Friday, December 21, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် အကြိမ် (၂ဝ) မြောက် အာဆီယံ- အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်


နိုင်ငံတော်သမ္မတဦးသိန်းစိန် အကြိမ် (၂ဝ) မြောက် အာဆီယံ- အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၂၁
       
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ (၂ဝ)ရက် ညနေ(၄) နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ရှိ Taj Palace ဟိုတယ်၌ ကျင်းပသည့် အကြိမ်(၂ဝ)မြောက် အာဆီယံ-အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်သည်။      
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသမ္မတ ဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်း သမာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက် နာဂျစ်ဘင်ထွန်းဟာဂျီ အဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဂျေဂျိုမာဘင်နရီ၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။      
ညနေ(၃)နာရီ (၄၅) မိနစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် မျက်နှာစုံညီအစည်းအဝေး ကျင်းပမည့်  Tai Palace ဟိုတယ်သို့ ရောက်ရှိလာကြရာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း တို့သည်  Taj Palace ဟိုတယ် အနီးရှိ Raja Bagh ၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။      
ညနေ(၄)နာရီတွင် အစည်းအဝေးကို စတင်ကျင်းပရာ ရှေးဦးစွာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။      
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ မှာ အောက်ပါ အတိုင်းဖြစ်သည်-
အဆွေတော် ဘုရင်မင်းမြတ်၊
အဆွေတော်များခင်ဗျား၊
မိမိအနေနဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် အိန္ဒိယအစိုးရ တို့ကို (၂၀)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခြင်းနဲ့ မိမိတို့ကို နွေးထွေးစွာ ကြိုဆိုပြီး ဧည့်ဝတ် ကျေပွန်မှုအတွက် အခြားခေါင်းဆောင်များနှင့်အတူ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
အာဆီယံ-အိန္ဒိယ ဆက်ဆံရေးရဲ့ နှစ်(၂၀)မြောက် အခမ်းအနား ကျင်းပနေချိန်မှာ အာဆီယံနဲ့ အိန္ဒိယအကြား နှစ်(၂၀)ကြာ ဆက်ဆံရေးကာလမှ တွေ့မြင်ရတဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက်မှုကို များစွာ ကျေနပ်အားရပါတယ်။ ယနေ့တွေ့မြင်နေတဲ့ အသီးအပွင့်တွေဟာ မိမိတို့ နှစ်ဘက် ကြိုးပမ်းမှု ရလဒ်တွေဖြစ်ပါတယ်။ ဒီသမိုင်းတွင်မယ့် အခမ်းအနားမှာ မိမိတို့ဟာ အနာဂတ်ဆက်ဆံရေး တိုးမြှင့်ရေးအတွက် အရေးကြီးတဲ့ ကြေညာချက်ကို အတည်ပြုကြမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ ဆွေးနွေးဘက်နိုင်ငံဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေး ပါပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက် မိမိတို့ရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးတဲ့ အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးကြီးဟာ မိမိတို့ရဲ့ဆန္ဒဖြစ်တဲ့ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို မဟာဗျူဟာမြောက်တဲ့ အဆင့်အထိ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။
မိမိတို့ဟာ ကဏ္ဍပေါင်းစုံမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ကြိုးပမ်း နေတဲ့အချိန်မှာ အာဆီယံ-အိန္ဒိယ ထင်ပေါ်ကျော်ကြားသူတွေရဲ့ အစီရင်ခံစာကို ကြိုဆိုပြီး ၎င်းတို့က ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာမှုကို မျှဝေခံစားနိုင်မယ့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ထောက်ခံတင်ပြခဲ့တာကို တွေ့မြင်ရပါတယ်။
အိန္ဒိယနိုင်ငံက ၂၀၀၃ခုနှစ်မှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းအပြင် အာဆီယံ ဦးဆောင်တဲ့ ဒေသဆိုင်ရာတွေ့ဆုံ ဆွေးနွေးမှု ယန္တရားတွေမှာ အိန္ဒိယက တက်ကြွစွာပါဝင်ခြင်းနဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဒေသဗိသုကာမှာ အာဆီယံရဲ့ အချက်အခြာကျမှုကို အိန္ဒိယနိုင်ငံက ထောက်ခံတာ တွေကို အထူး အလေးထားပါတယ်။ ဒီလိုနဲ့ အာဆီယံနဲ့အိန္ဒိယတို့ဟာ နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စတွေမှာ နီးကပ်စွာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းဖြစ်တာနဲ့အညီ အာဆီယံနဲ့အိန္ဒိယတို့အကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို အထူးအလေးထားပါတယ်။
နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍတွေမှာ နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ အာဆီယံနဲ့ အိန္ဒိယအကြား ကုန်သွယ်ရေး တိုးမြှင့်ရေးကို နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်နေကြ ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အာဆီယံနဲ့ အိန္ဒိယ အကြား ကုန်သွယ်ရေးတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံအထိ ရောက်ရှိရေးကို မိမိတို့ကြိုးပမ်းအား ထုတ်သွားမှာဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုရဲ့ တိုးတက်မှုတွေ ကြားသိရတဲ့အတွက် အားတက် မိပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကအခန်းကဏ္ဍ ဆက်သွယ်မှုများ ပိုမိုတိုးတက်ရေးနဲ့ အသေးစား နဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ ထိတွေ့ဆက်ဆံသွားရေးကိုလည်း အားပေးသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက အာဆီယံအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်ကို ထောက်ခံ အားပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ မိမိတို့အနေနဲ့ အာဆီယံနဲ့အိန္ဒိယ အကြား သဘောတူ ထားတဲ့ အာဆီယံ-အိန္ဒိယ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ ကြွယ်ဝချမ်းသာမှုများ မျှဝေခံစားရေး ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော်မယ့် လုပ်ငန်းအစီအစဉ် အပြည့်အဝ အောင်မြင်ရေးအတွက် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အိန္ဒိယနိုင်ငံက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေတဲ့ အာဆီယံပေါင်းစည်းရေး လုပ်ငန်းမှာ ပါဝင် ကူညီနေတာကိုလည်း ကျေးဇူးတင်ရှိပါတယ်။
အာဆီယံ-အိန္ဒိယ ကားပြိုင်ပွဲ ၂၀၁၂ အောင်မြင်စွာ ပြီးဆုံးတာကို ဝမ်းမြောက်စွာ တွေ့မြင်ရပါတယ်။ ခရီးစဉ်တစ်ခုလုံးမှာ မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့ အပိုင်းဟာ အရှည်ဆုံး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကားပြိုင်ပွဲနဲ့ဆက်စပ်ပြီး ကျင်းပခဲ့တဲ့ အခမ်းအနားနဲ့ အစီအစဉ်တွေဟာ နှစ်ဘက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနဲ့ ပြည်သူ အချင်းချင်း ဆက်သွယ်မှုများ တိုးမြှင့်ရေးကို ရည်ရွယ်ပြီးပြုလုပ်ခဲ့ပါတယ်။ ဒီကားမောင်း ပြိုင်ပွဲဟာ အာဆီယံနဲ့အိန္ဒိယအကြား ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အရေးပါမှုကိုပြသပါ တယ်။ ဒါနဲ့ဆက်စပ်လို့ အာဆီယံနဲ့ အိန္ဒိယအကြား ဆက်သွယ်ရေး စီမံကိန်းတွေမှာ အိန္ဒိယကပါဝင်မယ့် ကတိကဝတ်ပေးခဲ့တာကို ချီးကျူးပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့အတွက် အာဆီယံနဲ့ အိန္ဒိယအကြား တည်ရှိတဲ့ အစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို လွန်စွာတန်ဖိုးထားပါတယ်။ ဒီသမိုင်းဝင်အထိမ်းအမှတ်ပွဲမှာ ပါဝင်တက်ရောက်တာကို အခြေခံပြီး အာဆီယံ-အိန္ဒိယဆက်ဆံရေး တိုးမြှင့်ဖို့ ကျန်အာဆီယံနိုင်ငံတွေနဲ့အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတဲ့ မိမိတို့ရဲ့ဆုံးဖြတ်ချက်ကို ထပ်လောင်း အတည်ပြုပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။      
ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်က အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး ကြေညာချက်စာတမ်းကို အတည်ပြုကြောင်း ကြေညာသည်။      
ယင်းနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။      
အကြိမ် (၂ဝ) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို နှစ်(၂ဝ)မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံမှုနှင့် (၁ဝ)နှစ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအဆင့် မိတ်ဖက် ဆက်ဆံမှု အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
၂ဝဝ၂ ခုနှစ်မှစ၍ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးများကို နှစ်စဉ်ကျင်းပလာခဲ့ရာ (၁ဝ)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ(၁၉)ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။
အိန္ဒိယနှင့် အာဆီယံတို့ကြား ဆက်ဆံရေးသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒကိုချမှတ် ခဲ့သည့် ၁၉၉၁ ခုနှစ်မှ စတင်၍ ပုံမှန်တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ယခုကျင်းပသည့် အာဆီယံ-အိန္ဒိယ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲများ၊ ပြည်သူအချင်းချင်း ထိတွေ့မှုများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းမှုများနှင့် ယဉ်ကျေးမှု အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။