Monday, December 31, 2012

နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသော်


နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသော် 


Moe MaKa News, 31December 2012  —-  နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသော ပထမဆုံးလ ဇန်န၀ါရီလ (၁) ရက်နေ့ကို `နှစ်ဆန်းတစ်ရက်နေ့´ ဟူ၍ ခေါ်ဝေါ်ကြသည်။ အချို့ကလည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့်နေ့ဖြစ် သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကို မင်္ဂလာရှိသော နေ့ ထူးနေ့မြတ်အဖြစ် နိုင်ငံတိုင်း၌ ယင်းနေ့ကို ကိုယ့်ဓလေ့နှင့် ကိုယ့်ယဉ်ကျေးမှုဖြင့် ကျင်းပကာ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ် ထားကြသည်။

ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ ဘာသာအလိုက်၊ မိမိယဉ်ကျေးမှုဓလေ့ ထုံးတမ်းအရ နှစ်များကို ရေတွက်သည့် အစဉ်အလာကို လူ့ယဉ်ကျေးမှု ထွန်းကားသည့် အချိန်မှစ၍ သတ်မှတ်ခဲ့ကြသည်။ နှစ်ဟူသည့် အပိုင်းအခြားကို သတ်မှတ်သည့် ကာလမှစ၍ နှစ်ဆန်းတစ်ရက်နေ့ဟူသော ဝေါဟာရပေါ်လာခဲ့သော်လည်း မည်သည့်အချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကျင်းပခဲ့သည်ကိုမူ မည်သူမျှ မသိချေ။
အဟောင်းမှအသစ်သို့ ပြောင်းခြင်းကား နှစ်လိုဖွယ် ဖြစ်မည်။ ထို့ကြောင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာဟု အများက ယူဆကြသည်။ ပါဠိသက်ဝေါဟာရ `မင်္ဂလာ´ ၏ အဓိပ္ပါယ်ကို လေ့လာကြည့်ပါက `မင်္ဂ´ သည် မကောင်းသော အရာဖြစ်၍၊ `လာ´ သည် ပယ်ဖျက်ခြင်းဟု အနက်ရသည်။ ထို့ကြောင့် မင်္ဂလာသည် မကောင်းသော အရာကို ပယ်ဖျက်ခြင်း ဟူသော အနက်အဓိပ္ပါယ်ရှိရာ နှစ်ဟောင်းမှ အညစ်အကြေးများ ကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည်ကို မင်္ဂလာတစ်ပါးဟု ယူဆကြခြင်းမှာ ဆီလျော်လှပေသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အီဂျစ်လူမျိုးတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် နိုင်းမြစ်ရေလျှံသည့် ဇွန်လလယ်မှ နေ့တစ်နေ့ဖြစ်သည်။ ရှေးရောမလူမျိုးတို့ကမူ မတ်လ ၁ ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ခဲ့ ကြသော်လည်း ဂျူးလီယက်ဆီဇာက တံခါးပေါက်များနှင့် အစနှင့်အဆုံးကို အစိုးရသော ဂျေးနပ်နတ်မင်း (Janus) အား ဂုဏ်ပြုသောအားဖြင့် ယင်းကို အစွဲပြု၍ မှည့်ခေါ်ထားသော ဇန်န၀ါရီလ ၁ ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်လိုက်လေသည်။ ယခုအခါ အင်ဂိုလာ၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ဖူဂျီ၊ ဂါဘွန်၊ ဂါနာ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကင်ညာ၊ လာအို၊ မာဂတ်စကာ၊ မလေးရှား၊ မော်လဒိုက်၊ မာလီ၊ မော်ရီရှပ်၊ မိုဇမ်းဘစ်၊ နမ်ဘီယာ၊ နယူးဇီလန်၊ နိုက်ဂျီးရီးယား၊ ပါပူဝါးနယူးဂီနီ၊ ဖိလစ်ပိုင်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီနီဂယ်၊ တောင်အာဖရိက၊ တန်ဇန်းနီးယား၊ ထိုင်း၊ ယူဂန်ဒါ၊ ဇန်ဘီယာ၊ ဇင်ဗာဘွေ နိုင်ငံတို့သည် ဇန်န၀ါရီလ ၁ ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်၍ ဇန်န၀ါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သြစတြေးလျနိုင်ငံကလည်းကောင်း၊ ဇန်န၀ါရီ လ ၂ ရက်နေ့ကို စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က သတ်မှတ်ခဲ့ကြသည်။ တရုတ်နှင့် တောင်ကိုးရီးယား (ကိုးရီးယားသမ္မတနိုင်ငံ) တို့ကမူ ဇန်န၀ါရီလ ၁ ရက်နေ့ကို ဇန်န၀ါရီလ၏ ပထမဆုံးနေ့ (The first day of January) ဟူ၍ အထိမ်းအမှတ်ပြုကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြသည်။
` အလယ်ခေတ်က ခရစ်ယာန်ဘာသာဝင်တို့၏ နှစ်ဆန်းတစ်ရက်နေ့သည် မတ်လ ၂၅ ရက်နေ့ ဖြစ်သည်။ ၁၅၈၂ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး (၁၃) ဆက်မြောက် ဂရက်ဂိုရီ လက်ထက် (၁၅၇၂-၈၅) တွင် တီထွင်ခဲ့သော ဂရက်ဂရီယန်ပြက္ခဒိန် (Gregorian Calendar) ကို ရောမကက်သလစ်ဂိုဏ်းဝင်တို့ လက်ခံ အသုံးပြုလိုက်သည့် အချိန်မှစ၍ ဇန်န၀ါရီလ ၁ ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ကြောင့် ဇန်န၀ါရီလ ၁ ရက်နေ့သည် ကမ္ဘာ့နှစ်ဆန်း တစ်ရက်နေ့သဖွယ် ဖြစ်နေလေပြီ။
ထိုင်းနိုင်ငံ၌ ယခင်က နှစ်ဆန်းတစ်ရက်နေ့ကို အမျိုးမျိုးသတ်မှတ်ကြသည်။ ယိုးဒယားနှစ်၏ လေးလနှင့် ငါးလ တို့၏ အကူးတွင် ကျင်းပသော ပွဲကား လူထု၏ နှစ်ကူးပင် ဖြစ်သည်။ ယင်းလအတွင်းရှိ လကွယ်နေ့၊ လဆန်း ၁ ရက်၊ လဆန်း ၂ ရက်တို့တွင် မည်သည့်နေ့ရက်၌ နှစ်သစ်ကူးရန် အခါတော်မင်္ဂလာကျရောက်သည်ကို ပုဏ္ဏားဟူးရားတို့က တွက်ချက်၍ သတ်မှတ်ပေးခဲ့ကြသည်။ ယင်းသို့ တွက်ချက်ပေးသော အစဉ်အလာသည် အိန္ဒိယနိုင်ငံမှ ရရှိခဲ့ဟန်တူ သည်။ အိန္ဒိယနိုင်ငံ၌မူ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်နှင့် နေထိုင်သော ဒေသအလိုက် နှစ်ဆန်းချိန် ကွဲပြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာသံပြည်နယ်တွင် ၂၀၁၂ ခုနှစ်၌ ဧပြီလ ၁၄ ရက်နေ့ကို သတ်မှတ်ခဲ့ကြသည်။ ပါရစီ လူမျိုးတို့၏ နှစ်ကူးချိန်သည် စက်တင်ဘာလ ၅ ရက်နေ့ဖြစ်၍ ဟိန္ဒူအယူဝါဒီတို့၏ နှစ်ကူးချိန်သည် ယခုနှစ် ၂၀၁၂ ခုနှစ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်၍ ဒေ၀ါလီမီးထွန်းပွဲတော်ဟု ခေါ်ကြသည်။ အချို့ဟိန္ဒူတို့မူ ကား ဟိန္ဒူပြက္ခဒိန်၏ ဆယ့်တစ်လမြောက်ဖြစ်သော ဖာဂွန်းလတွင် ကျင်းပလေ့ရှိသည်။ ယင်းကို ဟူလီပွဲတော်ဟု ခေါ်သည်။ တရုတ်တို့၏ နှစ်ကူးပွဲတော်သည် ၂၀၁၂ ခုနှစ်တွင် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အကြိုနှစ်ကူးပွဲတော်နေ့၊ ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် နှစ်ကူးပွဲတော်နေ့၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ဒုတိယမြောက်နှစ်ကူးပွဲတော်နေ့ ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပသည်။ ဇန်န၀ါရီလ ၁ ရက်နေ့ကိုမူ ဇန်န၀ါရီလ၏ ပထမဆုံးနေ့အဖြစ် သတ်မှတ်၍ အားလပ်ရက်အဖြစ် ကျင်းပကြသည်။
မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် နှစ်စဉ် တန်ခူးလဆန်း ၁ ရက်နေ့ကို သတ်မှတ်၍ ကျင်းပခဲ့သည်။ သို့သော် န၀တ၊ နအဖ စစ်အစိုးရလက်ထက်မှစ၍ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် တန်းခူးလဆန်း ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော ကရင်လူမျိုးတို့၏ နှစ်သစ်ကူးနေ့ကို အေဒီ ၁၈၈၁ ခုနှစ်မှစ၍ ဒေါက်တာတီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားကရင်ခေါင်းဆောင်များ တည်ထောင်ခဲ့သော `ဒေါကလု´ သို့မဟုတ် `ကန်းဆေယာ (ခ) ကရင်အမျိုးသားအစည်းအရုံး´ မှ ဗြိတိသျှအစိုးရထံ တောင်းဆိုရာမှ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာခဲ့သည်။
ယခင်က ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးကျင်းပသည့်နေ့မှာ တစ်နေရာ၊ တစ်ဒေသ မတူကွဲပြားလျက်ရှိပြီး တောင်ပေါ်ဒေသမှ ကရင်အချို့မှာ တောင်ယာ လုပ်ငန်းပြီးဆုံးလျှင် ရိုးရာအရိုးကောက်ပွဲ ကျင်းပပြီးမှ နှစ်သစ်ကူးနေ့ အဖြစ် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်ကရင်လူမျိုးများမှာ သင်္ကြန်ကျပြီး နှစ်ဆန်းတစ်ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် လည်းကောင်း၊ လဲကယ်ဘာသာဝင်ကရင်များက သီတင်းကျွတ် အတွင်း စနေနေ့တစ်ရက်ရက်ကို နှစ်သစ်ကူးနေ့ အဖြစ်လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်ကရင်များက ကမ္ဘာ့နှစ်ဆန်းတစ်ရက်နေ့တွင် လည်းကောင်း၊ ထိုင်း နိုင်ငံ အတွင်းရှိ ကရင်များက တပို့တွဲလဆန်းတစ်ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ မြေပြန့်ဒေသများအတွင်း နေထိုင်ကြသော ကရင်လူမျိုးများမှာ ပြာသိုလဆန်း တစ်ရက်နေ့ကိုလည်းကောင်း ကျင်းပကြပြီး ကျင်းပသည့် နေ့ရက်များ ကွဲပြားလျက်ရှိသည်။
