Monday, December 17, 2012

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းကိစ္စဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ


ထားဝယ်စီးပွားရေးဇုန်စီမံကိန်းကိစ္စဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ 

(Photos: Yingluck Shinawatra facebook)
DVB News , 17 December 2012  —-  ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနှစ်နိုင်ငံ သဘောတူညီမှုရထားတဲ့ ထားဝယ် စီးပွားရေးအထူးဇုန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး ကိစ္စ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၇ တနင်္လာနေ့ မနက်က ထွက်ခွာ သွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြ ထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ သူ့ရဲ့ ၁ ရက်တာ မြန်မာနိုင်ငံခရီးစဉ် မှာ မြန်မာသမ္မတ နဲ့ တွေ့ဆုံမှာဖြစ်ပြီး ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှု တိုးမြှင့်ရရှိလာရေးကိစ္စ ဆွေးနွေးဖွယ်ရှိတယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေး ၀န်ကြီး ချတ်ချတ်စစ်တီပွန့်က ဘန်ကောက်ပို့စ် သတင်းစာမှာ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ သယ်ယူပို့ဆောင်ရေး ၀န်ကြီးတို့ အပြင် ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၀ လောက် လိုက်ပါသွားတယ်လို့ သတင်းက ဆိုပါတယ်။ဒီစီမံကိန်းကို ၂၀၀၈ ခုနှစ် မေလက နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပြီး မြန်မာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို လေ့လာစစ်ဆေးဖို့ ရှိပါတယ်။ဒီစီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ စက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦ၊ လမ်းနဲ့ တံတားတွေ တည်ဆောက် မှုတွေ ပါဝင်ပါတယ်။ထိုင်းနိုင်ငံ ရနောင်းခရိုင်မှာရှိတဲ့ မက်တာဖွတ် စက်မှုဇုန်နဲ့ ထားဝယ်စက်မှုဇုန်ကို ဆက်သွယ်နိုင်မယ့် လျှပ်စစ်ရထားလိုင်းတခု ဖောက်လုပ်ဖို့လည်း နှစ်နိုင်ငံ စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက လေ့လာသုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့မြေတွေ ဆုံးရှုံးပြီး လူနေမှုဘ၀တွေထိခိုက်နိုင်မယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ က ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရာပေါင် တိုဝိချတ်ချိုင်းကူးလ်ကတော့ ထားဝယ်ဆေးရုံကို ပြင်ဆင်မွမ်းမံဖို့နဲ့ ဒီစီမံကိန်းကြောင့် နေရာရွှေ့ပြောင်းပေးခဲ့ရသူတွေအတွက် လူမှုဖူလုံရေးနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ သင်ကြားပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။