Monday, December 17, 2012

လက်ပန်းတောင်း သပိတ်စခန်းသစ် အာဏာပိုင်တွေ တားမြစ်



လက်ပန်းတောင်း သပိတ်စခန်းသစ် အာဏာပိုင်တွေ တားမြစ်


DVB News, 17 December 2012  —-  လက်ပန်းတောင်း ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းပေးဖို့ သပိတ်စခန်းဖွင့်ထားတဲ့ တုံရွာထိပ်က သပိတ်စခန်းကို ရပ်ဆိုင်းဖို့ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး အဆင့်ရှိသူက လာရောက် အသိပေးသွားပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညေန ၅ နာရီလောက်က စတင်ဖွင့်လှစ်တဲ့ တုံရွာသပိတ်စခန်းမှာ အဓိကအားဖြင့် တုံရွာ-မိုးကြိုးပြင်နဲ့ ဆည်တဲကျေးရွာက ရွာသားတွေက သပိတ်စခန်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရွာသူရွာသားတွေရဲ့ သပိတ်စခန်းနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းဆိုပြီး ၂ ခုဖွင့်ခဲ့တာပါ။
ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့ခင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိက သပိတ်စခန်းတွေကို ရုပ်သိမ်းဖို့ လာရောက်ပြောဆိုတယ်လို့ ပြည်တွင်းသတင်းထောက်တဦးက ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ညွှန်မှူး၊ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ပဲ ဦးတင်မြင့်က သပိတ်စခန်းရုပ်သိမ်းဖို့ လာပြောတယ်။ သပိတ်စခန်းကော်မတီက လက်ပန်းတောင်း ကြေးနီစီမံကိန်း မဖျက်မသိမ်းမချင်း ဖွင့်ထားမယ်လို့ ပြန်ပြောကြတယ်။”
ဆန္ဒပြချင်ရင် တရားဝင်ခွင့်တောင်းဖို့ ပြည်ထဲရေးအရာရှိက ပြောကြောင်းနဲ့ ဆန္ဒပြသူတွေက ခွင့်အကြိမ်ကြိမ် တောင်းပေမယ့်မရလို့ မထူးတာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒပြရတယ်လို့ ပြန်ပြောခဲ့ကြပါတယ်။
သပိတ်စခန်း ၂ ခုမှာ သံဃာအပါး ၂၀ ကျော်ခန့်နဲ့ အနည်းဆုံးလူ ၈၀ဝ ခန့်ညအိပ်ကြပီး အမျိုးသမီးထု အများဆုံးမြင်ရတယ်လို့ ဆိုပါတယ်။
သပိတ်စခန်းစဖွင့်ပြီး နောက်တရက် ၁၃ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က တားမြစ်ခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေက စီမံကိန်းရပ်ဖို့ လိုလားကြောင်း ပြန်ပြောလိုက်တယ်လို့ ဆိုပါတယ်။
ညဘက်တွေမှာ သပိတ်စခန်းတည်ရှိရာ လမ်းပေါ်မှာ လူအပြည့်တင်ထာတဲ့ ကားတစီး အပြန်အလှန် လှည့်လည် မောင်းနှင်နေတယ်လို့လည်း သတင်းထောက်က ပြောပြပါတယ်။
“သပိတ်စခန်းက ၂၄ နာရီရှိနေတယ်။ ညဘက်ဆိုရင် ဝမ်ပေါင်ကုမ္ပဏီဘက်က တရုတ်ကားလိုပုံစံမျိုး ကားတစီးမှာ လူအပြည့်တင်ပြီး အခေါက်ခေါက်အခါအခါ ဖြတ်တယ်။ ကားပေါ်မှာ စွမ်းအားရှင်လိုပုံစံမျိုးလူတွေပါတယ်။”
နိုဝင်ဘာလလည်ပိုင်းက သပိတ်စခန်းတွေကို အစိုးရက အကြမ်းဖက် ဖြိုခွင်းခံရစဉ်က တွေ့ကြုံဖူးခဲ့သူ သပိတ်စခန်း ကော်မတီဝင် ကိုအောင်မြင့်သိန်းကလည်း အလျော့ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒေသခံတွေအနေနဲ့ လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ စတင် တိုက်ပွဲဝင်ကတည်းက ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ထမင်းထုပ် ကိုယ်ထုပ်ပြီး တိုက်လာတာပဲ။ ဒီထဲမှာ လာလှူသူရှိရင် ယူတယ်။ မလှူရင်လည်း ကိုယ်ထူကိုယ်ထ တိုက်ပွဲဝင်လာလို့ ဒေသခံတွေအနေနဲ့က ဘာပြဿနာမှ မရှိပါဘူး။ နောင်တချိန်မှာ အကြမ်းဖက် နှိမ်နင်းလာမယ်ဆိုရင်လည်း ဒေသခံတွေအနေနဲ့က ဒါအပေါ်မှာ အသက်နဲ့ရင်းပြီး၊ ကျနော်တို့ရဲ့ ဘဝသစ်ပင်တွေ ခုတ်ထွင်ခဲ့တဲ့ လယ်ယာမြေတွကို ကျနော်တို့လက်ထက်ကျမှ တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်တွေဆီမှာ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ အသက်နဲ့ ရင်းပြီး ကာကွယ်မှာ ဖြစ်တယ်။”
နိုဝင်ဘာလလည်ပိုင်းက သပိတ်စခန်းဖြိုခွင်းမှုမှာ သံဃာနဲ့အရပ်သား ၁၀ဝ ကျော် ဒဏ်ရာရခဲ့ပြီး အစိုးရဘက်က ဒဏ်ရာရသံဃာတွေကို စနေနေ့က မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယံ (အတုမရှိကျောင်းတော်ကြီး) မှာ တရားဝင်တောင်းပန်ခဲ့ပါတယ်။
by ​အေး​နိုင်
၁၆-၁၂-၂၀၁၂နေ့ ညနေ ၄နာရီအချိန်က လက်ပံတောင်းတောင်ရဲ့အရှေ့ဘက်ရှိ မုံရွာဘက်ကမ်းမှာ လက်ပံတောင်းတောင်ငေးပွဲကို မုံရွာမြို့သူမြို့သားတွေ စုပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။ ယခုလို တောင်ငေးပွဲပြုလုပ်ခဲ့တာဟာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကျင်းပတာဖြစ်ပြီး ခုခါမှာတော့ နေ့စဉ်ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဓာတ်ပုံ-ကိုဆန်နီ(DVB) — in Monywa, Sagaing.

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။