သို့သော် ကရင်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံတွင် အစိုးရအသိအမှတ်ပြုခဲ့သည့် ပထမဆုံးနေ့ရက်အဖြစ် ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ် သလေထိုင်ခုတ်ဖို လဆန်း တစ်ရက် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသိုလဆန်း တစ်ရက် (ခရစ် ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့) မှ စကာ ယနေ့ထိ တိုင်အောင် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ်မပျက်ကျင်းပလျက် ရှိနေပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၁ ရက်) စနေနေ့သည် ကရင်နှစ်သစ်ကူးနေ့ ဖြစ်သည်။ ကရင်နှစ်သစ်ကူးနေ့တွင် လွှင့်တင်သော ကရင် အမျိုးသားအလံသည် အနီ၊ အဖြူ၊ အပြာရောင်များဖြင့် ခြယ်သထားပြီး တက်သစ်စနေ၀န်းနှင့် ဖားစည်ပုံတို့ကို ထည့်သွင်းထားသည်။ အနီရောင်သည် ရဲရင့်ခြင်း၊ သူရသတ္တိနှင့်ပြည့်စုံခြင်း၊ အဖြူရောင်သည် ဘ၀နှင့် စိတ်ထားများ ဖြူစင်သန့်ရှင်းစင်ကြယ်ခြင်း၊ အပြာရောင်မှာ ဖြောင့်မတ်တည်ကြည်ခြင်းနှင့်သစ္စာရှိခြင်း၊ တက်သစ်စနေ၀န်းမှ ရောင်ခြည်ကိုးသွယ်၊ နဒီကိုးသွယ်ကို ဖြတ်ကျော်နိုင်ခြင်းနှင့် လူမှုဘ၀တိုးတက်သာယာခြင်းကို ဖော်ဆောင်လိုခြင်း ဖြစ်ပြီး ဖားစည်သည် ယဉ်ကျေးမှုဘ၀နှင့် သာယာဝပြောမှုကို ဖော်ဆောင်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့သည် ကရင်အမျိုးသားတို့၏ မွန်မြတ်သော မင်္ဂလာနှစ်သစ်ကူးနေ့ဖြစ်သည့်အလျောက် ကရင်အမျိုးသားတို့၏ နိုးကြားတက်ကြွသော အားမာန်၊ ဖားစည်တီးခတ်သံ၊ ကျွဲချိုမှုတ်သံ၊ မြူးကြွသွက်လက်သော ဒုံးယိမ်းညာသံများ နှင့်အတူ ငြိမ်းချမ်းရေးတေးသီချင်းသံများဖြင့် စုစည်းညီညွတ်မှုပြယုဂ်ကို လှစ်ဟနေမည်ဟု ဆိုကြသည်။
ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို ပိဋကတ်သုံးပုံရှမ်းလူမျိုးတို့၏ ဒေသနန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် သာသနာနှစ် ၄၅၀ ပြည့်နှစ် နတ်တော်လသည် ရှမ်းတို့အတွက် ထူးမြတ်သော နှစ်ဖြစ်သည်။ ထိုနှစ်မှစတင်၍ ရှမ်းသက္ကရာဇ်ကို စတင်ရေတွက်ခဲ့သည်။ ချယ်ရီပန်းပွင့်သော လရာသီဖြစ်သော နတ်တော်လမှ စတင်၍ ရှမ်းတို့၏ ဆယ့်နှစ်လရာသီတွင် ဦးဆုံးလအဖြစ် တင်စားခေါ်ဝေါ်ခဲ့သည်။ ယခုနှစ် တန်ဆောင်မုန်း လကွယ်နေ့ ညသန်းခေါင် ၁၂ နာရီအချိန်သည် ရှမ်းနှစ်ဟောင်းကုန်ဆုံးပြီးမြောက်၍ ည ၁၂ နာရီ ကျော်လွန်သည်နှင့် ရှမ်းသက္ကရာဇ် ၂၀၁၆ ခုနှစ်ကုန်ဆုံး၍ ၂၀၁၇ ခုနှစ်သို့ ကူးပြောင်းသော ရှမ်းနှစ်သစ်သို့ ကူးဝင်သည်ဟု