် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုနှစ်အတွင်းတွင် GSM မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းဖြင့် လည်းကောင်း၊ WCDMA မိုဘိုင်းဖုန်းများကိုကျပ် နှစ်သိန်းခွဲဖြင့်လည်းကောင်း ရောင်းချပေးခဲ့ခြင်း ကြောင့် ယခုနှစ် ဧပြီလမှစ၍ ပြည်တွင်း၌ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ သိသိသာသာ တိုးတက်လာခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးသည် ကျပ်နှစ်သိန်းတန် ဖုန်းကဒ်များအား ၂၀၁၂ ခုနှစ် ဧပြီလတွင် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်သည်။
ဉာဏ်ဉာဏ်+ ထက်အောင်ခန့်(မြစ်မခ)
No comments:
Post a Comment