Friday, December 21, 2012

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဗကသ ကူညီမည်


စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဗကသ ကူညီမည် 

ဗကသ ဥက္ကဋ္ဌ ဦးကျော်ကိုကို
DVB News , 21 December 2012  —-  လက်ပန်းတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ကို စောင့်ဆိုင်းနေပြီး ကော်မရှင်ကို ကူညီသွားမယ်လို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) က သဘောထားထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်ရှင်ဖွဲ့စက သပိတ်စခန်းတွေမှာ ပူးပေါင်းဆောင် ရွက်ခဲ့ တဲ့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ ရန်ကုန်မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက် တာ ဖြစ် ပါတယ်။
ဗကသ ဥက္ကဋ္ဌဌ ဦးကျော်ကိုကိုက “ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်တဲ့ အစီရင်ခံစာကို အလေးအနက်ထား စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်။ အစီရင်ခံစာ မထုတ်ပြန်ခင်ကာလမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေ တောင်းဆိုလာရင် ကျနော်တို့ဘက်ကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးမယ်။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေကိုလည်း အိတ်ဖွင့်ပေးစာလိုမျိုး ကြိုးစားအကြံပြုသွားမယ်လို့ စဉ်းစားထားတယ်။ ပြည်သူလူထု အကျိုးမများမယ့်၊ အားလုံးထိခိုက်နစ်နာစေမယ့် စီမံကိန်းဆိုရင် ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ပြီး စီမံကိန်း အဆုံးသတ်သွားသည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။”
ဆန္ဒပြရာမှာ ပါဝင်တဲ့ ဗကသကျောင်းသားတွေကို ဖမ်းဆီးတဲ့ကိစ္စ၊ ပုဒ်မ ၁၈၊ ၅၀၅ (ခ) တပ် ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်ကိုကိုက
“ဗကသကို ပထမဆုံး ကိုယ်ထိလက်ရောက်ကျူးကျော်စော်ကားတယ်လို့ သဘောထားတယ်။ ဗကသကျောင်းသားတွေကို ဖမ်းဆီးတာ ဗကသကို ဘယ်လောက်အတိုင်းအတာအထိ သည်းခံမှာလဲလို့ သွေးတိုးစမ်းတဲ့ပုံစံမျိုး သူတို့ ဆောင်ရွက်နေသလားလို့ သံသယဝင်မိတယ်။ သမ္မတဦးသိန်းစိန် ထောက်ခံပွဲ စီတန်းလှည့်လည်သူတွေကိုတော့ တရားမစွဲဘဲနဲ့ လက်ပန်းတောင် ကြေးနီစီမံကိန်းလှုပ်ရှားသူတွေကို တရားစွဲတာက တရားမျှတမှုမရှိတဲ့လုပ်ရပ်တခု၊ ဥပဒေကို စီမံခန့်ခွဲမှုအာဏာက ဝင်ရောက်စွက်ဖက်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်သုံးသပ်တယ်။”
အစိုးရက ဗကသကျောင်းသား ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်တို့ကို  မနေ့ကတင် ရုံးထုတ်ခဲ့ပါသေးတယ်။
ဖမ်းဆီးထားတဲ့သူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေကို ချက်ချင်း ရုပ်သိမ်းပေးဖို့လည်း ဦးကျော်ကိုကိုက တောင်းဆိုပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။