သတ်မှတ်ကာ ရှမ်းတို့၏ နှစ်သစ်ကူးနေ့ကို နတ်တော်လဆန်း ၁ရက်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) သတ်မှတ်ခဲ့ကြသည်။ ယခုနှစ်တွင် ရှမ်းတိုင်းရင်းသားတို့၏ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ဟုမ္မလင်းမြို့တွင် ဒီဇင်ဘာလ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် လည်းကောင်း၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၁၃၊ ၁၄ ရက်တွင် လည်းကောင်း စည်ကားစွာ ကျင်းပခဲ့ကြသည်။
ကယားလူမျိုး (ကရင်နီ) တို့၏ နှစ်ဆန်း တစ်ရက်နေ့ အဖြစ် ၁၉၅၅ ခုနှစ်မှ စ၍ ဧပြီလ ၂၆ ရက် (တန်ခူးလပြည့်ကျော် ၅ ရက်) နေ့ကို သတ်မှတ်ကြသည်။ ကယားလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်ကို ကလူ မင်္ဂလာပွဲတော်ဟု ခေါ်သည်။ ရိုးရာယဉ်ကျေးမှုထုံးစံအတိုင်း ဖားစည်တီး၍ ကခုန်ခြင်း၊ အိမ်သစ်တက်ခြင်းများ ပြုလုပ်ကြသည်။
ချင်းလူမျိုးတို့၏ နှစ်ဆန်းတစ်ရက်နေ့ကား တန်ဆောင်မုန်းလဆန်းတွင် ကျင်းပလေ့ရှိကြသည်။ ယင်းပွဲတော် ကို စွမ်သာပွဲဟု ခေါ်ကြသည်။
ရုရှားလူမျိုးတို့သည် နှစ်မဆန်းမီညဉ့်တွင် `နှစ်သစ်၌ ပျော်ရွှင်ဖွယ်သစ်များနှင့် ကြုံတွေ့ပါစေ´ ဟု ဆိုကာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြသည်။ ဇာဘုရင်များလက်ထက်က ရုရှားနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့တွင် ဘုရင်နှင့် မှူးမတ်များသည် ကရင်မလင်နန်းတော်၏ ဥယျာဉ်သို့ ထွက်ကာ နှစ်သစ်ကို ကြိုဆိုကြသည်။ ယခင်က ရုရှားနိုင်ငံ၏ နှစ်ဆန်းတစ်ရက်နေ့သည် မတ်လ ၁ ရက်နေ့ကို သတ်မှတ်ခဲ့သော်လည်း ခရစ်နှစ် ၁၅၀၅ ခုနှစ်မှစ၍ စက်တင်ဘာလ ၁ ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် ၁၆၉၉ ခုနှစ်တွင် မဟာပီတာဘုရင် (၁၆၈၉ – ၁၇၂၅) လက်ထက်မှစ၍ ဇန်န၀ါရီလ ၁ ရက်နေ့ ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်၍ ယနေ့တိုင် ကျင်းပလာခဲ့ကြသည်။ ရုရှားတို့၏ နှစ်ဆန်းတစ်ရက်နေ့တွင် သေဆုံးသူများသည် လူ့လောကကြီးသို့ ပြန်လည်ရောက်ရှိလာသည်ဟု ယုံကြည်ကြသည်။
မည်သို့ဆိုစေ…. နှစ်သစ်ကူးပွဲတော်များသည် တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းသလို ဖြစ်နေကြ သော်လည်း လူတိုင်းသည်နှစ်သစ်ကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံလိုသော မျှော်လင့်ချက်ဖြင့် ကြိုဆိုနေကြသည်မှာ အားလုံးတူညီနေသော ဆန္ဒပင် မဟုတ်ပါလော။
(နှစ်သစ်တွင် လူသားတိုင်း ဆန်းစ လပမာ ချမ်းမြသာယာရှိကြပါစေသတည်း။)
သန်းဝင်းလှိုင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။